လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ထက် ကျော်လွန်ပြီး လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး တိုက်ခိုက်စော်ကားတဲ့ စကားလုံး၊ စာသား (Hate Speech) တွေကို အင်တာနက်နဲ့ ချိတ်ဆက်သုံးစွဲနေတဲ့ လူမှုရေး ဝက်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာသလို ပြင်ပ လူထုကြားမှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲနေတာတွေ တွေ့ရပါတယ်။
အဲဒီလို လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်စေနိုင်တဲ့ အမုန်းစကားလုံးတွေကို လူထုတွေရဲ့ ပါးစပ်ဖျားမှာ အလွယ်တကူ မပြောဖို့ ရည်ရွယ်ပြီး ‘ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ ICT အဖွဲ့’ (MIDO) က ကိုနေဘုန်းလတ်တို့က ဦးဆောင်ကာ လူထုကြားမှာ “ပန်းစကား” လှုပ်ရှားမှုကို ဧပြီလ ၄ ရက်နေ့က စတင်ပြီး ရန်ကုန်နဲ့ နယ်မြို့တွေမှာ ဆက်တိုက်လှုပ်ရှား ဆောင်ရွက်နေပါတယ်။
“ပန်းစကား” လှုပ်ရှားမှု Campaign အတွက် ဆောင်ပုဒ်ကို “လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” လို့ သတ်မှတ်ထားပြီး Campaign အတွက် အမှတ်သင်္ကေတ အနေနဲ့ နှုတ်ခမ်းမှာ ပန်းတမျိုးမျိုးကို ကိုက်ထားတဲ့ ပုံကို သုံးစွဲထားပါတယ်။
Campaign လှုပ်ရှားမှု အကောင်အထည် ဖော်နိုင်ဖို့အတွက် တခြား လူမှုအဖွဲ့အစည်းတွေ ဖြစ်တဲ့ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း (YSPS)၊ ပေါင်းကူး လူမှုအဖွဲ့အစည်း စတဲ့ အဖွဲ့တွေ အပါအဝင် ပြည်နယ်၊ တိုင်းအချို့မှာ ရှိနေတဲ့ လူမှုရေး အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး လုပ်ဆောင်တာပါ။ Campaign အဖြစ် လူထုကြားထဲမှာ အမုန်းစကားတွေ မဖြစ်အောင် ထိန်းသိမ်းသွားဖို့ကို ရှင်းလင်းဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေ၊ လိုဂို အမှတ်တံဆိပ်တွေကို ဝေငှပေးပါတယ်။
မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် စည်းဘောင်ကို ကျော်လွန်ပြီး အမုန်းစကားတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာတာတွေ ရပ်တန့်သွားဖို့ လှုပ်ရှားဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ကိုနေဘုန်းလတ်ကို ဧရာဝတီ သတင်းဌာနရဲ့ အကြီးတန်းသတင်းထောင် မသူဇာက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ “ ပန်းစကား” လှုပ်ရှားမှု ကန်ပိန်း လုပ်ဖို့ ဘယ်အချက်တွေက တွန်းအားပေးခဲ့တာလဲ။
ဖြေ။ ။ ကျနော်တို့ ပန်းစကားလှုပ်ရှားမှုလေး လုပ်ဖြစ်သွားတာက အွန်လိုင်းပေါ်မှာ ပြောချင်ရာ ပြောနေတဲ့ စာသားတွေက တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်လာတယ်။ မကြားဝံ့ မနာသာ လွန်လွန်ကျူးကျူးတွေ တွေ့လာရတယ်။ အမုန်းစကားတွေ များလာတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အခွင့်ကောင်းယူပြီး တလွဲသုံးလာတာ တွေ့ရတယ်။ အဲဒီလိုတွေ များလာတော့ နည်းနည်း စိုးရိမ်လာတာ။ တော်ရုံတန်ရုံ မုန်းတာ ပြောတာလောက်တော့ စိုးရိမ်စရာ မရှိသေးဘူး။ ဒါပေမယ့် တချို့ပြောဆိုမှုတွေက လူ့အဖွဲ့အစည်းတွေအတွက် အန္တရာယ်ရှိတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ ကျနော်တို့တွေ လွတ်လပ်စွာ ပြောဆိုခွင့်ကို တောင်းတဲ့အခါမှာ အမုန်းစကား (Hate speech) တွေ ပါလာတယ်။ အဲဒီ အမုန်းစကားတွေထဲမှာမှ တချို့စကားတွေက ပိုပြီးမုန်းတယ်ဆိုတာထက် လွန်ပြီးတော့မှ လူတယောက်ကို ရိုက်နှက်မယ်၊ သတ်ဖြတ်မယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။ အဲဒါမျိုးတွေက ဘာဖြစ်လာသလဲ ဆိုတော့ အမုန်းစကား အဆင့်ကနေ အန္တရာယ်ရှိတဲ့ စကားအဆင့် (Dangerous Speech) အထိကို ရောက်လာတယ်။ အဲဒါမျိုးတွေကို အွန်လိုင်းပေါ်မှာ တင်မကဘဲ အပြင်ဘက်မှာပါ တွေ့လာရတယ်။
အခုဆို စင်ပေါ်တပ်ပြီး ဟောပြောနေတဲ့ စာရေးဆရာတွေနဲ့ ဘုန်းကြီးတချို့ဆိုရင် အဲဒီ အမုန်းစကားတွေ၊ အန္တရာယ်ရှိတဲ့ စကားတွေ ပြောလာတယ်။ အဲဒါတွေ တွေ့လာရတဲ့အခါမှာတော့ တော်တော်လေးကို စိုးရိမ်လာရတယ်။ အဲဒါနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတချို့ တွေ့ဆုံပြီး တခုခု လုပ်ကြမယ်လို့ တိုင်ပင်လိုက်တဲ့အခါ ပန်းစကားဆိုတဲ့ လှုပ်ရှားမှု Campaign လေးတခုကို စဉ်းစားမိပြီး စလုပ်ဖြစ်တာပါ။
မေး။ ။ “ ပန်းစကား ” ဆိုတဲ့ ခေါင်းစဉ်နဲ့ နှုတ်ခမ်းမှာ ပန်းကိုက်ထားတဲ့ အမှတ်တံဆိပ် ဖြစ်လာပုံကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ အထူးသဖြင့် ဖြစ်နေတာက နှုတ်မစောင့်စည်းလို့ ဖြစ်နေတာပေါ့။ ဒါကြောင့် ကိုယ်ပြောမယ့် စကားလေးကို ထိန်းထိန်းသိမ်းသိမ်း ပြောအောင်ဆိုပြီးတော့ ကျနော်တို့ လူမှုအဖွဲ့အစည်းတွေ တိုင်ပင်ကြတယ်။ လူထုကြားကို ဘယ်လို Messages တွေ ပေးမလဲလို့ စဉ်းစားတော့ “လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” ဆိုတဲ့ ဆိုလိုဂရမ်လေး အရင်ဆုံး ထွက်လာတယ်။ အဲဒါနဲ့ လှုပ်ရှားမှုလုပ်ဖို့ စာသားတော့ ရပြီ။ နောက်ထပ် ဘယ်လို ဒီဇိုင်းမျိုးနဲ့ သွားမလဲ ထပ်စဉ်းစားကြတော့ နှုတ်ခမ်းမှာ ပန်းကိုက်ထားတဲ့ ပုံစံကို ကျနော်တို့ အတည်ယူလိုက်ပြီး လှုပ်ရှားမှု ဆောင်ပုဒ် အနေနဲ့ “ပန်းစကား” ဆိုပြီး သတ်မှတ်လိုက်တာပါ။
အခု လက်ရှိမှာတော့ သင်္ကြန်ကာလကို ယူပြီး ပိတောက်ပန်း သုံးထားတယ်။ နောက်ပိုင်းတော့ ပန်းတွေ အပြောင်းအလဲ ဖြစ်သွားမှာပေါ့။ အဲဒီလှုပ်ရှားမှုကို မတ်လ ၂၉ ရက်နေ့မှာ မီဒီယာကို ချပြခဲ့တယ်။ ပြီးတော့ ဧပြီလ ၄ ရက်နေ့မှာ လှုပ်ရှားမှု Campaign တွေ စတင်ခဲ့ကြတယ်။
ရန်ကုန် အပါအဝင် လက်လှမ်းမှီသလောက် နယ်တွေမှာလည်း စတင်ခဲ့တယ်။ မ တည်ငွေကတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကပဲ အလှူငွေ ထည့်ကြတယ်။ အဲဒီအလှူငွေနဲ့ပဲ ကျနော်တို့ အခု စတေကာ Campaign နဲ့ ပိုစတာ Campaign တွေနဲ့ လှုပ်ရှားနေပါတယ်။ နောက်ပြီး ဒီ Message အကြောင်း ရှင်းပြတဲ့ လက်ကမ်းစာစောင်တွေ ဝေပါတယ်။
မေး။ ။ ဒီပန်းစကား လှုပ်ရှားမှု Campaign တွေကို ဘယ်အထိ ဆက်လက် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါသလဲ။
ဖြေ။ ။ အဓိကကတော့ ဒီစာသားလေးကို လူတွေကြား တွင်တွင်ကျယ်ကျယ် သိသွားအောင် လုပ်နေတာပါ။ နောက်ဦးတည်ချက်တခုက လူတွေနဲ့ ထိတွေ့မှုများတဲ့ Powerful Speaker တွေကို အဓိကထားတယ်။ သူတို့တွေရဲ့ ရင်ထဲကိုပါ ဒီ Message ရောက်သွားအောင် ပေးချင်တာပါ။ သူတို့အနေနဲ့ ဒီစာသားလေးကို သတိထားလိုက်တဲ့အတွက် သူတို့ပြောမယ့် စကားအပေါ် နှုတ်စောင့်စည်းမှုတွေ ရှိလာမယ်။ နောက်ပြီး လူထုကလည်း ဒီလို စာသားအပေါ် နားလည် သဘောပေါက်လာတဲ့အတွက် နှုတ်မစောင့်စည်းတဲ့သူတွေရဲ့ ပြောစကားတွေ အပေါ် ဆန့်ကျင်လာလိမ့်မယ်။ အဲဒီလိုမျိုး လူထုရော၊ Powerful Speaker တွေကိုပါ အသိဉာဏ်လေးတခု ပေးချင်တဲ့ သဘောပါ။ နောက်ပြီး လူထုအပေါ် ပါဝါရှိနေတဲ့ သူတွေဘက်က ပူးပေါင်းလာဖို့လည်း ကြိုးစားသွားမှာပါ။
မေး။ ။ ဒီ “ပန်းစကား” လှုပ်ရှားမှုကနေ အခု ဖြစ်နေတဲ့ လူတွေကြားက Hate Speech ကို လျှော့နည်းနိုင်မယ်လို့ ထင်ပါသလား။
ဖြေ။ ။ ကျနော်တို့ကတော့ တတ်နိုင်သမျှ လုပ်သွားမယ်။ လူတွေရဲ့ စိတ်ကို ကျနော်တို့ ပြင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် လူတွေကြားထဲမှာ ဘယ်လောက်အထိ ရောက်ရှိသွားတယ် ဆိုတာကိုတော့ တိုင်းတာဖို့ ခက်တယ်။ ကျနော်တို့ လိုက်လံဝေငှနေတဲ့ Campaign လှုပ်ရှားမှု စာရွက်စာတန်းတွေကို ကြည့်ပြီး အရည်အတွက် အနေနဲ့တော့ တိုင်းလို့ရမယ်။ ဒါပေမယ့် ဒီစာသားနဲ့ လူတွေရဲ့ ရင်ထဲ ဘယ်လောက်ထိ ရောက်သွားလဲ ဆိုတာကိုတော့ တိုင်းဖို့ နည်းနည်းခက်တယ်။ အဲဒါမျိုးကျတော့ ကျနော်တို့ တုန့်ပြန်မှုနဲ့ ကြည့်တယ်။ အခုချိန်ထိတော့ တုန့်ပြန်မှုတွေက မဆိုးဘူးလို့ ပြောလို့ရတယ်။ တော်တော်များများက ကိုယ့်နှုတ်ကို ကိုယ်စောင့်စည်းသင့်တယ် ဆိုတာကိုတော့ လက်ခံ သဘောကျကြတယ်။
မေး။ ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ဆိုတဲ့ စည်းထက် ကျော်လွန်ပြီး ပြောဆိုလာတာတွေဟာ အခုဆို ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ အရင်တုန်းက လုံးဝပိတ်ထားတော့ လူတွေက ပြောချင်ကြတယ်။ အခု နည်းနည်း ပွင့်ပွင့်လင်းလင်း ပြောလာနိုင်တဲ့ အခါကျတော့ လူတွေက တော်တော်ပြောလာကြပြီး လွတ်လပ်မှုကို တလွဲသုံးလာကြတာပါ။ လွတ်လပ်လွန်းချင်း အစွန်းကို ရောက်သွားတာပေါ့။ ကျနော်တို့ လူမျိုးတွေဆိုတာက အရမ်း ထိန်းချုပ်တာလည်း မကြိုက်ဘူး။ ကိုယ့်ပါးစပ်ကို သူများလာပိတ်တာ မကြိုက်ဘူးပေါ့။ အခုက နည်းနည်း လွှတ်ပေးလိုက်တာနဲ့ ကိုယ့်စကားက ဘယ်လောက်ရှိ အကျိုးသက်ရောက် သွားတယ်ဆိုတာ မကြည့်တော့ဘူး အကုန်စွတ်ပြောတော့တာပဲ။ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တော့ဘူး။ “ငါ့စကား နွားရ” ဆိုတဲ့ စကားပုံအတိုင်း အသာကုန် ပြောကြတော့တာပဲ။
တချို့ဆို Facebook မှာ ရေးသားမှုတွေက တော်တော်ဆိုးတယ်။ တချို့စာသားတွေဆို တဘက်ဘေးကလူကို ပြန်ပြလို့ မရလောက်အောင် ရှက်စရာကောင်းတဲ့ အရေးအသားတွေကို တွေ့ရတယ်။ လူမှုရေး မုန်းတီးမှု စာသားတွေလည်း ရေးသားထားတာ တော်တော်ဆိုးကြတယ်။ အဲဒီရဲ့ အကျိုးသက်ရောက်မှုကို ကြည့်ရင် အင်တာနက်ပေါ်က သတ်မယ်၊ ဖြတ်မယ်၊ ရိုက်မယ်၊ ပုတ်မယ်ဆိုတဲ့ စကားတွေက အပြင်ကိုပါ သက်ရောက်လာတယ်။ ဖေ့စ်ဘုတ်မှာ တင်တဲ့ သတင်းတွေကို အပြင်လောကမှာ အင်တာနက်သတင်းဆိုပြီး ရောင်းလာတယ်။ နောက်ပြီး အင်တာနက်ထဲက ဗီဒီယိုတွေ၊ စာတွေကို ဒေါင်းပြီး အပြင်မှာ ဖြန့်လာကြတယ်။ အဲဒါတင်မကသေးဘူး ဟောပြောပွဲ စင်မြင့်တွေပေါ်မှာလည်း Hate Speech တွေ၊ Dangerous Speech တွေ ပါတာ တွေ့လာရတယ်။ ဒီဟာတွေဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ၊ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေက ဒီအချက်တွေရဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ပါနေတယ်။
မေး။ ။ ဖေ့စ်ဘုတ် အသုံးအနှုန်းတွေထဲက ဘယ်လို အချက်အလတ်တွေက လူတွေကို အားပေးအားမြှောက် ဖြစ်နေတယ်လို့ ပြောနိုင်တာလဲ။
ဖြေ။ ။ တလောက လိင်တူ နှစ်ယောက် ၁၀ နှစ်ပြည့် မင်္ဂလာ အခမ်းအနားဆိုပြီး လုပ်တယ်။ အဲဒီဓာတ်ပုံ၊ သတင်းတွေက ဖေ့စ်ဘုတ်မှာ တက်လာတယ်။ အဲဒီကနေ ဖေ့စ်ဘုတ် ကော်မန့်ထဲမှာ ဘယ်လိုတွေ ရေးလာသလဲ ဆိုတော့ အဲဒီကောင်တွေကို ဖမ်းပစ်၊ ဖမ်းလို့မှ ဆန္ဒပြရင် ရိုက်သတ်ပစ်ဆိုတာတွေ ရေးကြတယ်။ အဲဒီအောက်က ကော်မန့်တွေကလည်း မင်းတို့သွားရင် ငါ့ကိုလည်းခေါ်၊ ငါလည်း လိုက်ရိုက်မယ်ဆိုတာမျိုးတွေ ဝင်ရေးကြတယ်။ အဲဒါက Gay ဆိုတဲ့ လူ့အဖွဲ့အစည်းကို မလိုလားဘူး။ ချေမှုန်းပစ်မယ်ဆိုတဲ့ သဘောတရားမျိုးတွေ ရေးလာတဲ့အပြင် အခြားလူတွေကိုပါ ဖိတ်ခေါ်လာတယ်။ အဲဒါတွေက ဒီ Gay ဆိုတဲ့ အဖွဲ့အစည်းအတွက်ပါ အန္တရာယ်ရှိတာ မဟုတ်ဘူး၊ နီးစပ်တဲ့ တခြား လူ့အသိုင်းအဝိုင်းအတွက်ပါ အန္တရာယ်ရှိတယ်။ နောက်တခုက ရခိုင်မှာ နိုင်ငံခြားအမျိုးသမီးက သာသနာ့အလံကို ဘောင်းဘီအိတ်ထဲ ထည့်တယ်ဆိုပြီးတော့ ဖြစ်တဲ့ပြဿနာ၊ အဲဒီမှာလည်း ဘာတွေ တွေ့ရသလဲဆိုတော့ နိုင်ငံခြားသားတွေ လူပါးဝတယ်၊ သတ်ပစ်ဆိုတဲ့ စကားမျိုးတွေ အပြင် မင်းတို့ သတ်ပစ်လည်း ထောင် ၇ နှစ်ပဲ ကျမယ် ဆိုတာမျိုးတွေ တွေ့ရတယ်။ ဒါတွေက နိုင်ငံခြားသားဆိုရင် သတ်ပစ်ဆိုတဲ့ Message ဆိုတာကို ပေးနေသလို ဖြစ်နေတယ်။ အဲလိုစကားမျိုးတွေက လွတ်လပ်မှုကို တလွဲသုံးပြီးတော့ လူ့အဖွဲ့အစည်းအတွက်ကို တကယ်ဆိုးဝါးတဲ့ Message မျိုးပေးနေတဲ့ ဒီကိစ္စတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့တော့ လိုတယ်။ ဒါတွေကို အရေးယူဆောင်ရွက်သွားဖို့ အစိုးရမှာ တာဝန်ရှိတယ်။
မေး။ ။ ဒီလို အခြေအနေတွေ မဖြစ်အောင် အစိုးရအနေနဲ့ ဘယ်လိုမျိုး ထိန်းသိမ်းဖို့ လိုအပ်နေပြီလဲ။
ဖြေ။ ။ အစိုးရအနေနဲ့ ဒီလို အွန်လိုင်းပေါ်မှာ ဖြစ်နေတာတွေကို ထိန်းသိမ်းဖို့ ဥပဒေတွေ ရှိတာပဲလေ။ ၂၀၀၇ ခုနှစ် လောက်တုန်းကတော့ အီလက်ထရောနစ် ဥပဒေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးချုပ်နှောင် ထောင်ချခဲ့တာပဲ။ အဲဒီဥပဒေ ရှိနေပါလျက်နဲ့ ဖေ့စ်ဘုတ်မှာ တချို့တွေဆို နာမည်ဝှက်နဲ့ မဟုတ်ဘဲ နာမည်အတိအကျ ပရိုဖိုင်းအတိအကျနဲ့ သုံးပြီး Dangerous Speech တွေ ရေးနေတာပဲလေ။ ဒါတွေကို အစိုးရအနေနဲ့ တကယ်ပဲ မသိတာလား။ သိလျက်နဲ့ ဘာမှ အရေးမယူတာလား ဆိုတာကိုတော့ အစိုးရကို မေးခွန်းထုတ်ရမှာပေါ့။ အမှန်တကယ်တမ်း အစိုးရအနေနဲ့ ပြည်သူယုံကြည်လာအောင် ဒီကိစ္စတွေအများကြီး လုပ်ပြလို့ ရတယ်။
မေး။ ။ ဒီလို ကျူးလွန်မှုတွေ အရေးယူဖို့ဆိုရင် လက်ရှိ ပြဌာန်းထားတဲ့ အီလက်ထရောနစ် ဥပဒေ တခုတည်းနဲ့ လုံလောက်မှု ရှိမလား။
ဖြေ။ ။ အီလက်ထရောနစ် နည်းပညာကို အသုံးပြုပြီးတော့ နိုင်ငံတော် အေးချမ်းရေးကို နှောက်ယှက် ဖျက်ဆီးတယ်ဆိုပြီး အီလက်ထရောနစ် ဥပဒေနဲ့ တရားစွဲလို့ရနိုင်တယ်။ ဒါပေမယ့် ဒီဥပဒေတခုတည်းနဲ့ ဆိုရင်တော့ လုံလောက်မှု မရှိဘူး။ နိုင်ငံတကာမှာတော့ Hate Speech နဲ့ ပတ်သက်တဲ့ ထိန်းချုပ်ထားတဲ့ ဥပဒေတွေ ရှိတယ်။ ဒါပေမယ့် တဖက်ကိုကြည့်ရင် Hate Speech ကို ဖိနှိပ်တားမြစ်ရင်းနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကိုပါ ထိခိုက်လာနိုင်တယ်။ ကျနော်တို့အနေနဲ့ ဒါမျိုးတွေကိုလည်း မလိုလားဘူး။ တကယ်လို့ အစိုးရအနေနဲ့ Hate Speech နဲ့ ပတ်သက်တဲ့ ဥပဒေသစ်တွေ ပြဌာန်းမယ်ဆိုရင် နိုင်ငံတကာက တကယ်တတ်ကျွမ်းတဲ့ နည်းပညာကျွမ်းကျင်ပညာရှင်တွေ၊ ဥပဒေပညာရှင်တွေကို ဖိတ်ခေါ် နိုင်ငံတကာ ဥပဒေတွေကို လေ့လာပြီး ရေးဆွဲသင့်တယ်။ ။