ဆရာဦးဝင်းတင် လမ်းသစ်ရိပ်သာ တိုက်ခန်း ကိစ္စ အစိုးရ ကို တောင်းပန်မယ် ဆိုတော့ စိတ်ထဲ အစာမကျေ ဖြစ်ရတယ်။ သူခိုး၊ ဓါးပြ ဆီက ခယ တောင်းပန်ပြီး ပြန်ပေးပါ ဆိုစရာ အကြောင်း မရှိဘူး။ ဦးဝင်းတင် ဝါဒ နဲ့ မကိုက်ဘူး။
ဒီ တိုက်ခန်းအပေါ် ဦးဝင်းတင် ဆန္ဒ က သူ့ ဖောင်ဒေးရှင်း နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အတွက် အသုံးပြုစေချင်တယ် ဆိုတာ သိရတော့ ပြန်လည် ရယူနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် တောင်းပန် စရာ မလိုဘူး။ ရုံးလုပ်ထုံး၊ လုပ်နည်း အရ စာတင် တာလောက် ဆို လုံလောက်ပြီလို့ ထင်တယ်။
ဒါ့အပြင် အများ အကျိုး ရှိဖို့ လုပ်စေချင်တဲ့ သဘော နဲ့ ဦးဝင်းတင် ဆန္ဒ ကို လေးစား တန်ဖိုးထားရမှာ မှန်ပေမယ့် တကယ်တော့ ဒီ လမ်းသစ်ရိပ်သာ တိုက်ခန်းကမှ ဦးဝင်းတင် ပြတိုက် ဖြစ်သင့်တဲ့ နေရာပါ။ ဒီတိုက်ခန်းမှာ သူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သူ့ရဲ့ သတင်းစာ၊ စာပေ၊ ပုဂ္ဂလိက မိတ်ဆွေ အပေါင်းအသင်းများ၊ ကျောင်းသား၊ နိုင်ငံရေးသမား အားလုံး ဆုံဆည်း ကျက်စားခဲ့ရာ အမှတ်တရ နေရာလေး ဖြစ်တယ်။ လူကြီး၊ လူငယ် အားလုံး တွေ့ဆုံ နှီးနှော ကဗျာ၊ စာပေ၊ နိုင်ငံရေး ဆွေးနွေးဝိုင်းလေးများ၊ စားပွဲသောက်ပွဲများ ဖြစ်ခဲ့တဲ့ နေရာလည်း ဖြစ်တယ်။
အဲ့ဒီ တိုက်ခန်းလေး က သူတပါး အတွက် သက်သက် နေထိုင် အသက်ရှင်ခဲ့တဲ့ ဆရာဦးဝင်းတင် ရဲ့ ဘဝ၊ စရိုက် ကိုလည် ပုံဖော်နိုင်တယ်။ တိုက်ခန်း သော့ အပို တွေ က သူ့ မိတ်ဆွေ တွေ ဆီမှာ ရှိတယ်။ သူတို့ လိုအပ်ရင် အချိန်မရွေး အသုံးပြုနိုင်တယ်။ နယ်က သူ့ မိတ်ဆွေတွေရဲ့ သားသမီး တွေ တက္ကသိုလ်တက်ချိန် လာရောက် ခိုလှုံခဲ့ရာနေရာလေး ဖြစ်တယ်။ လူပျိုကြီး ဆရာဦးဝင်းတင် ကလည်း မိတ်ဆွေ တွေရဲ့ သားသမီး တွေကို သားသမီးအရင်း လို စောင့်ရှောက် ပေးခဲ့ရာ နေရာလေး ဖြစ်တယ်။ ဘဝတသက်တာ သတင်းစာ သမားကြီး ဖြစ်တဲ့ ဆရာ ဦးဝင်းတင် ရဲ့ လူငယ်၊ လူကြီး ဘက်နှစ်ဘက်စလုံးဆီက သတင်းစကား၊ သဘောထား တွေ ရယူရာ နေရာလည်း ဖြစ်တယ်။
ဒီ တိုက်ခန်းလေးဟာ ဆရာ ဦးဝင်းတင် အကြောင်းကို အကောင်းဆုံး ပြောပြနိုင်မယ့် နေရာလေးပါ။ သူ စုဆောင်းခဲ့တဲ့ စာအုပ်တွေ၊ ပန်းချီတွေ၊ သူ့ ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေမှာ အမှတ်တရ စုခဲ့တဲ့ အနုပညာ လက်ရာ ပစ္စည်းတွေ နဲ့ သူနေစဉ်အချိန်တုန်းက တကယ့်ကို စည်စည်ကားကား ရှိခဲ့ပါတယ်။ ဒါပေမယ့် သူထောင်ကျချိန်၊ စစ်အစိုးရက အခန်းကို သိမ်းချိန်မှာတော့ စစ်ထောက်လှမ်းရေး က အဲဒီ တိုက်ခန်းလေးကို ဝေသာလီပြည် ဘီလူး ဝင်သလို ဝင်မွှေပြီး စာအုပ်စာတမ်း နဲ့ အခြား ပစ္စည်း အစုစု အများစုကို သိမ်းခဲ့တယ်။
စစ်အာဏာရှင်စနစ်၊ စစ်ထောက်လှမ်းရေး နဲ့ ထောင် သက် ၁၉ နှစ် က ဆရာ ဦးဝင်းတင် ရဲ့ ထက်မြက်တဲ့ ကလောင် တချောင်း၊ အများအတွက် တန်ဖိုးရှိတဲ့ ဘဝ တခု ကို အကျိုး မဲ့ အလဟဿ ဖြစ်စေခဲ့ရုံသာမက သူ့ ရဲ့ ဘဝလို ဖြစ်နေတဲ့ တိုက်ခန်းလေးကိုပါ ဖျက်စီးခဲ့တယ်။
အဲဒီတုန်းက သိမ်းယူခဲ့တဲ့ ရှားပါး စာအုပ်၊ စာရွက်စာတမ်း၊ မှတ်တမ်းတွေ၊ အနုပညာ ပစ္စည်းတွေ အခု အချိန် ဘယ်လို မှ အစ ရှာရတော့မယ် မထင်ပါ။ အစိုးရက ဆန္ဒ ရှိလို့ ပြန်ရှာပေးမယ် ဆိုရင်တောင်မှ စစ်ထောက်လှမ်းရေး ကျဆုံး ပျက်စီးချိန်မှာ သူတို့ စခန်းတွေကိုယ်တိုင် အရင် သူများကို သူတို့ လုပ်ခဲ့သလို ဘီလူးဆိုင်း တီး ဝင်ရောက် သိမ်းပိုက် ရှာဖွေ၊ ယူငင်ခြင်း ခံခဲ့ရတော့ ဆရာဦးဝင်းတင် ပစ္စည်းတွေလို မျိုးတွေဟာ သူခိုး လက်ကနေ သူဝှက်လက်ကို ရောက် အခုအချိန်မှာ အားလုံး လမ်းစပျောက်နေပါပြီ။
တိုင်းပြည် နဲ့ အနာဂတ် မျိုးဆက်သစ် အတွက် ဘယ်လောက် နစ်နာလိုက်သလဲ၊ နောင်တခေတ် လူငယ်များ နမူနာပြု လေ့လာ ထိုက်တဲ့ ပုဂ္ဂိုလ်ကြီး တယောက် ရဲ့ နောက်ခံ ဘဝ၊ အဖြစ်အပျက် မှတ်တမ်း မှတ်ရာ နဲ့ ပစ္စည်းများ ဆုံးရှုံးခဲ့ရတာ။ လူတယောက် ရဲ့ သမိုင်း ကို ဖျောက်ခြင်း၊ ဖျက်ခြင်း ထက်ပိုတယ်။ ဆိုးကျိုးဆက် က အနာဂတ် ကိုပါ သက်ရောက် ထိတယ်။
အခု ဒီ တိုက်ခန်းကို ပြန်ရရင် သူ့ ရဲ့ ဖောင်ဒေးရှင်း နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အတွက် အသုံးပြုဖို့ ဆန္ဒ ရှိတယ်ဆိုတာမှာ ဘယ်လို စီစဉ်ကြမယ် ဆိုတာ မသိပါ။ တိုက်ခန်း ကို ရောင်းပြီး ငွေကြေးကို လူမှုရေး လုပ်ငန်းတွေမှာ ပြန်သုံးမယ် ဆိုတာမျိုး ဖြစ်မယ် ထင်ပါတယ်။ ကောင်းမွန်တဲ့ အစီအမံမျိုးပါပဲ။
ဒါပေမယ့် ဖြစ်နိုင်ရင်တော့ ကျန်ရှိနေသေးတဲ့ သူ့ ပစ္စည်းတွေ၊ ပြန်လည် ရယူ ရှာဖွေ နိုင်မယ့် ပစ္စည်းတွေ နဲ့ ဒီ လမ်းသစ်ရိပ်သာ တိုက်ခန်းလေးကိုပဲ သူ့ ပြတိုက် နေရာလေး လုပ်နိုင်ရင် ကောင်းမယ် ယူဆတယ်။
လူချစ်၊ လူခင် ပေါများလှတဲ့ ဆရာ ဦးဝင်းတင် တယောက် တချိန်တုန်းက လူကြီး၊ လူငယ်၊ လူရွယ် အားလုံး နဲ့ စုဝေး ပျော်ပါး အမှတ်တရ အများကြီး ရှိခဲ့ရာ လမ်းသစ်ရိပ်သာ တိုက်ခန်းလေးကို သူ့ ရဲ့ ဆရာ တဦး ဖြစ်သူ ဆရာကြီး အိုးဝေ ဦးညိုမြ က Blue Moon လေး လို့ အမည်ပေးခဲ့ဖူးတယ်။
တိုက်ခန်းက အပေါ်ထပ် အခန်းဆိုတော့ မိတ်ဆွေတွေကို အမြဲ ငဲ့ညှာ တတ်တဲ့ ဦးဝင်းတင် က သူ အပြင် ထွက်ချိန်ဆိုရင် ပြတင်းပေါက် မှာ ပင်ပေါင်ဘက်တန် ကို အနီ ဘက်ခြမ်း ပြ ညှပ်ခဲ့တယ်၊ သော့ မရှိသူ မိတ်ဆွေ အများ အိမ်ပေါ် အထိ အပင်ပန်းခံ တက်မလာရအောင်ပေါ့၊ သူအိမ်မှာ ရှိစဉ် ဆိုရင်တော့ ဘက်တန်ကို တဘက်လှည့် အပြာဘက်ခြမ်းကနေ အမြဲ ချိတ် ထားတယ်၊ ဆိုတော့ အောက်က ဧည့်သည် က အပြာရောင်လေး ကို မြင်ရင် ဦးဝင်းတင် အိမ်မှာ ရှိကြောင်း သိပြီး တက်လာနိုင်တယ်။
ဒီ သဘောလေးကို အခြေခံပြီး ဦးညိုမြ က “ဒီနေ့ Blue Moon လေး သာ တယ် ဗျာ၊ ဟိုတရက်ကလည်း ဒီ လမ်းသစ်ရိပ်သာ ဘက် ရောက်သေးတယ်၊ ဒါပေမယ့် ခင်ဗျား ရဲ့ Blue Moon လေး က မသာတော့ ကျနော် မတက်ဖြစ်တော့ဘူး စသည် ဖြင့် အမြဲ ဆိုလေ့ရှိခဲ့ဖူးတယ်။
အခုလည်း “လမ်းသစ်ရိပ်သာက လရိပ်ပြာ Blue Moon” လေး မသာနိုင်ခဲ့တာ နှစ်ပေါင်း ၂၀ ကို တော်တော် ကျော် နေပါပြီ။ ဗမာပြည်ကြီး ကိုယ်တိုင်လည်း အမိုက်ဖုံးနေခဲ့တာ ရာစုဝက် ရှိနေပါပြီ။ အခု ဒီမိုကရေစီ ခေတ် အစိုးရ လို့ အမြဲ အော်အော်နေတတ်တော့ တိုင်းပြည်ကို စစ်ပွဲ၊ ပဋိပက္ခ၊ လူမှုစီးပွား အမိုက်မှောင် က နေ တကယ်ပဲ လွတ်မြောက် အေးမြမှု ရစေချင်သလို ဖြစ်နိုင်ရင် လူတစု အတွက် မဟုတ်တဲ့ တကယ့် လူထု သတင်းသမား၊ တကယ့် လူထု နိုင်ငံရေး သမားကြီး ရဲ့ တချိန်က သာခဲ့တဲ့ “လမ်းသစ်ရိပ်သာက လရိပ်ပြာ Blue Moon” ကိုလည်း ပြန်လည် သာစေချင်၊ နောင်တခေတ် လူငယ်များ အတွက် လေ့လာ အတုယူ စရာ ပြတိုက်လေး အဖြစ် မြင်ချင်ကြောင်းပါ ခင်ဗျာ။
(ငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်)