မြန်မာ နိုင်ငံတွင် ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ထွန်းခြင်း မရှိသေးသော်လည်း အိမ်ခြံမြေ တိုက်ခန်းဈေးနှုန်းများသည် ဈေးကွက် စီးပွားရေး ဖွံ့ဖြိုးအောင်မြင်နေသော နိုင်ငံများထက်ပင် မြင့်မားနေသည်။
နှစ်ပေါင်းများစွာ အာဏာရှင်အစိုးရတို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းကြောင့် နိုင်ငံတွင် မြေဧရိယာ ပေါများလှစေကာမူ နိုင်ငံသားတဦး အတွက် ကျောချစရာ နေရာတခုရရှိရေး အလွန်ခက်လှသော အခြေအနေသို့ဆိုက် ရောက်နေပါသည်။
နိုင်ငံသားတို့ နေထိုင်ရေးအတွက် အမြန်ဖြေရှင်းမည့် နည်းလမ်းတချို့အပါအဝင် ဆောက်လုပ်ရေး ကဏ္ဍနှင့် ပတ်သက်ပြီး ဆောက် လုပ်ရေး လုပ်ငန်းရှင် တဦးဖြစ်သော တော်ဝင်မိသားစု ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကျော်ဆုမွန် က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ရန်ကုန်မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အကြီးမားဆုံး စိန်ခေါ်ချက်က လက်ရှိမှာ ဘာဖြစ်မလဲ။
ဖြေ။ ။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ နည်းပညာ အားနည်းချက်ပေါ့။ နည်းပညာတွေက အရင်တုန်းက အခြေ အနေ ထက် တိုးတက်လာပြီ ဆိုပေမယ့် တကယ့်ခေတ်မီတဲ့ နိုင်ငံတကာနဲ့ ယှဉ်လို့ရတဲ့ နည်းပညာတော့ မရောက်သေးတာ အမှန် ပဲ။ ဒါပေမယ့် ဒါကို စိန်ခေါ်မှု တရပ်ရယ်လို့ အများကြီး သတ်မှတ်လို့ မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ နည်းပညာဆိုတာ လိုချင်ရင် ရက်ပိုင်း အတွင်းမှာ ရပါတယ်။ ပြဿနာမရှိဘူး။ နည်းပညာ လိုချင်ရင် ရှိတဲ့ဆီကနေ ဆွဲခေါ်ပြီးတော့ ခဏတွဲ သုံးပြီး ဒီ Project တခုပြီးရင် နောက် Project တခု မှာ ကိုယ့်ဘာသာလုပ်ရင် ဒီ နည်းပညာတွေမှာ အကုန်လုံး ကိုယ်လိုချင်တာရတယ်။
နည်းပညာနဲ့ ပတ်သက်လို့ အားနည်းချက်ဆိုတာ စိန်ခေါ်မှုကလည်း နည်းပါတယ်။ ရှိတော့ရှိတာပေါ့။ လူ့ စွမ်းအား အရင်းအမြစ် လိုအပ်ချက်လည်း ရှိနေတယ်။ အတိတ်ကာလမှာ ပညာရှင်တွေတော်တော်များများ ငွေပိုရတဲ့ နိုင်ငံရပ်ခြားဆီ ထွက်သွားကြတယ်။ ဒါပေမယ့် တိုင်းပြည် ပြန်လည် ပွင့်လင်းလာပေမယ့် သူတို့တွေက ပြန်မ လာနိုင်ကြသေးဘူး။ ဒီမှာ ကျွမ်းကျင်လုပ်သား လိုအပ်ချက် များနေတယ်။ နောက်စိန်ခေါ်မှုက မြေဈေးနှုန်းပဲ။ မြေဈေးက စင်ကာပူမှာ ရှိတဲ့ဈေးနဲ့ အတူတူ လောက်ဖြစ်နေတယ်။ ဆောက်လုပ် ရေးသုံး ပစ္စည်းတွေက ဈေးကြီးလွန်းတဲ့ အကောင်းဆုံး ဆိုတာကို မသုံးနိုင်ဘူး။
မေး။ ။ အစိုးရပိုင်းကို အဲဒီ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ မတောင်းဆိုဘူးလား။ အစိုးရဘက်ကရော ဖြေရှင်း မပေးဘူးလား။
ဖြေ။ ။ အဓိက ပြဿနာက ဘာလဲဆိုတော့အုပ်ချုပ်တဲ့ သူတွေရဲ့ Concept (အမြင် သဘောထား)ပေါ့။ အခုဆိုရင် ဗဟိုဘဏ်ကို သီးသန့်ခွဲထုတ်လိုက် တယ်။ ဒါအင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အုပ်ချုပ်တဲ့သူ မပြောင်းတဲ့အခါမှာ သူက စီးပွားရေးလုပ်ငန်း ကို နားမလည်တဲ့သူဖြစ် နေတယ်။ ငွေကြေးရဲ့သဘာဝလည်း နားမလည်ဘူး။ အဲဒီတော့ နားမလည်တဲ့သူ အုပ်ချုပ်တော့ သူကပေါ်လစီတွေ ကိုင်ပြီး ထိန်းချုပ်ထားတဲ့အတွက် ဘာမှ အကြောင်း မထူးဘူး။
သမ္မတနဲ့တွေ့တဲ့အခါမှာ ဒီပြဿနာတွေကို ကဏ္ဍ အသီးသီးကနေပြီးတော့ အကုန်လုံး တင်ပြ ထားတာပေါ့။ ဘဏ်နဲ့ပတ်သက်လို့ စိန်ခေါ်မှု အများကြီးဖြစ်တယ်။ စနစ်တကျနဲ့ လုပ်တတ်တဲ့အလုပ်ကို မြန်မာပြည်ရဲ့ကဏ္ဍတိုင်းမှာ မလုပ်နိုင်သေးဘူး။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအထိန်းအချုပ် ကိုင်ဆောင်ထားတဲ့ အညှာဟာ ဗဟိုဘဏ် ပါပဲ။ ပြီးတော့ နိုင်ငံရဲ့ ဥပဒေ တွေ၊ ပေါ်လစီတွေကို ကိုင်ထားတဲ့ ဒီအညှာ သုံးခုပဲပေါ့။ ဥပဒေလည်း ပါတယ်၊ အုပ်ချုပ်သူရဲ့ စီမံခန့်ခွဲမှုနဲ့ ဘဏ်ရဲ့အလုပ်ပေါ့။
ဒီအညှာတွေနဲ့ စီးပွားရေးကို ထိန်းချုပ်ပြီး ကောင်းမွန်စွာ ကိုင်လို့ရတယ်။ ဒါပေမယ့် ဗဟိုဘဏ်က မလုပ်တတ်တဲ့အခါကျတော့ ဒီနိုင်ငံ မှာ ဘယ်စီးပွားရေးလုပ်လုပ် ငွေကြေးပေါ်မှာအခြေခံပြီး လုပ်ရတယ်။ ငွေကြေး လည်ပတ်မှုကို မထိန်းချုပ်နိုင်ရင် ယိုင်ဆင်းသွားမှာက စီးပွားရေးပဲ။ နိုင်ငံတိုင်းမှာ ငွေကြေးလည်ပတ်မှုကို ထိန်းချုပ်ထားတယ်။ ဥပမာ အမေရိကန် ဆိုလို့ရှိရင် ငွေကြေးလည်ပတ်မှု အရမ်းကြီးမားပြီးတော့ ဗဟိုဘဏ်က ထိန်းချုပ်ထားတယ်။ အမေရိကန် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုသည် တကမ္ဘာလုံးကနေ ပြီးတော့ လှည့်ပတ် သုံးစွဲနိုင်အောင် ဖန်တီးထားတဲ့အတွက် သူတို့ ခံနိုင်ရည်ရှိတယ်။ ပိုက်ဆံတကျပ်ရှိရင် တသိန်းဖြစ်အောင် လုပ်တဲ့နည်း နဲ့ သူတို့ ဖန်တီးလိုက်တာ။ ဒီမှာကတော့ ကိုယ့်ပိုက်ဆံ တကျပ်ရှိတာ ၁၀ ပြားပဲတန်အောင် လုပ်ထားတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ကို တံခါးတော့ ဖွင့်ပေးလိုက်တယ်။ အမြီးနင်းထားတဲ့ အခါကျတော့ သွားလို့မရဘူး။
မေး။ ။ ရန်ကုန်ရဲ့ လူဦးရေနဲ့ နေစရာ အခန်း လိုအပ်ချက်တွေအပေါ် လုပ်ငန်းရှင် တဦးအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ။ ။ ဒီနေ့ လူတွေတိုးပွားလာတဲ့ အနေအထားမှာ အခန်း မဝယ်နိုင်တဲ့သူတွေက ဝင်ငွေနည်းပါးတဲ့ သူတွေ၊ အခြေခံ လူတန်းစားတွေပါ။ အိမ်လည်း မဝယ်နိုင်ဘူး၊ ငှားဖို့ကျတော့လည်း ကိုယ့်လခ အကုန်ပေးတာတောင်မှ အိမ်ခန်းတခန်း ပြန်မရနိုင်ဘူး။ လခ ခြောက် သောင်း ရတယ်၊ အိမ်လခက တသိန်းခွဲဆိုတော့ ဘယ်လိုပေးမလဲ။ ဆင်းရဲမွဲတေမှု ပပျောက်ရေးလို့ဆိုရင် ဆင်းရဲသားတွေအတွက် အဆင်ပြေမယ့် လုပ်ငန်းစဉ်တွေမှာ ဆောက်လုပ်ရေးကို အဓိက အကောင်အထည်ဖော်ရမှာ။ ဆောက်လုပ်ရေးနဲ့ နေဖို့ထိုင်ဖို့အတွက် သက်သက် သာသာလေးများ သူတို့ရခဲ့ရင် သူတို့ ထမင်းတလုတ် ရှာစားဖို့က မခဲယဉ်းတော့ဘူး။ အဲဒီတော့ သူတို့ရဲ့ ဝတ်ဖို့အတွက်၊ စားဖို့အတွက် ရှာရတာလွယ်တယ်၊ နေဖို့အတွက်ခက် နေတာ။
မေး။ ။ တော်ဝင်မိသားစု ကုမ္ပဏီက ဆောက်လုပ်တဲ့ တန်ဖိုးနည်း အိမ်ရာတွေကော လက်ရှိ အနေအထား ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ မုဒိတာ ၁ ၊ မုဒိတာ ၂ ။ အခန်း ၃၀ဝ၀ ကျော် ဆောက်တယ်။ တခန်းကို ၁၆၅ သိန်းနဲ့ ရောင်းတာ၊ အခု သိန်း ၇၀ဝ ကျော် ဖြစ်သွားပြီ။ အဲတော့ ဘယ်လိုလုပ် တကယ့်လူတွေ လက်ထဲကို ရောက်တော့မလဲ။ ဘာဖြစ်လို့လဲ၊ ကစားတယ်။ အဲ့ဒီလူတွေကို မကစားအောင် ဓားနဲ့လိုက်ခုတ်လို့ မရဘူး။ ဒီလို ဈေးတွေ ဘာလို့ တက်သွားသလဲ။ လိုအပ်ချက်တွေ ဖြစ်နေလို့။ ဒီနေ့ မော်တော် ကားတွေ ကြည့်လိုက်လေ။ ကားတွေ အရင်တုန်းက ဈေးပုံမှန်တက်နေတယ်။ ကားဟောင်းတစီး ဝယ်စီးလိုက်တယ်၊ ဈေးတက်သွားတယ်။ မရှုံးဘူး။ ဒီနေ့ကတော့ ကားဒီနေ့ မနက်ဝယ်တယ်။ ညနေရှုံးတယ်။ ဘယ်သူမှ မဝယ်ရဲတော့ဘူး။ မဝယ်ရဲရင် ဘာဖြစ်လဲ။ တကယ့် ဝယ်စီးမယ့်သူက ဝယ်လို့ရသွားတယ်။ အဲ့ဒီလိုပဲ Shortage မရှိအောင် ဖန်တီးပေးလိုက်ရင် ဒီကိစ္စက ငြိမ်းသွားမယ်။
လိုအပ်ချက် မရှိအောင် တယောက်တည်း ဆောက်လို့မရဘူး။ ဆောက်တတ်တဲ့ လူတွေ အများကြီးကို ချက်ချင်းချပေးလိုက်။ ဒီနေ့ ကားတွေ အများကြီးသွင်းတာ ဘယ်သူမှ မဝယ်တော့ဘူး။ ဒီလိုပဲ အဆောက်အအုံတွေ ဆောက်ပေးလိုက်။ မြန်မာပြည်မှာ ဆောက် လို့ရမယ့် မြေအများကြီး။ ရှင်းရှင်းပြောရရင် လှိုင်သာယာဘက်တောင် သွားစရာ မလိုဘူး။ ဒီနေ့ လူဦးရေ ရန်ကုန်မြို့မှာ ၅ သန်း ၆ သန်း ရှိတယ်။ နောက်ထပ် လူ ၁၀ သန်းအတွက် တန်ဖိုးနည်း တိုက်ခန်းတွေ ရန်ကုန်မြို့ထဲမှာတင် ဖန်တီးလို့ ရသေးတယ်။
မေး။ ။ ဘယ်လို နေရာမျိုးတွေလဲ။
ဖြေ။ ။ မြောက်ဒဂုံ၊ တောင်ဒဂုံ အထိ သွားစရာမလိုဘူး။ မင်္ဂလာဒုံရှိတယ်။ အင်းစိန်ရှိတယ်။ မရမ်းကုန်း ရှိတယ်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဗဟန်း၊ လှိုင်၊ ကမာရွတ် ဒီလို နေရာတွေမှာ Google ကကြည့်လိုက်။ မြေကွက် အလွတ်တွေနဲ့ ဆောက် ရင်တောင်မှ နောက်ထပ် လူ ၁၀ သန်းအထိ ထားလို့ရသေးတယ်။ အဲ့ဒီလို တကယ့် စနစ်ကျကျ Town Plan ကို သေချာလုပ်လိုက်ရင်၊ စင်ကာပူလိုမျိုး ဖြစ်ရင် ဘယ်လောက် ကောင်းမလဲ။ မြေတွေအားလုံး က နိုင်ငံတော်က ကိုင်ထားတာ။ နိုင်ငံတော်က ကိုင် ထားတဲ့၊ တိုင်းဒေသကြီးတွေက ကိုင်ထားတဲ့ မြေကြီးတွေ။
ဒီနေ့ မြို့ထဲမှာ တပ်မတော်က ကိုင်ထားတဲ့ မြေကြီးတွေ အများကြီးရှိတယ်။ အဲ့ဒီမြေကြီးတွေကို အသုံးချလိုက်ရင် တပ်မတော်အတွက်လည်း အကျိုးရှိမယ်၊ နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ်။ နိုင်ငံသားတွေ အတွက်လည်း အကျိုးရှိမယ်။ Developer အတွက် လည်း အကျိုးရှိတယ်။
မေး။ ။ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ဖို့အတွက် မြေဧရိယာ ဘယ်လောက် လိုသလဲ။
ဖြေ။ ။ အခန်း ၁ သောင်း၊ ၂ သောင်း ဆောက်ဖို့အတွက်က မြေဧက ရာဂဏန်းလောက် ပေးမှ။ နို့မို့ဆို ဆောက်လို့ မရဘူး။ များများပေးလေ တန်ဖိုးနည်းလေပဲ။ ဥပမာ ဗိုလ်မှူး ဗထူး အိမ်ရာက မြေ ၁၀၅ ဧက ရှိတယ်။ မြေ ၁၀၅ ဧကရရင် ၄၄ သိန်းတန် အခန်း နှစ် သောင်း ဆောက်ပေးမယ်။ ၈၄ သိန်းတန် အခန်း တသောင်း ဆောက်ပေးမယ်။ ၁၂၄ သိန်း အခန်း နှစ်သောင်း ဆောက်ပေးမယ်။ အဲ့ဒီမြေ ၁၀၅ ဧကမှာ အခန်းသုံးသောင်း ဆောက်ပေးမယ်။ အဲ့ဒီမှာ ဆေးရုံလည်း ပါမယ်၊ ကျောင်းလည်း ပါမယ်။ ပြီးရင် နိုင်ငံတော် ကို သိန်း ၇ သောင်းနဲ့ မြေဖိုးပေးမယ်။ အလကား မယူဘူး။
မေး။ ။ အခုနောက်ဆုံး တိုက်ခန်းဈေးတွေ အရမ်းမြင့်တက်ပြီး အခန်းတခန်းပိုင်ဖို့ အရမ်းခက်လာတယ်။ အစိုးရအနေနဲ့ နိုင်ငံသား တွေ နေထိုင်ရေး အဆင်ပြေစေဖို့ အမြန်ဆုံး ဘယ်လို နည်းလမ်းနဲ့ ကုစားပေးနိုင်မလဲ။
ဖြေ။ ။ အမြန်ဆုံးကုစားနိုင်မယ့် နည်းလမ်းက နောက်ဆုံး နိုင်ငံတော်ကနေပြီးတော့ ဇိကုတ်ပြီး နတ်ပြည် တင်သလိုပေါ့။ မင်းတို့ လမ်းဘေး နေတဲ့ သူတွေလည်းရော့ အိမ်ပိုင်မရှိရင် တိုက်ခန်းအလကားပေးမှာ အလုပ်တော့လုပ်။ အလုပ်လုပ်ပြီးမှဆပ်ဆိုရင် အလကားလည်း မပေးရဘူး။ တိုက်ပေါ် တင်ပေးလိုက် သလိုပေါ့။
အခုန ပြောတဲ့ Plan တွေလိုပေါ့။ မင်းတို့ တဲတွေနဲ့မနေပါနဲ့၊ မီးလောင်နေတယ်ပေါ့။ မီးလောင်ရင် မင်းတို့လည်း ဆုံးရှုံးတယ်။ တိုက် ပေါ်မှာနေ ဆိုပြီးတော့ တိုက်ပေါ်တင်တဲ့ Plan အဲ့ဒါတွေလုပ်ဖို့ Developer တွေမှာ ကျနော်တို့ကတော့ တန်ဖိုးများများမှ ရောင်း တတ် တာ၊ မလုပ်တတ်ဘူး ဆိုရင်လည်း မလုပ်တတ်ရင် လုပ်တတ်တဲ့သူဆီမှာ သွားပြီးတပည့် ခံပေါ့။ နောက်ဆုံးမရရင် ဘယ်သူ လုပ်မလဲ။ ကိုထွေး လုပ်တယ်။ လာခဲ့၊ မင်းလုပ်တဲ့ နည်းလေးကို သူတို့ကို ပြောပြလိုက်။ မင်းတို့ သူတို့ လုပ်တဲ့အတိုင်း လိုက်လုပ် ဖြစ်အောင် လုပ်ဆိုရင် အခြေအနေကောင်း သွားတာပေါ့။ ။