မီဒီယာ လွတ်လပ်ခွင့် အတွက် အမှောင်နေ့များ
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲ လုပ်ဆောင်နေပါသည်ဆိုသော ကာလ၌ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ သတင်းထောက်တဦး ကို ထောင်ဒဏ်ချမှတ်ခြင်းအား ဧရာဝတီက ပြင်းထန်စွာ ရှုတ်ချပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက Unity အပတ်စဉ် ထုတ်ဂျာနယ်မှ စာနယ်ဇင်းသမား ၄ ဦးကို မကွေးတိုင်းရှိ ကာကွယ်ရေးပစ္စည်း စက်ရုံတွင် ဓာတုလက်နက်များ ထုတ်လုပ်ရန် ဆောင်ရွက်နေသည်ဟု သံသယရှိကြောင်း ရေးသားခဲ့သဖြင့် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သေးသည်။
သမ္မတ ဦးသိန်းစိန်က စာပေစိစစ်ရေးကို ဖယ်ရှားရန်နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ကို အားပေးရန် ကတိပြုခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာခဲ့ပါ။ မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးများသည် နောက်ကြောင်းပြန်မသွားသော်လည်း ရှေ့မတိုးတော့ဘဲ ထစ်ငေါ့နေပါသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းထောက်များ အားလုံးကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် အစိုးရကို ကျွန်ုပ်တို့ ဧရာဝတီ သတင်းဌာနက တောင်းဆိုလိုက်ပါသည်။