ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးပြီး နေအောင်၊ ဇင်ဝိုင်း၊ ခင်သန်းနု၊ မေသန်းနုနဲ့ သီတာသိမ့်တို့ ဦးဆောင်ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သင်္ကြန်မိုး ဇာတ်ကားဟာ အနုပညာအရ အောင်မြင်မှု အထွဋ်အထိပ် ရရှိခဲ့ပြီး သင်္ကြန် ချစ်သူ မြန်မာပရိသတ်ရဲ့ နှလုံးသားကို သိမ်း ပိုက် နိုင်ခဲ့ပါတယ်။ အခုအခါမှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဒီဇာတ်ကားရဲ့အောင်မြင်မှုကို အမီ လိုက်နိုင်တဲ့ နောက်ထပ် သင်္ကြန်နောက်ခံ ဇာတ်ကားသစ် တကား ထပ်မံ ထွက်ပေါ်လာခြင်း မရှိခဲ့သေးသလို ဒီသင်္ကြန်မိုး ဇာတ် ကားကိုပဲ ဒီနေ့ထက်တိုင် မက်မက်မောမော စောင့်မျှော်ကြည့်ရှု နေကြရဆဲ ဖြစ်ပါတယ်။ မန္တလေးသင်္ကြန်ရဲ့ အထိမ်းအမှတ် လက္ခဏာ တရပ်လို ဖြစ်နေခဲ့ပြီး ယနေ့ထက်တိုင် အနုပညာ မှတ်ကျောက် အတင်ခံနိုင်ဆဲ ဖြစ်တဲ့ “သင်္ကြန်မိုး” ဇာတ်ကား အကြောင်း အမှတ်တရ တွေကို အဲဒီဇာတ်ကားမှာ စန္ဒရား ကိုငြိမ်းမောင်ရဲ့ သားဖြစ်သူ သက်ထွေး အဖြစ် သဘာဝကျကျ သရုပ်ဆောင် ခဲ့တဲ့ အကယ်ဒမီ ဇင်ဝိုင်း ကို ဧရာဝတီ သတင်းထောက် မစပ်စု က မေးမြန်းထားပါတယ်။
မေး။ ။ ဒီ သင်္ကြန်မိုး ဇာတ်ကားဟာ ဦးဇင်ဝိုင်းရဲ့ ဘယ်နှကားမြောက်လို့ ပြောလို့ရပါသလဲ။
ဖြေ ။ ။ ဒါက ဒုတိယမြောက် ကားပါ။ ပထမဆုံးကားက ဦးနေအောင်၊ အကယ်ဒမီ ခိုင်ခင်ဦး၊ ပြီးတော့ ကျနော်ရယ်၊ မို့မို့မြင့်အောင် ရယ် ပါတဲ့ “သံယောဇဉ်ဆိုတာ ရှိတယ်” ဆိုတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ကလည်း ပရိသတ် အသိအမှတ်ပြု ခဲ့တဲ့ ဇာတ်ကားပါ။ ပရိသတ်က အားပေးခဲ့သော်ငြားလည်း သင်္ကြန်မိုးရဲ့ အရှိန်အဝါနဲ့ နှိုင်းလိုက်တော့ တခြားစီ ဖြစ်သွားတာပါ။ တကယ်တမ်းကျတော့ ပရိသတ်ရဲ့ ရင်ခွင်ထဲကို ကျနော် နွေးထွေးပြီးတော့ နားခိုခွင့်ရခဲ့တာ သင်္ကြန်မိုးနဲ့ နားခိုခွင့်ရခဲ့တာပါ။
မေး။ ။ ဘဝအတွက် ဇင်ဝိုင်းဆိုတဲ့ နာမည်တခု ဖြစ်လာဖို့အတွက် သင်္ကြန်မိုးရဲ့ ထောက်ပံ့မှုက ဘယ်လောက်အထိ ရှိနိုင်ပါသလဲ။
ဖြေ ။ ။ ရာနှုန်းပြည့်နီးပါး ရှိပါတယ်။ သင်္ကြန်မိုးက ကျနော့်ဘဝမှာ ကျနော်ဖြစ်ချင်တဲ့ သရုပ်ဆောင်ဘဝကို ရအောင် တွန်းပို့ပေး လိုက်တဲ့ ကားပါပဲ။ အခုလို နှစ်စဉ်မပျက် အခုဆို နှစ်ပေါင်းအစိတ် ကျော်ပြီပေါ့ နော်။ ဒီဇာတ်ကားကို လူတွေ ကြည့်ချင်ကြတယ် ဆိုတော့ ဒါဟာ ဘာပဲပြောပြာ ကိုယ်ပါလို့ ပြောတဲ့ကားတော့ မဟုတ်ပါဘူး။ အနုပညာပစ္စည်းတို့ မည်သည်မှာ အချိန်ကာလရဲ့ ပွတ် တိုက်မှုကို ခံကြရပါတယ်။ တချို့ အနုပညာပစ္စည်းက တလ နှစ်လနဲ့ ပျောက်တယ်။ တချို့က တနှစ် နှစ်နှစ်နဲ့ ပျောက်သွားပါတယ်။ အခုလို နှစ်အတွင်းတောင် ရှိလာပြီဆိုတဲ့အခါကျတော့ ဒီအနုပညာပစ္စည်း ဂန္ထဝင်ပစ္စည်း ဖြစ်လာပြီလို့ ကျနော်တို့ကတော့ ရိုးသားစွာ ယုံကြည်ပါတယ် ခင်ဗျာ။
မေး။ ။ သင်္ကြန်မိုးက ၁၉၈၄ ကတည်းကလို့ မှတ်သား မိပါတယ်။ အရမ်းအောင်မြင်ခဲ့ပြီး အခုချိန်အထိလည်း နှစ်စဉ် ပရိသတ်တွေက တီဗီမှာ မက်မက်မောမော စောင့်ကြည့်နေရတုန်းပဲ။ ဒီလိုပဲ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတွေကို နောက်ထပ် ဆန်းသစ်ပြီး ပြန်ရိုက်ကြတာတွေလည်း ရှိပေမယ့် သင်္ကြန်မိုးကိုတော့ ပြန်ရိုက်ကြခြင်း ပြန်ရိုက်နိုင်ခြင်း မရှိဘူးပေါ့နော်။ အဲဒီအပေါ် အမြင်ကို ပြောပါဦး။
ဖြေ ။ ။ သင်္ကြန်မိုးကို ဖန်တီးဖို့ သုံးနှစ်လောက် အချိန် ယူခဲ့ကြရပါတယ်။ သင်္ကြန်မိုးကို စတည်ဖို့ ပြောရင်းနဲ့ ငြင်းကြ ခုံကြ၊ အပေါက်အပြဲတွေ ဖာကြ ထေးကြပေါ့ နော်။ အဲလိုနဲ့ လုပ်ခဲ့ရပါတယ်။ ထုတ်လုပ်သူ ဦးဇော်မြင့် ပြောတာကတော့ သူ့ကို ဒါက ကံတရားကပေးတဲ့ လက်ဆောင်ပါလို့ သူပြောပါတယ်။ ကျနော့်အနေနဲ့တော့ ဒီလိုမမြင်ပါဘူး။ ဇာတ်ကား တကား ကောင်းဖို့ဆိုတာ ဒါရိုက် တာရော၊ ဇာတ်ညွှန်းရော၊ ပြီးတော့ စက်မှုအဖွဲ့သားတွေရော၊ ပါဝင်တဲ့ သရုပ်ဆောင် ရော၊ ဒါတင်မက ထုတ်လုပ်သူရဲ့ စေ တနာ ထားမှုလည်း အများကြီး လိုပါတယ်။
အဲဒီအချိန်က ကိုဇော်မြင့်ကလည်း အသက်က ကျနော့်ထက်တောင် ငယ်ပါသေးတယ် ခင်ဗျ။ ရှုံးခြင်း မြတ်ခြင်းကို မတွက်တော့ဘဲ နဲ့ သူက ဒီသင်္ကြန်ကား ဆိုတာ မန္တလေးသင်္ကြန်လို ရိုက်ပြချင်တယ် ဆိုပြီး ဒီလိုကို ရိုက်တဲ့သူပါ။ ဒီ အတွက် မရိုက်ခင် ကြိုတင်ပြီး တော့ ပစ္စည်းတွေ စုခဲ့ ရပါတယ်။ ဓာတ်ပုံတွေ၊ Sketch တွေ ထုတ်ကြရပါ တယ်။ ဇာတ်အရ ၅၇ ခုနှစ်ဆို ဘယ်လိုဝတ်မယ်၊ ဒီဘက်ခေတ်ကျတော့ ဘယ်လို ဝတ်မယ် ဆိုတာတွေ အများကြီး ပြင်ဆင်ရပါတယ်။ အဲဒီမှာ ကိုဇော်မြင့်က ငွေကို ပုံထားပြီးတော့မှ ကြိုက်သလောက် ကုန်ပါစေ ဆိုပြီးတော့မှ ရိုက်တာပါ။
ဒါကြောင့်မို့လို့ (၁) အချက် အနေနဲ့ ပြောရရင် ထုတ်လုပ်သူရဲ့ စေတနာတွေလည်း ပါပါတယ်။ (၂) အချက်က ဆရာဦးတင်ဦးပါ။ ဆရာဦးတင်ဦး လက်စွမ်း အထက်ဆုံး အချိန်၊ စိတ်ဓာတ် အတက်ကြွဆုံး အချိန်မှာ သင်္ကြန်မိုးကို ရိုက်တာပါ။ ဒါ့အပြင် သူက မန္တလေးသားလေ။ ငယ်ငယ် ကတည်းက မန္တလေးသင်္ကြန် အကြောင်း အူမချေးခါး သိနေတဲ့သဘောပေါ့။ ဒီကားကို တခြား ဒါရိုက်တာ တယောက်က လာရိုက်ရင် တမျိုးဖြစ်ချင် ဖြစ်ဦးမယ်။ ဦးတင်ဦး ရိုက်လိုက်တဲ့ အတွက် ပိုမိုပြီးတော့ ကောင်းမွန်သွားတာလည်း ရှိပါတယ်။
နောက်တခုက ပါဝင်တဲ့ သရုပ်ဆောင် တွေပါ။ ပါဝင်တဲ့ သရုပ်ဆောင်တွေမှာ ဆိုရင် ဒေါ်ခင်သန်းနုကလွဲရင် တခြားသရုပ်ဆောင် တွေ အားလုံးဟာ ဦးတင်ဦး တပည့်တွေပါ။ ကျနော်တို့တွေက ဘယ်နှရက် ကြာကြာ၊ ဘယ်လောက်နေရ နေရ ဆိုပြီး ထိုင်ရိုက်ကြ တာပါ။ သင်္ကြန်မိုး ကို မရိုက်ခင် တလလောက် ပြင်ဆင်ရပါတယ်။ သင်္ကြန်မကျခင် ဆယ်ရက်လောက် ကတည်းက ကျနော်တို့ ကြိုပြီး သင်္ကြန်ကျနေ ကြတာပါ။ ပြီးတော့ သင်္ကြန်တွင်းရက်၊ သင်္ကြန်ပြီးတော့လည်း သင်္ကြန် ဆက်ကျနေရတာ ကျနော်တို့မှာ။ နွေဦးကဗျာ မဏ္ဍပ်ကြီးပေါ်မှာ တပတ် ဆယ်ရက်လောက်အထိ သင်္ကြန်က မပြီးနိုင်ဘူး။ သင်္ကြန်က ကျနော်တို့ အတွက်ကတော့ ရက်အစိတ်လောက်ထိ ဖြစ်သွားတာပေါ့နော်။
နောက်တခုကတော့ ဦးတင်ဦးရဲ့ ပညာပါခင်ဗျ။ သူက ရိုက်ကတည်းကိုက တွက်ချက် ရိုက်တာပါ။ ပညာရှင် ဆိုတော့လေ။ ဘယ် အခန်းမှာ ဘယ်သီချင်း ကိုထည့်ပြီး ဘယ်လိုပြောင်းမယ် ဆိုတာက အစပေါ့။ တည်းဖြတ် ဦးမြင့်ခိုင်ပေါ့ နော်။ ဦးမြင့်ခိုင် နဲ့ ဦးတင်ဦး ဆိုတာ တကယ့်လင်မယားလို နေတာ။ ဦးတင်ဦး ဘယ်လို ရိုက်ထားရင် ဘယ်လိုလုပ်ရမယ် ဆိုတာ ကြိုတင် တွက်ချက် ထားပြီး သားပါ။ ဥပမာပေါ့၊ ဦးနေအောင် ငုတ်တုတ်ထိုင်ပြီး အရက်ပုလင်းနှစ်လုံး ကို ကြည့်နေရင်း ညဘက်ကြီး ဘယ်ကိုကြည့်၊ ညာကို ကြည့်၊ အဲဒီ ပုလင်းနှစ်လုံးကို ရိုက်ခွဲမလို့ ပေါက်ခွဲမလို့ မြှောက်လိုက်တဲ့ အချိန်မှာ ဟိုဘက်မှာ ကိုဟန်တင်က ဒရမ်ကြီးကို ဂွမ်းဆို ရိုက်ချလိုက်တာ။ ပရိသတ်က ဝေါဆို ဖြစ်သွားတာ။ အဲဒါက အလကား ဘုရားပေးတဲ့ဆုမှ မဟုတ်တာ။ ဒါ ပညာရှင်တယောက်ရဲ့ တွက်ချက်ပြီးတော့ လုပ်ထားတဲ့ လုပ်ရပ်တွေပါ။
အဲဒီလိုတွေကြောင့်မို့ သင်္ကြန်မိုး အောင်မြင်ခြင်းကို ကြည့်မယ်ဆိုရင်တော့ ဆရာ ဦးတင်ဦး ရယ်၊ ထုတ်လုပ်သူများရယ်၊ ပြီးတော့ ပါဝင်တဲ့ စက်မှုအဖွဲ့သားများပေါ့ ဗျာ။ ချစ်မင်းလူ ကလည်း ကင်မရာဆို အင်မတန် ရူးသွပ်တာကိုး။ ဦးတင်ဦးနဲ့ ရိုက်သမျှ ကားများလည်း သူ အကယ်ဒမီရပါတယ်။ ဒါက အားလုံးရဲ့ ပေါင်းစည်းမှု၊ စုစည်းမှုအင်အား ပါသလို ခုနကပြောတဲ့ မြန်မာတို့ရဲ့ မရိုးနိုင်တဲ့ ပွဲတော်ပေါ့နော်။ တခြား အကြောင်း ရိုက်ထားရင် ခေတ်ကာလအလျောက် ခေတ် မဟုတ်တော့ တမျိုး ဖြစ်ချင်ဖြစ်မယ်။ ဒီဟာက တော့ မြန်မာတွေရဲ့ ရင်ထဲမှာ အနှစ်သက်ဆုံး၊ အစွဲလမ်းဆုံး ပွဲတော်တခု အကြောင်း ကို ရိုက်လိုက်တဲ့ အခါကျတော့ အဲဒါကြောင့် လည်း ပါပါလိမ့်မယ် ခင်ဗျာ။ ဒါကြောင့်မို့လို့ အောင်မြင်တယ် လို့ ထင်ပါတယ်။
ဒီသင်္ကြန်မိုး ဇာတ်ကားကို တခြားလူတွေ ပြန်ရိုက်ဖို့ထားလို့ ဦးတင်ဦး ဒီဘက်ခေတ် ရောက်တဲ့ အခါမှာ “ပိတောက် ပင်လယ်” ဆိုတဲ့ သင်္ကြန်ကားကြီး တကား ရိုက်ပါသေးတယ်။ ဦးဇော်မြင့်ထက် ငွေပို သုံးနိုင်ပါတယ်။ တကယ့် ပင်လယ်ကြီးထဲမှာကို ငွေဆောင် ကို သွားပြီးတော့ ပင်လယ်ကြီးထဲမှာ လှေကြီးတွေနဲ့ အဲဒါနဲ့ကို သင်္ကြန်တွေ ကျကြတာ။ ဇော်ဝင်းထွဋ် တို့တောင် ပါပါတယ်။ အဲဒီလိုရိုက်ခဲ့တာပါ။
ဒါပေမယ့် သင်္ကြန်မိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကိုယ်တိုင် သင်္ကြန်မိုးကို စံချိန် ချိုးဖို့ လုပ်တာ မအောင်မြင်ဘူး ခင်ဗျ။ သဘောကတော့ ဒါတွေကလည်း ကျနော် မမြင်နိုင်တဲ့ ကိစ္စရပ်တွေ ပါမှာပါ။ လူတွေရဲ့ ရင်ထဲမှာ စွဲထားတဲ့ အစွဲတခုကို ကျနော်က ဖျောက်ပစ်လို့ မရ ဘူးလေ။ ကျနော် သိသလောက် သုံးသပ်ရရင်တော့ အဲဒီလိုပဲ သုံးသပ်မိပါတယ်။
မေး ။ ။ သင်္ကြန်မိုး ဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း ပြောပါဦး။
ဖြေ ။ ။ ကျနော့် အနေနဲ့ သင်္ကြန်မိုးမှာ သရုပ်ဆောင်ဆိုပေမယ့် တကယ်တမ်း ကျတော့ ကျနော်က သင်္ကြန်မိုး ရိုက်တဲ့ အချိန်မှာ ဆရာဦးတင်ဦးဆီမှာ ၇ နှစ်ရှိခဲ့ပါပြီ။ ကျနော်က ဆရာဦးတင်ဦး ဆီမှာ မီးထိုး၊ မှန်ထိုး၊ မှတ်တမ်းရေး၊ တောက်တို မယ်ရ အလုပ်တွေက စပြီး မှတ်တမ်းရေး ဘဝကနေ ပြီးတော့မှ Assistant Director လိုမျိုးတောင် ဆရာက မျက်နှာလွှဲပြီး ခိုင်းတဲ့ ကိစ္စမျိုးတွေ ရှိလာ ပါပြီ။ သင်္ကြန်မိုးကျတော့လည်း ဒီလိုပါပဲ။ ကိစ္စအဝ၀ အားလုံးကို ကျနော် ခေါင်းခံပြီးတော့ လုပ်ရ ပါတယ်။
ဇာတ်အင်အားတွေ ကလည်း များပြားတယ်။ အသုံးအဆောင် ပစ္စည်းတွေ ကလည်း ၁၉၅၇ ခုနှစ်နဲ့ ဇာတ်ကား ရိုက်တဲ့ ကာလ၊ အဲဒီလို ကွဲလွဲတာတွေက အများကြီးရှိတော့ ရှေ့ပိုင်းမှာလည်း အခက်အခဲတွေ အများကြီးတွေ့ပါတယ်။ လူတွေတော့ စုံနေပါပြီ၊ အုန်းလက် မဏ္ဍပ်ကြီး လည်း စုံပြီ၊ တီးဝိုင်းတွေလည်း စုံပြီ၊ စဉ့်အိုးကြီးတွေလည်း စုံပြီ၊ ရေသဘင်မဏ္ဍပ်က အမျိုးသမီးတွေလည်း အကုန်ဝတ်ပြီးပြီ။ ဒီဘက်က မြို့မအသင်းတို့၊ သင်္ဂဟ တို့ အတာသဘင် ကားကြီးတွေက ဆင်ပြီးပြီ။ ဦးလင်းအောင်တို့ လိုမျိုး ၅၇ ဝတ်စုံနဲ့ အဲဒီတုန်း က ဂျစ်ကားနဲ့ လင့်ရိုဗာနဲ့ လည်ကြမယ့် လူတွေလည်း စုံပြီ။ သို့သော် အဲဒီရောက်တော့မှ ပိတောက်ပန်းခြောက် လိုနေတာတို့၊ ရွှေခြေချင်း လိုနေတာတို့ အဲလိုမျိုး အဖြစ်မျိုးတွေ ပေါ့။ ဒါတွေက အများကြီး ကြုံတွေ့ခဲ့ရပါတယ်။
မေး။ ။ ဒီကားမှာ ဒါရိုက်တာ မောင်တင်ဦးနဲ့ ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံတွေထဲက မှတ်မှတ်ရရ ဖြစ်ခဲ့တာတွေကိုလည်း ပြောပါဦး။
ဖြေ ။ ။ အမှတ်တရ ကတော့ ကျနော်နဲ့ ဦးနေအောင်နဲ့ အပြန်အလှန် သားအဖချင်း ပေါက်ကွဲကြပြီး ပြောကြတဲ့ အခန်းမှာ ကျနော်က စိတ်ထင်နေတာ ပေါ့လေ၊ ဆရာနဲ့ ငါ ၇ နှစ်လောက် နေပြီးပြီ။ လူတကာကိုလည်း ငါ ရုပ်ရှင် အကြောင်းတွေ ပြောနေပြီ။ သင်တန်းတောင် ကျနော်က ဆရာ့ဆီ လာအပ်ရင် ကျနော်က အရင်သင်ပေးရတဲ့ဘဝ ရောက်နေပြီလေ။ ကိုယ်လုပ်နိုင်မယ်ပဲ ထင် နေတယ်။ ဒီမာန်လေးနဲ့ပေါ့။ ဒါပေမယ့် တကယ်တမ်း ကျတော့ မရဘူး၊ အဲဒီအခန်းက လေးငါးကြိမ် မက ဆရာက ပြန်ရိုက် ပြန်ရိုက် ဆိုတော့ ရေစိုပြီး ပြန်လာတဲ့ အခန်း ဆိုတော့ ရေတွေလောင်းလိုက် မီးထိုးတဲ့အထဲ ဝင်လိုက်၊ မရလိုက်။ ကျနော် တော်တော် စိတ် ဓာတ် ကျပါတယ်။ ထမင်းလည်း ထွက်မစားဖြစ်တော့ဘူး။ ကွယ်လွန်သွားတဲ့ ဦးချစ်မင်းလူ ပေါ့နော်။ သူတို့တွေ ပြန်ဝင်လာပြီးတော့ မှ ကဲ ဘကြီးရေ ရသလောက် ရိုက်ကြည့်တာပေါ့ဗျာ။ မရလည်း ရသလောက်ပဲ ယူလိုက်တာပေါ့ ဆိုပြီး ရိုက်လိုက်တဲ့အခါကျတော့ တကယ်ရသွားပါတယ်။
အဲဒါက ဘာလဲဆိုတော့ ဆရာဦးတင်ဦး အနားမှာ နေပြီးတော့ ကျနော်က သိနေတယ်၊ သူ့ အထာတွေကို။ တခြား သရုပ်ဆောင် တွေ အိုက်တင်လုပ်လို့ မရရင် သူ ဘယ်လိုနည်းနဲ့ လုပ်တယ်ဆိုတာ သိတယ်။ ပြီးရင်လည်း ကျနော် ခံရတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်က တက်ကြွနေတာကိုး။ ငါလုပ်နိုင်တယ်ဆိုပြီး တက်ကြွနေတာ။ တကယ်တမ်းကျတော့ အဲဒီထဲကဇာတ်ကောင် သက်ထွေး ဆိုတာက ဖခင်က တဖက်၊ ချစ်သူနဲ့ သူငယ်ချင်းတွေက တဖက်၊ သင်္ကြန်မှာ ကိုယ်ပျော်ချင်တာ တဖက်၊ ဒီဘက်ပေါင်းစုံကြားမှာ ညပ် နေတဲ့ စိတ်ဓာတ်ရေးရာအရ လုံးဝကြေကွဲနေတဲ့ ကလေး တယောက်။
ကျနော်က သွားပြီးတော့မှ တကယ့်ကို အမာကြီးတွေနဲ့ ဖြစ်နေတော့ ဆရာဦးတင်ဦးက အဲဒါကို ချိုးလိုက်တာပါ။ ချိုးလိုက်တော့ တကယ် ရိုက်တဲ့ အခါကျတော့ ကျနော်တကယ် ကြေကွဲပြီး တော့ ငိုယိုပြောတဲ့အဆင့် ရောက်သွားရော။ အဲဒါကတော့ ဆရာဦးတင်ဦးရဲ့ ပညာပါ။ ကျနော့်ကို တကယ့်ကို စိတ်ဓာတ်ရေးရာ ပြိုကွဲနေတဲ့ သက်ထွေး ဖြစ်လာအောင် သူ ဖန်တီးပေးခဲ့တာပါ။ နောက်ထပ် ပြောရမယ်ဆို သင်္ကြန်မိုးမှာ ကျနော် နင်လားငါလား အိုက်တင် သိပ်လုပ်ရတာ မရှိပါဘူး။ ဦးနေအောင်နဲ့ပြောရတဲ့ အခန်း လောက်ပါ။ ကျန်တဲ့ဟာလေးတွေ ကတော့ မေးထူး ခေါ်ပြော လေးတွေ၊ တခါတလေကျရင် တယောက်တည်း ကျုံးဘေး သွားထိုင် နေတာတွေ၊ သစ်ပင်အောက် သွားထိုင်နေတာ ဒီလောက်ပါပဲ။
သို့သော် ဆရာဦးတင်ဦးရဲ့ ပညာကြောင့် ကျနော့်ကို ပရိသတ်ရဲ့ ကရုဏာ ရောက်လာပါတယ်။ သက်ထွေးဆိုတဲ့ ကောင်လေး ဆီ ကို။ ဘာကြောင့်လဲ ဆိုတော့ ဒီသက်ထွေးက ခုမှပေါ်လာတဲ့ သက်ထွေး မဟုတ်ဘူးလေ။ အဖေ အမေနဲ့ ညားပြီးတော့မှ မွေးလည်း မွေးရော မီးတွင်းထဲမှာကို အမေက ဆုံးရှာတဲ့ မိတဆိုး၊ ဒီကြားထဲ အဖေက အရက်သမားကြီး ဖြစ်သွားတဲ့အခါကျတော့ အဖေ သွားလေရာကို လိုက်ပြီးတော့မှ အဖေ စန္ဒရားတီးရင် စားပွဲပေါ်မှာ၊ သေတ္တာပေါ်မှာ အိပ်ပြီး ခြင်တွေကိုက်ပြီး ဒီလိုနေရတဲ့ကလေး ကိုး။ အဲဒီတော့ ဒီကလေးပေါ်မှာ သနားတဲ့ မေတ္တာ ကရုဏာဟာ သက်ထွေးဆိုပြီး ဇင်ဝိုင်းက ဝင်လာတဲ့ အခါကျတော့ ဒီကလေးပေါ်မှာထားတဲ့ ပရိသတ်တွေရဲ့ မေတ္တာတရားက ကျနော့်ဆီ ဝင်လာတာပါ။ ဒါကလည်း ဆရာဦးတင်ဦးရဲ့ အတတ်ပညာပါ။
မေး ။ ။ သင်္ကြန်မိုး ဇာတ်ကားဟာ ရုပ်ရှင်တင်မက ဇာတ်ဝင်သီချင်းတွေ ကလည်း အရမ်းအောင်မြင်ခဲ့ ပါတယ်။ အခုထိလည်း ဒီသီချင်းတွေကို ကျော်နိုင်တဲ့ အောင်မြင်တဲ့သီချင်းတွေ မရှိသေးဘူးလို့တောင် ပြောနိုင်ပါတယ်။ အဲဒီ အပေါ်လည်း သုံးသပ်ပေးပါဦး။
ဖြေ ။ ။ ဒီလိုရှိပါတယ်၊ သင်္ကြန်မိုးရဲ့ ဂီတမှူးဟာ သုံးယောက်ပါ။ ဂီတမှူး သုံးဦး နာမည်ထိုးတာပါ။ ဂီတမှူး မြို့မ ကိုပေါ၊ ဂီတမှူး အဉ္ဇလီမောင်မောင်၊ မကြာခင်က ဆုံးပါးသွားတဲ့ ဇော်မျိုးထွဋ် တို့ပါ။ ဂီတမှူးသုံးယောက် ဝိုင်းဝန်း ဖန်တီးကြတာပါ။ ဒီဇာတ်ကားကို ဂီတတွေပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ မရိုက်ခင် သီချင်းတွေသွင်းကြတော့ သီချင်းတွေချည်းပဲ ၁၅ ပုဒ်၊ ၁၆ ပုဒ်လောက် ရှိနေ တော့ ဒါရိုက်တာတဦးက ပြောပါတယ်။ မင်းဆရာကကွာ ဒီသီချင်းတွေ ၁၅ ပုဒ်၊ ၁၆ ပုဒ် သုံးနေတော့ ဇာတ်အသားက ဘယ်မှာ ရှိမှာလဲ လို့ မေးပါတယ်။ သူတို့ ထင်နေတာကတော့ အဲဒီ ခေတ်ကတော့ဗျာ သီချင်းဆိုရင် မင်းသား မင်းသမီး လက်တွဲပြီးတော့ ပန်းခြံ ထဲ လှည့်ပတ်ကကြ ခုန်ကြ ဒီလိုမျိုး ထင်တယ်ပေါ့ နော်။ ကျနော် ဘာမှ မပြောဘဲ နေပါတယ်။ သင်္ကြန်မိုးကျတော့ ဒီသီချင်းတွေထဲမှာပဲ ဇာတ်က ဖြစ်နေတယ်။ ဒီလိုပဲ ဇာတ်ထဲမှာ သီချင်းက ပါနေတယ်။ နွေဦးကဗျာမှာ သီချင်းတွေ ရေးနေ ဆိုနေရင်းကနေ နောက်မှာ ဇာတ်ကွက်တွေက ဖြစ်နေကြပြီ။ ဒီ တူးပို့ တူးပို့ သီချင်းနဲ့ပဲ တခါတည်း ဇာတ်က ဖြစ်နေတယ်။ အဲဒီတော့ ဇာတ်သားထဲမှာ သီချင်းပါတယ်။ သီချင်းထဲမှာ ဇာတ်သား ပါတယ် ဒီလိုမျိုး ရိုက်သွားတာပါ။ ဒီသီချင်းကို သီးသန့်လုပ်တာမျိုး မဟုတ်ပါဘူး။
မေး ။ ။ နောက်ပြီးတော့ ဒီထဲမှာ ပါဝင်တဲ့ ဇာတ်ဝင် သီချင်းတွေပေါ့နော်။ ဆရာ မြို့မငြိမ်း သီချင်းတွေကတော့ ထားတော့။ နောက်ပိုင်း တချို့သီချင်းတွေ ကျတော့ ဒီဇာတ် အတွက်ကို ရေးတာလား နဂိုရှိရင်းစွဲကို သုံးတာလား။
ဖြေ ။ ။ တချို့သီချင်းတွေဆို “ညချမ်းသဘင်” ဆိုရင် မြို့မအနေနဲ့ နဂိုကတည်းက ရှိထားတဲ့ သီချင်း။ “နှစ်ကိုယ်တူ ချစ်သမျှ” ဆိုတဲ့ဟာ ကျတော့ ဒါကတော့ ဒီဇာတ်အတွက် သေချာရေးတာပါ။ ခုနကပြောတဲ့ “အနုပညာ ပန်းတိုင်” တို့ “သင်္ကြန်မိုး” တို့ ကျတော့ ဒီဇာတ်အတွက်ကိုပဲ ရည်ရွယ်ပြီးတော့ ဆရာအဉ္ဇလီ မောင်မောင်က ရေးခဲ့တာပါ။ သူတို့ကိုယ်တိုင် လုပ်ကြတာပါ ခင်ဗျ။
မေး။ ။ နောက်တခုက ဒီထဲမှာ ကျမတို့ ကြည့်မိတာ ပေါ့နော်။ လူငယ်တွေရဲ့၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်္ကြန်အပေါ်ကို စိတ်ဝင်စားမှု အတိုင်းအတာနဲ့ တက္ကသိုလ် အနုပညာအသင်းက တက္ကသိုလ် ကျောင်းသားတွေရဲ့ သင်္ကြန်အတွင်းမှာ ပါဝင်ဆင်နွှဲတဲ့ ပုံစံတွေ၊ ဒါတွေလည်း တွေ့ရတယ် ပေါ့နော်။ အဲဒီခေတ်က သင်္ကြန်အပေါ် လူငယ်တွေရဲ့ လုပ်ဆောင်မှုတွေ၊ သင်္ကြန် အပေါ်မှာ ထားတဲ့ စိတ်တွေနဲ့၊ အခု လက်ရှိပြောင်းလဲလာတဲ့ လူငယ်တွေရဲ့ သင်္ကြန်အပေါ်ထားတဲ့ လုပ်ဆောင်မှုတွေက အရမ်း ကွာခြားသွားပြီလို့ ဦးဇင်ဝိုင်းအနေနဲ့ မြင်မိလား။
ဖြေ ။ ။ မြင်ပါတယ် ခင်ဗျ။ ကျနော့် အမြင်ကတော့ ပညာရေး စနစ်ကြီး မှားယွင်းသွားမှုလို့ပဲ မြင်ပါတယ်။ အဲဒီလို ပြောတော့ လည်း သင်္ကြန်နဲ့ ပညာရေးစနစ် မှားယွင်းတာ ဘာဆိုင်လဲလို့ ပြောစရာဖြစ်မှာပေါ့။ ကျနော်တို့ တက္ကသိုလ် ရောက်စဉ်မှာ တက္ကသိုလ် အနုပညာအသင်းဆိုတာ ရှိပါတယ်။ တခြားအသင်း ပေါင်းစုံလည်း ရှိပါတယ်။ ကျနော်တို့တွေက ဒီမှာ ဆိုကြ၊ တီးကြ၊ မှုတ်ကြ၊ ကကြ။ ဆိုချင်တဲ့သူက ဆို၊ ကချင်တဲ့သူက က၊ တီးချင်တဲ့သူက တီးနဲ့ အဲဒီလို လုပ်ကြတာပါ။ တက္ကသိုလ်ကြီးကို ဖြိုခွဲလိုက်ပြီး တဲ့ အခါမှာ နယ်စွန်နယ်ဖျားတွေ ရောက်သွားကြတဲ့အခါ ကျတော့ အဲဒီမှာ ဘာမှ မရှိကြတော့ပါဘူး။ အဲဒီတော့ ဒီ ကလေးတွေ အနေနဲ့က ကိုယ့်ဘာသာကိုယ် အိမ်မှာ ဝါသနာပါလို့ တီး၊ ကိုယ့်ဘာသာကိုယ် ထွက် ရင်ထွက်၊ သို့မဟုတ်ရင်တော့ ဒီတက္ကသိုလ်အနုပညာ အသင်းကနေ စုဆောင်းပြီးတော့ ထွက်လာတယ် ဆိုတဲ့ သင်္ကြန်ကားမျိုးတွေ၊ သင်္ကြန်သီချင်းမျိုးတွေ ထွက်လာဖို့က မရှိပါဘူးခင်ဗျ။ အဲဒါကလည်း မှားယွင်းသွားတဲ့ ကျနော်တို့ ပညာရေးစနစ်ကြောင့်လို့ ကျနော် မြင်ပါတယ်။
မေး။ ။ ဒီလိုမျိုး အနုပညာမြောက်တဲ့ ယဉ်ကျေးမှုကို ဖော်ကျူးနိုင်တဲ့ ဇာတ်ကားကြီးမျိုး ထပ်ပြီးတော့ ပေါ်ထွက်မလာတော့တဲ့ အပေါ် ဦးဇင်ဝိုင်းရဲ့ အမြင်သုံးသပ်ချက် ပေါ့နော်။ ဘာကြောင့်လဲ၊ ဘယ်လိုကြောင့်လဲဆိုတဲ့ သုံးသပ်ချက်လေး သိချင်ပါတယ်။
ဖြေ ။ ။ ဘာကြောင့်လဲဆိုတော့ အခု ကျနော်တို့ ရိုက်နေရတာ သာမန်ကား တကားမျိုးကို သိန်းတထောင်နဲ့ တထောင့်ငါးရာ ကြားလောက် ကုန်ပါတယ်။ သာမန်ကားတကားပါ။ သင်္ကြန်မိုးကားမျိုးကို နှစ်ဆတွက် ကြည့်လိုက်ပေါ့။ သုံးထောင်လောက် ကုန် မယ် ပေါ့။ ဒါတောင်မှ ကျဉ်းကျဉ်းကျုံ့ကျုံ့ ရိုက်မှ ရမှာလေ။ သုံးထောင်လောက်နဲ့ မရနိုင်ပါဘူး။ ရုံပြန်တင်မယ့် အခါကျတော့ ကျနော်တို့ မြန်မာဇာတ်ကား တင်စရာရုံက အလွန်နည်းပါးနေပါတယ်။ အဲဒီတော့ ကိုယ့်စိုက်ထုတ်လိုက်တဲ့ငွေကို ပြန်ရဖို့ မြတ်ဖို့ထားလို့ အရင်းပြန်ရဖို့တောင် မနည်းကုတ်ကတ် ရှာနေရတဲ့ အထဲမှာ အဲဒီအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ လျှော့ချရမယ်။ လျှော့ချတဲ့အခါမှာ အချိန်တွေကိုလည်း လျှော့ချရပါတယ်။ အချိန်ဆိုတာလည်း ငွေဖြစ်တာကိုး ခင်ဗျ။ ကျနော်တို့ဆီမှာ တဂျူတီ တက်သွားပြီဆို ငွေဘယ်လောက် တက်သွားတယ် ဆိုတာ ပရိုဂျူဆာက မျက်လုံးပြူးနေပြီ။ အဲလိုမျိုး ဆိုတော့ ဒီကိစ္စတွေလည်း အများကြီး ပါပါတယ်။
ကျနော်တို့နိုင်ငံမှာ အရင်က ရုံပေါင်းရာနဲ့ချီပြီးတော့ရှိပါတယ်။ အခု မြန်မာပြည်မှာ ကျနော်ရှိစဉ်ကာလက ၄၉ ရုံမှာ ၁ ရုံက တခါတရံ မှသာ မြန်မာကား ပြတာ ဆိုတော့ ၄၈ ရုံပေါ့နော်။ အခု Digital Cinema စနစ်ကို ပြောင်းနေတဲ့ အခါကျတော့ Digital အနေနဲ့ ပြနေတာ ၂၉ ရုံပဲ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ ရုပ်ရှင်တွေတော့ ရိုက်ပါပြီ။ ဒီရုပ်ရှင်တွေ ရုံတင်ပြသရမယ့် ရုံတွေ မရှိဘဲ နဲ့တော့ ကျနော်တို့ ဘယ်တော့မှ ဒီလိုကားမျိုး ကောင်းအောင် ရိုက်နိုင်မှာ မဟုတ်ပါဘူး။ ရုံပေါင်း ရာနဲ့ချီ မြန်မာပြည်မှာ ရှိခဲ့မယ် ဆိုရင်တော့ ဒီလိုဇာတ်ကားမျိုး ထွက်လာနိုင်တာပေါ့။
ဥပမာ ရုံပေါင်း ရာနဲ့ချီလို့ တဝက်ပဲရ၊ မြန်မာတပြည်လုံး ရှာရင် သိန်းငါးထောင် ရနိုင်တယ်။ သိန်းခြောက်ထောင် ရနိုင်တယ်။ တဝက်ပဲ ရဦးပေါ့နော်။ အနည်းဆုံး သိန်းသုံးထောင် လေးထောင်တန် ကားမျိုး ရိုက်နိုင်မှာပေါ့။ အခုဟာက ထောင့်ငါးရာလောက် ကုန်ပြီဆို မျက်လုံးပြူးနေပြီ။ ကိုယ့်ကားက မြတ်ဖို့ထားလို့ အရင်းပြန်ရဖို့တောင် မနည်းပြန်လုပ်နေရတဲ့ ဘဝမို့ပါ။ အဲဒီလို အကြောင်း ကြောင့်လို့ပဲ ကျနော် ဆိုချင်ပါတယ် ခင်ဗျာ။ ။