မြန်မာတွေ၊ မွန်တွေ ထူထောင်ခဲ့တဲ့ မင်းနေပြည်တော်တွေ အများအပြားရှိတယ်။ တကောင်း၊ ပုဂံ၊ ပဲခူး၊ သထုံ၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေး စသည်ဖြင့်ပေါ့။ ဒီမြို့တော်ဟောင်း၊ နေပြည်တော်ဟောင်းကြီးတွေ များစွာမှာ မြို့ရဲ့ အကွက်အကွင်း၊ မြို့ရဲ့ ဗိသုကာ၊ မြို့ရဲ့ ဖွဲ့စည်းပုံ မပျက်မယွင်းနဲ့ ဒီကနေ့အထိ တည်ရှိနေသေးတဲ့ မြို့ပြကို ပြပါဆိုရင် မန္တလေးကိုပဲ ပြရပေလိမ့်မယ်။
တဖက်ကို တာ ၆၀ဝ စီ၊ ၄ ဖက်တာ ၂၄၀ဝ အကျယ်အဝန်း ရှိတဲ့ ရေကျုံး ပတ်ဝန်းရံကာ ၄၈ ရပ်သော ပြာသာဒ် ဆောင်များ၊ မြို့ရိုး၊ ပြအိုး၊ မီးတား မီးကာ၊ သူရဲပြေး၊ သူရဲခိုတွေနဲ့ ရွှေမြို့တော်ကြီး၊ ရွှေမြို့တော်ကြီး အတွင်းက အဆောင်ဆောင် အရပ်ရပ်သော နန်းဆောင်၊ နန်းတော်တွေ။ ရွှေမြို့တော်ကြီး အပြင်က တာ ၅၀ စီ လေးထောင့် စပ်စပ် ဝင်းကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင်ဆိုတဲ့ ရပ်ကွက်ကြီးတွေ။ အဲဒီ ရပ်ကွက်ကြီးတွေကို အပြင်က ထပ်မံ ပတ်ဝန်းထားတဲ့ ဘုန်းတော်ကြီး ကျောင်းတိုက်ကြီးတွေ။
ဒါဟာ မြန်မာ့မြို့ပြ ဖွဲ့စည်းမှု ဗိသုကာ ဖြစ်ပါတယ်။ ဒီဗိသုကာ အခင်းအကျင်းကို မန္တလေးမှာပဲ တစုတဝေးတည်း လေ့လာနိုင်ပါတယ်။ မြန်မာမှု မြို့ပြ ဗိသုကာသာမက မြန်မာမှု ပန်းဆယ်မျိုး ဗိသုကာရဲ့ အနှစ်ချုပ် အစုအဝေးကြီးကိုလည်း မန္တလေးကျုံး၊ မြို့ရိုး၊ ပြာသာဒ်များနှင့် နန်းတွင်းမှာရှိတဲ့ မြနန်းစံကျော် ရွှေနန်းတော်ကြီး အမှူးပြုသော အဆောင်ဆောင် ကြငှန်း ထီးနန်းများအသွင် တနေ ရာတည်းမှာပဲ ကြည့်ရှုခံစား အံ့ဩဘနန်း ဖြစ်ရဦးမှာပါ။
ဒါကြောင့် မန္တလေးရဲ့ ကျုံး၊ မြို့ရိုး ပြအိုး ပြသာဒ်များဟာ ကိုယ့်တိုင်းသူပြည်သားများသာမက၊ နိုင်ငံတကာကပါ “မြန်မာရဲ့ အမှတ် အသား” အဖြစ် အသိအမှတ်ပြု တန်ဖိုးထားကာ တကူးတကန့် လာရောက်ကြည့်ရှု မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြ ရတာပါ။
မြန်မာတို့ရဲ့ ၁၂ လရာသီ ပွဲတော်များ အနက်၊ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ “အမျိုးသားလက္ခဏာ ဆောင်သော ပွဲတော်” ဟာ “သင်္ကြန်ပွဲတော်” ဖြစ်တယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်ခဲ့ကြပါဘူး။ ဒီအထဲမှာမှ ရတနာပုံ မင်းနေပြည်တော် မှသည် ပြီးခဲ့တဲ့နှစ် ၃၀ ကျော် ဝန်းကျင်ကာလများ အထိ နှစ်ပေါင်း ၁၀ဝ ကျော်မျှ အစဉ်တစိုက် ကျင်းပခဲ့တဲ့ အစဉ်အလာများ နဲ့ သက်သေ သက္ကာယများ အရ “ကိုယ်စားပြုသော” သင်္ကြန်အဖြစ် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကရော၊ နိုင်ငံတကာကပါ ထပ်မံ အသိအမှတ်ပြု ဂုဏ်ယူခဲ့ကြ ပြန်ပါတယ်။
ဒါကြောင့်လည်း သင်္ကြန်ကာလ ရောက်ပြီ ဆိုတာနဲ့ ပြည်တွင်းက သင်္ကြန်ချစ်သူတွေရော၊ ပြည်ပက မြန်မာချစ်သူတွေရော ရရာ ယာဉ် ရထားများနဲ့ မန္တလေးကို ရောက်ရှိလာကြပြီး သကာလ မန္တလေးသင်္ကြန်ရဲ့ အလှ၊ မန္တလေး သင်္ကြန်ရဲ့ ဂီတ၊ မန္တလေး သင်္ကြန် ရဲ့ ယဉ်ကျေးမှု၊ မန္တလေးရဲ့ အနုပညာ၊ ထိုထို အရာများ စုစည်းရာ ဖြစ်တဲ့ မန္တလေးညများစွာကို တပျော်တပါး လာရောက် ဆင်နွဲခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။
အခု မန္တလေးသင်္ကြန် ဆိုတာ တမျိုးသားလုံး နိုင်ငံတကာက မြန်မာချစ်သူများအားလုံး တညီတညွတ်တည်း တန်ဖိုးထားဂုဏ်ယူ ကြည့်ရှုခံစား၊ အံ့ဩခဲ့ကြတဲ့ ရှားရှားပါးပါးရှေးဟောင်း အမွေအနှစ် ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပြသာဒ် အဆောင်ဆောင်တွေကို ခေတ်ပေါ်ပစ္စည်း ကြော်ငြာဗီနိုင်း ပလတ်စတစ်စကြီးများနဲ့ ကာရံပစ်လိုက်တဲ့ သင်္ကြန် ဖြစ်သွားပါပြီ။
တမျိုးသားလုံး နိုင်ငံတကာက မြန်မာချစ်သူများအားလုံး တညီတညွတ်တည်း တန်ဖိုးထား ဂုဏ်ယူ၊ ကြည့်ရှုခံစား အံ့ဩခဲ့ကြရုံမက အမျိုးသား လက္ခဏာလို့ အသိအမှတ်ပြုခဲ့ကြတဲ့ သင်္ကြန်ရဲ့ ဂီတ၊ သင်္ကြန်ရဲ့ အလှ၊ သင်္ကြန်ရဲ့ အက၊ သင်္ကြန်ရဲ့ ယဉ်ကျေးမှု၊ သင်္ကြန်ရဲ့ အနုပညာ၊ ထိုထိုအရာများစုစည်းရာ ဖြစ်တဲ့ သင်္ကြန်ရဲ့ ညတွေ လုံးဝ (လုံးဝ) ပျောက်သွားပြီး အဖိုးတန် ကျုံး၊ မြို့ရိုး ပြသာဒ် တွေကို မိုက်မဲစွာ ကျောပေးဆောက်ထားတဲ့ ရေပက်မဏ္ဍပ် ဧရာမကြီးတွေရဲ့ မောင်နဲ့ နှမ၊ သားနဲ့အမိ ကြည့်ရှုခံစားလို့မှ မသင့်လျော်တဲ့ ရေပက်နှိပ်စက်ခြင်း၊ အော်ဟစ်ဆူညံခြင်း၊ ကာမရာဂ နှိုးဆွ ဝတ်စားဆင်ယင်မှုနှင့် ကခုန်ခြင်း၊ ဆေးဝါးအရက် ဖောခြင်းသောခြင်း ဖြင့် မူးယစ် ရမ်းကားခြင်း၊ အရွယ်မရောက်၊ အရွယ်ရောက်လူငယ် ဖိုမများ၏ ကာမရာဂ ပေါက်ကွဲမှုများ၊ လူ့မြင်ကွင်းတွင် လူ့တော်သလင်း ဇာတ်များ ခင်းကျင်း ခြင်း။
နှုတ်က “ယဉ်ကျေးမှု၊ ယဉ်ကျေးမှု” တွင်တွင်အော်၊ တမျိုး သားလုံးရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တမြင့်မားရေး တွင်တွင်ကြွေးကြော်၊ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး ဟူသော စာသားများကို ကြက်တူရွေး၊ သာလိကာများကဲ့သို့ မျက်စိမှိတ်၊ တွင်တွင် ရွတ်ဆို ကြလေကုန်သော “လူကြီးမင်း” တို့က ကော်ဇောနီခင်း၊ သံဆူးကြိုးကာ၊ ဆိုဖာဆက်တီခုံ တွင် အပူအအေး၊ အချိုအဆိမ့်၊ စားစရာမြည်းစရာ အစုံအလင်၊ ဆွေမျိုး မိတ်သင်္ဂဟ အစုံအလင်နှင့် လက်ခုပ်လက်ဝါး တီး အားပေးချီးမြှင့်၊ ဂုဏ်ပြုချီးကျူး၊ ထောမနာပြု၊ ရွှေပေလွှာတွင် မှတ်တမ်း တင်၊ ရွှေတိုက်သွင်း အသိအမှတ် ပြုကြလေကုန်သော ရွံစရာ၊ မုန်းစရာ၊ အော့နှလုံး နာစရာ သင်္ကြန်ကြီးသာ တည်တံ့ခိုင်မာသွားလေပြီ တမုံ့။
ဟုတ်ကဲ့ … ခေတ်ကြီး ပြောင်းသွားပြီတဲ့။ ပြည်သူလူထု ဆန္ဒ၊ တိုင်းပြည်နှင့် လူမျိုးဂုဏ်ဒြပ်ကို မြှင့်တင်မှုဆိုတဲ့ အကောင်းဘက် ဦးတည်၊ ရဲရဲဝံ့ဝံ့ ဖော်ဆောင်၊ ရဲရဲဝံ့ဝံ့ ပြောင်းလဲ လုပ်ဆောင်ကြတော့မယ် တဲ့။ မှားမှန်းသိလျက်နဲ့ ခေါက်ရိုးကျိုးနေတဲ့ အပြုအမူတွေကို ရဲရဲပြင်ကြတော့မယ် တဲ့။ မိဘ ပြည်သူများရဲ့အကျိုးကို ရှေးရှုတဲ့၊ မိဘပြည်သူများ ရဲ့ ဆန္ဒနဲ့ ထပ်တူမျှတဲ့ လုပ်ဆောင်မှုတွေကိုပဲ ဦးတည်မှာ တဲ့။
ပြည်သူက ရွေးချယ်ပေးလိုက်တဲ့ ပြည်သူလူထု ဆန္ဒကို အကောင်အထည်ဖော်မယ့် ပြည်သူ့ ကိုယ်စားလှယ်တော်ကြီးများတဲ့။ ပြည် သူ့ အသံ ပြည်သူ့ဆန္ဒ ပြည်သူ့လိုလားချက် ဝမ်းသာလိုက်တာ၊ ဂုဏ်ယူလိုက်တာ။ ကြား …ကြား …ကြား …ခဲ့ရ တာတွေလေ။ အခု မကြာခင် သင်္ကြန်ကျတော့မယ်။
တမျိုးသားလုံး၊ တကမ္ဘာလုံးက တန်ဖိုးထားတဲ့ မန္တလေးမြို့တော်ကြီးက လာမယ့်သင်္ကြန်မှာ ကျုံးဘေးမှာ၊ ကျုံးကို ဖင်ပေး၊ ဗီနိုင်း တွေ နဲ့ ကာရံကြမယ့် မဏ္ဍပ်ကြီးတွေ နှစ်တိုင်းလိုပဲ ဆောက်ဖို့ ကြေညာ၊ ရေပက်မဏ္ဍပ်ကြီးတွေမှာ အော်ကြ ဟစ်ကြ၊ ကဲကြ တွဲကြ၊ ပြဲကြ၊ ဖြဲကြဖို့ ငွေကျပ် သိန်းထောင်ချီကာ ပြည်သူ့ဘဏ္ဍာတွေ သုံးဖို့စီစဉ်၊ ရေတွေနဲ့ ပက်၊ နှိပ်စက်ကြဖို့ ကျုံးထဲ ရေဂါလန် သန်း ၄၀ လောက်ဖြည့်။
ဟုတ်ကဲ့…။ ပြည်သူ့အသံ ပြည်သူ့ဆန္ဒကို ပြောရင် မန္တလေးသား စစ်စစ်များက ကျုံးဘေးမှာ ရေပက်မဏ္ဍပ်ကြီးတွေ ဆောက်၊ တီးဝိုင်းတွေ အဆိုတော်တွေ ငှားတဲ့ ပြုလုပ်နေကျ သင်္ကြန်အစီအစဉ်များ လုံးဝ (လုံးဝ) လက်မခံပါ ခင်ဗျား။ ဒါဖြင့် ပြည်သူ့ အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ လိုလားချက်များကို ပြည်သူ့ ကိုယ်စားလှယ်တော်ကြီးများက ဖော်ဆောင် ကြမယ်လို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြ ရင်ဖြင့်…..။ ။