ကျနော်တို့ထဲ၌အကြမ်းဖက်သူ လူတစုရှိနေသည်။ ၉၆၉ ဘုန်းတော်ကြီးတပါးနှင့် တွေ့ဖူးသည်။ အကြမ်းမဖက် ကြပါနဲ့ဘုရားဟု လျှောက်ရာ သူတို့အကြမ်းမဖက်ကြပါဟု သူကမိန့်သည်။ အကြမ်းမဖက်ခြင်း (Non-violence) ဟူသည်မှာ ဘာလဲ။ ကျနော် နားလည်သော အကြမ်းမဖက်ခြင်းသည် သူနှင့် အနည်းငယ်ကွဲမည်ထင်သည်။ ကျနော်ဖတ်ဖူးသော အကြမ်းမဖက်ခြင်း အယူအဆ၊ စာတစ်ကူးမား (Satish Kumar) ဟူသော ဂန္ဓီဝါဒသမား တယောက်၏ အယူအဆကို ဖတ်ရှုစေလိုသည်။
စာတစ်သည် ဂန္ဓီကြီးတည်ထောင်သော အာရှရမ်ကွင်နေခဲ့ပါသည်။ သူတို့အာရှရမ်တွင် နေ့တခါ ညတခါ အောက်ပါဂါထာတို့ကို ရွတ်ရသည် ဟူ၏။
အဟိံဆာ၊ ဆတျာ၊ အဆ်တေယာ၊
ဗြဟ္မကျာရ်ယ၊အဆံဂြဟာ၊
ရှရီရရှရံ၊ အဆ်ဝါဒါ၊ ဆရ်ဝတြာ၊ ဘဟာရ ဝါဇနာ
ဆရ်ဝဓရ်မ သမာနတွာ၊
ဆွဒေရှီ၊ ဆ်ပရ်ရှ ဘာဝနာ၊
ဝိနမရာဝ်ဇတာ နိရှ်ဌာဆေ၊
ယေ ဧကာဒရှ် ဆေဝျ ဟိုင်း။
အကြမ်းမဖက်ခြင်း အမှန်လုပ်ခြင်း မခိုးမဝှက်ခြင်း
လိင်မှုသန့်ရှင်း စားသုံးမှု၌ ခြိုးခြံခြင်း
ကာယအလုပ်လုပ်လျက် မကောင်းသော အရသာကို ရှောင်ကြဉ်ခြင်း
မကြောက်ခြင်း အားလုံးသော ဘာသာတရားများကို လေးမြတ်ခြင်း
ဒေသန္တရ ရောင်းဝယ်ဖောက်ကား ဝေနေယျများ ရိုသေခြင်း။
ဤ ၁၁ ပါးသော ဝါဒကို နှိမ့်ချခြင်း စောင့်ရှောက်ခြင်း နှင်းအပ်ခြင်းနှင့် လိုက်နာပါ၏။
စာတစ်သည် အကြမ်းဖက်ခြင်းဝါဒ၏ အနက်ကို အောက်ပါအတိုင်း ရှင်းပြသည်။
အကြမ်းမဖက်ခြင်း (အဟိံသာ)
အားလုံးနှင့်သက်ဆိုင်သော ပထမ မူဝါဒ၊ စော်ကားမော်ကား မပြုလုပ် လူအများကို အကျိုးမပျက်ပြားစေသော နေထိုင်ခြင်းဖြစ်သည်။ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျိန်း၊ ဂျူး၊ မွတ်စလင်၊ ခရစ်ယာန် ဘယ်ဘာသာမဆို တနည်းနည်း နှင့်တော့ ဤမှုသည် အခြေခံဖြစ်သည်ဟု ဟောကြသည်ချည်း။ နိုင်လိုမင်းထက် အကြမ်းမဖက်ခြင်းသည် လူနှင့် လူ၊ လူနှင့်သတ္တဝါ လောကအကြား ပေါင်းသင်းဆက်ဆံရေး၏ အခြေခံတည်း။
အကြမ်းမဖက်ခြင်းကား လောက ဓမ္မဖြစ်သည်။ ဂန္ဓီကြီးသည် ဤ မူဝါဒကို လက်နက်အဖြစ်သုံး၍ မတရား မမျှတခြင်းကိုလည်းကောင်း ဗြိတိသျှ ကိုလိုနီစနစ်ကိုလည်းကောင်း၊ အားကြီးသူက အားနည်းသူကို စီးပွားရေး အမြတ်ထုတ်ခြင်းကိုလည်းကောင်း၊ ဇာတ်ခွဲခြားသောစနစ်ကိုလည်းကောင်း တိုက်ခဲ့သည်။
အဟိံသာသည် မသတ်ခြင်းသာမကပါ။ တဦးချင်း အဆင့်တွင် စိတ်ထဲ အဇ္ဈတ္တထဲက အကြမ်းမဖက်ခြင်းနှင့် စသည်။ အာရှရမ်၌ အကြမ်းပတမ်း နိုင်လိုမင်းထက် အတွေးများ အတောများမှ ထိန်းသိမ်းရန် သင်ရသည်။ မတော်လို့များ အကြမ်းပတမ်း ထိခိုက်နစ်နာစေလိုသော အတွေးအတောများရှိသော် စကားအဖြစ် ထွက်မလာရန် ထိန်းဖို့ ကြိုးစားရသည်။ သူတပါးအား နစ်နာစေသော ထိခိုက်စေသော စကားများသည် အဓမ္မသံသရာကို လည်စေနိုင်သည်။ နိုင်ငံရေး၊ နိုင်ငံရေးသမားများ၊ ကျနော်နှင့် အမြင်မတူသောသူများကို လေးလေးစားစားနှင့် ကျနော်၏ အမြင်ကို ပြောဆိုရန် သင်ရသည်။ အပြောအဆိုကို မထိန်းနိုင် လွတ်သွားသည်ရှိသော် ကာယကံကို ဘယ်နည်းနှင့်မဆို ထိန်းရသည်။ ကာယကံအားဖြင့် နှုတ်အားဖြင့် အတိုက်အခိုက်ခံရသော် အကြမ်းမဖက်သော ခုခံနည်းနှင့် တုံ့ပြန်ရသည်။
လူအများနှင့်ဆိုင်သော နိုင်ငံရေးနှင့်သက်ဆိုင်သော အဆင့်တွင် အဟိံသာသည် အင်စတီကျူးရှင်များအားဖြင့်၊ (အဖွဲ့အစည်း) အဆောက်အအုံများအားဖြင့် အနိုင်အထက်ပြုခြင်းကို ခုခံကာကွယ်ခြင်းကို ဆိုလိုသည်။ အပြုသဘောဝေဖန်ခြင်းမှ ရှောင်ရန်တော့ မဟုတ်၊ ဒါပေတဲ့ ရင်ဆိုင်သူများအား ထိပ်တိုက်တွေ့ရာတွင် ကြင်နာသော စိတ်နှလုံးဖြင့် ချဉ်းကပ်ရန်ဖြစ်သည်။ ရည်ရွယ်ချက်က အကြင်ပုဂ္ဂိုလ် အကြင်လူ့အဖွဲ့အစည်း၏ စိတ်နှလုံးကို အပြောင်းအလဲ ဖြစ်ရန် ရည်ရွယ်၍ ဖြစ်၏။
ဤနည်းလမ်းသည် ကျနော့်ကို အားရကျေနပ်စေပါသည်။ အထူးသဖြင့် မီဒီယာက နိုင်ငံရေးသမားများအကြား၊ နိုင်ငံများနှင့် လူမျိုးစုများ ဘာသာရေးအစုများ အကြား ထိခိုက်ပျက်ပြားစေအောင် လှုံ့ဆော်နေခြင်းကို တွေ့နေရသောကြောင့် ဖြစ်၏။ လူတွေနှင့်သော်လည်းကောင်း သဘာဝတရားနှင့်သော်လည်းကောင်း အနိုင်အထက်မပြုဘဲနေရန် ကျနော်တို့ သင်ကြားဖို့လိုသည်။ တိရစ္ဆာန်များနှင့် သဘာဝလောက အပါအဝင် လူတွေ၏ အပေါ်၌ ကိုယ့်အတ္တ ကိုယ့်ရည်ရွယ်ချက်များကို တင်ရန်၊ လွှမ်းမိုးခြယ်လှယ်ရန်၊ နှိပ်ကွပ်ရန် ပြုလုပ်လိုသောဆန္ဒကို စွန့်ရမည်ဟု ဆိုလိုသည်။ အကြမ်းမဖက် နိုင်လိုမင်းထက် မလုပ်ခြင်းသည် လူ့ရေရှည်ရပ်တည်ရေးအတွက်သော်လည်းကောင်း ကမ္ဘာကြီး၏ အနာဂတ်အတွက်သော်လည်းကောင်း အခြေခံအုတ်မြစ်ဖြစ်သည်။
ယနေ့ကြုံတွေ့နေရသော ပဋိပက္ခများသည် အကြမ်းဖက်ခြင်း၏အားကို ယုံကြည်နေကြခြင်း၏ ရလဒ်ဖြစ်သည်။ စစ်ပွဲများ၊ အောင်နိုင်မှုများ၊ ကိုလိုနီစနစ်နှင့် အင်ပါယာဝါဒတွေမှာ လူသည် ဘာမှမရခဲ့၊ ဒါတောင်မှ အကြမ်းဖက်ခြင်းသည် အနိ္တမ လုပ်ရမည့် အလုပ်ဟု ယုံနေကြသည်။ သတင်းစာထဲက ဆောင်းပါးများမှသည် နျူးကလီးယားလက်နက်များအထိ အကြမ်းဖက်လမ်းကြောင်းကို ကျနော်တို့ လိုက်နေကြသည်။ အိန္ဒိယ ဟိန္ဒူနှင့် မွတ်ဆလင်များ၊ အရှေ့အလယ်ပိုင်းက ဂျူးနှင့် ပါလက်စတိုင်းများ၊ မြောက်အိုင်ယာလန်က ကက်သလစ်နှင့် ပရိုတက်စတင့်များသည် အကြမ်းဖက်ခြင်းဖြင့် အဆုံးသတ်ဖြေရှင်းနိုင်မည်ဟု လွယ်လင့်တကူ ယုံနေကြသည်။ ကျနော့်အတွက်တော့ ထိုဟာသည် ရွေးချယ်စရာမဟုတ်။
ဂေဟအဆင့် (Ecological Level) ၌ လူသားသည် သဘာဝကြီးနှင့် စစ်ဖြစ်နေသည်။ သဘာဝကို နိုင်ချင်သည်။ ဒါနဲ့ပဲ တောရိုင်းတွေကို ဖျက်လိုဖျက်ဆီး၊ ဇီဝမျိုးစိတ်တွေ စုံလင်ကွဲပြားမှုကိုလျှော့၊ အဆိပ် ဓာတုပစ္စည်းတွေထုတ်ကာ မြို့ကြီးတွေ ဆည်ကြီးတွေ ကော်ပိုရေးရှင်းကြီးတွေ တည်ထောင်ကြသည်။ ရလဒ်ကား မသန့်ရှင်းတော့သည့် မြစ်များနှင့် ပင်လယ်များ၊ ညစ်ညမ်းသည့် လေ၊ အစာရေစာ ရှားပါးကာ မြေဆီတွေ တိုက်စားခြင်း၊ တိရစ္ဆာန်အပေါ် ရက်စက်ခြင်း၊ တိုင်းရင်းသားလူမျိုးစုတို့၏ ယဉ်ကျေးမှု သူတို့၏ အခွင့်အရေးများကို မလေးစားခြင်း၊ ရေနံနှင့် ဓာတ်သတ္တုများကို အကန့်အသတ်မဲ့ မရပ်မနား ထုတ်ကြခြင်းသည် ဤပုံပြင်ကြီး၏ အစိတ်အပိုင်း။
တကယ်တော့ အကြမ်းဖက်ခြင်းပုံပြင်သည် အိုမင်းဟောင်းနွမ်းလှပြီး ပျင်းစရာကောင်းလှသည်။ လူသားနှင့် ကမ္ဘာကြီးသည် လုံလောက်အောင် ဒုက္ခရောက်ပြီးပြီ။ ခေတ်သစ်ကို ပုံပြင်သစ်နှင့် စပါစေတော့။ ပုံပြင်သစ်သည် အကြမ်းမဖက်ခြင်း ပုံပြင်။ ဤပုံပြင်ကိုတော့ အားလုံးသော ပတ်သက်ဆက်ဆံမှုများသည် နှစ်ဦးနှစ်ဖက် အကျိုးရှိမှု အပြန်အလှန်ထားရှိသော စိတ်ဓာတ်၊ အသက်မှန်သမျှကို ရိုသေသမှုထားရှိသော (လူ့အသက်၊ တိရစ္ဆာန်အသက်၊ သစ်ပင် ဝါးပင်အသက်နှင့် ကျောက်တုံး ကျောက်ဆောင် မြေဆီလွှာနှင့် ရေတို့၏ အသက်တို့ ပါဝင်လျက်) ထိုစိတ်ဓာတ်တို့နှင့် ရေးသည်။
ထောင်လွှားနေသော လူသည် သူသည်သာ သဘာဝ၏ အရှင်သခင်ဟု တွေးသည်။ လူသည် သူ့နားမှ ရှိရှိသမျှကို ဖျက်ဆီးပစ်သော်မှ တနည်းနည်းနှင့် သူကတော့ လွတ်မည်ဟု ယူဆနေသည်။ ကျနော်တို့က အခြားအရာတို့အပေါ် အနိုင်အထက် အကြမ်းမဖက်သော် အခြားအရာတို့ကလည်း ကျနော်တို့အပေါ် အကြမ်းဖက်လိမ့်မည်မဟုတ်။ ကျနော်တို့က ဓားနှင့်နေသော် ဓားနှင့်သေမည်။ အကြမ်းမဖက် အနိုင်ထက် မပြုခြင်း၏ ရလဒ်ကား အဆင့်အားလုံး၌ ငြိမ်းအေးခြင်း။ တဦးချင်းငြိမ်းချမ်း ကမ္ဘာကြီးငြိမ်းချမ်း သဘာဝကြီးနှင့် ငြိမ်းချမ်းခြင်း။
အတွင်းထဲက ငြိမ်းချမ်းခြင်း(ဝါ) အဇ္ဈတ္တ၌ ငြိမ်းချမ်းခြင်းမရှိက အခြားငြိမ်းချမ်းခြင်းများကို မရနိုင်။ ကျနော့် စိတ်နှလုံးထဲ၌ ငြိမ်းချမ်းခြင်း ဒီဂရီတခု ရရှိပါက ကျနော်က အခြားသူများကို ကြောက်မည်မဟုတ်။ ကျနော်က ကျနော့်အကြောက်များကို မကျော်နိုင်သော် နိုင်ငံရေးနှင့် စစ်ခေါင်းဆောင်များသည် ပြင်ပရန်သူတဦးဦး၌ ကျနော်ကြောက်အောင် ကျနော့်ကို ဖန်တီးနိုင်လိမ့်မည်။ ထို့ကြောင့်ပင် ကျနော်သည် ကျနော်ကိုယ်တိုင်နှင့် မစတင်သော်၊ ကျနော်သည် ကျနော့်ငြိမ်းချမ်းခြင်းကို မပြုလုပ်နိုင်သော်၊ ကျနော်သည် ကမ္ဘာ့တနေရာ၌ ငြိမ်းချမ်းရေးကို ဘယ်လိုလုပ်နိုင်မှာလဲ။
(ကိုတာသည် ရန်ကုန်အခြေစိုက် စာရေးဆရာဖြစ်ပြီး ပညာရေး၊ တွေးခေါ်မျှော်မြင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးများကို လစဉ်ထုတ်မဂ္ဂဇင်းများတွင် ပုံမှန်ရေးသားနေသည်)