“မြန်မာ့နွေဦး”ဟု အစိုးရအရာရှိများက ဂုဏ်ယူကြသော မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲတွင် ရှေ့တန်းရောက် ခဲ့သည့် ပြန်ကြားရေး ဝန်ကြီးဋ္ဌာနသည် ယခုအချိန်တွင် နောက်တန်းပြန်ရောက်သွားခဲ့ပြီဖြစ်သည်။
ပြုပြင်ပြောင်းလဲရေးတွင် အစိုးရနှင့် လူ့အဖွဲ့အစည်းအား စောင့်ကြည့်စေ့ငုရမည့် တာဝန်ကို ထမ်းဆောင်ရသော သတင်းစာနယ်ဇင်းများကို “စတုတ္ထမဏ္ဍိုင်”ဟု ချီးမြှောက်ပြီး နာမည်ဆိုးနေသည့် စာပေစိစစ်ရေး စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ကာ ပုဂ္ဂလိကပိုင် သတင်းစာနယ်ဇင်းများအား လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ပေးခဲ့ခြင်း၊ နိုင်ငံပိုင် သတင်းစာများနှင့် ရုပ်သံလွှင့်လုပ်ငန်းများကို အစိုးရထိန်းချုပ်မှုအောက်မှ ကင်းလွတ်စေရမည်ဟု ရည်ရွယ်ကတိပေးခဲ့ခြင်း၊ နိုင်ငံခြားသတင်းဋ္ဌာနများ အခြေစိုက်ခွင့်ပေးခြင်းများကြောင့် လူကြိုက်နည်းသော ဝန်ကြီးဦးကျော်ဆန်းအလွန် ပြန်ကြားရေးဝန်ကြီးဋ္ဌာန နာမည်ကောင်းရလာခဲ့သည်။
သို့သော် ယင်းနာမည်ကောင်းကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ကြာကြာထိန်းမထားနိုင်ခဲ့ပါ။ လက်တွေ့အခြေအနေတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် ပုဂ္ဂလိကပိုင် သတင်းစာနယ်ဇင်းများကို ပြိုင်ဘက်သဖွယ် သဘောထားလာနေခဲ့ပြီး Unity၊ Eleven Media၊ DVB မှ စာနယ်ဇင်းသမားများ ဖမ်းဆီးမှု ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ကာ နိုင်ငံခြားသတင်းထောက်များအပေါ်လည်း ဗီဇာကန့်သတ်မှု တင်းကြပ်လာသောကြောင့် စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် အစိုးရက အမှန်တကယ် ယုံကြည်မှု ရှိမရှိ မေးခွန်းထုတ်စရာဖြစ်လာနေရသည်။ ထို့ပြင် တင်ထုတ်စနစ်မှ ထုတ်တင်စနစ်သို့သာ ပြောင်းလဲသွားသော်ငြား ပြန်ကြားရေးဝန်ကြီးဌာန၏ မီဒီယာများအပေါ် ထိန်းချုပ်ထားသည့် စနစ်နှင့် ဥပဒေများ ဆက်လက်တည်ရှိဆဲဖြစ်သည့်အတွက် ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ အသွင်ကူးပြောင်းရေးဟူသည် အဆံမပါသော အမြှောက်လိုဖြစ်နေသည်။
အစိုးရဝန်ကြီးဋ္ဌာနတခုအနေဖြင့် နိုင်ငံသားတို့၏ အခွန်ဘဏ္ဍာငွေ၊ နိုင်ငံပိုင် ပုံနှိပ် ထုတ်ဝေ ဖြန့်ချိရေး ယန္တယားနှင့် အသံလွှင့်စက်ရုံများကို အသုံးပြုပြီး ပုဂ္ဂလိကပိုင် စာနယ်ဇင်းလုပ်ငန်းများနှင့် ပြိုင်၍ ကြော်ငြာရှာဖွေလက်ခံခြင်းတို့ကို လုပ်ကိုင်နေသည်မှာ အမြင်မတော်ပါ။ လူအင်အား၊ ငွေကြေးအရင်းအနှီးနှင့် စက်ပစ္စည်း ယန္တရားများ မည်သို့မျှ မယှဉ်သာသည့် ပုဂ္ဂလိကပိုင် စာနယ်ဇင်းများအတွက် မျှတသော ပြိုင်ဆိုင်မှု မဟုတ်ပါ။
လွှတ်တော်တွင် ပြဌာန်းရန် ပြန်ကြားရေးဝန်ကြီးဌာနမှ တင်သွင်းသော မီဒီယာဆိုင်ရာ ဥပဒေသစ်များတွင်လည်း မညီမျှမှုများကို တွေ့ရသည်။ ဥပမာအားဖြင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ကိုင်နေသူ လုပ်ငန်းရှင်အား ရုပ်သံလွှင့်လုပ်ငန်း လုပ်ကိုင်ခွင့် မပြုခြင်းမှာ လူထုပြန်ကြား ဆက်သွယ်ရေးလုပ်ငန်းကြီးတခုလုံးကို လက်ဝါးကြီးအုပ်ခြင်းမှ ကာကွယ်ရန်ဟု အကြောင်းပြသော်လည်း လက်ရှိ တပ်မတော်နှင့် ပြန်ကြားရေးဝန်ကြီးဌာနကသာ ရုပ်သံနှင့် ရေဒီယို အသံလွှင့်လုပ်ငန်း၊ သတင်းစာနယ်ဇင်းနှင့် ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်း အားလုံးကို ဆက်လက် ထိန်းချုပ်လုပ်ကိုင်နေခြင်းမှာ ပြုပြင်ပြောင်းလဲရေးအတွက် မသင့်လျော်ပေ။
ပြန်ကြားရေး ဝန်ကြီးဌာနက အစိုးရပိုင် မီဒီယာ လုပ်ငန်းများကို “အများပြည်သူ ဝန်ဆောင်မှု” လုပ်ငန်းများအဖြစ် ပြောင်းလဲမည်ဟု ကြွေးကြော်ထားသော်လည်း သတင်းစာတိုက်များနှင့် အသံလွှင့်ရုံများ၏ မူဝါဒများ ယနေ့ထိတိုင် အစိုးရလက်မှ မလွတ်နိုင်သေးပေ။ ကမ္ဘာပေါ်တွင် လူထုဆက်သွယ်ပြန်ကြားရေးကို အစိုးရက ချုပ်ကိုင်သည်ဆိုသည်မှာ ကွန်မြူနစ်နိုင်ငံများနှင့် အာဏာရှင်အုပ်စိုးသော နိုင်ငံများတွင်သာ မြင်ရ၏။ ဒီမိုကရေစီ နိုင်ငံများတွင်မူ လူထု ဆက်သွယ် ပြန်ကြားရေးအလုပ်ကို ပုဂ္ဂလိကက လွတ်လပ်စွာ လုပ်ကိုင်နိုင်ပြီး အစိုးရ၏ မူဝါဒ သဘောထားများကို အစိုးရပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များက အမြဲဆိုသလို သတင်းထောက်များနှင့် တွေ့ဆုံထုတ်ပြန်ပေးလေ့ရှိသည်။ သတင်းစာနယ်ဇင်းများ၏ ရေးသားဖော်ပြချက်များကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီမိုကရေစီအစိုးရများက ဝင်ရောက်စွက်ဖက်ထိန်းချုပ်ခြင်း အလျဉ်းမလုပ်ကြပေ။
မြန်မာ့သတင်းစာနယ်ဇင်း လွတ်လပ်မှုနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ယခုမှ ၂ နှစ်မျှသာ ရှိသေးသောကြောင့် မရင့်သန်သေးပေ။ အမှားအယွင်းများနှင့် တွေ့ကြုံဖြတ်သန်းနေရဆဲဖြစ်သည်။ တတ်သိသလောက် ပညာ၊ အတွေ့အကြုံတို့ဖြင့် ချောက်ချီးချောက်ချက်လုပ်နေရသော ပုဂ္ဂလိက သတင်းစာနယ်ဇင်းများကို နူရာဝဲစွဲ လဲရာသူခိုးထောင်းအဖြစ်မျိုး အစိုးရက မလုပ်ဖို့လိုသည်။ သတင်းစာနယ်ဇင်းလုပ်ငန်းကို အမှန်တကယ် တိုးတက်ဖွံ့ဖြိုးစေလိုလျှင် စာနယ်ဇင်းသတင်းထောက်များကို အကာအကွယ်ပေးပြီး သတင်းလွတ်လပ်ခွင့်ကိုသာ အာမခံဖို့လိုကြောင်း ယနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် တိုက်တွန်းရေးသားအပ်ပေသည်။