ရခိုင်အမျိုးသား ညီလာခံကို ဧပြီလ ၂၇ ရက်မှ မေလ ၁ ရက် အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပခဲ့သည်။ ယင်း ညီလာခံ အတွင်း ရခိုင်အမျိုးသားနေ့ အဖြစ် သတ်မှတ် လိုက်နိုင်ပြီး ညီလာခံ အတွင်း ဆွေနွေး ရရှိချက်များ အပေါ် ညီလာခံ သို့ တက်ရောက် လာကြသည့် ရခိုင်လူမျိုး တိုင်းရင်းသား ခေါင်းဆောင် တချိူ့အား ဧရာဝတီ သတင်းထောက် မြတ်စုမွန်က ဆက်သွယ် မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
ဦးလှစော
ရခိုင် အမျိုးသား ပါတီ (ANP) ဗဟိုအဖွဲ့ဝင် နှင့် ပြောခွင့်ရ ပုဂ္ဂိုလ်
ကျနော်တို့မှာ ၁၈ မြို့နယ်က တင်တဲ့ စာတမ်းတွေ ရှိတယ်။ Pannel Discussion မှာ အချက် ၄ ချက် ဆွေးနွေးတယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ၊ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ အေးချမ်းရေး၊ ရခိုင်ပြည်သူတွေရဲ့ လူမှုဘ၀ စီးပွား အခြေအနေ၊ သယံဇာတ ခွဲဝေရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတဲ့ အချက် ၄ ချက်ပါတယ်။
အဲဒီ အချက်တွေကို ဆွေးနွေးတဲ့ အခါမှာလည်း လူထုရဲ့ တောင်းဆိုချက်တွေ၊ မေးခွန်းတွေ၊ မကြိုက်တာတွေ၊ ကြိုက်တာ တွေ အများကြီး ထွက်လာတယ်။ မြို့နယ်က ခံစားချက်နဲ့ ထွက်လာတဲ့ မေးခွန်းတွေ၊ မကြိုက်တာတွေက တပိုင်း၊ Pannel Discussion က ထွက်လာတာတွေက တပိုင်း။ နောက်တခုက တဖက်မှာ သီးခြား စာတမ်းဖတ်ပွဲတွေ လုပ်တယ်။ သီးခြား စာတမ်းဖတ်ပွဲတွေမှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတွေ၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ အများကြီး ပါလာတယ်။ အဲဒီထဲမှာလည်း တောင်းဆိုတာတွေ၊ မကျေနပ်တာတွေ၊ မကြိုက်တာတွေ ပါလာတယ်။
အဲဒါတွေ အကုန်လုံး ခြုံငုံ သုံးသပ်ပြီးတော့ တူတဲ့ အချက်တွေ၊ မတူတဲ့ အချက်တွေ ဆွဲထုတ်လိုက်တော့ အများကြီး ထွက် လာ တယ်။ ဘာတွေ လုပ်သလဲ၊ ဘာတွေ ထွက်လာသလဲ ဆိုတာ တဆင့်ချင်း ပြောဖို့ တော်တော် အခက်အခဲ ရှိတယ်။
ဒါကို အနှစ်ချုပ် အနေနဲ့ မူဘောင် လုပ်ဖို့ ကြိုးစား နေပါတယ်။ သဘောထား ထုတ်ပြန် ကြေညာချက်မှာလည်း အဲဒါတွေ ပါလာမှာပါ။ နောက်တခုက နိုင်ငံရေး တောင်းဆိုချက်မှာ အဓိက ရခိုင်ပြည် ဒီမိုကရေစီ ထွန်းကားရေးနဲ့ ဖက်ဒရယ် စနစ်နဲ့ ပတ် သက်ပြီး တောင်းဆိုချက်၊ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တရားမျှတရေး ဆိုတဲ့ အချက်။ နောက် ရခိုင်ပြည် တည်ငြိမ် အေးချမ်းရေးနဲ့ လုံခြုံ စိတ်ချရေး ဆိုတဲ့ ကိစ္စတွေမှာလည်း NGO,INGO တွေနဲ့ ပတ်သက်ပြီး သဘော ထား ထုတ်ပြန် ကြေညာချက်တွေ ပါတယ်။ နောက်တခုက နယ်ခြားစောင့်တပ်မှာ ရခိုင် လက်နက်ကိုင် တပ်တွေနဲ့ ပြည်သူ့စစ်တွေ ဖွဲ့စည်းဖို့ ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေး၊ လူမှုစီးပွားရေးနဲ့ ပတ်သက်လို့လည်း မူးယစ်ဆေးဝါး ကိစ္စတွေ၊ ရှေးဟောင်း သုတေသန ကိစ္စတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ မရှိတဲ့ ကိစ္စတွေ အများကြီး ပါပါတယ်။
ရခိုင်ပြည် သယံဇာတ ခွဲဝေရေးမှာလည်း ဒေသခံတွေ ဘာမှ ခံစားခွင့် မရှိတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်က သယံဇာတတွေကို ရခိုင်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ တိုက်ရိုက် စီမံခန့်ခွဲပိုင်ခွင့်တွေကို ဥပဒေ ပြဌာန်းပေး ရေး ဆိုတဲ့ တောင်းဆိုချက်တွေ ပါတယ်။
ကျနော်တို့က တောင်းဆိုကြတယ်၊ တိုက်ပွဲဝင် ကြတယ်။ ဒီအသီး အပွင့်တွေကို ဗမာပြည်သူတွေ ခံစား ရသလား၊ မခံစားရ ဘူးလား ဆိုတာတော့ ဗမာပြည်က သမိုင်း အတွေ့အကြုံအရ အားလုံး နားလည်ကြပါတယ်။ ဒါတွေကတော့ ကျနော်တို့ တောင်းဆိုသင့်တာတွေ တောင်းဆိုတယ်။ အခု ပွင့်လင်း လာတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ဒီမိုကရေစီကို မြတ်နိုးပါတယ်၊ တန်ဖိုး ထားပါတယ်လို့ ဆိုတဲ့ ခေါင်းဆောင်တွေက တိုင်းရင်းသားတွေကို ဘယ်လောက်အထိ တန်ဖိုးထားသလဲ၊ ဒီမိုကရေစီကို ဘယ်လောက် မြတ်နိုးသလဲ၊ ပြည်ထောင်စု စိတ်ဓာတ် ဘယ်လောက် ရှိသလဲ၊ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံကြီး အဖြစ် ဘယ်လောက် ပေါ်လာမလဲ ဆိုတဲ့ အပိုင်းပေါ်မှာလည်း အများကြီး မူတည်ပါတယ်။
အကုန်လုံး သိကြတဲ့ အတိုင်းပဲ ဗဟို ချုပ်ကိုင်မှုတွေက အများကြီး ရှိနေတော့ ကျနော်တို့ တောင်းဆိုတာက အရေးကြီးသလို၊ သူတို့ကလည်း သိမြင်တတ်ဖို့လည်း လိုပါတယ်။ အာဏာလက်ရှိ လူကြီးတွေ အနေနဲ့ သဘောထားမှန်တွေကို သိဖို့လိုတယ်။ သဘောထားကြီးဖို့ လိုတယ်။ ပွင့်လင်း မြင်သာဖို့ လိုတယ်။ တိုင်းရင်းသားတွေနဲ့ ပူးပေါင်း ညှိနှိုင်းဖို့ လိုတယ်။ အဲဒီလို ဆိုရင် ရှေ့ကိုဆက်ပြီး သွားနိုင်မှာပေါ့။
အဲဒီလိုမဟုတ်ဘဲ တောင်းသာ တောင်းတယ်၊ ဟိုကဘာမှ မပေးဘူး ဆိုရင်လည်း ကျနော်တို့ကတော့ တောင်းရမှာပဲ။ ကျနော် တို့ လက်နက်ကိုင်ပြီး တိုက်နေတာလည်း မဟုတ်ဘူး။ ဒီမိုကရေစီဘောင်ထဲက ကျနော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ ကို ဥပဒေဘောင် အတွင်းကပဲ လူထုသဘောထား အမှန်အတိုင်း တောင်းနေတာ။
ဦးအောင်မြတ်ကျော်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်ပြည်နယ်
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီညီလာခံမှာ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဆွေးနွေးခွင့်တော့ မရှိခဲ့ ဘူး။ မြို့နယ် ကိုယ်စားလှယ်တွေ အနေနဲ့ပဲ ဆွေးနွေး ကြတယ်။ ရခိုင် အမျိုးသားနေ့ကို အတည်ပြုပေးနိုင်ခဲ့တာက ဒီညီလာခံ ရဲ့ အကောင်းဆုံး ရလဒ်တွေထဲက တခုပဲလို့ ပြောလို့ ရနိုင်တယ်။ ဒီမှာ လာတက်တဲ့ အဖွဲ့တွေက စာတမ်းတွေကို ပြုစုပြီး ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေ အတွက် မူဝါဒတွေတော့ ချမှတ် ပေးနိုင်တဲ့ သဘောမျိုးတော့ ရှိတယ်။ ဒါပေမယ့် ဒီတရက် နှစ် ရက်နဲ့ ချက်ချင်းကြီးတော့ ချမှတ် ပေးနိုင်မှာ မဟုတ်ဘူး။ နောက်ပိုင်း ဒီက တင်ပြတဲ့ စာတမ်းတွေ၊ အချက်အလက်တွေကို လိုက်ပြီး ကျနော်တို့ ရခိုင်လူမျိုးတွေ အတွက် မူဝါဒ တခု ဘယ်လို ထွက်မလဲ ဆိုတာ အဲဒီရုံးအဖွဲ့တွေက အချိန်ကာလတခု သတ်မှတ်ပြီး လေ့လာသုံးသပ်ပြီးမှ ထွက်လာနိုင်မယ်လို့ ယူဆပါတယ်။
ညီလာခံ ကျင်းပရေး ကော်မတီက သုတေသန စင်တာ လုပ်ပြီး ထားမယ်လို့တော့ ယူဆတာပေါ့။ ဒါပေမယ့် ကျနော်တို့ကိုတော့ ဘယ်တော့လောက် သတ်မှတ်မယ်၊ အချိန် ဘယ်လောက်ယူမယ် ဆိုတာမျိုး တိတိကျကျတော့ သူတို့က ထုတ်ပြန် မပြောဘူး။
ဒီညီလာခံက မြို့နယ် ပေါင်းစုံက လူမှု အဖွဲ့အစည်းတွေ၊ အခြား ရခိုင် လူမှု အသိုက်အဝိုင်း အကုန်လုံး နီးပါး ရောက်လာကြ တယ်။ အကုန်လုံးဆီက တက်လာတဲ့ စာတမ်းတွေကို ကဏ္ဍတူတွေ စုစည်းပြီး၊ အဲဒီထဲက အကုန်လုံးကို ခြုံငုံပြီးရင် အချိန် ကာလ တခုယူပြီး မူဝါဒတွေ ချမှတ် သင့်ပါတယ်။
လူပုဂ္ဂိုလ် တဦးတယောက် အနေနဲ့ တင်တဲ့ စာတမ်းတွေကို ညီလာခံမှာ တင်ခွင့် မရှိခဲ့ဘူး။ ညီလာခံမှာ ရှိတဲ့ ကျင်းပရေး ကော် မတီ အဖွဲ့တွေက သူတို့ စိတ်ကြိုက် ဆွဲထုတ် ယူသွားပြီး ညီလာခံ အချိန်ကလည်း တိုတောင်းတော့ ဗဟိုစာတမ်း ကော် မတီက ဒီစာတမ်း ဖတ်ခွင့် မရှိဘူး ဆိုပြီး အဲဒီလို အကန့်အသတ်တွေနဲ့ တွေ့ရတဲ့ အတွက်ကြောင့် ၂ ရက် ၃ ရက်နဲ့ တွေ့ရှိတာတွေကို အဖြေထုတ်ယူတဲ့ အပိုင်းက မတူကြတာတွေ ရှိမယ်။
သုတေသန စင်တာ တခုဖွင့်ပြီး အနည်းဆုံး ၁ လတန်သည်၊ ၂ လတန်သည် စာတမ်းတွေကို ပြုစုပြီး ထုတ်နိုင်မယ် ဆိုရင် တော့ ကျနော်တို့ အတွက် တိကျခိုင်မာတဲ့ မူဝါဒတွေ ထွက်လာနိုင်မယ်လို့ မြင်မိတာပေါ့။
ဒီညီလာခံ လာတုန်းက အရမ်းကြီးတော့ မျှော်လင့် မထားဘူး။ ဒါပေမယ့် နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပမှာ ရှိတဲ့ နိုင်ငံရေး အင်အား စုတွေက မတွေ့ဆုံ ဖြစ်တာ နှစ်ပေါင်း တော်တော် ကြာသွားပြီ။ အခုလို အင်အားစုတွေအကုန်လုံး စုစည်း တွေ့ဆုံရတဲ့ အပိုင်း က ကျနော့်အနေနဲ့ မျှော်လင့်ချက် ပြည့်ဝတာပေါ့။ အလွန့်အလွန် မျှော်လင့်ထားတဲ့ အပိုင်းတော့ သိပ်မရှိဘူး။
သူတို့ ဆွေးနွေးတဲ့ အပိုင်းကလည်း သာမန်လောက်ပဲ ဆွေးနွေး ဖြစ်တာ။ အခြား ဘာတွေလုပ်မယ် ဆိုတဲ့ အာမခံတဲ့ အပိုင်း တွေတော့ ဆွေးနွေးတာ မရှိဘူး။
ဦးမောင်နု
မရမာကြီး တိုင်းရင်းသား မဟာဗောဓိ အသင်း၊ စစ်တွေမြို့
မရမာကြီး အသင်းအနေနဲ့ သဝဏ်လွှာပဲ ဖတ်ခွင့် ရခဲ့တယ်။ စာတမ်းတော့ မဖတ်ခဲ့ရဘူး။ ညီလာခံမှာ စာတမ်းဖတ်တဲ့လူတွေ အရမ်းများတယ်။ အဲဒီမှာ ရခိုင်တပ်မတော်က ကျနော်တို့ကို ဝမ်းသာဂုဏ်ပြုတဲ့အနေနဲ့ ခေါ်ပြီး ဆွေးနွေးတယ်။ ဒုစစ်ဦးစီးချုပ် က ပြောတယ်။ သူတို့ ပခုံးပေါ်က ကြယ်ပွင့်မှာ ဒေါင့် ၇ ထောင့် ရှိတယ်တဲ့။ ဒီထောင့် ၇ ထောင့်ဟာ ရခိုင် တိုင်းရင်းသာ မျိုးနွယ်စု ၇ စု ရှိတယ် ဆိုတာကို အသိပေး ကြေညာထားတာပါတဲ့။ သူတို့ ခံယူချက်ထဲမှာ ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ ကမန်၊ မရမာကြီး ဆိုတဲ့ တိုင်းရင်းသား ၇ မျိုး ရှိတယ်။ ဒါဟာ ရှေးဗဝေဏသီက ရခိုင် သမိုင်းပညာရှင်တွေ မှတ်တမ်း တင်ခဲ့တဲ့ အတွက် သူတို့က ဒီမူကို လက်ခံတယ်။ ဒီနေ့ ဘာသာရေး၊ လူမျိုးရေး ပြဿနာ ဖြစ်ပွားတဲ့ အချိန်မှာ မွတ်စလင်ဘာသာ ကိုးကွယ် တဲ့ ကမန် လူမျိုးတွေဟာ ဘာပဲ ဖြစ်နေဖြစ်နေ သူတို့ ခံယူချက်နဲ့ မဆိုင်ဘူး။ ၇ မျိုးဟာ ၇မျိုးပဲတဲ့။ ဘယ်သူတွေ ဘာပြောပြော သူတို့ တပ်မတော်က အသိအမှတ် ပြုတယ်တဲ့။
သူတို့ ပခုံးပေါ်က ကြယ်ပွင့်တွေဟာ လူမျိုးတမျိုး အတွက် ထောင့်တထောင့်ပဲတဲ့။ နိုင်ငံတော် အစိုးရနဲ့ ငြိမ်းချမ်းရေး ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ၊ နယ်ခြားစောင့်တပ် ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ၊ တိုင်းရင်းသား လူမျိုး ၇ မျိုးပေါင်းမှ ရခိုင် လူမျိုး ဆိုတဲ့ ဝေါဟာရက ပြည့်စုံမယ်တဲ့။ အဲဒီထဲက တခုခု မရှိတော့ရင် ရခိုင် ဆိုတဲ့ အဓိပ္ပာယ် မပြည့်စုံဘူးလို့ ပြတ်ပြတ် သား သား ပြောတယ်။
ကျနော်တို့က တိုင်းရင်းသားတွေ အချင်းချင်း စည်းလုံး ညီညွတ်မယ်။ ဒီညီလာခံကနေပြီးတော့ ရခိုင် အစ်ကိုတော်များက ကျနော်တို့ လူနည်းစု တိုင်းရင်းသားတွေကို ဒါတွေဟာ တိုင်းရင်းသား ညီအစ်ကိုတွေပဲ ဆိုတဲ့ မူဝါဒ ချမှတ် ပေးပါတယ်။ နောက် တချက်က သယံဇာတနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်က ထွက်တဲ့ ပစ္စည်းတွေကို ရခိုင်ပြည်နယ်က ခွဲဝေ သုံးစွဲခွင့် ရဖို့ အတွက် ပြည်နယ် အစိုးရဆီမှာ တောင်းဆို ထားပါတယ်။ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ အေးချမ်းရေး အတွက် မူဝါဒတခု ချမှတ် ပေးဖို့၊ နောက်ပြီးတော့ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီများကို ၁၉၈၂ ခု ဥပဒေ အရ ဆောင်ရွက် ပေးဖို့ အဲဒါတွေ ချမှတ်တယ်။
ရခိုင်ပြည်နယ်မှာ ကျနော်တို့ မရမာကြီး လူမျိုးတွေဟာ ဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ အတွက် ပညာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေးတွေဟာ လုံးဝ ချွတ်ခြုံ ကျနေပါတယ်။ တိုင်းရင်းသား လူနည်းအစု အခွင့်အရေးဟာ ပြည့်စုံမှု၊ လုံခြုံမှု မရှိပါ။ ဒါကြောင့် နိုင်ငံ တနိုင်ငံရဲ့ လူနည်းစု အခွင့်အရေးတွေကို ပေးဖို့၊ မတိုး တက်သေးတဲ့ ကျနော်တို့ လူမျိုးစုတွေကို တိုးတက် ဖွံ့ဖြိုးအောင် ကျနော်တို့ ညီအစ်ကိုတော်တွေက ဝိုင်းဝန်း ကူညီပေးကြပါလို့ ဆွေးနွေးဖို့ အစီအစဉ် ရှိခဲ့တယ်။ ဒါပမယ့် မဆွေးနွေးဖြစ်ဘူး။
ကျနော်တို့က ရခိုင်ပြည်နယ်မှာ တိုင်းရင်းသား လူနည်းစုတွေ ဖြစ်တယ်။ အမြဲတမ်း အနှိမ်ခံရတယ်။ ကျနော်တို့ မမျှော်လင့်ဘဲ ဖိတ်စာ ရောက်လာတယ်။ ရခိုင့်အမျိုးသား ညီလာခံကို တက်ရောက်ဖို့ လမ်းစရိတ်၊ စားစရိတ် ပေးတယ်။ ကျနော်တို့ကို ပြည် ထောင်စုနေ့ ဆိုရင် ဖယ်ခဲ့တယ်။ ယဉ်ကျေးမှု ပြခန်းတွေမှာ ကျနော်တို့ နာမည်တွေ ဖယ်ထားတယ်။ ကျနော်တို့ကို နှိမ်ခဲ့ တယ်။ ဒီညီလာခံမှာ သဝဏ်လွှာ ဖတ်ခွင့်ရတယ်။ ကျနော်တို့ ဘဝမှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ၊ ဒီလိုမျိုး တခါမှ မကြုံဖူးဘူး။
အမျိုးသား ညီလာခံကို တက်ခွင့်ရတာ ကျနော်တို့ အတွက် နေ့ထူးနေ့မြတ်ပဲ။ သဝဏ်လွှာ ဖတ်ခွင့်ရတယ်၊ ကျနော်တို့ မရမာကြီးတွေဟာ တိုင်းရင်းသား အစစ်တွေဆိုတာ ကြွေးကြော် နိုင်ခဲ့တာ ကျနော်တို့ရဲ့ အောင်မြင်မှုပါ။ ကျနော်တို့ကို အသိအမှတ်ပြု နှုတ်ဆက်တာ ခံရတယ်။ ဒီက မူဝါဒ လမ်းစဉ်တွေ ချမှတ်တဲ့ အခါ ကျနော်တို့ နာမည်တွေကို ထည့်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါမှ ကျနော်တို့ သေသွားတဲ့ အခါ နောင်လာနောက်သားတွေဟာ ကောင်းကောင်းမွန်မွန်နဲ့ အမျိုးသားရေးတွေ လုပ်နိုင်မယ်။ အဲဒီ အကျိုးကျေးဇူးတွေ ရမယ်လို့ မျှော်လင့်တယ်။
ကိုကျော်စိုးလင်း
ရခိုင် လူမှုကွန်ရက်(ကျိန္တလီ)၊ ဂွမြို့နယ်
ကျနော်တို့က စာတမ်း တစောင် ဖတ်ဖြစ်တယ်။ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ရခိုင်လူမှု ကွန်ရက်ရဲ့ စာတမ်းကို ဖတ်တယ်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ စိန်ခေါ်မှု ၃ ရပ်ကို ဖတ်တယ်။ သဘာဝ သယံဇာတဆိုင်ရာ စိန်ခေါ်မှု၊ ခိုးဝင် ဘင်္ဂါလီ ကိစ္စနဲ့ ရခိုင်ရိုးမကြီးကို ပုဂ္ဂလိက ကုမ္ပဏီကြီးတွေက အစားထိုးပင်စိုက်ဖို့ ဆိုပြီးတော့ ဧက တသိန်းခြောက်သောင်းခွဲကျော် တောခုတ်နေတဲ့ ကိစ္စ။ ဒီစိန်ခေါ်မှု ၃ ရပ်ကို ရခိုင်ပြည်နယ် လူထုက ဂရုတစိုက်နဲ့ ပူးပေါင်း ပါဝင်ပြီး ရပ်တန့်အောင် ဆောင်ရွက်နိုင်ဖို့ ဆိုတာကို ဆွေးနွေးတယ်။
ညီလာခံကတော့ ကြေညာချက် မထုတ်ပြန်သေးဘူး။ အဲဒါကြောင့် ဘာရလဒ် ထွက်မယ် ဆိုတာ တိတိကျကျ မပြောနိုင်သေး ဘူး။ ညီလာခံ တက်လာတဲ့ ၁၇ မြို့နယ်က ရခိုင်လူမှု ကွန်ရက်တွေ အစုအဖွဲ့ အလိုက် ဆွေးနွေးတာတွေမှာတော့ ရခိုင်ပြည် နယ်ထဲက INGO တွေကို စောင့်ကြည့်ဖို့ အတွက် လုပ်ငန်း ကော်မတီလေး တခု ဖွဲ့နိုင်ခဲ့တယ်။
နောက်တခုက အမျိုးသားနေ့ကိုလည်း အတည်ပြု နိုင်ခဲ့တယ်။ ရခိုင်အမျိုးသားနေ့ကို မဟာမုနိ ဘုရားကြီး သွန်းလုပ်ခဲ့တဲ့နေ့ကို သတ်မှတ်ခဲ့တယ်။ ဒါပေမယ့် မဲဆန္ဒကောက်တဲ့ အခါ သဘောမတူတဲ့ မြို့နယ်တွေလည်း ရှိတယ်။ မာန်အောင်မြို့ဆို လုံး ဝ လက်မှတ် မထိုးခဲ့ဘူး။ မှတ်ချက် မပေးခဲ့ဘူး။ ကျနော်တို့လည်း အဲဒီနေ့ကို သဘော မတူဘူး။ နောက်ပိုင်း ဘာဆက်ဖြစ် လာမယ် ဆိုတာ မသိဘူး။ ကျနော်တို့ကတော့ ဘုရား သွန်းလုပ်တယ် ဆိုတဲ့နေ့ဟာ ဘာသာရေးနဲ့သာ ဆိုင်ပြီး အမျိုးသား ရေး လုပ်ဖို့ နေ့တနေ့ အဖြစ်ကျတော့ ကျနော်တို့ ရှုထောင့်က ကြည့်ရင် အမျိုးသားရေးရော၊ နိုင်ငံရေး ရောယှက်နေတဲ့ နေ့တနေ့ ဖြစ်သင့်တယ်လို့ ထင်တယ်လေ။ မာန်အောင်ကလည်း အဲဒီ သဘောပါပဲ။ မာန်အောင်ကလည်း ဒီအမျိုးသားနေ့ကို ရခိုင်ပြည်နယ် တနယ်လုံး ကျယ်ကျယ်ပြန့်ပြန့်သိအောင် လုပ်ပြီးမှ သတ်မှတ် စေချင်တယ်။ ဘုံဆွေးနွေးချက် ရလဒ်ကိုတော့ သူတို့ထုတ်ပြန်ချက် ထုတ်ပြီးမှပဲ သိရမှာပါ။ ကျနော်တို့ သတင်းတခု ကြားတာကတော့ ရက် ၁၀၀ ပြည့်မှ သတင်း ထုတ်ပြန် မယ်လို့လည်း ကြားတယ်။
နောက်တခုက ဒါက ပထမဆုံး လုပ်တဲ့ညီလာခံဆိုတော့ အားလုံးက တထပ်တည်းတော့ မကျနိုင်သေးဘူးပေါ့။ မကျသေး ပေ မယ့် ရခိုင် တပြည်နယ်လုံး ပြည်တွင်း၊ ပြည်ပ ရခိုင် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ ဆုံးဖြစ်ပြီးတော့ Network တွေ တိုးတယ်။ ဒါတွေကတော့ အများကြီးရတာပေါ့။ တယောက်နဲ့ တယောက် ထိတွေ့ခွင့် ရတော့ အမြင်လေးတွေ ဖလှယ်ခွင့် ရ တယ်။ ဆွေးနွေးခွင့် ရတယ်။ အဲဒီလို အကျိုးဆက်တွေတော့ ရတာပေါ့။
ညီလာခံပြီးရင် ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ သွားမယ့် ပြည်နယ် တခုအဖြစ် အကောင်အထည်ဖော်ဖို့ နေရာမှာ ရခိုင် တိုင်း ရင်းသား ခေါင်းဆောင်တွေရော၊ ရခိုင် တတ်သိပညာရှင်တွေရော၊ ရခိုင် ပြည်သူ့ ကိုယ်စားလှယ်တွေရော၊ ရခိုင် တိုင်းရင်း သား အားလုံး နောက်မှာ ပါလာနိုင်တဲ့ လမ်းကြောင်းတခုကို အထူးသဖြင့်က ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နဲ့ ရခိုင် တတ် သိ ပညာရှင်ပိုင်းက ဦးဆောင်ပြီးတော့ စနစ်တကျ လမ်းကြောင်း တခု ဖော်သင့်တယ်လို့ မြင်တယ်လေ။ နောက်တခုက ကျနော်တို့က တိုင်းရင်းသားဖြစ်တဲ့ အတွက်ကြောင့် တိုင်းရင်းသား ခေါင်းဆောင် အားလုံးဟာ တန်းတူညီမျှ အခွင့်အရေး ရသင့် တယ်လို့ မြင်တယ်လေ။ ဥပမာ ဗမာတွေက လူမျိုးစု ကြီးတယ် ဆိုပြီးတော့ ဗမာ ခေါင်းဆောင်တွေကို ရခိုင် ခေါင်းဆောင် တွေက မျက်နှာလို မျက်နှာရ နေရတာမျိုးလည်း မဖြစ်သင့်ဘူး။ ရခိုင် ခေါင်းဆောင်နဲ့ ဗမာခေါင်းဆောင်တွေက တန်းတူ အခွင့် အရေး ရသင့်တယ်။ တန်းတူ ဆက်ဆံနိုင်ခွင့် ရှိရမယ်။ အဲဒီလိုတန်းတူ ဆက်ဆံနိုင်တဲ့အနေအထားရောက်မှ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်က ဖြစ်မှာပါ။
ကျနော်တို့ အခုဆိုရင် အဲဒီလမ်းကြောင်းပေါ်ရောက်ဖို့အတွက် ခြုံကြီး ၃ ခြုံကို အရင်ရှင်းရမယ်။ ဒီကထွက်တဲ့ သယံဇာတ တွေ ရှိတယ်။ ဒီသယံဇာတ ပြဿနာပေါ့။ ဥပမာ ရွှေဂက်စ် အခြေခံတဲ့ သယံဇာတ ပြဿနာ၊ ခိုးဝင်ဘဂါၤလီ ပြဿနာ၊ ရခိုင် ရိုးမကို အပြောင်ရှင်းခံနေရတဲ့ ပြဿနာ။ ဒီပြဿနာသုံးခုကို ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ၊ အမျိုးသားပါတီရယ်၊ လွတ်တော်ထဲရောက်နေတဲ့ ရခိုင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေရယ် ချိတ်ဆက်ပြီးတော့ ၁၇မြို့နယ်ရခိုင်လူမှုကွန် ရက် အနေနဲ့ အောက်ခြေ အခြေခံအသေးစိတ်ကြတဲ့အချက်တွေကို စုဆောင်းပြီးတော့ ရခိုင် ၁၇ မြို့နယ်က အောက်ခြေပိုင်းတွေကို ပူးတွဲကူညီသွားဖို့နဲ့ ရခိုင်အမျိုးသား ပါတီကိုလည်း အကောင်းဆုံးနိုင်ငံရေး လမ်းကြောင်း တခုပေါ် ခြေချနိုင်ရေး အတွက် လူမှုကွန်ရက်တွေ အနေနဲ့ အကောင်းဆုံးနဲ့ တတ်နိုင်သလောက် ပံ့ပိုးပေးသွားဖို့ ရည်ရွယ် ပါတယ်။ ။