သွေးဆူသော မြန်မာလူမျိုးတို့ ရန်ဖြစ်လျှင် ပြောသောစကားတခွန်း ရှိသည်၊ “သတ္တိရှိရင် ထွက်ခဲ့” ဆိုသော လမ်း ပေါ်က စကားဖြစ်သည်၊ သတင်းစာအတွက် ခေါင်းစဉ်တော့ မဟုတ်ပါ။
ဒီနေရာမှာ ရေးချင် ပြောချင်တာကတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး (လောလောဆယ် ရွေးကောက်ပွဲ ကော် မရှင် ဥက္ကဋ္ဌ ) ၏ ပုသိမ်ခရီးစဉ်တွင် ပြောခဲ့သော စကားတချို့ကြောင့်ပင် ဖြစ်သည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလကို သတ်မှတ်ပေးမည် ဖြစ်ပြီး၊ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ယှဉ် ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာလျှင် မဲဆွယ်စည်းရုံးခွင့်ပေးမည် ဆိုသည့် ကိစ္စဖြစ်သည်။
“ကိုယ်စားလှယ်လောင်းတွေပဲ ပြောပါ၊ မဆိုင်တဲ့သူ လာမပြောနဲ့၊ ဝင်ချင် ဝင်၊ မဝင်ချင် နေ၊ ကျနော် ဒီမြို့ ဒီရွာမှာ အရွေး ခံမယ်ဆို ကျနော်ပြောဖို့ပဲ လိုတာပေါ့၊ တခြားလူ လာပြောလို့ ဘာလုပ်မှာတုန်း၊ ဒါကြောင့် ကျနော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်၊ ဒါက ကျနော်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်” လို့ ဦးတင်အေးက ပြောခဲ့သည်။
ဦးတင်အေး၏ စကားသည် “ ညီအစ်ကို မသိတသိ” ဟု ပြောနေသောကာလမှ “အဖြူ အမည်းကွဲပြားအောင်” ပြောလိုက်သော စကားပင်ဖြစ်သည်။ သူ့ရဲ့ ပြောဆိုချက်တွေက အင်အားကြီး အတိုက်အခံပါတီ NLD နဲ့ အခြားပါတီများကို ရည်ရွယ်နေသည် ဟု အများက ယူဆသုံးသပ်နေကြသည်။ ဒီနေရာမှာ ခပ်ရှင်းရှင်းပဲ ရေးပြရ တော့မည်၊ ကြောက်မွေးပါရင် ဇာဂနာနဲ့နှုတ် ပြီး ၂၀၁၅ ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ပဲ ဖြစ် သည်။
၂၀၁၀ ရွေးကောက်ပွဲသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရရေးအတွက် မိမိ ဖဲကို မိမိ ဘာသာချိုးပြီး၊ ယှဉ်ပြိုင် မည့်သူများ ကို ခြေထောက်ရိုက်ချိုးကာ ကွင်းထဲမှာ တယောက်ထဲ ပြေးခဲ့သော ပွဲဖြစ်ပါသည်။
ယခု လက်ရှိ ဦးသိန်းစိန် အစိုးရသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အာဏာလွဲပေးခဲ့သော အစိုးရသာ ဖြစ်ပြီး ပြည်သူလူထု၏ ထောက်ခံမှု မရှိပါ။
ယခု တိုင်းပြည်ကို တံခါးဖွင့်ခဲ့ပြီး နောက်ပိုင်းမှာတော့ ထောက်ခံမှု အနည်းငယ်ရှိသည်ဟု ဆိုရမည် ဖြစ်သည်၊ သို့သော် ၂၀၁၅ မှာ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲကြမည် ဆိုလျှင်၊ လွတ်လပ်ပွင့်လင်း တရားမျှတစွာ ရွေးကောက်ပွဲကို ပြိုင်မည် ဆိုလျှင် နိုင်ခြေ မရှိပါ။
ဒါကြောင့်လည်း ယခင်စစ်အစိုးရလက်ထက်တွင် အရိုးကြေကြေ အရေခမ်းခမ်း တာဝန်ထမ်းဆောင် ခဲ့သော ဦးတင်အေး (ဦးသိန်းစိန်နှင့်လည်း နီးစပ်သူ၊ ဦးသန်းရွှေနှင့်လည်း နီးစပ်သူ) က ပြိုင်ပွဲမစခင်မှတင် တဖက်ကလူကို ခြေထောက် ရိုက်ချိုးဖို့ ကြိုးစားခြင်းပင် ဖြစ်သည်။
“ဒီလိုဆိုရင်တော့ ရွေးကောက်ပွဲလည်း မလုပ်ပဲ၊ ပိုနေမြဲ ကျားနေမြဲ၊ ခင်ဗျားတို့ပဲ ဆက်ပြီးအုပ်ချုပ်ပါ၊ ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ၊ ပွင့်လင်းမြင်သာမှု ရှိတာတေ၊ွ နိုင်ငံတကာစံနှုန်းတွေ၊ အပိုတွေကို လျှောက်ပြောမနေပါနဲ့” ဟုပဲ အကြံပေးချင်ပါသည်။
သတ္တိမရှိသော၊ နိုင်ငံရေးသမား မမည်သော၊ အမှန်တရားကို ရင်မဆိုင်ရဲသော၊ ဘောင်းဘီချွတ်တချို့ (အားလုံးကို မဆိုလိုပါ) သည် ၂၀၁၅ ကို နည်းမျိုးစုံဖြင့် မဲရဖို့ ကြံနေပြီ ဆိုတာကို ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ နောက်ပိုင်းမှစပြီး မြန်မာတွေ တော်တော်များများ သိသွားခဲ့ပြီ ဖြစ်သည်။
ယောကျာ်ချင်း ကိုယ်ထိလက်ရောက် ရန်ဖြစ်တော့မည် ဆိုလျှင် ပြောသော စိန်ခေါ်စကားတခွန်း ကတော့ “သတ္တိရှိရင် ထွက်ခဲ့” ဟု ဖြစ်သည်။ ပုန်းနေသောသူသည် ကြောက်တတ်သူ၊ သတ္တိမရှိသူ၊ သူရဲဘောကြောင်သူ၊ ပွဲမစခင် ခြေထောက်ကို အကောက်ကြံ ရိုက်ချိုးသူ ဟု ဆိုရပေမည်။