ရခဲလှတဲ့ လူ့ဘဝမှာ ဘယ်လောက်အထိ အကျိုးရှိနေထိုင်ဖြတ်သန်းပြီးပြီလဲလို့ စဉ်းစားမိတဲ့အခါ ဖြတ်သန်းမှုချင်း မတူတဲ့ လူအမျိုးမျိုးကို သွားတွေးမိပါတယ်။ တချို့တွေက အလိုရမ္မက်တွေနဲ့ ဘဝကို ဖြတ်သန်းကြတယ်။ တချို့တွေက တစ်ကိုယ်ကောင်းဆန်မှုနဲ့ ဘဝကို ဖြတ်သန်းကြတယ်၊ တချို့တွေက စွန့်လွှတ်အနစ်နာခံမှုနဲ့ ဘဝကို ဖြတ်သန်းကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယကနဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ ဈာပနကို လိုက်ပါပို့ဆောင်ဖြစ်ခဲ့ပါတယ်။ ဒီလောက်များပြားတဲ့ လူအရေ အတွက်ကို ဘယ်ဈာပနမှာမှ မတွေ့ဖူးခဲ့ပါဘူး။ အပြာရောင် အကျႌဝတ်ထားတဲ့သူတွေ အများအပြား တွေ့ရသလို လွမ်းသူ့ပန်းခြင်း၊ လွမ်းသူ့ပန်းခွေတွေဆိုတာ အများကြီးပါပဲ။ ရန်ကုန်ကသာမက မြန်မာတနိုင်ငံလုံးက ဘဘဦးဝင်းတင်ကို ချစ်ခင်လေးစားသူတွေဟာ ပူပြင်းလွန်းတဲ့ ရာသီဥတုကိုတောင် ဂရုမစိုက်အားဘဲ လိုက်ပါပို့ ဆောင်ကြတာပါ။
ဘဘဦးဝင်းတင်ဟာ ဘဝတသက်လုံးမှာ သူ့ကိုယ်ကျိုးအတွက် ရှေးရှု့ခဲ့တာမဟုတ်ဘဲ ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးအတွက် တစိုက်မတ်မတ်တိုက်ပွဲဝင်ခဲ့သလို အဖိနှိပ်ခံပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အာဏာရှင်တွေကို ဒူးမထောက်လက်မမြှောက်တဲ့ စိတ်ဓာတ်ဟာ ကြက်သီးမွေးညင်းထရ လောက်အောင် အံ့သြလေးစားစရာကောင်းပါတယ်။ သူဟာ ရုပ်ဝတ္ထုပိုင်ဆိုင်မှုအနေနဲ့ အိမ်လေးတလုံးတောင် အပိုင်မရှိခဲ့ပါဘူး။ သူ နောက်ဆုံး နေထိုင်ခဲ့တဲ့နေရာလေးဟာ သာမန်အိမ်လေးသာ ဖြစ်ပါတယ်။
သူကွယ်လွန်သွားချိန်မှာ ချန်ထားရစ်ခဲ့တာက “ရိုးသားမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ အမှန်တရားအတွက် ရဲရဲရင့်ရင့် ရည်တည်မှု”တွေပါ။ ကျမ တဆက်တည်းတွေးမိတာက ဘဘဦးဝင်းတင် ကွယ်လွန်သွားခဲ့ပေမယ့် သူ့ဂုဏ်သိက္ခာဟာ သမိုင်းခေတ်အဆက်ဆက် ရှင်သန်နေမှာပါပဲ။ “ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှုတွေဟာ ရိုးသားမှု၊ ဂုဏ်သိက္ခာတွေလောက် တန်ဖိုးမရှိသလို အားကျစရာလည်း မကောင်းဘူး”လို့ ဆက်တွေးမိပါတယ်။
အာဏာရှင်တွေက နန်းတော်တမျှ ခမ်းနားတဲ့ အိမ်ကြီးတွေမှာ နေကြတယ်။ ဆယ်သက်စားမကုန်အောင် လောဘဇောတိုက်ပြီး မတော်မတရားတဲ့ နည်းလမ်းပေါင်းစုံနဲ့ ပိုင်ဆိုင်မှုတွေကို ရယူကြတယ်။ ကိုယ့်အာဏာ တည်မြဲရေးအတွက် ဘယ်သူ့ကိုမှ စတေးပစ်ဖို့ ဝန်မလေးကြဘူး။ ငါးပါးသီလမှာ တပါးမှ မလုံဘူး။ အဲဒီလို အာဏာရှင်တွေ ကွယ်လွန်သွားရင် ဘယ်လိုလူတွေ ဝမ်းနည်းကြမှာပါလဲ။ ပူဆွေးကြမှာပါလဲ။ အာဏာရှင် တယောက်ပဲ ကွယ်လွန်၊ ကွယ်လွန်၊ သာမန်လူတယောက်ပဲ ကွယ်လွန်၊ ကွယ်လွန်၊ ပိုင်ဆိုင်သမျှကို ချန်ထားရစ်ခဲ့ ရတာပါ။
တနေ့မှာ သေဆုံးရမယ့် လူသားတွေဖြစ်ပါလျက်နဲ့ ရှင်သန်စဉ်ကာလမှာ တခြားသူတွေကို နှိပ်စက်ညှင်းပန်းသူ တွေဟာ လူ့အဖွဲ့အစည်းရဲ့ ဆန်ကုန်မြေလေးတွေပါ။ လက်ရှိအချိန်ထိ ကျမတို့ မြန်မာနိုင်ငံမှာပြည်သူ တွေဟာ ဝမ်းဝရုံစားဖို့အတွက်တောင် မနည်းရုန်းကန်နေရပါတယ်။ နေရေးမှာဆိုရင် မြင့်မားတဲ့ အိမ်လခ ကြောင့် ကျူးကျော်ဘဝရောက်နေသူတွေ အများကြီးပါ။ နိုင်ငံသားတယောက်ရသင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အပြည့်အ၀ မရပါဘူး။
ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူတွေရဲ့ မြေယာတွေကို လျော်ကြေးမပေးဘဲ အတင်းအဓမ္မသိမ်းယူမှုတွေကြောင့် နစ်နာသူတွေရှိနေသလို ပြည်တွင်းစစ်ကြောင့် နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရသူတွေလည်း ရှိပါတယ်။ အာဏာရှင်တွေနဲ့ ဆက်နွယ်နေတဲ့ အသိုင်းအဝိုင်းက သား၊သမီးတွေ ငွေကိုရေလိုသုံးပြီး ထင်တိုင်း ကြဲနေတဲ့အချိန်မှာ တလကို ရှစ်သောင်းလောက်ရဖို့ကိုပဲ မိုးလင်း မိုးချုပ်၊ အလုပ်လုပ်နေရသူတွေရှိပါတယ်။
ဒါ့အပြင် အငြိမ်းစားယူသွားပါပြီဆိုတဲ့ စစ်အာဏာရှင်ဟောင်းကြီးရဲ့ အငြိမ်းစားလစာက တလမှာ သိန်းတရာနီး ပါးရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းသာမှန်ခဲ့မယ်ဆိုရင် နိုင်ငံဘဏ္ဍာတွေကနေဘာ ကြောင့် ဒီလောက်များပြားတဲ့ လစာပေးနေရသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ တလကို တသိန်း လောက်ပဲ ဝင်ငွေရှိတဲ့ လူတယောက်ဟာ သိန်းတရာရဖို့ ရှစ်နှစ်ကျော်အလုပ်လုပ်ရမှာပါ။ တနည်းအားဖြင့် အဲဒီ လောက်များပြားတဲ့ ငွေကြေးဟာ နိုင်ငံ့အတွက်ပါ ဝန်ထုပ်ဝန်ပိုင်းဖြစ်စေပါတယ်။ နိုင်ငံသားတွေအတွက် ဘာတခုမှ အကျိုးမဖြစ်ထွန်းစေခဲ့ဘဲ မျက်ရည်နဲ့ ဒုက္ခတွေပေးခဲ့တဲ့ စစ်အာဏာရှင်ဟောင်းကြီး ကွယ်လွန်သွားရင်ရော ဘယ်သူတွေက နှမျောတသကြမှာပါလဲ။
သမိုင်းဆိုတာ လုပ်ကြံဖန်တီးလို့ မရပါဘူး။ ရိုးသားဖြောင့်မတ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ အမှန်တရားမြတ်နိုး ခြင်းတွေနဲ့ ပြည့်စုံသူတွေကိုသာ သမိုင်းက ကောင်းချီးပေးမှာပါ။ သမိုင်းကြောင်းကောင်းတဲ့လူသားတယောက်ရဲ့ မွှေးပျံ့တဲ့ ဂုဏ်သိက္ခာကို သံမဏိသူရဲကောင်းဘဘဦးဝင်းတင်က သက်သေပြခဲ့ပါပြီ။
သမိုင်းကြောင်းကောင်းကောင်းကြိုးစားမလား၊ သမိုင်းမှာ နာမည်ဆိုးနဲ့ တွင်ကျန်ရစ်အောင်ကြိုးစားမလားဆိုတာ ကတော့ သမိုင်းမှာ ကျမတို့ အားလုံးရဲ့ “ရွေးချယ်မှု” နဲ့ “လုပ်ရပ်”ပေါ်မူတည်နေပါတယ်လို့ ပြောပါရစေလားရှင်။