ဦးဝင်းတင်ဆုံးပြီ ဆိုတာနဲ့ ကျနော်တို့အားလုံးပဲ ဟာကျန်ရစ်တဲ့ကွက်လပ်ကြီးကို လှမ်းမြင်လိုက်ကြပါတယ်။ ဗမာပြည် နိုင်ငံရေး လော ကနဲ့ ပတ်သက်ပြီး ကိုယ့်အမြင်ကို ရဲရဲတင်းတင်းနဲ့ ထောင်မကြောက်၊တန်းမကြောက် ဒိုးဒိုးဒေါက်ဒေါက် ပြောသူဆိုလို့ အခု နောက် ပိုင်းမှာ ဆရာ ဒဂုန်တာရာ၊ လူထု ကိုစိန်ဝင်းနဲ့ ဦးဝင်းတင်သာ ရှိသလို ဖြစ်နေခဲ့ပါတယ်။
သူတို့ဟာ ခရိုနီတွေ၊ အင်န်ဂျီအိုတွေဆီက ကျေးဇူးခံထားတာလည်း မရှိ၊ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း တို့ရဲ့ “ကြီးမားသော မေတ္တာတော်” ကို ထောက်ထား နေစရာလည်း မလို၊ ပြည်သူလူထု အကျိုးနဲ့ အမှန်တရားကိုပဲ ရင်ထဲ၊ ခေါင်းထဲမှာ ထားပြီး ပြောဆို ရေးသား သူတွေ ဖြစ်ပါတယ်။ ဒီလိုဆိုလို့ တခြား သူတို့လို ပြောတဲ့လူတွေ မရှိလို့ မဆိုလိုပါ။ ဒါပေမယ့် သူတို့လောက် ထိရောက်၊ သူတို့လောက် ပြည်သူလူထုအပေါ် သြဇာရှိပြီး ပြည်သူလူထုက တလေးတစား နားထောင်ခံရတဲ့လူ ရှားပါးလှပါတယ်။
ဒီနေရာမှာ ဦးလေး ဦးဝင်းတင်ကို ကျနော် သိခဲ့တာလေးတွေ ပြောပြချင်ပါတယ်။ ကျနော့် ပတ်ဝန်းကျင်က သတင်းစာ သမားတွေ ချည်း ဆိုတော့ သူ့အကြောင်းကို ကျနော် ခပ်ငယ်ငယ်ကတည်းက ကြားဖူးနေပါတယ်။ သူ သတင်းစာလုပ်ငန်း အပေါ် ဘယ်လောက် စိတ်ဝင်စားပြီး ဘယ်လောက် အပတ်တကုတ် လေ့လာ ကြိုးစားတယ် ဆိုတာတွေကို အဲဒီတုန်းက ပုံပြင်လို ကြားနေ ရတာပါ။
ဥပမာ ဆိုရင် သူဟာ ဓာတ်ပုံဝါသနာ ကြီးလွန်းလို့ တက္ကသိုလ်တက်ရင်း သတင်းထောက်လုပ်၊ အဆောင်မှာ သူအိပ်တဲ့ ခုတင်အောက် ကို စောင်ကာပြီး အမှောင်ခန်း လုပ်တယ်ဆိုတာမျိုးပါ။ ကျနော် ကိုကိုးကျွန်းကနေ အင်းစိန်ထောင်ထဲကို ပြန်ရောက် တော့ ဦးလေး ဦးမြသန်း(တင့်)နဲ့ အခန်းချင်း ကပ်လျက်နေရပြီး ည ည စကားပြောကြတဲ့ အခါ ဦးလေးဦးမြသန်း(တင့်)က သူ့အကြောင်း အမွှမ်းတင် ပြောတာလည်း မှတ်မိနေပါတယ်။ ဒါပေမယ့် ကျနော် ဦးလေးဦးဝင်းတင်ကို လူအနေနဲ့ မြင်တွေ့ဖူးတာက ဟံသာဝတီ သတင်းစာကို ဦးစီးဖို့ အတွက် သူ မန္တလေးကို ပြောင်းလာပြီးမှပါ။
သူကြေးမုံ သတင်းစာ ရောက်သွားတော့ ကြေးမုံမှာ သူ့ထက် နာမည်ကြီးတဲ့ (ဦး)ခင်မောင်ရီတို့၊ (ဦး) အောင်ဗလတို့ ရှိနေကြပါတယ်။ ဒါပေမယ့် သတင်းစာသမား လောကမှာတော့ ဦးလေးဦးဝင်းတင်ရဲ့ အရည်အချင်းနဲ့ ပတ်သက်တဲ့ ဂုဏ်သတင်းဟာ အင်မတန် မွှေးပါတယ်။ ဒါ့အပြင် သူ့ရဲ့ပေါ်သစ် ဆောင်းပါးတွေ၊ စာအုပ်တွေဟာလည်း စာနယ်ဇင်း လောကသားတွေ မဖတ်မဖြစ် ဖတ်ကြရတဲ့ စာတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီအခါမှာကျတော့ သူဟာ ကျနော့်မိဘများနဲ့ အသွားအလာ အတွေ့အဆုံ အလွန်များတဲ့ပုဂ္ဂိုလ် ဖြစ်နေပါပြီ။ သူဟာ စစ်အစိုးရက မကြည်တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာများ အသင်းရဲ့လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ အားပေးပါတယ်။ သူ့ သတင်းစာမှာ ဖော်ပြပါတယ်။ နောင် ဒီအဖွဲ့အစည်း လှုပ်ရှားခွင့် မရတော့ သူ့သတင်းစာတိုက်မှာပဲ စာပေ ဟောပြောပွဲတွေနဲ့ စာပေ လှုပ်ရှားမှုတွေ လုပ်ပါတယ်။ ဒါတွေဟာ နောင်မှာ ဟံသာဝတီ သတင်းစာကိုပိတ်၊ သူ့ပါးစပ်ကို ပိတ်ပစ်စရာ အကြောင်းတွေ ဖြစ်လာပါတယ်။
သူ့ကို ဖမ်းထားတုန်းက သူ့သွားတွေ ကျိုးထွက်ကုန်အောင် ရိုက်တယ် ဆိုတာဟာ တော်ရုံ အငြိုးအတေး မဟုတ်ပါဘူး။ ဦးဝင်းတင် မှာ တောတွင်းနဲ့ အဆက်အသွယ် လုံးဝမရှိ၊ ဘာကလပ်စည်းမှ ထောင်တာ၊ ပါဝင်တာလည်း မရှိပါဘူး။ ဆိုလိုတာ သူ့ကို ရက်ရက် စက်စက် ရိုက်စစ်စရာ အကြောင်း မရှိပါဘူး။
သူ့ကို ဖမ်းတာတောင်မှ ဘာအပြစ်မှ ရှာမရတော့ ကိုယ်ဝန်ဖျက်ချတာကို အားပေးတယ်ဆိုတဲ့ ပေါက်တတ်ကရ စွဲချက်မျိုးနဲ့ ထောင် ချခဲ့တာပါ။ ကျနော်ကြားတာ အဲဒီတုန်းက ကျနော့်အမေက ဆိုရင် “ကိုဝင်းတင် တယောက် အသက်နဲ့မှ ပြန်ထွက်လာနိုင်ပါ့မလား” လို့ မကြာခဏ ညည်းတွားပြီး သူများတွေကို ပြောပါသတဲ့။
ဒါပေမယ့် အဲဒီတုန်းက စစ်အာဏာရှင်တွေဟာ သူ့ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောတရားရေးရာ ဆရာကြီးလို့ သတ်မှတ်ပြီး မသေရုံ နှိပ်စက်တာပါ။ ဒါပေမယ့် ပတ္တမြားတောင်ကို ဝက်ပက်တယ် ဆိုတာလို ဦးဝင်းတင်ရဲ့ ယုံကြည်ချက်တွေ၊ သတ္တိတွေ၊ ဂုဏ်သတင်းတွေဟာ ပိုလို့သာ ထွန်းပြောင် လာခဲ့ပါတယ်။
ကျနော်ကိုယ်တိုင်က ထောင်တွင်း ရောက်ဖူးခဲ့၊ နှိပ်စက်ခံရဖူးခဲ့သူ ဆိုတော့ ထောင်ကျတဲ့ နိုင်ငံရေးသမား တယောက်အကြောင်း ပြောရင် သူ့ရဲ့ထောင်တွင်း ရပ်တည်ချက်ကို သိပ်စိတ်ဝင်စား ပါတယ်။ ထောင်ထဲမှာ လက်နက်ချသလား၊ အာဏာပိုင်တွေကို မဟားဒယား မျက်နှာချိုသွေးသလား၊ တန်းစီးနဲ့ ပေါင်းပြီး ကျန်တဲ့ လူတွေကို ချောက်တွန်းတာ လုပ်သလား စသဖြင့်ပါ။
ဒီနေ့ နိုင်ငံရေး လောကမှာ ထောင်ထဲတုန်းကအဲဒီလို လုပ်ခဲ့သူ တချို့ ထောင်ထောင်ထောင်ထောင် လုပ်နေတယ်လို့ ကြားရဖူး ပါတယ်။ ဒါပေမယ့် ဦးလေးဦးဝင်းတင်နဲ့ ပတ်သက်လို့ကတော့ ကြားရသမျှဟာ ကောင်းသတင်းချည်း ဖြစ်ပါတယ်။ အားကျစရာ၊ လေးစားစရာ သတင်းချည်း ဖြစ်ပါတယ်။
မှန်ပါတယ်။ ဦးလေးဦးဝင်းတင်ဟာ ရှစ်လေးလုံး အရေးတော်ပုံကျမှ နိုင်ငံရေး လောကထဲကို ခြေစုံပစ်လာတဲ့လူ ဖြစ်ပါတယ်။ ဒီအရင်ကတော့ သူဟာ သတင်းစာသမား အနေနဲ့ အသက်ရှင် ရပ်တည်နေတာမို့ နိုင်ငံရေး အဖွဲ့အစည်းထဲ ပါရင် သတင်းစာ သမားရဲ့လုပ်ငန်းကို ပြောစရာ ဖြစ်လာမှာစိုးလို့ ခပ်လှမ်းလှမ်းက နေခဲ့ဟန် တူပါတယ်။
ဒါပေမယ့် ရှစ်လေးလုံးလို တပြည်လုံးနဲ့ ဆိုင်တဲ့ တိုင်းပြည် အတွက် သေရေးရှင်ရေးတမျှ အရေးပါတဲ့ အရေးတော်ပုံကြီး ပေါ်လာတော့ သူလည်း မနေသာတော့ပါဘူး။ ပြည်သူတွေဘက်မှာ မားမားမတ်မတ် ရပ်ပြခဲ့ပါတယ်။ နဂိုက ဗမာပြည်မြေပေါ် နိုင်ငံရေး မှာ မဆလ တပါတီတည်းသာ လှုပ်ရှားနေတာမို့ မြုပ်နေတဲ့ တချို့ နိုင်ငံရေးသမားဟောင်းတွေလည်း ဒီအရေးအခင်းမှာ ပေါ်ထွက် လာခဲ့ပါတယ်။
သူတို့နဲ့မတူတာက သူတို့ထဲက တော်တော်များများဟာ အရေးအခင်းကြီး အဖြိုခွဲခံရပြီးတဲ့နောက်၊ စစ်တပ်က အာဏာ သိမ်းလိုက်ပြီး တဲ့နောက် ဒီလှုပ်ရှားမှုတွေထဲကနေ ခွာထွက် သွားကြပါတယ်။ ဒါပေမယ့် ဦးလေး ဦးဝင်းတင်ကတော့ လူ့တဘ၀ တကျောင်းပဲ ဆိုတာလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ စွဲစွဲမြဲမြဲ ရပ်တည်ပြီး မုန်တိုင်းမျိုးစုံကို ဖြတ်သန်းခဲ့ပါတယ်။
တိုင်းပြည် တပြည်ရဲ့နိုင်ငံရေး ဆိုတာ အပြောင်းအလဲတွေ အမြဲရှိတာချည်းပါ။ နိုင်ငံရေးသမားတွေရဲ့ ရပ်တည်ချက်၊ အမြင်၊ လုပ်ကိုင်မှု ဆိုတာတွေဟာ ဒီလှိုင်းလေတွေထဲမှာ စမ်းသပ်ခံကြ ရပါတယ်။ ဒါပေမယ့် တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုသလို ဒီအပြောင်းအလဲတွေမှာ မျက်စိလည်စရာ၊ မျက်စိလှည့်စားတာတွေလည်း ပါရှိပါတယ်။ ဒီလိုနဲ့ တကွေ့မှာ တောက်ပြောင်ခဲ့တဲ့ နိုင်ငံ ရေးသမားဟာ နောက်တကွေ့မှာ မှေးမှိန်သွားတယ် ဆိုတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။
ဥပမာတွေ အများကြီးရှိပေမယ့် ပုဂ္ဂိုလ်ရေးဆန်လို့ ဒီမှာ မရေးတော့ပါဘူး။ ဦးလေး ဦးဝင်းတင်တို့ ကျတော့ အကွေ့အကောက် အတက် အဆင်းတိုင်းမှာ မိမိသွားမယ့် ပန်းတိုင်ဆီကို မြဲမြဲမြံမြံနဲ့ မမှိတ်မသုံ ချီတက်ခဲ့ပါတယ်။ သေသည် အထိပဲ ဆိုကြပါစို့။ တကယ်တော့ သူ့လို အသက်အရွယ်အထိ အစမ်းသပ် ခံနိုင်ခဲ့တဲ့ နိုင်ငံရေးသမား ဆိုတာ မများလှပါဘူး။ အာဏာရဖူးသူရော၊ အတိုက်အခံ ဆိုတာပါ နိုင်ငံရေးကနေ ကိုယ့်ဟာကိုယ် ပင်စင် ယူသွားကြတာတွေ များပါတယ်။ တချို့များ မြောင်းထဲကိုတောင် ခုန်ဆင်း သွားကြပါတယ်။
ဦးလေး ဦးဝင်းတင်ကတော့ သေမင်းကပေးတဲ့ ပင်စင်ကိုပဲ ယူသွားပါတယ်။ ဒါတောင်မှ သူ့နာမည် ဂုဏ်သတင်းနဲ့ သူ့ဝိဉာဉ်ဟာ ဒီမိုကရေစီ အရေးတော်ပုံကြီး ပြီးဆုံးတဲ့ အချိန်အထိ ဗမာပြည် ပြည်သူလူထုကြီးကို အားပေး ရှေကဆောင်နေဦးမှာ ဖြစ်ပါတယ်။
(ဖိုးသံ (လူထု) သည် သတင်းစာဆရာကြီး လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ သားဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူလည်း ဖြစ်သည်။ ယခုအခါ တရုတ်-မြန်မာ နယ်စပ်တွင် နေထိုင်လျက် ရှိသည်။)