သင်္ကြန်အချိန် အခါသမယသည် မြန်မာတို့၏ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးအကြိုကာလ၊ တနှစ်လုံးပေကျံခဲ့သည့် အညစ်အကြေးများကို အတာရေနှင့် ဆေးကြော သန့်စင်ရမည့် ကာလဖြစ်သည်။
ကျန်ခဲ့သည့် မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ် တနှစ်တာလုံးကို ပြန်ကြည့်မည်ဆိုပါက မြန်မာပြည်အရပ်ရပ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ၊ လယ်ယာမြေ သိမ်းဆည်းမှုကြောင့် ဆန္ဒပြမှုများ၊ အိမ်ခြေယာမဲ့များ၏ ကျူးကျော်မှုများကို အကြောင်း ပြုသည့် ခိုက်ရန်ဖြစ်ပွားမှုများ၊ ဝိသမ စီးပွားရေးသမားများကြောင့် ပျက်စီးရသည့် သဘာဝ သယံဇာတများ၊ ရာဇဝတ်မှုခင်း များ၊ တာဝန် ရှိသူများ အချင်းချင်း ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးရန် ကြိုးစားနေစဉ်ပင် တပြိုင်နက်တည်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် မငြိမ်းချမ်း နိုင်သေးသည့် စစ်ဘေးရှောင် ဒုက္ခသည်များ၊ မဖြေရှင်းနိုင်သေးသည့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၏ နောက်ဆက်တွဲ ပြဿနာများ စသည်ဖြင့် သမ္မတ ဦးသိန်းစိန် လက်ထက်အတွင်း ရုန်းကန်ခဲ့ရသော ကာလတခုကို မြင်တွေ့ရ ပေ လိမ့်မည်။ ထိုထိုသော ပြဿနာများအားလုံး နှစ်သစ်သို့ သယ်ဆောင် မသွားစေလိုပါ။
လာမည့်နှစ်သစ်တွင် လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်လိမ့်မည်ဟု ယူဆရသော်လည်း နှစ်ပေါင်း များစွာ ဖြစ်ပေါ်ခဲ့သော အာဃာတများကို အပြီးတိုင် ငြှိမ်းသတ်ကာ တိုင်းရင်းသား အချင်းချင်း အကြား အမှန်တကယ် ယုံကြည်မှု တည်ဆောက်နိုင်ရေး အတွက်ကိုမူ စာချုပ်ပေါ်တွင် လက်မှတ် ရေးထိုးရုံမျှနှင့် လုံလောက်လိမ့်မည် မဟုတ်ပေ။ တဦးနှင့်တဦး အပြန် အလှန် နားလည်မှုရှိကာ မြေစာပင် ဖြစ်ခဲ့ရသော မိမိလူမျိုး၊ တိုင်းရင်းသားများ အပေါ် အမှန်တကယ် စာနာစိတ်ဖြင့်၊ အမှန် တကယ် ငြိမ်းချမ်းရေးကို လိုလားသော စိတ်ဖြင့်၊ မဖွံ့ဖြိုးသေးသော ဒေသများကို အမှန်တကယ် တိုးတက်စေလို စိတ်ဖြင့် အာဃာ တများကို အပြီးတိုင် ငြှိမ်းသတ်နိုင်မှသာ ခိုင်မာသော ငြိမ်းချမ်းရေးတရပ် ရရှိနိုင်မည် ဖြစ်သည်။
အာဃာတများကို အပြီးတိုင် ငြှိမ်းသတ်ရန်မှာ တာဝန်ရှိသူ အာဏာပိုင်များ၊ ခေါင်းဆောင်များသာမကဘဲ လူမျိုးမရွေး၊ ဘာသာ မရွေး မြန်မာပြည်သား အားလုံးကို ရည်ညွှန်းပါသည်။ ငြိမ်းချမ်းရေးကို ပြည်သူလူထု အားလုံးက လိုလားမှသာ အမှန်တကယ် ငြိမ်းချမ်းရေး ရနိုင်မည်ဟု ယုံကြည်ပါသည်။
ငြိမ်းချမ်းရေး ပျက်ပြားရန် ရည်ရွယ်၍ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားစေရေး ဖန်တီးသူအားလုံးကို ဧရာဝတီ အနေဖြင့် ရှုတ်ချပါသည်။ ခွဲခြား ဖိနှိပ်လိုသော၊ မလိုမုန်းထားသော၊ အာဏာရူးသော၊ ခေတ်နောက်ပြန် ဆွဲသော စသည့် စိတ်ညစ် စိတ်ရိုင်းများနှင့် အတွေးအခေါ်များကို နှစ်သစ်အကြို သင်္ကြန်ရေအေးဖြင့် ဆေးကြောနိုင်လျှင် လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် မြန်မာပြည် ငြိမ်းချမ်းရေး အတွက် စိတ်အေးရမည် ဟု ယူဆသည်။ မြန်မာပြည် အတွက် ရှေ့ဆက်ရမည့် ငြိမ်းချမ်းရေး ကာလကို မျှော်မှန်းကာ သင်္ကြန် အချိန်အခါတွင် ပျော်ရွှင်မှုများဖြင့် အားယူကြ စေလိုပါသည်။
မြန်မာ တေးပြုစာဆို ဆရာမြို့မငြိမ်းက တိုင်းရင်းသား အချင်းချင်း အာဃာတများဖြင့် တိုက်ခိုက်နေကြသည်ကို မရှုစိမ့်နိုင်သောကြောင့် “ငြိမ်းချမ်းရေး ရေသဘင်” ဟူသည့် သီချင်းတပုဒ်ကို ရေးစပ်သီကုံးခဲ့သည်။ သင်္ကြန် အချိန်အခါသည် ငြိမ်းချမ်းရေး၏ ပြယုဂ်၊ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်သာ ဖြစ်သင့်သည်။ သင်္ကြန်ကို အကြောင်းပြု၍ ရုန့်ရင်းမှုများ၊ သွေးထွက်သံယိုမှုများ၊ အဓိကရုဏ်းများ မဖြစ်သင့်၊ မဖြစ်စေလိုပါ။
သင်္ကြန်အချိန်အခါတွင် မြန်မာပြည်သားတိုင်း ပျော်ရွှင်ငြိမ်းချမ်းစွာ ရေကစားရင်း နှစ်သစ်ကို ကြိုဆိုနိုင်စေကြောင်း ဧရာဝတီက ဆန္ဒ ပြုပါသည်။