“ဈေးကွက် ပြိုင်ဆိုင်မှု ဆိုတာ လွယ်ကို မလွယ်ပါဘူး ...”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှု အခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၁၂- ၁၃ ဘဏ္ဍာရေးနှစ်မှာ ဆန်တန်ချိန် ၁. ၄၇ သန်းကျော် ပြည်ပပို့နိုင်ခဲ့ရာ Export country လို့ ဆိုနိုင်တဲ့ အနေအထားကို ပြန်လည်ရောက်ရှိခဲ့ပေမယ့် အခု ဘဏ္ဍာရေးနှစ် (၂၀၁၃-၁၄)မှာတော့ ၁.၂ သန်း ခန့်သာ ပို့နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း လက်ရှိ ပြည်ပ ဆန်တင်ပို့မှု အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားများအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းကို ဧရာဝတီ သတင်းထောက် သစ်နေမိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။  ။ ပြီးခဲ့တဲ့၂၀၁၂-၂၀၁၃ ခုနှစ် မှာ ဆန်တန်ချိန် ၁ သန်းခွဲ လောက်ပို့ပြီး နှစ်ပေါင်း ၄၆ နှစ်အတွင်းမှာ ဆန်တန်ချိန် အများဆုံး တင်ပို့နိုင်တဲ့ စံချိန်တင်ခဲ့တဲ့အတွက် ၂၀၁၃-၂၀၁၄ မှာ တန်ချိန် ၃ သန်း တင်ပို့မယ်လို့ မှန်းကြပေမယ့် လက်တွေ့မှာ ၁ သန်းပဲပို့နိုင် တာ ဘာကြောင့်လဲ။

ဖြေ။  ။ သိပ်လျော့တယ်လို့ မဆိုနိုင်ပါဘူး၊ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ အထူးသဖြင့် နယ်စပ်လမ်းကြောင်းမှာ တရားဝင် စာရင်းဇယားအရ တန်ချိန် ၂ သိန်းကျော်လောက် လျော့တယ်ဆိုပေမယ့် တရားမဝင်နဲ့ပေါင်းလိုက်ရင်တော့ သိပ်လျော့သွားတာ မရှိပါဘူး၊ ဒါပေမယ့် တန်ချိန် ၃ သန်း ကတော့ဖြစ်ဖို့မလွယ်ဘူး။

တန်ချိန် ၃ သန်းပြည့်ဖို့ ဆိုရင် တရုတ်ပြည်ကို ဆန်ပို့နေတာနဲ့ ပတ်သက်ပြီး တရားဝင် စာချုပ်ချုပ်တဲ့စနစ် ဖြစ်အောင် အစိုးရအနေနဲ့ လုပ်ပေးရမယ်၊ G to G(အစိုးရချင်း) ပေါ့၊ အခု ကျနော်တို့ဘက်က ပို့နေပေမယ့်၊ တရုတ်ပြည်ဘက်မှာ တရားမဝင်ဘူး၊ အာဖရိက နိုင်ငံတွေကို သင်္ဘောတင်ရောင်းသလို စာချုပ်နဲ့ တန်ချိန် ၂ သောင်း၊ ၃ သောင်း ဆိုတာမျိုး၊ တရုတ်ကို စာချုပ်နဲ့ပို့ ရောင်းလို့ မရဘူး၊ ဒါကြောင့်မို့ ရာထားချက် ပြည့်မီဖို့ မလွယ်ဘူး။

နောက်တချက်က ပြည်ပပို့မယ်ဆိုရင် လက်ရှိ ဆိပ်ကမ်းတွေက တန်ချိန် ၈ သိန်းကျော်လောက်ပဲ နိုင်တယ်၊ ဒီထက် ပိုမယ်ဆိုရင် မကိုင်နိုင်ဘူး၊ နောက် logestic(သယ်ယူပို့ဆောင် ထောက်ပံ့ရေး စီမံမှု)အပိုင်း အားနည်းတာတွေကြောင့်၊ ဒီလောက်ပဲ ပို့နိုင်မယ်လို့ ထင် တယ်။

မေး။  ။ အရင် တန်းနိမ့် ၂၅ မှတ် ဆန်ကို အာဖရိက ပို့တယ်၊ ဂျပန်ကို တန်းမြင့်ဆန် ပို့တယ်၊ အီးယူကိုလည်း တန်းမြင့် အနည်းငယ် ပို့တယ်၊ ဒီနှစ် ဈေးကွက်အရ တန်းမြင့်၊ တန်းနိမ့် ဆန်တင်ပို့မှု အတိုးအလျော့ အခြေအနေ ပြောပြပေးပါ။

ဖြေ။  ။ လက်ရှိမှာ တန်းမြင့်က ပို့တယ်ဆိုရုံလေးပါ၊ ဧည့်မထ ၅ မှတ် ဆန်ကို စတိပဲ ပို့နိုင်ပြီး အခုအထိ နမူနာ လောက်ပဲ ပို့နိုင်ပါတယ်၊ များများစားစား ပို့ခဲ့တာက ဂျပန်နိုင်ငံ တနိုင်ငံတည်းပါ၊ တန်းမြင့် များများ မပို့နိုင်တာက အဓိက ဆန် အရည်အသွေးနဲ့ ဆန် စက် တွေရဲ့ အရည်အသွေးပိုင်း ပြဿနာပါ၊ ဓာတ်ခွဲစမ်းသပ်တဲ့ စနစ် စတာတွေက နိုင်ငံတကာ အဆင့် မီတာမျိုးမရှိသေးတာ လည်း ပါတယ်၊ အခု ဂျပန်ကိုဆန်ပို့ရင် တချို့ နမူနာကို ဘန်ကောက်ကို ပို့ပြီး စစ်ရတယ်၊ ဒါတွေ အားလုံး ပြင်နိုင်မှ တန်းမြင့်ဆန် ပို့လို့ရ မယ်၊ လက်ရှိမှာတော့ မလွယ်သေးဘူး။

လက်ရှိပို့နေတဲ့ ၉၀ ရာခိုင်နှုန်းကျော်က ၂၅ မှတ် ဧည့်မထနဲ့ ဆန်ကွဲကိုသာ ပို့ခဲ့တာပါ၊ ဒီ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာလည်း  ပုံမှန်ပို့ နေတဲ့ တန်းနိမ့် ၂၅မှတ်နဲ့ ဆန်ကွဲကိုပဲ ပို့ဖို့လုပ်ရမှာပါ၊

မေး။  ။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ တန်းနိမ့်ဆန်ကရော အာဖရိက ဈေးကွက် တင်ပို့မှု လျော့သွားခဲ့တယ် မဟုတ်လား။

ဖြေ။  ။ အာဖရိကတင် မကပါဘူး၊ တရုတ်သွားတဲ့ လမ်းကြောင်းရော၊ အားလုံးလျော့သွားတယ်၊ ပမာဏ တန်ချိန် နှစ်သိန်းလောက် ကျသွားတာပေါ့။

မေး။   ။ အစိုးရက အရင်လို ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံ တနိုင်ငံဖြစ်ဖို့ ရည်ရွယ်ပေမယ့် လက်တွေ့မှာ တက်မလာဘဲ လျော့သွားတယ်ဆိုတော့ ဘယ်အပိုင်းတွေမှာ ပြင်ဖို့လိုမလဲ။

ဖြေ။   ။ ထုတ်လုပ်မှုမှာ မျိုးနဲ့ပတ်သက်ရင် မျိုးကောင်းမျိုးသန့်အပိုင်းပေါ့၊ အခု ဧည့်မထဆိုပြီး ရောင်းနေပေမယ့်၊ မျိုးကွဲပေါင်း ၅၀ ကျော်ဖြစ်နေတယ်၊ ဒါကို ၄ မျိုး ၅ မျိုး ဖြစ်အောင် လုပ်ရမယ်၊ ဓာတ်မြေသြဇာ၊ လယ်ယာသုံး စက်ပစ္စည်းတွေ သက်သက်သာသာ ရ အောင် ဆောင်ရွက်ပေးရမယ်၊ နောက် ပြဿနာက လုပ်သားရှားပါးမှု၊ တောင်သူတွေ စက်နဲ့ရိတ်နေကြပြီ၊ စက်တွေက ဈေးကြီးတော့ အရစ်ကျ ဝယ်နိုင်အောင်လုပ်ပေးမှ ထုတ်လုပ်မှုအပိုင်း တက်လာမယ်။

သယ်ယူပို့ဆောင်မှုမှာ ကုန်ကျစရိတ်တွေ အရမ်းများနေတယ်၊ လမ်းပန်း ဆက်သွယ်ရေးမကောင်း၊ ကုန်ထုတ်လမ်းမရှိ၊ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးနေတဲ့အတွက် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ အိတ်စ်ပို့တာ အားလုံး အကျိုးများများမရှိ ဖြစ်နေတယ်၊ ဒီ logestic အပိုင်းကို သေချာ ဆောင်ရွက်ပေးဖို့ လိုမယ်။

နောက်တခါ ဆန်စက်တွေရဲ့ အရည်အသွေးပိုင်း၊ ဆန်စက်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ဆန်စက် လို့တောင် မခေါ်နိုင်ဘူး၊ ဟာလာ လို့ခေါ်တဲ့ စက်အသေးတွေ၊ နိုင်ငံတကာ သတ်မှတ်ထားတဲ့ ဆန်စက် အရည်အသွေးမရှိဘူး၊ ၁၀ ရာခိုင်နှုန်းသာပဲ ဆန်စက် လို့ ခေါ်နိုင်မယ်၊ ဒါကြောင့် ထွက်တဲ့ဆန်က အရည်သွေးမမီဘူးပေါ့၊ ဒါတင်မက အရောင်တင်စက်၊ ဖွပ်စက်ဆိုတာ တွေရှိရမယ်။

ဒီလို ဆန်စက် အရည်သွေးမြှင့်တင်ပြန်တော့ လျှပ်စစ်မီး ပြဿနာ ထပ်ရှိလာပြန်တယ်၊ အင်ဂျင်ပါဝါ ကြီးတဲ့စက်တွေ တပ်ဆင် မယ် ဆိုရင် တဘက်မှာ လျှပ်စစ်မီးထုတ်တဲ့ အင်ဂျင်ကြီးတွေ ထပ်လိုပြန်ရော၊ စပါးခွံနဲ့ ထုတ်ပါလားဆိုတော့၊ ဒီအတွက် ရင်းနှီးမြှုပ်နှံမှု ထပ် လိုပြန်ရော၊ ဒီလိုနဲ့ပဲ ဂျာအေး သူ့အမေရိုက်ဖြစ်နေမှာပဲ၊ ဒါကြောင့် ဆန်စက်အပိုင်းတွေလည်း တက်လာဖို့ လိုတယ်၊ ဒါက စိုက်ပျိုးထုတ်လုပ်မှုမှသည် သယ်ယူပို့ဆောင်တဲ့ အပိုင်းအထိပေါ့၊

မေး။   ။ ဈေးကွက် ရရှိနိုင်မှုအပိုင်းမှာရော ဘယ်လိုမျိုး လိုအပ်ချက်တွေရှိနေပါသလဲ။

ဖြေ။   ။ အစိုးရသက်တမ်း သုံးနှစ်ကျော်ရှိလာတဲ့အချိန်မှာ ကျနော်တို့ ဆန် ၆၀ ရာခိုင်နှုန်းကို တရုတ်ပြည်ကိုပို့တာ၊ တရုတ်ကိုသာ မပို့ရဘူးဆိုရင် တန်ချိန် ၁ သန်း ပြည့်ဖို့ မလွယ်ဘူး၊ ဒါပေမယ့် ၃နှစ်အတွင်းမှာ တရုတ်ပြည်နဲ့ လက်မှတ် ထိုးနိုင်ပြီလား၊ လာမထိုးနိုင် သေးဘူး၊ ဘာလို့မထိုးနိုင်သေးလဲဆိုရင် စီးပွားကူးသန်းကတော့ လယ်ယာနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကနေ တရုတ်နဲ့ နှစ်နိုင်ငံ ကုန်ပစ္စည်းစစ်ဆေးတဲ့ သဘောတူညီချက်၊ ပိုးမွှားနဲ့ပတ်သက်တဲ့ အာမခံချက် လက်မှတ် မထိုးသေးတဲ့အတွက် မလုပ်နိုင်ဘူးလို့ပြော တယ်၊ အစိုးရ သက်တမ်း သုံးနှစ်မှာ ပါးစပ်ကပဲ ဆန်တင်ပို့တဲ့ ထိပ်တန်းနိုင်ငံ ဖြစ်လာဖို့ ပြောနေတယ်၊ ဗမာပြည်နဲ့ ဒီလောက်နီးစပ်မှုရှိနေတဲ့ တရုတ်နိုင်ငံနဲ့တောင် လက်မှတ်မထိုးနိုင်ဘူးဆိုတော့၊ ဒါဟာ လယ်ယာ နဲ့ ဆည်မြောင်းရော၊ စီးပွားကူးသန်းဝန်ကြီး ဌာနမှာရော တာဝန်ရှိပါတယ်၊

ကူးသန်းရောင်းဝယ်မှုမှာ အဓိကကျတဲ့ တရုတ်နဲ့ သဘောတူညီချက်မယူဘဲ၊ အဓိကမကျတဲ့ အင်ဒိုနီးရှားတို့ ဖိလစ်ပိုင်တို့နဲ MOU ထိုးတယ်၊ ဒါပေမယ့် ဆန်တစေ့မှ မပို့နိုင်ဘူး၊ မဝယ်တဲ့ နိုင်ငံတွေနဲ့ MOU ထိုးနေပြီး တကယ်တန်း ဝယ်တဲ့နိုင်ငံနဲ့ကျ မထိုးနိုင်ဘူးပေါ့၊ ဒီတော့ ခုတ်ရာ တခြား ရှရာတခြား ဖြစ်နေမလားလို့ ကျနော် မြင်တယ်။

မေး။   ။ တရုတ်ကို အခုလို အစိုးရချင်း လက်မှတ်မထိုး နိုင်တဲ့အတွက် တင်ပို့သူတွေဘက်က ဘာအခက်အခဲတွေ ဖြစ်လာနိုင်ပါသလဲ။

ဖြေ။   ။ အဓိကက လိမ်လည်မှု ဖြစ်တာပဲ၊ တရုတ်ပြည်ဘက် ပစ္စည်းရောက်သွားတဲ့အခါ ငွေမပေးတဲ့ဟာမျိုး၊ ဟိုရောက်မှ ဈေးကို နှိမ် ပေးလိုက်တဲ့ဟာမျိုး၊ ပုံစံက သီရိမင်္ဂလာဈေးမှာ ကုန်စိမ်းရောင်းသလိုပဲ၊ ကုန်သည်တွေက ဆန်တွေကို ကားနဲ့တင်သွား၊ မူဆယ် ကုန်စည်ဒိုင်မှာ နမူနာပြ၊ ပြီးရင် တရုတ်ပြည်ထဲ အဲ့ဒီကားကိုမောင်းသွား၊ ဟိုရောက်တဲ့အခါ အရင်ပြတာနဲ့ မတူဘူး ဘာညာ ဈေးစကားပြောမယ်၊ ဒီလိုမျိုး ပြဿနာရှိတယ်၊ တရားဝင် စာချုပ်စာတမ်းနဲ့ အရောင်းအဝယ် မလုပ်တဲ့အတွက် တရားဝင် ပြောနိုင် ဆိုနိုင် ခွင့် ဆုံးရှှုံးတယ်၊ တရုတ်အာဏာပိုင်တွေက ညစ်တဲ့အခါမှာလည်း ပိုက်ဆံပေးရ တယ်၊ ငွေမချေဘူးဆိုလည်း ဘာမှပြောလို့မရဘူး၊ ဒါကြောင့် အစိုးရချင်း လက်မှတ်ထိုးဖို့သာ အဓိကဆောင်ရွက်ရမယ့် အပိုင်းလို့ပဲ မြင်တယ်။

မေး။   ။ သယ်ယူပို့ဆောင် ထောက်ပံ့ရေး စီမံမှု အပိုင်း(logestic) အားနည်းတဲ့အတွက် တောင်သူ၊ စက်ပိုင်၊ ကုန်သည်နဲ့ အိတ်စ်ပို့တာ တွေ အားလုံး အကျိုးများများ မဖြစ်ထွန်းဘူးလို့ ဆိုရမှာပေါ့။

ဖြေ။   ။ ဟုတ်ပါတယ်၊ ရောင်းချတဲ့နှုန်းရဲ့ ၂၅ရာခိုင်နှုန်းလောက်က သယ်ယူပို့ဆောင်ခမှာ ကုန်တာ ဒိုင်စားနေတယ် လို့ ဆိုရမှာပေါ့။

မေး။   ။ ကမ္ဘာ့ ဆန်ဈေးကွက်မှာ ဝေစုများများရဖို့၊ အရည်အသွေးနဲ့ ဈေးနှုန်းယှဉ်ပြိုင်ရောင်းချနိုင်ဖို့ အပိုင်းတွေမှာ မြန်မာအနေနဲ့ ဘာတွေ ပြင်ဆင်ထားဖို့ လိုပါသလဲ။

ဖြေ။   ။ အဓိကကျနော်တို့ မျိုးကွဲတွေများတဲ့ ပြဿနာပဲ၊ အရည်အသွေးကို အာမမခံနိုင်ဘူး၊ အမျိုးအစားတခုပြလို့ သူတို့က တန်ချိန် တသောင်း လိုချင်ပါတယ်ဆိုရင် အခုနေ မပေးနိုင်ဘူး၊ ဒီမှာက ရွာတရွာမှာကို မျိုးက ၅၀ လောက် စိုက်နေတယ်၊ ဆန်ထဲမှာ ဧည့် မထ ဆိုရင် အတို၊ အလတ်၊ အရှည်ပါတယ်၊ အဝါ၊ အနီအစုံပဲ၊ ကားတစီးတည်းမှာကိုက မျိုးကွဲ အများကြီး၊ ဒါက စိုက်ပျိုး ထုတ်လုပ် မှု  အပိုင်းမှာ အရည်အသွေး အာမမခံနိုင်တဲ့ သဘောပဲ၊ နောက်တခုက သယ်ယူ ပို့ဆောင်မှုမှာ ဈေးမြင့်နေတယ်၊ သင်္ဘောချင်း တူ ရင်တောင် ဗမာပြည်က လာတဲ့သင်္ဘောဆို တတန်ကို ၂၅ ဒေါ်လာလောက် ပို တောင်းတယ်။

ဘာကြောင့်လဲဆိုရင် သင်္ဘော ကမ်းကပ်တဲ့ နေရာမှာကြာတဲ့အတွက် စရိတ်ပိုပေးရတယ်၊ သူများနဲ့ ကိုယ်နဲ့ ယှဉ်ရင် ကိုယ်က ပိုပြီး ၂၅ ဒေါ်လာပေးရသလိုဖြစ်နေတယ်၊ နောက်ဈေးကွက်ယှဉ်ပြိုင်နိုင်မှု အပိုင်းမှာလည်း ငွေကြေးပေး ချေရာမှ ဒီက ဘဏ်တွေအနေနဲ့ လိုအပ်ချက်တွေ မလုပ်ပေးနိုင်သေးဘူး။

TTလို့ခေါ်တဲ့ (Telegraph Transfer)အရ ငွေကိုအရင်ပေး၊ ပြီးမှ ဆန်တင်တဲ့ စနစ်ကိုကျင့်သုံးတယ်၊ ကျန် တိုင်းပြည်တွေက ရောင်း တဲ့ နေရာမှာ ရက်ပေါင်း ၉၀ အကြွေးစနစ် LC (letter of Credit)နဲ့ ရောင်းတယ်၊ ဒါကြောင့် ဝယ်မယ့်သူ နေရာက စဉ်းစားရင် ပစ္စည်း ယူပြီး ရက်ပေါင်း ၉၀ နေမှ ငွေပေးတဲ့ စနစ်ကို လုပ်မလား၊ ငွေအရင်ပေးပြီးမှ ပစ္စည်းရတဲ့စနစ်ကို ကြိုက်မလားဆို အားလုံးက LC စနစ်ကိုပဲ ကြိုက်ကြတာပေါ့၊ အဲဒါကွာတယ်။

ရန်ကုန်ကနေ မူဆယ်ကိုသယ်တဲ့ ဆန် ၁ တန်ရဲ့စရိတ်က ရန်ကုန်ကနေ အာဖရိကကို သယ်တဲ့ စရိတ်ထက်များနေတယ်၊ ရန်ကုန်နဲ့ အာဖရိကဆိုတာ အချိန်၂ လလောက်သွားရပေမယ့်၊ သင်္ဘောခကို ပြန်ကြည့်ရင် မူဆယ်ကို သယ်တာထက်ပို သက်သာတယ်၊ နောက်တခါ ဧရာဝတီတိုင်းကနေ ရန်ကုန်ကိုတင်တဲ့ သင်္ဘောစရိတ်က ရန်ကုန်ကနေ စင်္ကာပူကို တင်တဲ့ သင်္ဘောစရိတ်ထက် ပိုများနေတယ်၊ ဒီအပိုင်းတွေရှိနေသရွေ့ ဈေးကွက်ပြိုင်ဆိုင်မှု ဆိုတာ လွယ်ကိုမလွယ်ပါဘူး၊ ဒါတွေကို ပြင်ရမယ်။

မေး။   ။ နိုင်ငံရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်က လယ်ယာကဏ္ဍနဲ့ နှီးနွယ်တဲ့ စီးပွားရေးကို လုပ်ကိုင်တဲ့ အတွက် ဆန်တင်ပို့မှု ထိပ် တန်း နိုင်ငံတနိုင်ငံ ဖြစ်ရေးဟာ ဘယ်လောက်အထိ အရေးပါပါသလဲ။

ဖြေ။   ။ ၇၀ ရာခိုင်နှုန်းဆိုတာက လယ်သမားတမျိုးတည်းကို ပြောတာမဟုတ်ပါဘူး၊ စိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေးနဲ့ ဆက်နွယ် နေတာကို ဆိုတာပါ၊ နိုင်ငံမှာ လယ်စိုက်တဲ့သူက ၆ သန်းခွဲပဲ ရှိပါတယ်၊ နိုင်ငံမှာ ဂျီဒီပီ တက်တယ်လို့ အစိုးရက ဆိုပေမယ့် လက်တွေ့မှာ တဦးချင်းဝင်ငွေ တက်မလာဘူး၊ ဂျီဒီပီ ဘာကြောင့်တက်လာလဲ ဆိုတော့ သဘာဝဓာတ်ငွေ့(Gas) ရောင်းလို့တက်တာ၊ ဂျီဒီပီရဲ့ ၃၀ ရာခိုင်နှုန်းက Gas က ရတာပေါ့။

နောက်တခုက ရန်ကုန်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတချို့၊ ဟိုတယ်၊ မြေ၊ တယ်လီဖုန်း စတာတွေနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေလို့ ဆိုမှာပေါ့။

ဒါပေမယ့် ၇၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု (FDI)က “ဝ.၄၅” ပဲရှိတယ်၊ ဒီ ၇၀ ရာခိုင်နှုန်း ပြည်သူတွေကို အခြေခံတဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုက တက်မလာဘူး၊ ဒါကြောင့် ဂျီဒီပီ တက်ပေမယ့်၊ ပြည်သူ တွေ အကျိုးခံစားခွင့် မရှိဘူး၊ အကျပ်အတည်း ရှိတဲ့ အနေအထား ဖြစ်တာပေါ့၊ ဒါကြောင့် ဒီ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတက်လာ မှပဲ တိုင်းပြည်ရဲ့လူထုပိုပြီး အကျိုးခံစားရမှာဖြစ်လို့၊ ဒါကို တက်ဖို့ ဆောင်ရွက်ရန် လိုပါတယ်၊

မေး။   ။ အစိုးရအနေနဲ့ ပြည်ပဆန်တင်ပို့မှု တိုးတက်လာဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းရာမှာ လုပ်ငန်းရှင်တွေ ဘက်က အားရ ကျေနပ်မှုရှိရဲ့လား။

ဖြေ။   ။ ကျနော်တို့ မြင်တာကတော့ လိုအပ်ပါသေးတယ်၊ စိုက်ပျိုး ထုတ်လုပ်တဲ့ အပိုင်းမှာ အစိုးရပိုင်းက တချို့နေရာလောက်ပဲ အာရုံ စိုက်နိုင်တယ်၊ နေပြည်တော်မှာရှိတဲ့ ဧက ၅၀၀ တို့၊ ဘာတို့ဆိုတာ နေ့တိုင်း ရုပ်မြင်သံကြားမှာ မြင်နေတယ်၊ ဒါပေမယ့် ကျန်တဲ့ ဧက ၁၇ သန်းကို ပံ့ပိုးမှုမှာတော့ အားနည်းတယ်၊ နောက်ဘဏ္ဍာရေးစနစ်မှာလည်း အခုအထိ အပြောင်းအလဲမဖြစ်သေးဘူး၊ ပြည်ပ ဘဏ်တွေ လုပ်ပိုင်ခွင့်မပေးသေးဘူး၊ logestic အပိုင်းလည်း အခုထိ သက်သာအောင် မလုပ်ပေးနိုင်သေးဘူး၊ ဒါကြောင့် အစိုးရရဲ့လုပ်ကိုင်မှုဟာ အားနည်းတဲ့အတွက် အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မှုမှာလည်း အားနည်းပါတယ်။

မေး။   ။ လက်ရှိ ပြည်ပဆန်တင်ပို့မှုနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက် ပြောချင်တာများ ရှိပါသလဲ။

ဖြေ။   ။ အိတ်စ်ပို့ တင်မကပါဘူး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အားလုံးဟန်ချက်ညီညီ ဆောင်ရွက်ဖို့လိုတယ်၊ အစိုးရပိုင်းရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေရော၊ ပြည်တွင်းမှာရှိတဲ့ လယ်သမားတွေရော၊ ပူးပေါင်းပြီး လိုအပ်တာကို တကယ့်လက်တွေ့ ကျကျ ဖြည့်ဆည်းပေးနိုင်မှပဲ တိုးတက် လာမှာပါ၊ ဒီလိုမဟုတ်ဘဲ အပေါ်ယံသဘောပဲ လုပ်နေရင်တော့ ဒီတိုင်းပဲ ကျန်ခဲ့မှာပါ၊ တခြားတိုင်းပြည်တွေက တက်တဲ့နှုန်းက တအားမြန်တဲ့ အတွက် သူတို့ထက် လေးငါးဆ လောက် အားထုတ်နိုင်မှပဲ သူတို့ကို မီနိုင်မယ်လို့ ပြောချင်ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading