ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကိုယ်တိုင် ခေါင်းဆောင်တဲ့ ဦးစီးကော်မတီဟာ သိပ်မကြာခင် ကာလအတွင်း ၅ ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး တစ်ရပ် ကျင်းပနိုင်ရေး ကြိုးစားနေကြပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဂိုဏ်းကြီး ၉ ဂိုဏ်းရှိပါတယ်။ ၁၉၈၀ ခုနှစ်မှာ သာသနာတော် သန့်ရှင်း တည်တန့် ပြန့်ပွားရေးအတွက် ဒီ ဂိုဏ်းကြီး ၉ ဂိုဏ်း စုပေါင်းပြီး ပထမ ဦးဆုံးအကြိမ် သံဃာ့အစည်းအဝေးကြီး ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကနေ တဆင့် နိုင်ငံတော်အဆင့်၊ ဗဟိုအဆင့်၊ တိုင်းနဲ့ ပြည်နယ် အဆင့်၊ မြို့နယ်နဲ့ ရပ်ကွက်အဆင့် သံဃာ့နာယက အဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းပြီး ပရိယတ္တိ သာသနာတော်၊ ပရိပတ္တိ သာသနာတော်၊ ပဋိဝေဒ သာသနာတော် လုပ်ငန်းသုံးရပ်ကို ဆောင်ရွက်ခဲ့ကြပါတယ်။
၁၉၈၀ ကနေ ၁၉၉၅ ခုနှစ်အထိ ၁၅ နှစ်အတွင်း သံဃာ့အစည်းအဝေးကြီး ၄ ကြိမ် ကျင်းပနိုင်ခဲ့ပြီး အဲဒီနောက်ပိုင်း အနှစ် ၂၀ နီးပါးအကြာ ဒီနေ့အချိန်ထိ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။ မဟန လို့ အတိုကောက် ခေါ်နေကြတဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နဲ့ အဖွဲ့အစည်း အဆင့်ဆင့် ဘယ်လို ဖြစ်ပေါ်လာသလဲ၊ ဘာတွေ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသလဲ၊ လက်ရှိ သံဃာ့ အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လို ပြသနာတွေ ရင်ဆိုင်နေရသလဲ၊ အခုကျင်းပမယ့် သံဃာ့ အစည်းအဝေးကြီးက ဘာတွေ ဖြေရှင်းဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ပထမ အကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပနိုင်ခဲ့တာ၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းနိုင်ခဲ့တာဟာ အာဏာရှင် ဦးနေဝင်း တံခိုးသြဇာ အလွန်ကြီးနေတဲ့ အချိန်ပါ။ သံဃာတွေ အနေနဲ့ သာသနာ့အရေး၊ သံဃာ့အရေး ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပေမယ့် လောကီအရေး၊ နိုင်ငံ့အရေး မှာတော့ အာဏာရှင်တွေကို လွန်ဆန်ပြီး ဘာမှ ဆောင်ရွက်နိုင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ ၁၉၈၈ နောက်ပိုင်း စစ်အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရကို တိုင်းပြည်မှာ အလွန်ပညာတတ်၊ အလွန်ထင်ရှား၊ အလွန်ထက်မြက်တဲ့ တိပိဋက ဆရာတော်ကြီး ဦးသုမင်္ဂလ ဦးဆောင်တဲ့ သံဃာတွေက သပိတ်မှောက် ကံဆောင်ကြပါတယ်။ စစ်အစိုးရဟာ သံဃာတွေရဲ့ ဒီလို ဝိနည်းနဲ့အညီ ဆောင်ရွက်မှုကို အကြမ်းဖက် ဖြိုခွဲ၊ ဆရာတော်ကြီး ဦးသုမင်္ဂလ ကိုလည်း ထောင်သွင်း အကျဉ်းချထားခဲ့ပါတယ်။
ပြောရရင် ၁၉၈၈ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြပွဲကြီးကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ပြီး နောက်ပိုင်း အချိန်တွေမှာ သံဃာတော်တွေဟာလည်း စစ်အစိုးရဆန့်ကျင်ရေးကို အကြမ်းမဖက်ပဲ ဗုဒ္ဓတရားရဲ့ ဝိနည်းတော်နဲ့အညီ ဆောင်ရွက်တော်မူခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ သံဃာ့လှုပ်ရှားမှုကြီးထဲမှာ
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့လို အဖွဲ့မျိုးက ပါဝင်ခြင်း မပြုနိုင်ခဲ့ပါဘူး။ ဒါတင်မက စစ်အာဏာရှင်တွေဟာ ၁၉၉၅ နောက်ပိုင်း ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကိုလည်း ကျင်းပပေးခဲ့ခြင်း မရှိတော့ပါဘူး။
ဆရာတော်ကြီး ဦးသုမင်္ဂလာ တို့လို အထင်ကရ ဆရာတော်ကြီးတွေ သပိတ်မှောက် ကံဆောင်ပြီး နောက်ပိုင်းလည်း မြန်မာပြည်မှာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ရက်စက်မှုတွေဟာ လျော့ကျ မသွားပါဘူး။ ဒါတင်မက ပြည်သူတွေရဲ့ ပညာရေး၊ စီးပွားရေး နဲ့ အထွေထွေ ကျဆင်းမှုတွေဟာလည်း နာလံ မထူနိုင်အောင် ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ တပည့်ဒါယိကာ၊ ဒါယိကာ မတွေ အကြောက်တရား ဖုံးလွှမ်း၊ လူလုံးမလှ၊ ဒုက္ခရောက်နေရတာကို မကြည့်ရက်တဲ့ နောက်မျိုးဆက် သံဃာ့အာဇာနည် တွေဟာ ၂၀၀၇ ပါတ်ဝန်းကျင်မှာ စစ်အာဏာရှင်တွေကို တကြော့ပြန် တွန်းလှန်ကြပြန်ပါတယ်။ ဒီ တစ်ကြိမ်မှာလည်း မြတ်စွာဘုရားရဲ့ တရားဒေသနာတော်လာ အတိုင်း အာဏာပိုင်တွေ ဆက်ကပ်လှူဒါန်းတဲ့ ဆွမ်းကွမ်း ရုပ်ဝတ္တုတွေကို အလှူခံခြင်း မပြုဘူး ဆိုတဲ့ သပိတ်မှောက်ကံဆောင်တာ အပါအဝင် လမ်းလျောက်ကြွချီ မေတ္တာ ပို့တာတေပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အားလုံးသိကြတဲ့ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေ ရင်သပ်ရှုမော ဂရုဏာသက်ခဲ့ရတဲ့ ကြည်ညိုလေးစားဖွယ်ရာ ရွှေဝါရောင် တော်လှန်ရေးကြီးဖြစ်ပါတယ်။
အပ်တိုတချောင်းမှ မကိုင်၊ အကြမ်းဖက် စကား တခွန်းမှ မမြွက်တဲ့ သံဃာတော်တွေရဲ့ ဒီ ငြိမ်းချမ်းလှတဲ့ လှုပ်ရှားမှုကြီးကို စစ်အာဏာရှင်တွေ အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ အာဏာပိုင်တွေဟာ လက်အုပ်ချီ မေတ္တာပို့နေတဲ့ သံဃာတော်တွေ ကို နေ့ခင်းကြောင်တောင် စစ်ကား၊ လုံထိန်းကားတွေနဲ့ ဝိုင်းဝန်း၊ မီးခိုးဗုံးနဲ့ခွဲ၊ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်၊ အကြမ်းဖက် ဖမ်းဆီးတာမျိုး လုပ်ခဲ့ကြပါတယ်။ သံဃာတော်တွေ သီတင်းသုံးရာ ကျောင်းတိုက်တွေထဲ ည အချိန် အားဓမ္မဝင်ရောက်၊ ပစ္စည်းတွေ ဖျက်ဆီး၊ သံဃာတွေကို ရိုက်နှက်ဖမ်းဆီးတာမျိုး လုပ်ခဲ့ကြပါတယ်။ ဒါကိုလည်း ဂိုဏ်းပေါင်းစုံ ဦးဆောင်ဆရာတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ သံဃာ့မဟာနာယက အဖွဲ့ကြီးကလည်း ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။ စစ်အာဏာရှင်တွေကြောင့် သာသနာတော် သွေးစွန်းခဲ့ရတဲ့ ကာလတွေလို့ ဆိုလိုက်ရင်လည်း မမှားပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ်တက်လာခဲ့အခါ သံဃာတွေအတွင်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ရခိုင်ပြည်နယ်က ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ မိတ္တီလာ၊ လားရှိုး နဲ့ ပဲခူးတိုင်းဘက်ကို ကူးစက်လာပြီးနောက်ပိုင်း အစ္စလာမ်ဘာသာ မုန်းတီးရေး ဟောပြော ဝါဒဖြန့် လှုံ့ဆော်၊ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။ ထူးခြားတာ တစ်ခုက အမုန်းတရား ဟောပြောသူတွေထဲမှာ သံဃာတစ်ချို့ ပါဝင်လာခြင်းပါ။ သံဃာတစ်ချို့ဟာ အစ္စလာမ်ဘာသာကို ပြောင်လှောင်ဟောပြောတာမျိုး လုပ်ပါတယ်။ သံဃာတချို့ကတော့ ဘာသာခြား မိစ္ဆာဒိဌိတွေကို လူထွက်ပြီး စစ်ချီတိုက်ခိုက်တဲ့ သူရဲကောင်း ရဟန်းတပါးအကြောင်း ဟောပြောပါတယ်။ ဘာသာခြားတွေကို သတိထားကြ၊ မဟုတ်ရင် အိမ်နီးချင်း ထိုင်းနိုင်ငံတောင်ပိုင်းမှာလို ကျည်ကာအကျီ ၤ ဝတ်ပြီး ဆွမ်းခံကြွရလိမ့်မယ် ဆိုပြီး ဟောကြားတာမျိုးလည်း ရှိပါတယ်။ သံဃာတော်တွေကတော့ သူတို့ဟာ အကြမ်းဖက်ဖို့ လှုံ့ဆော်မှု မလုပ်ကြဘူးလို့ မိန့်တော်မူကြပေမယ့် ဟောကြားလိုက်တဲ့ အမုန်းတရားတွေကြောင့် ပြဿနာ တစုံတခု ပေါ်လာတာနဲ့ အကြမ်းဖက်မှုအဖြစ် ကူးပြောင်းသွားတတ်ကြတယ် ဆိုတာမျိုးကိုတော့ လက်မခံကြပါဘူး။
ခုဆိုရင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ကြွေးကြော်သံအောက်မှာ ဆရာတော် သံဃာတော်တွေ ဦးဆောင်တဲ့ အင်အားကောင်းတဲ့ မ.ဘ.သ အဖွဲ့ကြီးတွေ ပေါ်ပေါက်လာပါပြီ။ ဒီ အဖွဲ့အစည်း အားလုံး သဘောထား တစ်ခုတည်း ရှိတယ်လို့တော့ မယူဆနိုင်ပါဘူး။ တချို့ အဖွဲ့အစည်းတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆန္ဒရှိတာ တွေ့ရပေမယ့် တချို့ အဖွဲ့တွေကတော့ အစ္စလာမ်ဘာသာ မုန်းတီးရေးပေါ်မှာ အခြေစိုက်ထားတာမျိုး တွေ့မြင်ကြရပါတယ်။ အခုနောက်ဆုံး အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကာတာ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီက ထုတ်လုပ်တဲ့ မိုဘိုင်း ဖုန်းဆင်းမ်ကတ်တွေကို မြန်မာနိုင်ငံသားတွေ မသုံးစွဲဖို့အတွက်၊ သပိတ်မှောက်ကြဖို့အတွက် စည်းရုံး လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာနေတာ သာဓက တစ်ခုပါပဲ။ ဒါတွေက လက်ရှိ ဖြစ်ပေါ်နေတဲ့ ဗုဒ္ဓ သာသနာ့ပုံရိပ်နဲ့ သံဃာတော်တွေရဲ့ နောက်ဆုံး အခြေအနေပဲဖြစ်ပါတယ်။
ဒီအတွက် နှစ်ပေါင်း ၂၀ လောက် မကျင်းပနိုင်တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး အတွက် ကြီးမားတဲ့ ပြသနာတွေ၊ စိန်ခေါ်မှုတွေ စောင့်ကြိုနေတာ တွေ့ကြရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံး ပြသနာက မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပုံရိပ် နိုင်ငံတကာ အမြင်မှာ ကျဆင်းနေတဲ့ ပြဿနာပါ။ ဒါကို အဓိကထား ဖြေရှင်းတော်မူကြရပါလိမ့်မယ်။ ဒုတိယ ပြဿနာက ငြိမ်းချမ်းတဲ့ ဘာသာရေး တစ်ခုကို နှစ်ထောင်နဲ့ချီ ထွန်းကားပြန့်ပွားအောင် လုပ်ခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ထဲက ဘုရားသားတော် သံဃာတချို့ ကိုယ်တိုင် အမုန်းတရား ဖြန့်ဖြူးနေတဲ့ ကိစ္စပါ။ ခုဆိုရင် ရဟန်းရှင်လူ ပြည်သူလူထုကြားထဲမှာ ဘာသာခြား အမုန်းတရားတွေ ပျံ့နှံ့နေပြီး ပြဿနာပေါ်တာနဲ့ အကြမ်းဖက်မှုကို ကူးစက်၊ နောက်ဆုံး ဗုဒ္ဓဘာသာ နာမည်ပျက်ရမယ့် အခြေအနေမျိုး ဖြစ်တည်နေပါတယ်။ ဒီအတွက် ဂိုဏ်းပေါင်းစုံက ဦးဆောင် ဆရာတော်ကြီးများ၊ သံဃာတော်များ အနေနဲ့ ဒီ ပြဿနာကြီးတွေ အပါအဝင် အခြား သာသနာတော်ကို ညစ်နွမ်းစေတဲ့ ကိစ္စတွေ၊ သာသနာတော် သန့်ရှင်းတည်တံ့ ပျံ့ပွားရေး ကိစ္စပေါင်းများစွာကို စည်းဝေး ဖြေရှင်းပေးတော်မူကြလိမ့်မယ်လို့ ထင်မြင်မိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)