မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလ အပြီး ဧပြီ ၂၁ ရက်နေ့မှာ မျက်မှောက်ခေတ် မြန်မာနိုင်ငံသမိုင်းရဲ့ အကြီးမြတ်ဆုံး တော်လှန်ရေးသမားတစ်ယောက်ဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန် သွားခဲ့ပါပြီ။ နောက်ဆုံး သေဆုံးချိန်အထိ ကိုယ့်ကိုယ်ကိုယ် သတင်းစာဆရာ တစ်ယောက်အဖြစ် ခံယူသွားခဲ့တဲ့ ဆရာကြီးဦးဝင်းတင်ကို တော်လှန်ရေးသမား တစ်ယောက်လို့ ပြောနိုင်သလို နိုင်ငံရေးသမား တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။
ခုဆိုရင် ဆရာကြီးရဲ့ ဖြတ်သန်းမှု၊ စွန့်လွှတ် အနစ်နာခံမှု အစရှိတဲ့ ဂုဏ်ပုဒ်တွေကို ပြည်တွင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တွေမှာတင်မက နိုင်ငံတကာ သတင်းမီဒီယာတွေမှာ အကျယ်တဝင့် ရေးသား တင်ဆက်နေကြတာ မြင်နေ၊ ကြားနေ၊ ဖတ်နေကြရပါပြီ။ သတင်းဖော်ပြချက်တွေမှာ ဆရာကြီး ဦးဝင်းတင်ရဲ့ ဂုဏ်ရည်တွေ အများအပြား တွေ့ရပါတယ်။
စစ်အစိုးရလက်အောက် ဒူးမထောက်၊ လက်မမြှောက်၊ အရှုံးမပေး၊ အညံ့မခံ “မကြောက်ခြင်း” ရဲ့ သင်္ကေတ အဖြစ် ဖော်ပြနေကြသလို မိမိအယူအဆကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းနဲ့ အများသဘောဆန္ဒကို နာယူခြင်း ဆိုတဲ့ ဒီမိုကရက် ပီသတဲ့ ရုပ်ပုံကိုလည်း မီးမောင်းထိုးပြနေကြပါတယ်။ ဒီဆောင်းပါးမှာတော့ ဆရာကြီးရဲ့ အဲဒီ ဒီမိုကရက် ပီသမှုဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အတွက် ဘယ်လောက် အရေးပါလဲ၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
အတွင်းစည်းမှာ ဘယ်လိုနေတယ် မသိနိုင်ပေမယ့် ပြင်ပ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေကတော့ NLD ပါတီဝင်တွေ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို မလွန်ဆန်ဝံ့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူအဆ တစ်ခုကို အတိုက်အခံ မပြုလုပ်ဝံ့ဘူး ဆိုတာပါပဲ။ အားလုံးဟာ ဒေါ်စုနောက်လိုက်မယ်၊ ဒေါ်စုကို ဝန်းရံမယ် ဆိုတာမျိုးလောက်ပဲ မြင်တွေ့ကြရပါတယ်။ အဲဒီအထဲမှာ ဆရာကြီး ဦးဝင်းတင်ကတော့ ခြားနားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင်ခြင်း လုံးလုံးကြီး ကွဲလွဲနေတာတောင် သူ့ ထင်မြင်ယူဆချက် သူပြောပါတယ်။ ဥပမာအားဖြင့် ၂၀၁၂ ရွေးကောက်ပွဲ ဝင်မလား၊ မဝင်ဘူးလား ဆိုတဲ့ ပြသနာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မလား၊ အသစ်ရေးမလား ဆိုတဲ့ ပြသနာ၊ အဲဒီ ပြသနာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင် မတူရုံမက အများအမြင်နဲ့တောင် ခြားနားပါသေးတယ်။ တစ်ယောက်တည်း ဖြစ်နေသည့်တိုင် ဆရာကြီး ဦးဝင်းတင်ဟာ သူ့အမြင်ကိုသူ ထုတ်ဖော် ပြောဆို ပြသပါတယ်။ ဒါပေမယ့် အများက ဆုံးဖြတ်လိုက်တဲ့အခါ အဲဒီ ဆုံးဖြတ်ချက် အတိုင်းလိုက်နာမယ်လို့ ထုတ်ဖော်ပြောဆိုရုံမက တကယ်လည်း လိုက်ပါဆောင်ရွက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံ ပံ့ပိုးပါတယ်။
ဆရာကြီးဦးဝင်းတင်ရဲ့ အဲလို ထုတ်ဖော်ပြောဆိုချက်တွေ ရှိလာတဲ့အခါ သဘောထား အမြင်ချင်း မတူဘူး ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေလို့ မရတော့ပါဘူး။ သူ ကိုင်စွဲထားတဲ့ အယူအဆဟာ ဦးဝင်းတင် ကိုင်စွဲထားတဲ့ အယူအဆထက် ပိုမှန်တယ်၊ လက်တွေ့ ပိုကျတယ်၊ ပိုပြီး ကျင့်သုံးသင့်တယ် ဆိုတာ ပြောဖို့၊ ဆိုဖို့၊ စည်းရုံးဖို့၊ သက်သေပြဖို့ ကြိုးစားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အများကြီး အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ တချို့ ဦးဝင်းတင်ရဲ့ မှန်ကန်တဲ့ သဘောထားရပ်တည်ချက်တွေမှာ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါခဲ့ရတာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ (ဥပမာတခုက ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေး NLD ရဲ့ ရွှေဂုံတိုင် ကြေညာချက်ပါ။)
စစ်အာဏာရှင်လက်အောက်က NLD ရဲ့ ရပ်တည်ချက်နဲ့ ပါတ်သက်ပြီး ဒီအချိန်မှာ နည်းနည်းတော့ ပြန်ပြောချင်တယ်။ အဲဒီအချိန် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ချိန်လုံး နေအိမ် အကျယ်ချုပ် ချထားပါတယ်။ ဦးဝင်းတင်ကိုတော့ ဒီထက် ပိုရက်စက် ပြင်းထန်တဲ့နည်းနဲ့ အကျဉ်းချထားပါတယ်။ စစ်အစိုးရရဲ့ ဖိနှိပ်မှု ပိုပိုပြီး ပြင်းထန်လာနေချိန်၊ ပြည်သူတွေရဲ့ ခံစားရချက် ပိုပိုပြီး ဆိုးရွားလာချိန်၊ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်၊ ဦးကြည်မောင် ကွယ်လွန်အပြီး ဦးဝင်းတင်လည်း ထောင်ထဲက လွတ်မလာခင် စပ်ကြား ၂၀၀၄ နဲ့ ၂၀၀၉ မတိုင်ခင် ကာလတွေဟာ NLD ခေါင်းဆောင်ပိုင်းရဲ့ စွမ်းဆောင်ရည် အနိမ့်ဆုံး ကာလတွေလို့ ပြောရင် မမှားပါဘူး။
ဒါကြောင့် ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက အဲဒီ ကာလတွေမှာ NLD ခေါင်းဆောင်ပိုင်းကို ဝေဖန်ဖို့ “ ဌာနချုပ်ကို အမြှောက်နဲ့ ပစ်ကြ” ဆိုတာမျိုး အကောင်အထည် ဖော်ဖို့အထိ ဦးဝင်းတင်ကို တိုင်ပင်ခဲ့တာ ဖြစ်ပါတယ်။ ပါတီ တည်ရှိနေတယ် ဆိုရုံကလွဲပြီး ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုး ဘာမှ မလုပ်ခဲ့တဲ့ ကာလ၊ တာဝန်မကျေခဲ့တဲ့ ကာလ လို့ သတ်မှတ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရင် လွှတ်ပေးလို့ တောင်းဆိုနေတာကလွဲပြီး ဘာမှ မလုပ်ရဲ မကိုင်ရဲ မလုပ်ခဲ့ကြလို့ပါ။ ဒါဟာ အတိတ်ကပါ။
ခုဆို ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ရွေးကောက်ပွဲက တဆင့် လွှတ်တော်တက် အမတ် ဖြစ်နေပါပြီ။ နိုင်ငံတကာကို လွတ်လပ်စွာ ထွက်ခွာ၊ လွတ်လပ်စွာ ပြောဆိုနိုင်ပါပြီ။ NLD ပါတီဝင်တွေလည်း အကျဉ်းထောင် ပြင်ပကို ရောက်ပြီး နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လုပ်နေနိုင်ပါပြီ။ တရားဟောပြောပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေနိုင်ပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ဒီမိုကရေစီ ပန်းတိုင်ဆီ သွားရာ လမ်းကြောင်းပေါ်ရောက်အောင် မှန်ကန်တဲ့ ပေါ်လစီ ကိုင်စွဲနိုင်ခဲ့ပြီလား၊ ပြည်သူလူထု အတွက် ယုံကြည်စိတ်ချရလောက်တဲ့ မျှော်လင့်ချက် ပေးနိုင်ပြီလား ဆိုရင်တော့ “ဟင့်အင်း” လို့ပဲ ဆိုရပါလိမ့်မယ်။
အရေးအကြီးဆုံး ဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စကို အရင်ကြည့်ပါ။ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ လွှတ်တော် ကော်မတီကနေ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စ အပြီးလုပ်မယ် ဆိုတဲ့ ညွှန်ကြားချက်အောက်မှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ရွာလည်နေပါတယ်။ ဖွဲ့စည်းပုံပြင်ရေး စိတ်အားထက်သန်နေတဲ့ ပြည်သူတွေကိုလည်း ဘယ်အချက်တွေကို ပြင်ချင်တယ်၊ ဘယ်အချိန် အပြီး ပြင်ချင်တယ် တိတိကျကျ ပြောဆိုစည်းရုံးထားတာ မရှိတော့ ပြည်သူတွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ၄၃၆ ပြင်ပေး၊ ၅၉ (စ) ပြင်ပေး ဆန္ဒပြရတာ မောလှပါပြီ။ အဓိက ပြောချင်တာက ဖွဲ့စည်းပုံပြင်ရေးနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မှာ တိကျတဲ့ မူဝါဒ နဲ့ ပြတ်သားတဲ့ နည်းနာတွေ ရှိမနေတာပါ။ ဒါနဲ့ ပါတ်သက်ပြီး ပါတီတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သူ မရှိပါဘူး။
နောက်ထပ် အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တောင်းဆိုထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘက်က တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတာ ခုအချိန်မှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက ဖြစ်ပါတယ်။ တလျှောက်လုံး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး မပေါ်ပေါက်ခဲ့ပါဘူး။ တဖက် အင်အားစုတွေက ခေါင်းမာတာ ဖြစ်နိုင်သလို ဒေါ်စုနဲ့ NLD ဘက်က စစ်အစိုးရဖြစ်ဖြစ်၊ လက်ရှိ သမ္မတ နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို မလာမဖြစ် အရောက်လာအောင် စည်းရုံးဆွဲဆောင်နိုင်ခြင်း မရှိသေးလို့ ဖြစ်ပါတယ်။ အဲဒီအတွက် လက်တွေ့ကျတဲ့ နည်းဗျူဟာ မချမှတ် အကောင်အထည် မဖော်နိုင်သေးလို့လဲ ဖြစ်ပါတယ်။ ဒါနဲ့ ပါတ်သက်ပြီးတော့လည်း ပါတီတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သူ မရှိပါဘူး။
ထပ်ပြီး အရေးကြီးတာက ၂၀၁၅ ရွေးကောက်ပွဲ ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ ရွေးကောက်ပွဲကို လွတ်လပ်မှုတော့ ရှိရင်ရှိမယ်၊ တရားမျှတမှုတော့ ရှိမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ လွတ်လွတ်လပ်လပ် မဲပေးနိုင်အောင် လုပ်ပေးမယ်၊ ဒါပေမယ့် ရလာဒ်ကောင်းတွေ ရလာရင်တောင် ဖွဲ့စည်းပုံအရ သမ္မတ ရွေးတဲ့အခါ၊ အစိုးရဖွဲ့တဲ့အခါ မျှတမှု ရှိမှာ မဟုတ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲကို ၂၀၁၂ တုန်းကလိုပဲ သမာသမတ် ကျကျ ကျင်းပပေးလိမ့်မယ်လို့ တထစ်ချ ယူဆ ပုံရပါတယ်။ ရွေးကောက်ပွဲ ဆိုင်ရာ NLD ခေါင်းဆောင် ဦးဉာဏ်ဝင်းနဲ့ အခြား ခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လေသံအတိုင်း သံယောင်လိုက် ပြောဆိုကြပါတယ်။
သူတို့တွေဟာ အရင်စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို ကျင်းပခဲ့တယ်ဆိုတာ တိတိကျကျ သိကြပုံမရပါဘူး။ ကော်မရှင်ဥပဒေတွေ၊ နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေတွေကို လေ့လာမိကြပုံ မရပါဘူး။ အခု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ရွေးကောက်ပွဲ စည်းကမ်းတင်းကြပ်ဖို့စကားလေး တစ်ခွန်းနှစ်ခွန်း ပြောမိတော့မှ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ကြပါတယ်။ တကယ်တော့ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ သူတို့ ထင်သလို လွယ်ကူမှာ မဟုတ်ဘူးဆိုတာ အခုမှ သိစ ပြုလာတာ တွေ့ရပါတယ်။ ဒီကိစ္စ နဲ့ ပါတ်သက်ပြီးတော့လည်း NLD ပါတီတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွဲနေတာကို ဝေဖန်ထောက်ပြသူ မရှိပါဘူး။
ပြောရရင် NLD ပါတီဝင်တွေဟာ ဦးဝင်းတင်ကို လေးစားကြပေမယ့် ဦးဝင်းတင်ရဲ့ ဒီမိုကရက်ပီသမှုကို အတုခိုးဖို့ သတိမရကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံရာမှာ ဦးဝင်းတင် ဝန်းရံသလို၊ ထမ်းပိုးခဲ့သလိုမျိုး မဟုတ်ပဲ ဒေါ်စုပြောတာ အားလုံး လက်ညှိုးထောင်ခေါင်းညိတ်လုပ်ရင်း ဝန်းရံနေကြတဲ့ပုံ ပေါ်ပါတယ်။ ဒီလိုနည်းနဲ့ ဆက်သွားရင် ဦးဝင်းတင်ကို လေးစားကြည်ညိုရာ မရောက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကို ပံ့ပိုးရာလည်း ရောက်မှာ မဟုတ်တဲ့အကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)