အားလုံးသိကြတဲ့အတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေအောင် သူအပါအဝင် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော်နာယက သူရဦးရွှေမန်းတို့ လေးပွင့်ဆိုင် တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းကြဖို့ သမ္မတ ဆီ စာပို့ ကမ်းလှမ်းထားပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး သူရဦးရွှေမန်းဘက်ကတော့ တွေ့ဆုံဆွေးနွေးကြတာ ကောင်းတယ်၊ သူ့ဘက်ကတော့ အဆင်သင့်ရှိတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ဘက်က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီ တစ်ခုရဲ့ ခေါင်းဆောင် အနေနဲ့ တောင်းဆိုတယ် ဆိုရင် နိုင်ငံရေးပါတီ ၆၀ ကျော်ရှိနေတဲ့ အတွက် အဲဒီ ပါတီတွေကိုလည်း ထည့်တွက်ရမယ်၊ လောလောဆယ် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်က ဆောင်ရွက်နေတာမို့ သူတို့လုပ်ပိုင်ခွင့်ကို ကျော်ပြီး လုပ်သလို ဖြစ်မှာစိုးတယ်၊ ဒါကြောင့် လောလောဆယ် မဖြစ်နိုင်သေးပါဘူး လို့ ပြောပါတယ်။ ကာချုပ် မင်းအောင်လှိုင်ကတော့ ဒီကိစ္စ တစ်ခွန်းတစ်ပါဒ မှ ထုတ်ပြောတာ မရှိပါဘူး။
ပြောရရင် “တွေ့ဆုံဆွေးနွေးရေး” မဖြစ်မြောက်နိုင်သေးတာပါ။ တကယ်တော့ အင်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ “တွေ့ဆုံဆွေးနွေးရေး” ဆိုပြီး တောင်းဆိုခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းကပါ။ ဒါပေမယ့် စစ်အာဏာရှင်ခေတ် တလျောက်လုံး ဖြစ်ပေါ်မလာပါဘူး။ သမ္မတ ဦးသိန်းစိန်လက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ဦးချင်းစီ တွေ့တာ၊ လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တစ်ဦးချင်း တွေ့တာတွေ ရှိပေမယ့် အတိုက်အခံတွေ တောင်းဆိုတဲ့ “တွေ့ဆုံဆွေးနွေးရေး” ပုံစံမျိုးတော့ မဟုတ်ပါဘူး။ အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေကတော့ မြန်မာပြည်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အကောင်အထည် ဖော်နေတယ် ဆိုပေမယ့် “တွေ့ဆုံဆွေးနွေးရေး” ကိုတော့ လက်ခံတာ မတွေ့ရသေးပါဘူး။ ဘာလို့ ဒီလိုဖြစ်ရတာပါလဲ၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာအောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်ရင် ရနိုင်မလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်ခဲ့တဲ့ ၂၂ နှစ်ကျော် ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အပါအဝင် အတိုက်အခံ အင်အားစုတွေ ကျင့်သုံးခဲ့တဲ့ မူဝါဒဟာ အကြမ်းမဖက်ရေး နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကို ရုပ်သိမ်းသွားတဲ့ ၂၀၁၁ နှစ်ဆန်းပိုင်းအထိ အာဏာပိုင်တွေဟာ တွေ့ဆုံဆွေးနွေးရေးကို လက်မခံခဲ့ပါဘူး။ တွေ့ဆုံဆွေးနွေးရေး လုံး၀ မဖြစ်ပေါ်ခဲ့ပါဘူး။ ဒီလိုဖြစ်ရတာဟာ အဲဒီ အချိန်က စစ်အာဏာရှင်တွေ သဘောထား တင်းမာတာ၊ ခေါင်းမာတာ ဖြစ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်ကလည်း စစ်အာဏာရှင်တွေကို တွေ့ဆုံဆွေးနွေးရေး စားပွဲကို ရောက်လာအောင် မစည်းရုံးနိုင်၊ မစွမ်းဆောင်နိုင်လို့လဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရော အင်န်အယ်လ်ဒီ ပါ ဒီ အချက်ကို အသေအခြာ လက်ခံပြီး ၂၂ နှစ်ကျော်ကာလ ဒီမိုကရေစီရေး တိုက်ပွဲမှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာအောင် ဘာကြောင့် မစွမ်းဆောင်နိုင်သလဲ၊ ဘာအားနည်းချက်တွေ ရှိခဲ့သလဲ အသေအခြာ ပြန်ဝေဖန် သုံးသပ် ဆန်းစစ်ကြည့်သင့်ပါတယ်။ အမှားတွေကို ပြင်ရပါမယ်။ ဒါမှ လက်ရှိနဲ့ မဝေးလှတဲ့ အနာဂတ်ကာလမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။
တကယ်တော့ မြို့ပေါ်ကနေ အကြမ်းမဖက်ပဲ ဒီမိုကရေစီရေး တိုက်ပွဲ ဝင်ဝင်၊ တောထဲကနေ လက်နက်ကိုင်ပြီးပဲ ကိုယ့်တိုင်းရင်းသား တန်းတူအခွင့်အရေး အတွက် တိုက်ပွဲဝင်ဝင် ရည်မှန်းချက်ကတော့ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ တစ်နည်းပြောရရင် တွေ့ဆုံဆွေးနွေးပွဲ ခရီးကို ရောက်ဖို့ပါပဲ။ စစ်ရေးနည်းနဲ့ တိုက်လို့ ထိရောက်တဲ့ အောင်မြင်မှု ရလာဒ်တွေ ရလာရင်၊ တစ်ဖက် အင်အားစုဟာ မလွှဲမရှောင်သာ၊ လာချင်ချင် မလာချင်ချင် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို အရောက်လာရမှာပဲ ဖြစ်ပါတယ်။ အလားတူ မြို့ပေါ်က အကြမ်းမဖက်ရေး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေလည်း ဒီအတိုင်းပါပဲ။
ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့အခါ ကိုယ့်ဘက်က အကျိုးအကြောင်း ခိုင်လုံဖို့ လိုပါတယ်။ တိကျဖို့ လိုပါတယ်။ လက်တွေ့ကျတဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ ကမ်းလှမ်းမှုမျိုး ဖြစ်ဖို့ လိုပါတယ်။ တွေ့ဆုံဆွေးနွေးကြစို့ တခွန်းထဲ ပြောထားလို့ မဖြစ်နိုင်ပါဘူး။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်မှာ တိကျတဲ့ နိုင်ငံရေး သနင်္ဂဟဗျူဟာ နည်းဗျူဟာ ရှိဖို့ပါ။ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပါတ်သက်ပြီး ဘယ်အချိန်မှာ ဘယ်လောက် အတိုင်းအတာ ပြင်ချင်ပါတယ် ဆိုတဲ့ တိကျတဲ့ လိုလားချက် ရှိဖို့ လိုပါတယ်။
နောက်တစ်ချက်က တွေ့ဆုံဆွေးနွေးရေးအတွက် ကိုယ်ဘယ်သူတွေကို ကမ်းလှမ်းနေတယ်၊ ဘယ်သူတွေကို စည်းရုံးရမလဲ ဆိုတာ မှန်မှန်ကန်ကန် သိမြင်ဖို့လည်း လိုပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းနေသူတွေဟာ စစ်ဗိုလ်ချုပ်ဟောင်း နှစ်ယောက်နဲ့ လက်ရှိ တပ်မတော်ကို တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက် ဖြစ်ပါတယ်။ သူတို့တွေရဲ့ ရပ်တည်ချက်ဟာ စစ်အုပ်စုအသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားကို ကာကွယ်ကြဖို့ ဖြစ်ပါတယ်။ စစ်အုပ်စု အသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားဆိုတာ လက်နက်ကိုင်ထားတဲ့ စစ်တပ်ရဲ့ အကျိုးစီးပွား၊ စီးပွားရေး လုပ်ငန်း သက်သက်တင်မက ပါဘူး။ တတိုင်းပြည်လုံးက များပြားလှတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်အရာရှိဟောင်းတွေ၊ ဆွေမျိုးသားချင်းတွေ၊ နီးစပ်သူတွေ၊ လက်ရှိ အစိုးရဌာန ဆိုင်ရာ အသီးသီးမှာ တာဝန်ယူနေကြတဲ့ စစ်အရာရှိဟောင်းတွေ အားလုံးရဲ့ မြောက်များလှစွာသော အကျိုးစီးပွား ပိုင်ဆိုင်မှုတွေ ဖြစ်ကြပါတယ်။ ဒါကို နားလည်မှသာ သူတို့ကို ဘယ်လိုစည်းရုံးမယ်၊ သူတို့ လိုက်လျောနိုင်တာ ဘယ်အတိုင်းအတာအထိ ရှိတယ်၊ ဘာ ကမ်းလှမ်းရင် သူတို့ လုံး၀ လျစ်လျူရှုထားလိမ့်မယ်၊ ဘယ်လိုကမ်းလှမ်းရင် လုံး၀ ပယ်ချလိမ့်မယ်၊ ဘာကမ်းလှမ်းရင်တော့ လက်ခံဆွေးနွေးလိမ့်မယ် ဆိုတာ သိမြင်နားလည်နိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က ကိုယ်ပြောဆိုနေတာတွေဟာ ပြည်သူတွေကို စည်းရုံးနေတာတင်မက အဲဒီ သူတွေကိုလည်း ပြောဆိုနေတယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဒီအခါ ဘယ်ဟာတွေက လက်တွေ့ကျပြီး ဘယ်ဟာတွေကတော့ဖြင့် လက်တွေ့မကျဘူး ဆိုတာ သတိပြုမိနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိုးကုတ် ခရီးစဉ်မှာ ပြောဆိုခဲ့တာတွေကို လေ့လာကြည့်နိုင်ပါတယ်။ “ ကျွန်မ သမ္မတ ဖြစ်ဖို့ မဟုတ်ဘူး၊ ပြည်သူတွေအတွက်၊ နိုင်ငံတော်အတွက် လုပ်နေတာ ဖြစ်ပါတယ်။” “ တပ်မတော်ဟာ ပြည်သူနဲ့ တသွေးတည်း တသားတည်း မဟုတ်ပဲနဲ့ သီးသန့်ရပ်တည်တယ် ဆိုရင် တပ်မတော်အတွက်လည်း မကောင်းပါဘူး၊ နိုင်ငံအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့်မို့လို့ တပ်မတော်ကို သီးသန့်ရပ်တည်နေတဲ့ ပုံစံ ဖြစ်စေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အားလုံးဝိုင်းပြီးတော့ ပြုပြင်ပြောင်းလဲပေးဖို့ လိုတယ် လို့ ကျွန်မတို့ယူဆ ပါတယ်။” ဆိုပြီး ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ တိုင်းပြည်အာဏာနဲ့ စီးပွားရေး လုပ်ပိုင်ခွင့် အရပ်ရပ်ကို အပြည့်အ၀ နီးပါး ချုပ်ကိုင်ထားတဲ့ စစ်အုပ်စု အသိုင်းအဝိုင်းနဲ့ သူတို့အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ တာဝန်ယူထားတဲ့ စစ်တပ်ဘက်က လက်ခံနိုင်တဲ့ ကမ်းလှမ်းချက် ဖြစ်နိုင်၊ မဖြစ်နိုင် သုံးသပ်ကြည့်နိုင်ပါတယ်။
နောက်တစ်ချက်က လက်ရှိ ဖြစ်ပွားနေတဲ့ စစ်အုပ်စုထဲက အကျိုးစီးပွားခြင်း ပဋိပက္ခမှာ ဘက် တစ်ဖက်ဖက်ကနေ ဝင်မပါဖို့ပါ။ အားလုံးသိကြတဲ့အတိုင်း သူရဦးရွှေမန်းက တစ်ဖက်၊ သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က တစ်ဖက် ဖြစ်ပွားနေတဲ့ ပဋိပက္ခပါ။ ဖွဲ့စည်းပုံပြင်ဖို့ လုပ်နေတဲ့ လွှတ်တော် ကော်မတီကို သူရဦးရွှေမန်းက ပေးတဲ့ ညွှန်ကြားချက်ထဲမှာ ခုလို တိတိကျကျ ပါဝင်ပါတယ်။ အဲဒါကတော့ “ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ များနှင့် ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်တာဝန်ပေးရာ၌ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ညီညွတ်မှု ရှိစေရေး ” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တကယ်တော့ ဒီ ကိစ္စဟာ စစ်တပ်ဘက်က လာသူတွေ ဝန်ကြီး၊ ဒုဝန်ကြီး၊ သမ္မတ၊ ဒုသမ္မတ တိုက်ရိုက်ဖြစ်ခွင့် မပေးနိုင်ဘူး၊ သူဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီထဲ အရင်ဝင်ပါ ဆိုတဲ့ စဉ်းစားချက်က လာတာပါ။ ဒါဟာ အများပြည်သူ အကျိုးစီးပွားနဲ့ မသက်ဆိုင်သလို ဒီမိုကရေစီအရေးနဲ့လည်း သိပ်မပါတ်သက်ပါဘူး။ ဒါကို ဂိုဏ်းဂဏ ပြသနာလို့ သဘောထားရင် ဒီ ဂိုဏ်းဂဏ ဆိုင်ရာ ပဋိပက္ခမှာ ဘက်တစ်ဖက်ဖက်ကနေ ဝင်ရပ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလို လုပ်ခြင်းအားဖြင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး နီးစပ်လာမှာ မဟုတ်တဲ့အပြင် ပိုလို့တောင် ဝေးကွာသွားစေမှာ ဖြစ်ပါတယ်။
ခြုံငုံပြီး ပြောရရင် တွေ့ဆုံဆွေးနွေးပွဲ ဆိုတာဟာ တောင်းဆိုထားရုံ တစ်ခုတည်းနဲ့ မရနိုင်ပါဘူး။ မြန်မာပြည်ရဲ့ သိပ်မကြာသေးတဲ့ အနှစ် ၂၀ ကျော် သမိုင်းက ဒါကို သက်သေပြနေပြီး ဖြစ်ပါတယ်။ တစ်ဖက်အင်အားစုက ကိုယ့်ကိုယ် ဆွေးနွေးဘက်အဖြစ် လက်ခံလာအောင် စည်းရုံးနိုင်မှသာ ဆွေးနွေးပွဲ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒီ အတွက် ကိုယ့်ဘက်မှာ လက်တွေ့ကျတဲ့၊ တစ်ဖက်က လက်ခံနိုင်လောက်တဲ့ နိုင်ငံရေး အပေးအယူ အလျော့အတင်း မူသဘောထား တစ်ရပ် ခိုင်ခိုင်မာမာ ရှိမှ ဖြစ်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)