မိုးလင်းကနေ မိုးချုပ်တဲ့အချိန်အထိ ကျမတို့ကြားနေရတဲ့ “အသံ” တွေကို အမျိုးအစား ခွဲခြားကြည့်မယ်ဆိုရင် “သာယာသံ” ထက် “ဆူညံသံ” က ပိုများနေပါတယ်။ အထပ်မြင့် အဆောက်အဦတွေ၊ ကားတွေ၊ ဈေးဝယ်စင်တာတွေ များလာတာကို “တိုးတက်မှု” လို့ သတ်မှတ်ကြမယ်ဆိုရင် “ဆူညံသံ” တွေ ပိုများလာတာကိုရော “တိုးတက်မှု” လို့ သတ်မှတ်မလား၊ “ဆုတ်ယုတ်မှု” လို့ သတ်မှတ်မလား၊ မေးခွန်းထုတ်စရာ ကောင်းနေပါတယ်။
ဟိုအရင်တုန်းက အိပ်ယာက နိုးထလာတဲ့ နံနက်ခင်းတွေဟာ ငှက်ကလေးတွေရဲ့ “တေးသီသံ” တွေနဲ့ ချစ်စရာ ကောင်းနေခဲ့ပါတယ်။ အလွန်ဆုံးကြားရမှ ပဲပြုတ်သည်လို ခေါင်းရွက် ဗျပ်ထိုးဈေးသည်တွေရဲ့ အသံလောက်ပါပဲ။ စိတ်လက် ကြည်ကြည်လင်လင်နဲ့ နိုးထလာတဲ့အတွက် တနေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို “အာရုံစူးစိုက်မှု အပြည့်အဝ” နဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာတော့ ဘယ်ကိုသွားသွား ပြေးမလွတ်နိုင်တဲ့ “ဆူညံသံ” တွေနဲ့ ကျမတို့အားလုံး ရင်ဆိုင်နေရပါပြီ။ ငှက်ကလေးတွေရဲ့ တေးသီသံဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ ထွက်ပေါ်လာနေတဲ့ ထုရိုက်သံတွေကြားမှာ ပျောက်ကွယ် ဝေဝါးခဲ့ရပါပြီ။ အလှူရေစက် လက်နဲ့မကွာလို့ဆိုတဲ့ ဗမာလူမျိုးတွေဟာ စေတနာ သဒ္ဒါတရား ထက်သန်တယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒါပေမယ့် တရပ်ကွက်လုံး၊ တလမ်းလုံး ဟိန်းထနေအောင် နံနက်အစောကြီး အလှူခံထွက်သူတွေ ဖွင့်နေတဲ့ အသံချဲ့စက်သံက ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။
ဆောင်းဘောက်စ်တွေ၊ လက်ကိုင်အော်လံတွေ၊ အသံချဲ့စက်တွေဟာ တလွဲသုံးနေသူတွေကြောင့် ဆူညံသံဖန်တီးတဲ့ လက်နက်တွေ ဖြစ်နေရပါတယ်။ ဆွမ်းလောင်းပတ်တွေမှာ နံနက် ၄း၀၀ နာရီလောက်ကတည်းက အသံချဲ့စက် အကျယ်ကြီး ဖွင့်တဲ့အခါ မနက်ခင်း အလုပ်သွားရမယ့်သူတွေ၊ ကျောင်းသွားရမယ့်သူတွေ၊ သက်ကြီးရွယ်အိုတွေအတွက် အိပ်ရေးပျက်ရပါတယ်။ “ကုသိုလ်” ယူတဲ့ အလှူဒါနဟာ တိတ်တိတ်ဆိတ်ဆိတ် လောင်းလှူရင် ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေဘဲ နက်လူ သာဓုခေါ်စရာပါ။
ပန်းသီးရောင်းတဲ့သူ၊ လိမ္မော်သီးရောင်းတဲ့သူ၊ ဒိန်ချဉ်ရောင်းတဲ့သူက အစ “လက်ကိုင်အော်လံ” သုံးပြီး ရောင်းနေကြတာကို တားဆီးတဲ့သူ ဘာကြောင့်မရှိသလဲ စဉ်းစားစရာပါ။ စိတ်ပျက်ဖို့ကောင်းတဲ့အထဲမှာ ထီရောင်းတဲ့လှည်းတွေ ပါဝင်ပါတယ်။ လမ်းတလမ်းထဲ ထီးလှည်းဝင်လိုက်တာနဲ့ ဆောင်းဘောက်စ်က သီချင်းသံ အကျယ်ကြီးကပါ လိုက်ပါလာပါတယ်။ တကယ်တော့ ရပ်/ ကျေး ဥပဒေမှာ ရပ်ကွက်တခုထဲ အသံချဲ့စက်ဖွင့်ဖို့ ကြိုတင်ခွင့်တောင်းဖို့လိုပြီး ရပ်/ ကျေး ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်ရမှသာ ဖွင့်ရမှာဖြစ်ပါတယ်။ ဖွင့်ရမယ့်အချိန်ကိုလည်း ညဉ့်နက်ပိုင်းအထိ မရောက်အောင် ကန့်သတ်ထား ပါတယ်။ အခုလို ဈေးသည်တွေ၊ အလှူခံတွေ၊ ထီလှည်းတွေက အချိန်အကန့်အသတ်မရှိ ဖွင့်ချင်တိုင်းဖွင့်နေတာဟာ တနည်းအားဖြင့် တရားဥပဒေ စိုးမိုးမှု အားနည်းတာကို သိသာပေါ်လွင်စေပါတယ်။
အသံချဲ့စက် ဥပဒေနဲ့ အရေးယူနိုင်တယ် ဆိုပေမယ့် ဥပဒေက သက်ဝင်လှုပ်ရှားမှု မရှိသလောက် ဖြစ်နေတာကို သက်သေပြနေတဲ့ အကြောင်းအရာတွေက အများကြီးပါပဲ။ ပန်းဆိုးတန်းလမ်းနဲ့ အနော်ရတာလမ်းဆုံတဲ့ နားရောက်ရင် ကျယ်လောင်လွန်းတဲ့ သီချင်းသံတွေကြောင့် ရင်တုန်ပန်းတုန်တောင် ဖြစ်ရပါတယ်။ ထီဆိုင်၊ အဝတ်အထည်ဆိုင်၊ ဖုန်းဆိုင်တွေက ဆောင်းဘောက်စ်နဲ့ အပြိုင်အဆိုင် ဖွင့်နေကြလို့ပါပဲ။ အဲဒီလို လမ်းသွားလမ်းလာတွေကိုပါ အနှောင့်အယှက်ဖြစ်လောက်အောင် ဖွင့်နေကြတာဟာ ခွင့်ပြုထားသူရှိလို့လား ဒါမှမဟုတ် ခွင့်ပြုချက်ပဲ တောင်းစရာမလိုတာလား စဉ်းစားစရာပါ။
ရန်ကုန်မြို့ကြီးမှာ ကားအရေအတွက် များလာတာနဲ့အမျှ ဆူညံသံတွေလည်း ပိုများလာနေတာ တွေ့ရပါတယ်။ အဆိုးဆုံးက နားမခံသာလောက်အောင် ဟွန်းတွေတီးနေကြတာပါပဲ။ “ဟွန်းမတီးရဇုန်” မှာ ဟွန်းတွေ တီးကြသလို ကားကြီးတွေ၊ ကွန်တိန်နာတွေ မောင်းနှင်သွားရင် တုန်ခါမှုကပါ ပိုမြင့်လာပါတယ်။ ခရီးသည်တွေ သယ်ယူပို့ဆောင်ရေး အတွက် ဝန်ဆောင်မှုပေးနေပါတယ်ဆိုတဲ့ ဘတ်စ်ကားတွေက ကြပ်ရတဲ့အထဲ သီချင်းတွေပါ အကျယ်ကြီးဖွင့်ထားတဲ့အခါ ပူအိုက်တဲ့ရာသီမှာ ဘယ်လောက် စိတ်ရှုပ်စရာကောင်းမလဲ စဉ်းစားသာကြည့်ပါတော့။ သီချင်းသံ မတိုးမကျယ် ဆိုရင်တော့လည်း တမျိုးပေါ့လေ။ အဲဒီလောက် သီချင်းအကျယ်ကြီး ဖွင့်ထားတဲ့အတွက် တခါတလေမှာ ခရီးသည်တွေက မှတ်တိုင်ပြောရင် မကြားတောတွေ ရှိပါတယ်။ ပိုကြောက်စရာ ကောင်းတာက သီချင်းသံတွေကြောင့် ဒရိုင်ဘာက အာရုံထွေပြားခဲ့ရင်၊ အမှားလုပ်မိသွားရင် ယာဉ်တိုက်မှုအန္တရာယ်ပါ ဖြစ်လာနိုင်တာပါပဲ။
ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ရတာ အဆင်ပြေပေမယ့် ပရိုမိုးရှင်းပွဲတွေ လုပ်တဲ့အခါ ဖွင့်ထားတဲ့ သီချင်းသံတွေက ကြောက်ခမန်းလိလိ ကျယ်လောင်ပါတယ်။ သင်္ကြန်မတိုင်ခင်တုန်းက နာမည်ကြီး ဈေးဝယ်စင်တာက ဆောင်းဘောက်စ် တွေကို ပရိုမိုရှင်းလုပ်ပြီး အပြင်ဘက်မှာ ဆောင်းဘောက်စ်တွေချ၊ ဖွင့်ထားလိုက်တာများ အဲ့ဒီရှေ့က ဖြတ်လျှောက် မိရင်တောင် ယောင်ယမ်းပြီး နားပိတ်ထားမိတဲ့ အထိပါပဲ။ တခါတုန်းကလည်း တနေကုန် ဆောင်းဘောက်စ်တွေနဲ့ အစွမ်းပြနေတဲ့ ဈေးဝယ်စင်တာ နားမှာရှိတဲ့ အများပြည်သူသုံး တယ်လီဖုန်းမှာ တာဝန်ကျနေတဲ့ အမျိုးသမီးလေးက “အစ်မရယ် ကျမဘယ်မှလည်း ထွက်ပြေးလို့မရဘူး၊ အဲဒီအသံတွေကြောင့် နှလုံးလည်းတုန်၊ ခေါင်းလည်း ကိုက်လှပါပြီ” လို့ ရင်ဖွင့်ပြောဖူးတာကို အမှတ်ရနေမိပါတယ်။ ပရိုမိုးရှင်း လုပ်တာကို အပြစ်ပြောစရာ မရှိပေမယ့် ကိုယ့်အကျိုးစီးပွား တခုတည်းအတွက်ပဲကြည့်ပြီး အများပြည်သူ အနှောင့်အယှက်ဖြစ်၊ မဖြစ်ဆိုတာကို ဈေးဝယ်စင်တာ ဖွင့်ထားတဲ့သူတွေ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ နီးနေတဲ့ တိုက်ခန်းတွေက လူတွေဆိုရင် ပိုင်ရိုက်သံ၊ ထုရိုက်သံ၊ ဂန်းဖောက်သံတွေကို မကြားချင်မှ အဆုံးပါပဲ။ အထူးသဖြင့် ပိုင်ရိုက်သံနဲ့ ဂန်းဖောက်သံဟာ နှလုံးရောဂါ ရှိတဲ့သူတွေဆို ရုတ်တရက် ရောဂါအခြေအနေ ပိုဆိုးလာနိုင်ပါတယ်။ အဲဒီလို ဆောက်လုပ်ရေး လုပ်ငန်းခွင်က ထွက်ပေါ်လာနေတဲ့ အသံတွေဟာ အနည်းဆုံး ဒက်ဆီဘယ် ၁၀၀ ကျော်အထိ ရှိပါတယ်။
အသံကို ဒက်ဆီဘယ်လို့ခေါ်တဲ့ ယူနစ်တမျိုးနဲ့ တိုင်းတာရာမှာ ဒက်ဆီဘယ် ၈၀ ကျော်ရင် “ဆူညံသံ” လို့ သတ်မှတ်နိုင်ပါတယ်။ အသံချဲ့စက်၊ ဆောင်းဘောက်စ်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကနေ ထွက်လာတဲ့ ဆူညံသံတွေဟာ ဒက်ဆီဘယ် ၁၀၀ ကျော်တာ သေချာပါတယ်။ ဒက်ဆီဘယ် ၁၀၀ ကျော်တဲ့ အသံတွေကို နေ့စဉ်နဲ့အမျှ ကြားနေရရင် နားစည်မြှေးထိခိုက်ပြီး တဖြည်းဖြည်း နားလေးသွားနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါ့အပြင် ဆူညံသံတွေကြောင့် ဖြစ်ပေါ်ရတဲ့ နားလေး၊ နားထိုင်းခြင်းဟာ ကုသရင်တောင် မူလအတိုင်းဖြစ်ဖို့ ခဲယဉ်းပါတယ်။
ဆူညံလွန်းတဲ့ အသံတွေက ကာကွယ်နိုင်ဖို့လိုအပ်ရင် Ear plug သုံးသင့်ပါတယ်။ Ear plug အသုံးပြုခြင်းက ပြင်ပက အသံတွေကို အတိုင်းအတာ တခုအထိ လျှော့ပေးနိုင်ပါတယ်။ ဒါပေမယ့် Ear plug ကို လမ်းသွားရင်းသုံးတာ အဆင်မပြေဘဲ အိမ်မှာရှိတဲ့အချိန် သုံးတာက ပိုပြီး အဆင်ပြေနိုင်ပါတယ်။ စာရေးဆရာ တယောက်က ကျမကို ပြောပြဖူးပါတယ်။ “လမ်းမှာလည်း လမ်းမှာမို့၊ အိမ်ထဲနေရင်လည်း အိမ်ထဲအထိ ကြားနေရတဲ့ ဆူညံသံတွေကို ဥပဒေနဲ့ မတားနိုင်ကြဘူးလားဗျာ၊ ကျနော်တို့မှာ နေရင်း ထိုင်ရင်း စော်ကားခံနေရသလို ခံစားနေရတယ်” တဲ့။
ကျမတို့ဟာ ကိုယ့်ကြောင့် တခြားသူတွေ စိတ်အနှောင့်အယှက် မဖြစ်စေဖို့၊ မထိခိုက်စေဖို့ လုပ်ဆောင်တဲ့ ကိစ္စရပ်တိုင်းမှာ “အလေးအနက်” ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ တဘက်ကလည်း ကျမတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့၊ ထိခိုက်စေတဲ့ ကိစ္စတွေကို ငုံ့ခံမနေဘဲ ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ပိုက်ဆံပေးပြီး စီးရတဲ့ ဘတ်စ်ကားပေါ်မှာ သီချင်းအကျယ်ကြီးဖွင့်ထားရင် “နည်းနည်းလောက် သီချင်းသံလေး တိုးပေးပါလား” ဆိုတဲ့ စကားပြောရဲတဲ့ “သတ္တိ” ရှိရမှာပါ။
ဆူညံသံတွေကို လျှော့ချနိုင်ဖို့ လူတဦးတယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ “ငါ့အိမ်မှာ ငါဖွင့်တာပဲ”၊ “ငါ့ဈေးရောင်းကောင်းဖို့ ဖွင့်တာပဲ”၊ “ဒီလောက်လေးများ ပြောနေရသေးတယ် မကြားချင်ရင် နားပိတ်ထားလိုက်” လို့ သဘောထားနေရင် အောက်တန်းကျတဲ့ စိတ်ဓာတ်ပိုင်ရှင် တယောက် ဖြစ်နေပါပြီ။
“တရားဥပဒေ စိုးမိုးရေး” လို့ ကြွေးကြော်နေသူတွေ အနေနဲ့လည်း ထုတ်ပြန်ထားတဲ့ ဥပဒေတွေ အသက်ဝင်ဖို့ ကြိုးစားရမှာပါ။ အများပြည်သူရဲ့ အကြားအာရုံကို ထိခိုက်စေတဲ့ ဆူညံသံကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ လိုအပ်သလို ဥပဒေနဲ့ ထိန်းချုပ်ကာကွယ်ပေးရမှာပါ။ တဘက်ကလည်း အထက်တန်းကျတဲ့ စိတ်ဓာတ် ပိုင်ရှင်တွေ ဖြစ်အောင် ကြိုးစားရင်း “ကိုယ်ချင်းစာတရား” လက်ကိုင်ထားပြီး ပြုမှုကျင့်ကြံနေထိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေဖြစ်ဖို့ လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။