မန္တလေး ရတနာပုံနေပြည်တော်ကို မင်းတုန်းမင်းကြီး တည်ထောင်တော့ မြို့ကွက်ချထားတဲ့ အခါ မြို့ပတ်ပတ်လည်မှာ ဘုန်းတော်ကြီး ကျောင်းဝင်းတွေနဲ့ ပတ်ဝန်းစေတယ်။
မြို့အရှေ့ခြမ်းမှာ ဟိုး မြောက် မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရား မှသည် မနော်ရမ္မံ ဥယျာဉ်တော် အထိ ဘုန်းတော်ကြီး ကျောင်းဝင်းကြီးတွေရှိသလို မြို့တောင်ခြမ်း မဟာမုနိ ရုပ်ရှင်တော်မြတ် ဝန်းကျင်မှာလည်း ဘုန်းကြီး ကျောင်းဝင်းကြီးတွေ ရှိတယ်။ မြို့နန်းတည်စ အနောက်ဘက်ခြမ်း နယ်နိမိတ်ဖြစ်တဲ့ ရွှေတချောင်းခေါ် နှဲကုပ်သို မြောင်းရဲ့ အနောက်ခြမ်းမှာလည်း တောင်မှမြောက်အထိ ဘုန်းကြီး ကျောင်းဝင်းကြီးတွေ ရှိတယ်။ ဒီလို မြို့ပတ်လည်မှာ ဘုန်းကြီး ကျောင်းကြီးတွေ ရံထားသလို မြို့ထဲက ဘုရားစေတီတွေ ဝန်းကျင်မှာလည်း ဘုန်းကြီးကျောင်းကြီးတွေ ရှိသေးတယ်။
မင်းတုန်းမင်းကြီးက ဗုဒ္ဓသာသနာကို ပဉ္စမသင်္ဂါယနာ တင်သည်အထိ ဆည်းကပ်ခဲ့ သလိုပဲ ညီတော် ကနောင်မင်းသားနဲ့ မှူးမတ်ဝန်ကြီးများ ဝန်းရံအားပေးမှုနှင့် ဒေါက်တာမတ် ကဲ့သို့ ခရစ်ယာန် သာသနာပြုများနဲ့ ခရစ်ယာန် သာသနာကိုလည်း နေရာပေးခဲ့တယ်။ အလားတူ မဟာမေဒင် ဘာသာဝင်တွေကိုလည်း ဝန်မင်း၊ အမှုထမ်းတွေ အထိ ခန့်ထားချီးမြှောက်တယ်။ ဗလီဝတ်ကျောင်း တွေလည်း လှူဒါန်းခဲ့တယ်။
၈၃ လမ်းနဲ့ ၈၄ လမ်း၊ ၂၈ လမ်းနဲ့ ၂၉ လမ်း ကြား တောင်ဆင်ကျုံးဝင်းမှာ မင်းတုန်းမင်းကြီး လှူဒါန်းခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ကြီး ရှိတယ်။ အလားတူ ၈၂ လမ်းနဲ့ ၈၃ လမ်း၊ ၂၈ လမ်းနဲ့ ၂၉ လမ်း ကြား အိုးဘို ဗလီဝင်းကြီး ကလည်း မင်းတုန်းမင်း လက်ထက် ကတည်းက တည်ရှိခဲ့ တာပါ။ တခါ ၈၁ လမ်းနဲ့ ၈၂ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားက ဂျွန်းဗလီဝင်း ကလည်း ဘိုးတော်ဘုရား လက်ထက် ကတည်းက ရှိခဲ့တဲ့ ကျွမ်းဘား အမှုထမ်းတွေ အစဉ်အဆက်ကို မင်းတုန်းမင်းကြီးက ခေါ်ယူ နေရာပေးခဲ့တဲ့ဝင်း ဖြစ်ပြီး အဝယ်တော် ဦးဖိုးက ဘုရင့်ဆီ ခွင့်တောင်းပြီး ဗလီဝတ်ကျောင်း ဆောက်ခဲ့တာ တဲ့။
နောက် ထူးခြားတာ တခုက မင်းတုန်းမင်း လက်ထက် အကောက်ဝန် မင်းကြီး မူလာအီဗရာဟင်နဲ့ သားဖြစ်သူ အကောက်ဝန်မင်း မူလာအစ္စမန်အင်တို့က စူရတီဗလီကို ၁၈၅၉ ခုနှစ်မှာ ဆောက်လုပ်ခဲ့ သလို ဒေးဝန်းရပ်မှာလည်း ဗုဒ္ဓဘာသာ ရဟန်းတော်များ အတွက် အကောက်ဝန်မင်း ကျောင်းတိုက်ကြီးကို ၁၈၈၄ ခုနှစ်မှာ ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ အလားတူ ပါပဲ၊ မင်းတုန်းမင်း လက်ထက် ကတည်းက ဘုရင့်တပ်မှာ အမှုထမ်းခဲ့တဲ့ တရုတ်ဗိုလ်မင်း ဆွန်တာလောရဲ့ မိသားစုကလည်း ဟေမာဇလရပ်မှာ ရှိတဲ့ မလွန် မင်းသားကောင်းမှု ဆုတောင်းပြည့် ဘုရား အုတ်ပြာသာဒ်တော်မှာ ကောဇာသက္ကရာဇ် ၁၂၉၉ ခုနှစ်က လှူဒါန်းခဲ့ဖူးတယ် တဲ့။
မန္တလေး နေပြည်တော် တည်ထောင်တော့ အတန်းတွေ၊ အစုတွေဖွဲ့ပြီး ရပ်ကွက်ဖွဲ့စည်းတဲ့ အခါ ကုလားစု၊ ကသည်းစု၊ တရုတ်စု၊ မွန်စု၊ ယိုးဒယားစု၊ ယွန်းစု၊ ရခိုင်စု၊ ရှမ်းစု၊ လင်းဇင်းစု စသည်ဖြင့် ချထားပေးခဲ့တယ်။ အားလုံး ဘုရင့် အာဏာစက်တော် ညီညီညွတ်ညွတ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြတဲ့ သာဓကပါ။ ဝင်းတွေ အနေနဲ့လည်း အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ သံတမန်များနဲ့ မျိုးနွယ်များ အတွက် သံဝင်း၊ ဗရင်ဂျီဝင်း ဆိုတာတွေလည်း ရှိခဲ့တယ်။
ဗုဒ္ဓဘာသာကို အထူးအားပေး၊ ရတနာသုံးပါး ဆက်ကပ်ပြီး နံနက် အရုဏ်တက်တာနဲ့ တမြို့လုံး ဆွမ်းခံ သံဃာတော် များရဲ့ သင်္ကန်းရောင် ဝါဝါလွှမ်း နေတဲ့ မန္တလေး ရတနာပုံ နေပြည်တော်မှာ မြို့တော်သူ၊ မြို့တော်သားဆိုတဲ့ တသွေးတည်း အောက် အပေး အယူ မျှတစွာ နေထိုင်ခဲ့ကြတယ် ဆိုတာ တလျှောက်လုံး ဘာသာရေး ဆိုင်ရာ ပဋိပက္ခ စိုးစဉ်းမျှ မရှိခဲ့ခြင်းကလည်း သက်သေပါပဲ။
ပါတော်မူပြီးနောက် သူ့ ကျွန်အောက် ရောက်ရပြန်တော့လည်း လူမျိုး ဘာသာ မခွဲခြားဘဲ မတရား အုပ်ချုပ်မှုဆိုတဲ့ ရန်သူအပေါ်မှာပဲ ညီညီညွတ်ညွတ် ခုခံပုန်ကန်ခဲ့ကြတာ ပါပဲ။ ဒီလို ခုခံမှုတွေ၊ အုပ်ချုပ်သူအပေါ် မကျေနပ်မှုတွေ စုစည်း အားကောင်းလာလို့ အုပ်ချုပ်သူက အာရုံလွှဲတဲ့ အနေ နဲ့ ၁၉၃၈ ခုနှစ်မှာ လူမျိုးရေး အဓိကရုဏ်း တခု ဖန်တီးခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ မန္တလေးကိုလည်း ရိုက်ခတ်ပေမယ့် တလျှောက်လုံး ညီညွတ်စည်းလုံး ခဲ့တဲ့ မန္တလေးမှာ အရာ မထင်ခဲ့ပါဘူး။ အလား တူ အုပ်စိုးသူရဲ့လှည့်ကွက်ကို အကင်းပါးတဲ့ လူထုတရပ်လုံးက သိရှိတဲ့နောက် နာမည်ကျော် ၁၃၀ဝ ပြည့် အရေးတော်ပုံကြီး ဟုန်းဟုန်း ထခဲ့တာ မဟုတ်ပါလား။
ရဟန်း သံဃာတော်တွေ သောင်းချီ ရှိတဲ့ မန္တလေးမှာလည်း အုပ်စိုးသူရဲ့မတရားမှုတိုင်းကို သံဃာတော်တွေကပဲ ဦးဆောင် ကန့်ကွက်ဆန့်ကျင် ခဲ့ပါတယ်။ ဒီအထဲမှာ ရဟန်းပျိုအဖွဲ့ချုပ် ဆိုတာ အထင်အရှားပါပဲ။ ၁၉၃၈ လူမျိုးဘာသာရေး အဓိကရုဏ်းမှာ ရဟန်းပျိုတွေကပဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ လမ်းမှား မရောက်ဖို့ ဆောင်ရွက်ခဲ့ကြတယ်။
ဘာသာခြားတွေ ရဲ့ ဝင်းတွေ၊ အဆောက်အအုံတွေ၊ ဘာသာရေး ဝတ်ကျောင်းတွေ၊ ဈေးဆိုင်တွေကို သံဃာတော်တွေက စောင့် ရှောက်ခဲ့ကြ တယ်။ ဒီပုဂ္ဂိုလ်တွေ ဆိုတာကလည်း ဘာသာချင်း မတူပေမယ့် နံနက်လင်းတာနဲ့ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို မပြတ် ဆွမ်းလောင်းလှူ ကြတာတွေလည်း ရှိခဲ့ကြတယ်။
ဒါကြောင့် မန္တလေးမှာ အုပ်စိုးသူ မင်းအပါအဝင် သဘာဝ ဘေးဒဏ်ကြီးတွေ၊ ဥပမာ- မန္တလေးမှာ ကြုံရလေ့ ရှိတဲ့ မီးဘေး ကြီးတွေတိုင်း “ဘေးအန္တရာယ်” ဆိုတဲ့ ရန်သူ၊ “အဓမ္မ”ဆိုတဲ့ ရန်သူကိုပဲ ပစ်မှတ်ထားပြီး လူမျိုး ဘာသာ မရွေးဘဲ သံဃာတွေက တားဆီး ကာကွယ်ခဲ့ ကြတဲ့ သာဓကတွေ ချည်းရှိခဲ့တာ ပါပဲ။ မန္တလေးမှာ ဘာသာခြားတွေ စုဖွဲ့နေထိုင်ကြတဲ့ အစုတွေ၊ ဝင်းတွေမှာ မီးဘေး သင့်ရင် ပထမဆုံး ရောက်လာငြှိမ်းသတ် ကြတာက သံဃာတော်တွေ ပါ။ ဒီ မီးလောင်ပြင် တွေကိုလည်း တောကြောင်တွေရဲ့ ရန် က ကာကွယ်ဖို့ ဆွမ်းတနပ်ပဲ စားပြီး ၂၄ နာရီ ပတ်လုံး စောင့်ရှောက်ခဲ့ကြတာလည်း သံဃာတော်တွေ ပါပဲ။ ဒီလိုကျေးဇူးတွေ ကြောင့် မည်သည့် ဘာသာဝင်ဖြစ်စေ သံဃာတော်များကို လှူဖို့ တန်းဖို့၊ ရိုသေ ကြည်ညိုကြဖို့ဆိုရင် မန္တလေးမှာ လက်မနှေးခဲ့ကြတဲ့ သာဓကတွေလည်း အများကြီးပါပဲ။
ဒါကြောင့် ၁၃၀ဝ ပြည့် အရေးတော်ပုံကြီး အစ ၁၉၈၈ အရေးတော်ပုံကြီး အလယ် ၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေးကြီး အဆုံး အဆက်ဆက်သော အုပ်စိုးသူရဲ့ တိုင်းပြည်အပေါ် မတရားဖိနှိပ်တဲ့ “အဓမ္မမှုများ” ကိုပဲ အဖိနှိပ် အညှဉ်းဆဲခံ ပြည်သူလူထုကို ဦးဆောင်ကာ သံဃာတော်များကပဲ အသက်စွန့် တွန်းလှန်ခဲ့ ကြတာပါ။
အဖိနှိပ်ခံ ပြည်သူလူထုဆိုတာ လူမျိုးဘာသာ မကွဲပြားကြပါဘူးလေ။ ။