မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍကို ပြန်လည် အားကောင်း လာစေရန် ကူညီရေးတွင် ဗြိတိန်နိုင်ငံ၏ အခန်းကဏ္ဍကို တိုးချဲ့နိုင်ရန် ဗြိတိသျှကောင်စီ (British Council) ၏ ညွှန်ကြားရေးမှူးနှင့် ယဉ်ကျေးမှု သံမှူးဖြစ်သည့် Kevin Mackenzie က မျှော်လင့်နေသည်။ ယခု ရာထူးနေရာတွင် တာဝန်ယူခဲ့သည်မှာ ၂ နှစ်ပင် မပြည့်သေး သော်လည်း သူက ဤဒေသနှင့် စိမ်းသူတဦး မဟုတ်ပါ။ မလေးရှား၊ သီရိလင်္ကာနှင့် ဟောင်ကောင်တို့တွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသူဖြစ်ပြီး ဥရောပတွင်လည်း ၂၃ နှစ်ကြာ တာဝန်ထမ်းခဲ့သည်။
ပြီးခဲ့သည့် လကုန်ပိုင်းတွင် British Council နှင့် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနတို့ နားလည်မှု စာချွန်လွှာတရပ် လက်မှတ် ရေး ထိုးခဲ့ပြီး မြန်မာနိုင်ငံတွင် ကျောင်းဆရာ၊ ဆရာမများကို လေ့ကျင့်ပေးနေသည့် ပညာရေး ကောလိပ် ၂၀ ကျော်တွင် အင်္ဂလိပ် ဘာသာ သင်ကြားမည့် ဆရာများ ပံ့ပိုးပေးရန် ရည်ရွယ်ထားသည်။ အဆိုပါ ပညာရေး အစီအစဉ်နှင့် ပတ်သက်ပြီး ဧရာဝတီ အင်္ဂလိပ် ပိုင်း သတင်းထောက် ရင်စနိုင်းက Kevin Mackenzie နှင့် တွေ့ဆုံ မေးမြန်း ခဲ့ပါသည်။
မေး။ ။ British Council နဲ့ ပညာရေးဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာက ဘာကို ရည်ရွယ် ပါသလဲ။
ဖြေ။ ။ အစိုးရသစ် အာဏာရလာပြီးတဲ့ နောက် ဒီမှာ အခြေအနေတွေ စတင်ပြောင်းလဲ လာပါတယ်။ British Council နဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေနဲ့ ပွင့်လင်းတဲ့ဆက်ဆံ မှုတွေလည်း စတင်ပြီးဖြစ်ပေါ်လာပါတယ်။ ကျနော် တို့နဲ့ မြန်မာအစိုးရနဲ့ ဘယ်နေ ရာ မှာ အလုပ်လုပ်မယ် ဆိုတာကို သတ်မှတ်ချင်ခဲ့ပါတယ်။ ကျနော်တို့ လက်မှတ်ထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာမှာ ဖော်ပြထား တာက ကျနော်တို့ စပြီးတော့ လုပ်နေပြီဖြစ်တဲ့ ကဏ္ဍတွေပါပဲ။ ဒါပေမယ့် ကျနော်တို့က ဒီနေရာတွေနဲ့ ပတ်သက်ပြီးတော့ရယ်၊ နောက်ပြီး တိုင်းပြည်မှာ အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ ဒါတွေက ဘယ်လို ပါဝင်နိုင်မယ် ဆိုတာကို ကျနော်တို့က ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်။
နားလည်မှု စာချွန်လွှာမှာ ကျနော်တို့ ထပ်လုပ် ချင်တဲ့၊ ဆက်ပြီးတော့ လုပ်ချင်တဲ့ ကဏ္ဍတွေရဲ့ စာရင်းကို ဖော်ပြထား ပါတယ်။ အခြေခံအားဖြင့်တော့ အင်္ဂလိပ်စာ သင်ကြားရေး၊ အင်္ဂလိပ်စာ သင်ကြားပေး နေတဲ့ မြန်မာဆရာတွေကို အထောက်အကူ ပေးရေး၊ ပညာရေးကဏ္ဍ ဘက်စုံ လေ့လာသုံးသပ်မှု (CESR) ကနေတဆင့် ပညာရေး ဝန်ကြီးဌာနကို အထောက်အကူ ပြုရေးနဲ့ လွှတ်တော်ပညာရေး ကော်မတီလိုမျိုး တခြား အဖွဲ့အစည်းတွေကို ကူညီပေးဖို့ ဖြစ်ပါတယ်။
မူဝါဒ ပြုပြင်ပြောင်းလဲရေး ကိုလည်း ကျနော်တို့ အကြံဉာဏ် ပေးနေပါတယ်။ အင်္ဂလန်နဲ့ ဆက်သွယ် လုပ်ကိုင်နေသူ တွေကိုလည်း ကူညီနေပါတယ်။ အင်္ဂလိပ်စာ သင်ကြားရေး၊ လေ့လာအကဲဖြတ်ရေး နဲ့ သင်ကြားရေး စွမ်းရည်တွေ အတွက်လည်း အထောက်အပံ့ ပေးနေပါတယ်။
မေး။ ။ နားလည်မှု စာချွန်လွှာမှာ ပါဝင်တဲ့ သဘောတူညီချက် အသေးစိတ် အကြောင်းအရာတွေက ဘာတွေ ဖြစ်ပါသလဲ။
ဖြေ။ ။ သဘောတူညီချက်က အခြေခံအားဖြင့်တော့ ကျနော်တို့လုပ်နိုင်တဲ့အရာတွေ အားလုံးပါပဲ။ ဒီနိုင်ငံမှာ ကျနော်တို့ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်လာ စေချင်ပါတယ်။ ဒါကို လုပ်နိုင်ဖို့ အတွက် နိုင်ငံခြားက ဆရာတွေ ခန့်ထားနိုင်ဖို့ လိုပါတယ်။ ကျနော်တို့က ဒါကို လုပ်နိုင်ဖို့လည်း သေချာချင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားဆရာတွေက မြန်မာနိုင်ငံ နေရာအသီးသီးမှာ သင်ကြားပေးနိုင်ဖို့ အစိုးရဆီက ခွင့်ပြုချက် တောင်းခံခဲ့ပါတယ်။ ရန်ကုန်တခုတည်း မဟုတ်ပါဘူး။ မန္တလေး၊ နေပြည်တော်နဲ့ မြန်မာနိုင်ငံရဲ့ တခြား နေရာတွေ မှာလည်း ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ပိုပိုပြီးတော့ ပေးနိုင်ချင်ပါတယ်။ ဒီလို လုပ်နိုင်ဖို့ အတွက် သဘောတူညီချက် တခုလိုပါတယ်။ တကယ်တော့ သဘောတူညီချက် ဆိုတာက ကျနော်တို့က ဒါတွေ အားလုံးကို လုပ်မယ်၊ ပညာရေး ပြုပြင်ပြောင်းလဲ ရေးကို အထောက်အကူ ပေးမယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့ ဆောင်ရွက်မှုကို တိုးချဲ့နိုင်ဖို့ လိုတယ်ဆိုတာကို အပြန်အလှန် နားလည်မှု ရယူတာပါပဲ။
မေး။ ။ မြန်မာနိုင်ငံမှာ ဆရာတွေကို လေ့ကျင့်ပေးနေတဲ့ ပညာရေး ကောလိပ် အားလုံးနီးပါးမှာ နိုင်ငံခြားသား အင်္ဂလိပ်စာ ဆရာ ၂ ယောက်စီ ခန့်ထားပေးဖို့ စီမံကိန်းတခု ရှိတယ်လို့ သိရပါတယ်။
ဖြေ။ ။ ဒါက နားလည်မှု စာချွန်လွှာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ English for Education College Trainers (EfECT) လို့ခေါ်ပါတယ်။ ဒီနှစ် စက်တင်ဘာလ အတွင်းမှာ စတင်မယ့် စီမံကိန်း အသစ်တခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တလွှားက မြို့တွေမှာ ရှိနေတဲ့ အစိုးရ ပညာရေး ကောလိပ်တွေ အတွက် အင်္ဂလိပ်ဘာသာစကား သင်ကြားတဲ့ ဆရာ ၄၄ ဦးကို ခေါ်ယူပေးမှာ ဖြစ်ပါတယ်။ သူတို့တွေက ပညာရေး ကောလိပ်တွေမှာ လိုအပ်တဲ့ အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးသွားမှာပါ။ ခင်ဗျား သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာ သင်ကြားနည်း အများအပြားက အင်္ဂလိပ်ဘာသာနဲ့ သင်ကြားဖို့ လိုအပ်နေတယ်။ ဆရာတွေကို လေ့ကျင့်ပေးနေတဲ့ ပညာရေး ကောလိပ်က ဝန်ထမ်းတွေ အနေနဲ့ သူတို့ရဲ့ အင်္ဂလိပ်စာကို တိုးတက်အောင် မြှင့်တင်ဖို့ လိုပါတယ်။
ကျနော်တို့က ပညာရေးကောလိပ်က ဝန်ထမ်း တွေကို ဦးတည်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းလာတက်တဲ့ ဆရာတွေကို မဟုတ်ပါဘူး။ ဒါပေမယ့် ဆပွားသက်ရောက်မှုကြောင့် ကျောင်းလာ တက်တဲ့ ဆရာတွေကိုလည်း လေ့ကျင့်ရာမှာ အထောက်အကူ ဖြစ်သွားပါလိမ့်မယ်။
ရန်ပုံငွေကတော့ ဗြိတိန်အစိုးရဆီက ရပါတယ်။ ကျနော်တို့ British Council နဲ့ ဗြိတိန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက ဖြစ်ပါတယ်။ ၂ နှစ်အတွက် စတာလင်ပေါင် ၄ ဒသမ ၂ သန်း (အမေရိကန် ဒေါ်လာ ၇ ဒသမ ၂ သန်း) ပေးဖို့ ရှိပါတယ်။ ဒါက အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှု တခုဖြစ်ပြီးတော့ အင်္ဂလိပ် စာသင်ကြားတဲ့ ဆရာတွေရဲ့ အရည်အသွေး အပေါ် ကြီးမားစွာ သက်ရောက်မှု ရှိမယ်လို့လည်း ကျနော်တို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ပညာရေးရဲ့အရည်အသွေး ပေါ်မှာလည်း သက်ရောက်နိုင် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ လေ့ကျင့်ပေးလိုက်တဲ့ ဆရာတွေက စိတ်ကူးအသစ်တွေ၊ အယူအဆအသစ်နဲ့ နည်းပညာအသစ်တွေနဲ့ သင်ကြားပေးကြ ပါလိမ့်မယ်။
မေး။ ။ ဘာဖြစ်လို့ အချိန်ကာလ ၂ နှစ် သတ်မှတ်ထား တာလဲ။
ဖြေ။ ။ အချိန်ကာလတခု သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို ကိစ္စမျိုး အတွက် ၂ နှစ်ဆိုတာ ကောင်းမွန်တဲ့ အချိန် အပိုင်းအခြား တခုလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီ ၂ နှစ်ပြီးရင် ကျနော်တို့ ဘာ ဆက်လုပ်မလဲ ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဆက်လုပ်ရင်လည်း လုပ်မယ်။ တခြား တစုံတခု ဘက်ကိုလည်း ပြောင်းသွားနိုင်ပါတယ်။ ကျနော်တို့ မသိပါဘူး။ ကျနော်တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ စတင်ပြီးတော့ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ၂ နှစ်ကာလ ပြီးဆုံးတဲ့အခါ ဘာကိုမျှော်လင့် ထားပါသလဲ။
ဖြေ။ ။ လေ့ကျင့်ရေး ဆရာတွေရဲ့ အင်္ဂလိပ်စာ အဆင့်အတန်း ထိထိရောက်ရောက် တိုးတက်လာမယ်လို့ ကျနော်တို့ မျှော်လင့်ထား ပါတယ်။ အင်္ဂလိပ်စာ အဆင့်အတန်းကို သတ်မှတ်တဲ့ ဥရောပရဲ့ အခြေခံ သတ်မှတ်ချက်တွေ အရ ဒီကာလ အတွင်းမှာ ဆရာတွေ အနည်းဆုံး အဆင့်တခု တက်မယ်လို့ ကျနော်တို့ မျှော်လင့် ထားပါတယ်။ တော်တော် လေးကို အရေးပါတဲ့ အဆင့်တခု ဖြစ်ပါတယ်။ အခြေခံ သတ်မှတ်ချက်မှာ အဆင့် ၅ ဆင့် ပါဝင်ပါတယ်။ သင်ယူသူကို ပိုပြီး ဗဟိုပြုတဲ့ ချဉ်းကပ်မှု တခုမှာ ကျောင်းသားတွေကို ပါဝင်စေခြင်း အားဖြင့် အင်္ဂလိပ်စာ သင်ကြားရေးမှာ ပြောဆိုဆက်ဆံမှု လမ်းကြောင်းတွေကို ပိုပြီး သိသိသာသာ နားလည်လာမယ် လို့လည်း ကျနော်တို့ မျှော်လင့်ထား ပါတယ်။ ဒီနည်းကို အင်္ဂလိပ်ဘာသာ သင်ကြားရေးမှာ သာမက တခြားဘာသာရပ်တွေကို သင်ကြားတဲ့ နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။
မေး။ ။ အရင်တုန်းက ဒီလို အစီအစဉ်မျိုး ရှိခဲ့ဖူး ပါသလား။
ဖြေ။ ။ အစိုးရသစ် တက်လာပြီးတော့မှ အစိုးရရဲ့ ပညာရေး ကဏ္ဍနဲ့ အတူ ကျနော်တို့ လုပ်နိုင်လာတာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလိုမျိုး ကျောင်းပြင်ပ ကဏ္ဍတွေမှာပဲ ကျနော်တို့ လုပ်နေခဲ့ ပါတယ်။ အစိုးရကျောင်းတွေနဲ့ ကျနော်တို့နဲ့ အဆက်အသွယ် မရှိခဲ့ပါဘူး။ ဒါက အစိုးရကျောင်းတွေမှာ ကျနော်တို့ ပထမဆုံး တရားဝင် ထိတွေ့လုပ်ကိုင်တာ ဖြစ်ပါတယ်။
မေး။ ။ ဘာသာစကား သင်ကြားရေးနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိစနစ်ကို ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ကျနော် နားလည်တာကတော့ ဒီမှာက ကျောင်းသားက သူတို့ဘာသာ သိနားလည်လာအောင် အားပေးတာမျိုး အစား သင်ပေးတာကိုပဲ ထပ်တလဲလဲ အလွတ်ကျက်ခိုင်းတာ အရမ်းများနေတယ်။ ဒီလိုဖြစ်ရတာက အစဉ်အလာ အလေ့အထ အရ တစိတ်တပိုင်း ဖြစ်နိုင်သလို သင်ကြားရေးနဲ့ ပတ်သက်တဲ့ ခေတ်နဲ့ ကိုက်ညီတဲ့ စိတ်ကူးစိတ်သန်းတွေ ထုတ်ဖော်နိုင်ခြင်း မရှိတာကလည်း တစိတ်တပိုင်း ပါဝင်နေမယ်လို့ ကျနော်ထင်ပါတယ်။
မေး။ ။ ဆရာတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ အတွက် ဘယ်လို အကြံပြုချင်ပါသလဲ။
ဖြေ။ ။ ကျနော် အမြဲအကြံပြုခဲ့ သလို “စူးစမ်းလေ့လာ” ကြဖို့ အကြံပေးချင်ပါတယ်။ ကွဲပြားခြားနားတဲ့ သင်ကြား နည်းတွေ၊ သင်ယူရေး စိတ်ကူးစိတ်သန်းတွေ အတွက် သူတို့ရဲ့ စိတ်တွေကို ဖွင့်ထားရပါမယ်။
မေး။ ။ ဆရာတွေက ပိုပြီးဖန်တီး တီထွင်နိုင်ဖို့နဲ့ သင်ကြားရေး နည်းသစ်တွေကို လက်ခံကျင့်သုံးလာနိုင်ဖို့ မြန်မာနိုင်ငံရဲ့ ပညာရေးမူဝါဒနဲ့ ဥပဒေတွေနဲ့ ဘယ်လို ပြုလုပ်ပေးနိုင်မလဲ။
ဖြေ။ ။ အစိုးရနဲ့ အတူ လုပ်ရင်း ကျနော်နားလည်မိတာက လုပ်ပိုင်ခွင့်ကို မှန်ကန်တဲ့ အဆင့်အထိ လွှဲပြောင်းပေးဖို့ စိတ်ဝင်စားမှု ရှိပါတယ်။ ကျနော့်ရဲ့ အတွေ့အကြုံ အရ ဆိုရင် လုပ်ပိုင်ခွင့်ကို လွှဲပြောင်းပေးမယ် ဆိုရင် အနိမ့်ဆုံး အဆင့်မှာ လုပ်နိုင်တာက အကောင်း ဆုံးနည်းပဲ။ ဆရာတွေမှာ လုပ်ပိုင်ခွင့် ရှိဖို့ လိုအပ်ပါတယ်။ ပေါ်လွင်အောင် ပြောရမယ် ဆိုရင် ဆရာတွေက အခြေအနေကို ကောင်းကောင်းသိနေရ ပါမယ်။ သူတို့ ဘာတွေ လုပ်နေတယ် ဆိုတာ သူတို့ရဲ့ ကျောင်းတွေကို တာဝန်ခံနိုင်ရ ပါမယ်။ ဆရာတွေ ကြုံတွေ့ဆက်ဆံနေရတဲ့ ကျောင်းသားတွေကို အခြေပြုတဲ့ စာသင်ခန်းတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိရမယ်လို့ ကျနော်ထင်ပါတယ်။ ။