ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲနဲ့ သက်ကြီးပူဇော်ပွဲတခု နော်ဝေနိုင်ငံ အော်စ လိုမြို့အပြင်ဖက်ရှိ မြို့ငယ်လေးတခုမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲသွားရင်း ရိုးရာနှစ် သစ်ကူးတာ၊ သက်ကြီးပူဇော်တာ၊ ကတာ ခုန်တာတွေကို မြင်ခဲ့ရတဲ့အပြင် ထူးထူးခြားခြား ကချင်ဒုက္ခသည်စခန်းကနေ ရောက်လာတဲ့ အမှတ်တရ သော့တွဲလေးတခုကိုပါ ဝယ်ဖြစ်ခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ်က ကချင်ဒုက္ခသည် စခန်းဆိုတာဟာ နော်ဝေနိုင်ငံနဲ့ မိုင်ပေါင်း ၆၀၀၀ ကျော်ဝေးတဲ့အတွက် ဒီနိုင်ငံကလူတွေ အဲဒီနယ်အကြောင်း သိပ်မသိကြပါ။ ဒါပေမယ့် အဲဒီနယ်က လူတချို့ နော်ဝေမှာ ရောက်နေပါတယ်။ အဲဒီနယ်မှာ အခုတလော ပြန်ဖြစ်လာနေတဲ့တိုက်ပွဲ တွေနဲ့ ဒီအခန်းနားမှာတွေ့ရတဲ့ အမှတ်တရ သော့တွဲလေးတွေဟာ ဆက်စပ်နေပါတယ်။
|
၈ လေးလုံး အရေးတော်ပုံနောက်ပိုင်း တောခိုလာတဲ့ နာမည်ကြီးတေးသံရှင် ကိုမွန်းအောင်ဟာ အခုနှစ် အစောပိုင်းက နော်ဝေကနေ ကချင်နယ်ဆီ ပြန်လည်သွားရောက် လေ့လာခဲ့ပြီး ဒုက္ခသည်တွေ ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ဒီသော့တွဲလေးတွေကို ယူလာတာပါ။ ဒီသော့တွဲလေးတွေကို ဝယ်ယူအားပေးခြင်းဖြင့် စစ်ပြေးဒုက္ခသည်အတွက် တစုံတရာ ကူညီနိုင်မလားဆိုတဲ့ စိတ်ကူးနဲ့ပေါ့။
တကယ်တမ်း ပြန်စဉ်းစားမယ်ဆိုရင်တော့ ဒီစစ်ပြေးဒုက္ခသည်တွေ အပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကူညီဖို့၊ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့အတွက် ဒီခန်းမထဲ ရောက်နေသူတွေရဲ့ အခွန်ဆောင်ငွေတွေ အပါပဝင် နော်ဝေအစိုးရက ခရိုနာ သန်းရာနဲ့ချီပြီး မြန်မာနိုင်ငံဆီ ကူညီပေးထားပြီးသား မဟုတ်ပါလား။ အဲဒီငွေတွေ ဒီစစ်ပြေးဒုက္ခသည်တွေဆီ မရောက်ဘူးလား။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ပေးထားတဲ့ငွေတွေက ဒီလိုစစ်ပွဲတွေ ထပ်မဖြစ်အောင် မတားဆီးနိုင်ဘူးလား။
”ခက်တာက မြန်မာပြည်တွင်းမှာ အမှန်တကယ် ဘာတွေ ဖြစ်နေလဲဆိုတာကို နိုင်ငံတကာ အလှူရှင်တွေသိအောင် ရှင်းပြဖို့ ကျနော်တို့မှာ ဘာသာစကား အားနည်းချက် ရှိနေသေးတယ်ဗျ” လို့ အခမ်းအနားလာ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။ ပြီးတော့ သူက တဆက်တည်း ”ဘာသာစကား အားကောင်းသူ အတော်များများကလည်း ပြည်တွင်းပြန်ဝင်ပြီး အစိုးရအကြံပေးလိုလို၊ NGO လိုလို သွားလုပ်နေကြတော့လည်း ခက်သားပေါ့” လို့ ညည်းပါတယ်။
ဒါပေမယ့် အစိုးရနဲ့ မကင်းနိုင်လို့၊ အလှူရှင်မျက်နှာ ကြည့်နေရလို့ အဲဒီလူတွေက အမှန်ကို အမှန်တိုင်း မပြောရဲတော့ဘူးဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်တိုင် ထပြောလို့ရော မဖြစ်နိုင်ဘူးလား။ အနည်းဆုံးအားဖြင့် ကိုယ်ကဒီနိုင်ငံမှာ အခွန်ဆောင်ထားတဲ့ ပြည်သူတဦးအနေနဲ့ သက်ဆိုင်ရာ လွှတ်တော် အမတ်ဆီ စာရေးတာဖြစ်စေ၊ အချင်းချင်းစုစည်းပြီး လွှတ်တော်တို့၊ နိုင်ငံခြားရေးရုံးတို့ရှေ့မှာ သွားရောက် ဆန္ဒထုတ်ဖော်ရင်ရော မဖြစ်နိုင်ဘူးလား။
ကျနော် မှတ်မိသလောက်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲအလွန်၊ အထူးသဖြင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်စေတဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအလွန်ကစပြီး ဒီလိုဆန္ဒပြပွဲတွေ နိုင်ငံတကာမှာ မရှိသလောက် နည်းပါးသွားပါတယ်။ တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေးဒုက္ခသည်ဟောင်းတွေ အများကြီးရှိတဲ့ နော်ဝေမှာတောင် ကချင်စစ်ပွဲ စတင်ကာစ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ တကြိမ်နဲ့ သမ္မတ ဦးသိန်းစိန် အော်စလိုကို ရောက်လာတဲ့ ဖေဖော်ဝါရီမှာ တကြိမ်သာ ဆန္ဒပြကြတာ တွေ့ဖူးပါတယ်။
ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေ ဘာကြောင့် ဒီလို ကျဆင်းသွားတာလဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ထဲ ရောက်နေမှတော့ ဒါတွေ ဆက်လုပ်စရာ မလိုတော့ဘူးလို့ ကိုယ်ဘာသာ သတ်မှတ်လိုက်တာကြောင့်လား။ လွှတ်တော်အတွင်း ဆွေးနွေးညှိနှိုင်းရုံနဲ့ အားလုံး အဆင်ပြေသွားလိမ့်မယ်လို့ သူတို့က ယုံကြည်သွားခဲ့တာလား။ ပြည်ပရောက်နေသူတွေ အားလုံး ပြန်လာလို့ရပြီဆိုပြီး သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ်လိုက်လို့လား။
ဒါပေမယ့် အခု ကြားဖြတ် ရွေးကောက်ပွဲအလွန် ၂ နှစ်တာ ကာလအတွင်း လွှတ်တော်အတွင်း အခြေအနေနဲ့ နိုင်ငံရေးအခြေနေ တခုလုံးကို ပြန်ကြည့်မယ်ဆိုရင် ဘာမှ ပြောပလောက်အောင် တိုးတက်မှု မရှိသေးပါ။ အရင်က သံရုံးရှေ့ဆန္ဒပြပွဲတွေမှာ ကြားနေရတဲ့ ကြွေးကြော်သံ ၃ ခုထဲက ”ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး” ဆိုတဲ့ တခုကိုပဲ ရသေးပြီး ကျန်နှစ်ခု ဖြစ်တဲ့ “ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ဒီမိုကရေစီရရှိရေး” က ဆက်လက် တောင်းဆိုဖို့ လိုအပ်နေဆဲပါ။
၂၀၁၃ အကုန်မှာ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးလိုက်တယ် ဆိုပေမယ့် ၂၀၁၄ ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဖမ်း၊ ထပ်ထောင်ချနေတာကိုလည်း ကန့်ကွက် ဆန္ဒပြကြဖို့ လိုပါတယ်။ မကွေးက DVB သတင်းထောက်တဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီး Unity ဂျာနယ်က သတင်းသမား ၅ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။ တခါ ကျေးလက်ဒေသက လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ ဦးဝင်းချိုတို့ကိုလည်း ဖမ်းဆီးပြီး ထောင်ဒဏ်ချထားခဲ့ပါတယ်။
ဒါတွေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ရှိနေဆဲ၊ ဖမ်းဆီးမှုတွေ ထပ်လုပ်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် သံရုံးရှေ့ ဆန္ဒပြပွဲတွေမှာ တောင်းဆိုနေကြ အချက် ၃ ခုစလုံး တခုမှ မရသေးဘူးလို့ ပြောနိုင်ပါတယ်။ ဒီလို ဘာမှမရသေးဘဲနဲ့ ဘာကြောင့်များ တောင်းဆိုချက်တွေကို ဆက်မတောင်းတော့တာလဲ။ ပြည်ပရောက် အင်အားစုတွေရဲ့ လှုပ်ရှားမှုကို ဘာကြောင့်လျော့ချလိုက်တာလဲ ဆိုတာဟာ အခုလို ကာလမှာ ပြန်လည် ဆန်းစစ်ဖို့ လိုလာပါတယ်။
”မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားသေးပါဘူး။ စစ်အစိုးရက ရေးဆွဲထားတဲ့ အခြေခံဥပဒေကို လေ့လာမယ်ဆိုရင် ဒီမိုကရေစီနဲ့ မကိုက်ညီဘူး။ ကျမတို့ရဲ့ ပြဿနာတွေကို အများက သတိမူလာတာနဲ့အတူ နားလည်း နားလည်စေချင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူရဲ့ ဂျာမနီနဲ့ ပြင်သစ် ခရီးစဉ်အတွင်း အတိအလင်း ပြောသွားတာကို သတိထားသင့်ပါတယ်။
”သူကတော့ ဒီလောက်ပဲ အရိပ်အမြွက် ပြောမှာပေါ့ဗျာ။ ကျနော်တို့လူတွေက အလိုက်သိသိနဲ့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ဖို့လိုတာပေါ့။ ဆန္ဒပြပွဲတွေနဲ့ Campaign တွေ လုပ်ရမှာပေါ့” လို့ သမ္မတ ဦးသိန်းစိန် လာတုန်းက ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတဦးက ပြောပါတယ်။
ဒီလိုလှုပ်ရှားတဲ့အခါမှာ ရှေ့မှာတင်ပြခဲ့တဲ့ ပြည်တွင်းပြန်ဝင်ပြီး အစိုးရအကြံပေးလိုလို၊ NGO လိုလို လုပ်နေသူတွေနဲ့ အဲဒီအစိုးရကို အယုံအကြည်မရှိလို့ အခုချိန်အထိ ပြည်တော်မပြန်သေးတဲ့ ပုဂ္ဂိုလ်တွေကြား အချင်းချင်း အပြန်အလှန် ဝေဖန်ပုတ်ခတ်နေတာတွေကို လျှော့ချပြီး ကိုယ်လုပ်နိုင်တဲ့ နေရာအသီးသီးကနေ ဟန်ချက်ညီ ပူူးတွဲဆောင်ရွက်ဖို့ လိုမယ်ထင်ပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်း ၈၈ အင်အားစု တွေနဲ့ ပြည်ပအင်အားစုတွေကြားမှာ ဟ နေတဲ့ အထဲ-အပြင် ဆိုတဲ့ အမြင်တွေကို လျှော့ချပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်ဖို့လည်း လိုအပ်နေပါတယ်။
အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ လက်ရှိ နိုင်ငံရေးအခြေနေဟာ အရင် စစ်အစိုးရခေတ်ကထက် သိသာတဲ့ တိုးတက်မှု ဘာမှ မယ်မယ်ရရ မရှိသေးပါ။ လူထုက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွ့ဲ့စည်းထားတယ်ဆိုတဲ့ လွှတ်တော်ကနေ ကချင်စစ်ပွဲကို မတားဆီးနိုင်သေးပါ။ ရခိုင်အရေးကို မဖြေရှင်းပေးနိုင်သေးပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေးအတွက် မလုပ်ဆောင်နိုင်သေးပါ။ နေ့စဉ် ဆန္ဒပြနေတဲ့ လယ်သမားတွေရဲ့ သိမ်းဆည်းခံ လယ်တွေပြန်ရဖို့ စစ်တပ်နဲ့ ခရိုနီတွေကို နားချမပေးနိုင်သေးပါ။ သတင်းထောက်တွေ အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးခံရမှုတွေကို မတားဆီးနိုင်သေးပါ။
ဒါကြောင့် ရွေးကောက်ပွဲနဲ့ လွှတ်တော်နိုင်ငံရေးကိုချည်း ထိုင်စောင့်နေလို့ မဖြစ်ပါ။ ကိုယ်လုပ်စရာရှိတာတွေကို လုပ်နိုင်တဲ့နေရာကနေ စတင် လုပ်ဆောင်ဖို့ လိုနေပါတယ်။ ကချင်စစ်ပွဲရပ်တန့်ရေး၊ ရခိုင်အရေး ပြေလည်ရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ လယ်သမားတွေ လယ်မြေပြန်ရရေး အပါအဝင် အများပြည်သူ အကျိုးရှိမယ့် ကိစ္စတွေအတွက် တောင်းဆိုဆန္ဒပြပွဲတွေ ပြည်တွင်း-ပြည်ပမှာ ဟန်ချက်ညီညီ ပြန်လုပ်ဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။