ထိုင်းနိုင်ငံရေးလောကမှာ အငြင်းပွားဖွယ် နိုင်ငံရေးသမား သက်ဆင်ရှင်နဝပ်ရဲ့ “ကိုယ်ပွားကလေး” ရာထူးကနေ ဆင်းပေးလိုက်ရပြန်ပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ငံရေး ပြဿနာ ပိုကောင်းသွားမယ်လို့တော့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး။
သက်ဆင်ရဲ့ နှမ ထိုင်းဝန်ကြီးချုပ် ယင့်လခ် ရှင်နဝပ်ကို အာဏာအလွဲသုံးစားမှုနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက ရာထူးကနေ ဖယ်ရှားလိုက်တယ်။ ၂၀၁၁ ခုနှစ်မှာ အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ရာထူးကနေ ဖယ်ရှား၊ ရဲချုပ်တာဝန်ယူနေသူနဲ့ အစားထိုး၊ လစ်လပ်သွားတဲ့ ရဲချုပ်နေရာမှာ သက်ဆင်ရဲ့ ယောက်ဖ (ဟောင်း) တယောက်ကို တာဝန်ပေးတဲ့ ကိစ္စကို အာဏာ အလွဲသုံးစားမှုလို့ ခုံရုံးတရားသူကြီးတွေက ကောက်ချက်ချပါတယ်။ ထိုင်းနိုင်ငံရေးလောကမှာ ဒီလိုကိစ္စမျိုးက မဆန်းပေမယ့် ယင့်လခ် ထွက်ရပ်လမ်းအတွက်တော့ လုံလောက်သွားပါတယ်။
နောက်ကြောင်းပြန်ကြည့်ရင် လက်ရှိ နိုင်ငံရေး အဆိုးသံသရာ စတင်ခဲ့ကတည်းက ဒီလိုအဖြစ်အပျက်တွေ အတော်များပါတယ်။ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်ပါတီက သပိတ်မှောက်ခဲ့တယ်။ ယင့်လခ်ရဲ့ အကို သက်ဆင်ရှင်နဝပ် ခေါင်းဆောင်တဲ့ ထိုင်းရတ်ထိုင်း (ထိုင်းက ထိုင်းကို ချစ်) ပါတီက ၆၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ရွေးကောက်ပွဲ ရလဒ်ကို တရားမဝင်ဘူးဆိုပြီး ပယ်ဖျက်ခဲ့တယ်။
ရွေးကောက်ပွဲအသစ် ကျင်းပဖို့ ပြင်နေတုန်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တယ်။ ဝန်ကြီးချုပ် သက်ဆင် ပြည်ပြေးဘဝရောက်ခဲ့ရတယ်။ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းပေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံး အသစ်က သက်ဆင်ရဲ့ ထိုင်းရတ်ထိုင်း ပါတီကို ၂၀၀၆ ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ ဖျက်သိမ်းလိုက်တယ်။ သက်ဆင်နဲ့ အမတ် ၁၁၁ ယောက်ကိုလည်း နိုင်ငံရေး လုပ်ခွင့်ပိတ်ပင်ခဲ့တယ်။
ထိုင်းရတ်ထိုင်း ပါတီက ခေါင်းဆောင်တွေနဲ့ ပြည်သူ့အင်အားပါတီ (ပီပီပီ) ပါတီကို ဖွဲ့စည်းပြီး ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့ အနိုင်ရပြန်တယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ်ထဲမှာ ဝန်ကြီးချုပ် ဆမတ် ဆန်ဒြာဗက်ကိုလည်း ဖွဲ့စည်းပုံ ခုံရုံးကပဲ ဖြုတ်ချခဲ့ပြန်တယ်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ အချိန်မှာ ရုပ်သံလိုင်းတခုမှာ ဟင်းချက်အစီအစဉ် တင်ဆက်မှု (cooking show) အတွက် အခကြေးငွေ ယူတယ်ဆိုပြီး ဖြုတ်ချခဲ့တယ်။ ပီပီပီ ပါတီကိုလည်း မဲမသာမှုနဲ့ပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဖျက်သိမ်း လိုက်ပြန်တယ်။
သက်ဆင်ဂိုဏ်းသားတွေ ရာထူးလက်လွှတ်ခဲ့ရပြီး ဒီမိုကရက်ပါတီက လွှတ်တော်အတွင်းက ပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး နောက်ထပ် နှစ်နှစ်ခွဲလောက် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ ၂၀၁၀ မှာ သက်ဆင်ထောက်ခံတဲ့ ရှပ်နီဆန္ဒပြသမားတွေကို စစ်တပ်က နှိမ်နင်းခဲ့တာ အနည်းဆုံး လူ ၉၀ ဝန်းကျင် သေဆုံးခဲ့တယ်။
ပီပီပီ ဖျက်သိမ်းလိုက်ရတဲ့နောက် သက်ဆင်လူတွေနဲ့ အသစ်ဖွဲ့လိုက်တဲ့ ဖွထိုင်း( ထိုင်းအတွက်)ပါတီ (Pheu Thai Party) “သက်ဆင်က တွေးခေါ်၊ ဖွထိုင်းက ဆောင်ရွက်” ရွေးကောက်ပွဲ ကြွေးကြော်သံကို သုံးပြီး သက်ဆင် နှမ ယင့်လခ်ကို ရှေ့ထုတ်ပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့လည်း တခဲနက် အနိုင်ရပြန်ပါတယ်။ ၂၀၁၁ သြဂုတ်လမှာ ယင့်လခ် ဝန်ကြီးချုပ် ဖြစ်လာတယ်။ အခြေအနေတွေ ပြန်လည်တည်ငြိမ်နေရာက သက်ဆင်အတွက် လွတ်ငြိမ်းချမ်းသာခွင့် အကျုံးဝင်စေမယ့် ဥပဒေမူကြမ်းကို အကြောင်းပြုလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတယ်။ ဝန်ကြီးချုပ် ယင့်လခ်က ပါလီမန်ကို ဖျက်သိမ်းပြီး ၂၀၁၃ ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဒီမိုကရက်ပါတီက သပိတ်မှောက်တယ်။ ဆန္ဒပြသမားတွေကြောင့် တချို့ မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့ဘူး။ တရက်တည်းနဲ့ ရွေးကောက်ပွဲကို အပြီးအပြတ် မကျင်းပနိုင်လို့ ဆိုပြီး ဖွဲ့စည်းပုံ ခုံရုံးက ရွေးကောက်ပွဲရလဒ်ကို တရားမဝင် ကြေညာတယ်။
နောက်တကြိမ် ရွေးကောက်ပွဲကို ဇူလိုင်လမှာ ကျင်းပဖို့ စီစဉ်နေတဲ့အချိန်မှာ အာဏာအလွဲသုံးစားမှုနဲ့ ဝန်ကြီးချုပ် ယင့်လခ်ကို ဖွဲ့စည်းပုံ ခုံရုံးကပဲ ရာထူးကနေ ဖယ်ရှားလိုက်ပြန်တယ်။ နောက်တရက်မှာပဲ နိုင်ငံတော် စပါးဝယ်ယူရေးကိစ္စမှာ တာဝန်ပျက်ကွက်တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆုံးဖြတ်တယ်။ အမှုကို အထက်လွှတ်တော်ကို လွှဲပေးပြီး အယုံအကြည်မရှိ အောင်သွားရင် ယင့်လခ်လည်း နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်ခံရနိုင်တယ်။
ဒါက အခုအထိ ဇာတ်လမ်း အကျဉ်းချုပ်ဖြစ်ပါတယ်။
ပြန်ချုပ်ရင် ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ရွေးကောက်ပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့တယ်။ ဒီမိုကရက်ပါတီက နှစ်ကြိမ် သပိတ်မှောက်ခဲ့တယ်။ ရွေးကောက်ပွဲတိုင်းလည်း သက်ဆင်အနွယ်တွေပဲ အနိုင်ရတယ်။ ၂၀၀၆ မှာ စစ်တပ်က တကြိမ်အာဏာသိမ်းတာကလွဲလို့ ဖွဲ့စည်းပုံ ခံုံရုံး အဆုံးအဖြတ်နဲ့ ရွေးကောက်ပွဲရလဒ်တွေ၊ အစိုးရအဖွဲ့တွေ၊ သက်ဆင်အနွယ်ပါတီတွေ ပြိုလဲကုန်တယ်။
စစ်တပ် အာဏာသိမ်းမှု (military coup) နဲ့ နာမည်ကြီးတဲ့ ထိုင်းနိုင်ငံရေးဟာ အခုတခါ (judicial coup) လို့ ပြောစမှတ်တွင်လာတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးမှာ တရားသူကြီး ၉ ယောက်ရှိတယ်။ ကနဦး ရွေးချယ်တဲ့ အဆင့်မှာ ၅ ယောက်ကို တရားရေးဌာနနှစ်ခုက ရွေးချယ်ပြီး၊ လေးယောက်ကို တရားရေးဌာန အကြီးအကဲတွေနဲ့ အောက်လွှတ်တော်က ဥက္ကဌနဲ့ အောက်လွှတ်တော် အတိုက်အခံ ခေါင်းဆောင်တို့ပါတဲ့ ဘုတ်အဖွဲ့က ရွေးချယ်ရပါတယ်၊ အားလုံးကို အထက်လွှတ်တော်က အတည်ပြုပြီးရင် ဘုရင်က နောက်ဆုံးခန့်အပ်ပါတယ်။ အထက်လွှတ်တော်မှာ အမတ်ထက်ဝက်ကို တရားသူကြီးတွေနဲ့ အရပ်ဘက်အရာရှိတွေက ခန့်အပ်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိစနစ်အရ ဖွဲ့စည်းပုံ ခုံရုံးဟာ နိုင်ငံရေးပါတီတွေရဲ့ သြဇာလွှမ်းမိုးနိုင်ဖို့ တော်တော် မလွယ်ပါဘူး။ သြဇာလွှမ်းမိုးနိုင်ဖို့ ဖွထိုင်းပါတီက ကြိုးစားခဲ့သေးတယ်။ အထက်လွှတ်တော်ကိုလည်း အောက်လွှတ်တော် နည်းတူ ရွေးချယ်ဖို့ မူကြမ်းတင်တာကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ပယ်ချခဲ့တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဟာ နိုင်ငံရေးပါတီတွေနဲ့ အစိုးရကို ထိန်းကြောင်းတဲ့ သြဇာကြီးတဲ့ အင်စတီကျူးရှင်း အနေနဲ့ပဲ ထီးထီးကြီး ရှိနေပါဦးမယ်။ သူ့အရပ်နဲ့ သူ့ဇာတ်လို့ ပြောရင် ပိုမှန်ပါမယ်။
အခုနောက်ဆုံး ယင့်လခ်ကို စီရင်ချက်ချပြီးတဲ့အချိန်မှာ ဖွဲ့စည်းပုံ ခုံရုံး တရားသူကြီး ကိုးယောက်ထဲက တယောက်ဖြစ်တဲ့ ဆူပေါ့ ကိုင်မွခ် က ပေးလိုက်တဲ့ မှတ်ချက်က မှတ်သားဖို့တော့ ကောင်းတယ်။
“ထိုင်း ဒီမိုကရေစီစနစ်မှာ အများစုကို စံနှုန်းတွေကို ပြဌာန်းခွင့်ပြုထားတယ်။ ဒါပေမယ့် အများစုက အာဏာကို အလွဲသုံးစားလုပ်ပြီး ကြောင်းကျိုး မဆင်ခြင်ဘဲ အနည်းစုကို ဖိနှိပ်ရင်တော့ အများစုရဲ့ တရားဝင်မှုလည်း ဆုံးရှုံးမယ်။ ဒါကို ဒီမိုကရေစီလို့ ခေါ်လို့ မရဘူး။ လူများစု ဗိုလ်ကျစိုးမိုးမှု စနစ် ဖြစ်သွားလိမ့်မယ်” လို့ ဆိုတယ်။
သက်ဆင်တို့ မောင်နှမကို ထောက်ခံသူတွေ (ရှပ်နီ) ဘက်က ကြည့်ရင်တော့ တရားစီရင်ရေးစနစ်က ဘက်လိုက်တယ်ပေါ့၊ တရားစီရင်ရေးစနစ်ကို မယုံကြည်ကြတော့ဘူး။ စစ်တပ်ကိုလည်း မယုံတော့ဘူး။ ဒီလိုပဲ သက်ဆင်တို့ မောင်နှမကို ဆန့်ကျင်သူတွေက ရဲတပ်ဖွဲ့ကို မယုံဘူး။ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကိုလည်း မယုံတော့ဘူး။ ပြည်သူတွေ အချင်းချင်းလည်း မယုံတော့ဘူး။ တရားသူကြီးအိမ်မှာ ဗုံးကွဲတယ်။ ဆန္ဒပြပွဲတွေ အတွင်းမှာ ဗုံးကွဲတယ်။ ခြောက်လအတွင်း ချောင်းမြောင်းပစ်ခတ်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှု၊ အဓိကရုဏ်းတွေကြောင့် လူ ၂၀ လောက် သေဆုံးခဲ့ရတယ်။
ထိုင်းနိုင်ငံရေးကို နောက်ကြောင်း ခြေရာပြန်ကောက်ရင် ဒီမိုကရေစီ တည်ဆောက်ရေး သင်ခန်းစာယူစရာတွေ ရှိပါတယ်။ မျက်မှောက်ခေတ် ထိုင်းနိုင်ငံရေးမှာ အရေးကြီးတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုက ၁၉၉၂ ဖြစ်ပါတယ်။ လူတွေလမ်းပေါ်ထွက်ဆန္ဒပြပြီး စစ်အစိုးရကို ဖြုတ်ချခဲ့ကြတယ်။ စစ်အစိုးရပြုတ်ကျသွားခဲ့ပြီးနောက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ်။ ဖွဲ့စည်းပုံကလည်း ဒီမိုကရေစီအခွင့်အရေးကို တိုးပြီ အာမခံလာတယ်။ ထိုင်းစီးပွားရေးကလည်း တော်တော် မြင့်မားတဲ့ နှုန်းနဲ့ တိုးတက်ခဲ့တယ်။ လူလတ်တန်းစားတွေ ကြီးထွားလာခဲ့တယ်။ လူထု အခြေပြု အဖွဲ့အစည်းတွေ အားကောင်းခဲ့တယ်။ မီဒီယာတွေ အားကောင်းခဲ့တယ်။
ဒီလိုနဲ့ ပြုပြင်ပြောင်းလဲရေး ဝါဒီတွေက ဒီမိုကရေစီ အရေးတော်ပုံ လမ်းကြောင်း ဖြောင့်ဖြူးသွားပြီလို့ ယူဆပြီးတော့ လုပ်လက်စတွေကို ရပ်လိုက်ကြတယ်။ အစိုးရကို စောင့်ကြည့် ထိန်းကြောင်းနေတဲ့ လူထု အခြေပြုအဖွဲ့အစည်းတွေကို ကိုယ်သဘောနဲ့ကိုယ် ဖျက်သိမ်း လိုက်ကြတယ်။ မီဒီယာတွေကို ရပ်နား လိုက်ကြတယ်။ ဒါက ကြီးမားတဲ့ အမှားဖြစ်ခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးသမားတွေက အချိန်မတန်ခင်မှာ လုပ်လက်စ အလုပ်တွေကို ရပ်လိုက်တဲ့အချိန်မှာပဲ စီးပွားရေးသမားကြီး သက်ဆင်က နိုင်ငံရေး လောကထဲကို ဝင်လာခဲ့တယ်။
ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ အားနည်းနေတာကို အခွင့်ကောင်းယူတယ်။ ငွေကြေးအင်အားနဲ့ နိုင်ငံရေးသမားတွေကို ဝယ်တယ်။ တရားစီရင်ရေး စနစ်ကိုလည်း ဝယ်ပစ်လိုက်တယ်။ တချိန်တည်းမှာ တိုင်းပြည်ထဲမှာ လူများစုဖြစ်တဲ့ ဆင်းရဲသားတွေ စည်းရုံးတဲ့ ဈေးပေါတဲ့ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်၊ ချေးငွေတွေကို ထုတ်ပေးတယ်။ သက်ဆင်ခေတ် မတိုင်ခင်မှာ မြို့ပေါ် နိုင်ငံရေးသမားတွေဟာ တောနေ ဆင်းရဲသားတွေကို မေ့လျှော့နေခဲ့ကြတယ်။ ဆင်းရဲသားတွေက သက်ဆင်ကို အားကိုးလာကြတယ်။ ဒါပေမယ့် ၂၀၀၁ ခုနှစ်မှာ အာဏာရလာတဲ့ အချိန်ကစလို့ သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အခြေခံအောင် တည်ဆောက်သူ မဖြစ်လာဘဲ ရွေးကောက်ခံ အာဏာရှင်ဆန် ဖြစ်လာခဲ့တယ်။ မီဒီယာတွေကို ပိုပြီး ဖိနှိပ်တယ်။ လွတ်လပ်တဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို ဖိနှိပ်တယ်။
ဒီလိုနဲ့ ၂၀၀၆ ရွေးကောက်ပွဲမှာလည်း တောနေဆင်းရဲသားတွေထောက်ခံမှုနဲ့ သက်ဆင် တကျော့ပြန် အနိုင်ရတော့ မြို့ပေါ်လူလတ်တန်းစားတွေက ဆန္ဒပြကြတယ်။ နောက်ဆုံးစစ်တပ် အာဏာသိမ်းမှုဆီကို ဦးတည်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ထိုင်းဒီမိုကရေစီဟာ နောက်ကြောင်းပြန်သွားခဲ့ပါတယ်၊ ရွေးကောက်ပွဲ ဘယ်နှယ်ကြိမ်ပဲ လုပ်ခဲ့ပေမယ့် ရှေ့ခရီးမဆက်နိုင်တော့ဘဲ ဒုံရင်း ပြန်ဆိုက်နေတယ်။ သွေးကွဲမှုက အချိန်ကြာလေ နက်ရှိုင်းလေဖြစ်လို့ အဆိုးသံသရာကနေ ရုန်းထွက်ဖို့ မလွယ်သေးပါဘူး။
ထိုင်းက ပေးတဲ့ သင်ခန်းစာက ဒီမိုကရေစီတိုက်ပွဲက ထင်သလောက်မလွယ်ဘူး။ စစ်အစိုးရကို မရှိတော့တာနဲ့ ဒီမိုကရေစီ လမ်းကြောင်း ဖြောင့်ဖြူးသွားမယ်လို့ မျှော်လင့်ရင် အမှားကြီး မှားပါလိမ့်မယ်။ အောက်ခြေလူထု အထိ ဒီမိုကရေစီ အုတ်မြစ် မချနိုင်သေးခင်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမားတွေက လုပ်လက်စတွေ ရပ်ပစ်လိုက်ရင် နောက်ကျတော့မှ အစကနေ ပြန်စရပါလိမ့်မယ်။ လူတယောက်တည်းကို ပြုပြင်ပြောင်းလဲရေး သမားဆိုပြီး ပုံအပ်မိရင် အသက်သွေးချွေးနဲ့ တည်ဆောက်ထားသမျှ ငါးပါး မှောက်သွားနိုင်ပါတယ်။ ဒီမိုကရေစီ သမင်လေးကို လမ်းဝက်မှာ ဖြတ်အုပ်မယ့် ကျားငစဉ်းလဲတွေက မူယာ မာယာ အလွန်များတတ်ပါတယ်။ ရုပ်ပြောင်းရုပ်လွှဲလည်း အလွန်တော်ပါတယ်။