သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် မကြာခဏဆိုသလို တွေ့ဆုံခွင့်ရရှိခဲ့သော ကရင် အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖောသည် ဧပြီလ ၂၆ ရက်နေ့ နှင့် ဧပြီလ ၂၈ ရက်နေ့ တွင် ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP) ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ၊ ငြိမ်းချမ်းရေးနှင့် စည်းလုံး ရေး ကော်မတီ (NDAA) အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများကို တွေ့ဆုံခဲ့သည်။ ယင်းနောက် မေလတွင် KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန် သည် ဧရာဝတီ တိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ပဲခူးတိုင်းနှင့် ရန်ကုန်မြို့တို့သို့ ရောက်ရှိ လာပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့၊ လူမှုရေးအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင် တချို့၊ ကရင် ပြည်သူ လူထုနှင့်တွေ့ဆုံမှုများ ပြုလုပ် ခဲ့သည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ငြိမ်းချမ်းရေး ပျက်ပြား နိုင်သည်ဟု တိုင်းရင်းသား များက ပြောဆိုနေချိန် KNU ခေါင်းဆောင်များ၏ ခရီးစဉ်များကြောင့် အနာဂတ် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အခန်းကဏ္ဍတွင် KNU မည်သို့ မည်ပုံ ဆက်လက်ပါဝင်လာမည်ကို တိုင်းရင်းသားများနှင့် နိုင်ငံရေး အသိုင်းအဝိုင်း က စိတ်ဝင်တစား စောင့်ကြည့် နေကြရာ ဧရာဝတီအကြီးတန်းသတင်းထောက် နန်းဆိုင်နွမ်က KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ရန်ကုန် ရောက်ရှိ နေချိန် သွားရောက် တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ KNU ခရီးစဉ်တွေမှာ ကရင်ပြည်သူတွေနဲ့တွေ့ဆုံတော့ ဘာတွေပြောဖြစ်လဲ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဒီလို ပြည်သူတွေကို တွေ့ရတာလဲ။
ဖြေ။ ။ ဒီ ခရီးစဉ်နဲ့ ကျမတို့ ရည်ရွယ်ချက် ကတော့ ကျမတို့သွားနေတဲ့ လမ်းစဉ် တွေကို ပြည်သူလူထုတွေရဲ့ အမြင်၊ သူတို့ရဲ့ အသံ ကို သိချင်တယ်။ ပြီးတော့ သူတို့ ပါဝင်ပတ်သက်မှု ရှိလာအောင် စုဆောင်းနေပါတယ်။ ပြီးတော့ ကျမတို့ သွားနေတဲ့ ငြိမ်းချမ်းရေး လမ်းစဉ် ဘယ်အထိ ရောက်နေပြီလဲ။ ဘာတွေ အခက်အခဲဖြစ်နေလဲ ဆိုတာ ပြည်သူတွေကို ရှင်းပြပြီးတော့ သူတို့လည်း ပိုနားလည် လာပြီး ပါဝင် လာနိုင်အောင် ရှင်းပြတာပါ။ ပြည်သူတွေကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိုထောက်ခံတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ သူတို့မျှော်လင့်ကြတယ်။ ပြီးတော့ KNU ကို အမြဲထောက်ခံကြတယ်။ ငြိမ်းချမ်းရေးမှာ သူတို့ တတ်သမျှ ပါဝင်ပူးပေါင်းဖို့ ပြောပြ တယ်။ လူငယ်တွေလည်းပဲ ပါဝင်နိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်ရမှာလဲ ဆိုတဲ့ အသံတွေကိုသူတို့ဆီက ရတယ်။ တချို့ကတော့ စိုးရိမ်မှု ရှိတယ်။ သူတို့ရဲ့ စိုးရိမ်မှု ကတော့ တဖက်က ငြိမ်းချမ်းရေး စကားပြောနေပြီး၊ တဖက်က တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ ငြိမ်းချမ်းရေး လမ်းစဉ်မှာ အခက်အခဲတွေဖြစ် လာနိုင်လား ဆိုတာတွေကို သူတို့က မေးလာပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ဦးအောင်မင်း တို့နဲ့ရော တွေ့တယ်ဆိုတော့ ဘာတွေ ဆွေးနွေးဖြစ်လဲ။
ဖြေ။ ။ ပါတီအဖွဲ့ အစည်းနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါမှာ အရေးကြီးတဲ့ အချက်က ကျမတို့ သွားနေတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အတွက်ပေါ့။ အဲဒါကတော့ အားလုံး ပါဝင်ပြီး ကျမတို့ လိုချင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်။ ကျမတို့ ဝိုင်းဝန်း ပူးပေါင်းပြီးတော့ ဘယ်လို ပါဝင်နိုင်အောင် အတူတကွ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကို ဆွေးနွေးကြတယ်။ ကျမတို့ သွားနေတဲ့ အပစ်အခတ် ရပ်စဲရေး က ဘယ်အထိရောက်နေပြီလဲ။ အခက်အခဲတွေ၊ အမြင်တွေကို သူတို့နဲ့ ဖလှယ်ပြီးတော့ တဖွဲ့ ချင်းစီ ဘယ်လို ပါဝင် ပူးပေါင်းနိုင်မလဲ ဆိုတာ ပြောကြတယ်။ အမြင်တွေ ဖလှယ်ကြတယ်။ နောက်ပြီး ကျမ အနေနဲ့ ပြည်သူတွေနဲ့တွေ့တဲ့ ခရီးစဉ် ၁၂ ရက်လောက်သွားမယ်။ အစတော့ ပုသိမ်၊ ပန်းတနော် ၊ ပုသိမ်အနောက်ပိုင်းက အုန်းချောင်းရွာ၊ မြောင်းမြ နဲ့ ရန်ကုန်ပါ။ နောက်ပြီး ရန်ကုန်ကနေပြီးတော့ ပဲခူး ကျောက်ကြီးမှာ ရှိတဲ့ ကရင်ပြည်သူတွေ နဲ့လည်း တွေ့မယ်။ ပြီးတော့ ဘားအံ ဘက်ကို ထပ်ပြီး သွားမှာပါ။
မေး။ ။ မြန်မာပြည်ရဲ့ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေး တွေ့ဆုံပွဲတွေကို ပြည်သူလူထုတွေက စိုးရိမ်မှုတွေ ရှိသလို ကျမတို့လည်း စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။ အခုဖြစ် ပျက်နေတဲ့ ကျမတို့ တိုင်းရင်းသားတွေနဲ့ အစိုးရ တို့အကြား တွေ့ဆုံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေရဲ့ အခက်အခဲတွေကို ကျမတို့ ဘယ်အ ထိ ရောက်နေပြီဆိုတာကို ရှင်းလင်း တာဖြစ်တယ်ပေါ့။ အခု ကြည့်မယ်ဆိုရင် အားလုံး လိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တပြည်လုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေး ဖြစ်ချင်တယ်။
ကျမတို့ အခုလောလောဆယ် သွားနေတဲ့ လမ်းကြောင်းမှာ တဖက်ကလည်း ကချင်မှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေကို ကျမတို့ အများကြီး စိုးရိမ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သွားနေတဲ့ လမ်းကြောင်းကို ပြည်သူတွေဘက်က ယုံကြည်မှု အားနည်းလာ နိုင်တဲ့ အပိုင်းရှိတယ်။ စိုးရိမ်မှုတွေ အများကြီးရှိကြတယ်။ အဲဒါကို ဝန်ကြီး ဦးအောင်မင်းနဲ့တွေ့ တဲ့အခါမှာ ကျမတို့ရဲ့ စိုးရိမ်မှုတွေ၊ ပြည်သူ တွေရဲ့ စိုးရိမ်မှုတွေ ကို တင်ပြဆွေးနွေးဖြစ်တယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေ အကြောင်းကိုလည်း ကျမတို့ တင်ပြတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဆောင်ရွက်နေချိန်၊ အပစ်ခတ်ရပ်စဲရေး စကားပြောနေတဲ့ အချိန်ကာလတွေမှာ စစ်မဖြစ်ဖို့ အရေးကြီးတယ်၊ စစ်အင်အား သုံးပြီးတော့ လုပ်ဆောင်တဲ့ အတွက်ကြောင့် ဆက်လက်ဆောင်ရွက်မယ့် ကိစ္စတွေကို အနှောင့်အယှက်တွေ ဖြစ်လာနိုင် ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်မှာပဲ မြန်မာအစိုးရ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်( KIA ) တို့ အကြား တိုက်ပွဲ တွေ ပြန်ဖြစ်နေတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေး ကိုတော့ ကျမတို့ ဆက်လက်ပြီး ကြိုးစားသွားမှာပါ။ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရ ဘက်ကရော စစ် တပ်ရဲ့ အခန်း ကဏ္ဍပါ အရေးကြီးပါတယ်။ ကျမတို့ကတော့ မျှော်လင့်နေတုန်းပါပဲ။ ကျမတို့တွေ အဲဒါကို ဦးတည်ပြီး စကားပြောကြမယ်။ စကားပြောနေတဲ့ အချိန်မှာ စစ်ပွဲတွေဖြစ်တော့ ကျမတို့ အတွက် အခက်အခဲကြုံရတာပေါ့။
မေး။ ။ အစိုးရ ရဲ့ ထုတ်ပြန်ချက်မှာ တိုင်းရင်းသားတွေကြောင့် တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ပြောထားတယ်။ အဲဒီ အပေါ်မှာရော ဘယ်လို မှတ်ချက်မျိုး ပေးလိုပါသလဲ။
ဖြေ။ ။ ကျမတို့ တိုင်းရင်းသားတွေအနေနဲ့ စစ်ကို လိုလားတာ၊ စစ်တိုက်ချင်တာ လုံးဝ မရှိပါဘူး။ မြန်မာ တပြည်လုံး ငြိမ်းချမ်းရေး ဖြစ်ဖို့ အတွက်ပဲ ကျမတို့ မျှော်မှန်းတယ်။ ကြိုးစားနေတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှတဲ့ ငြိမ်းချမ်းရေး၊ တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ လိုလားတယ်။ မျှော်လင့်တယ်။
မေး။ ။ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံး တဖွဲ့ တည်းဖြစ်လာဖို့ ဘယ်လောက်ထိ မျှော်လင့်ထားတယ် ဆိုတာလည်း သိပါ ရစေ။
ဖြေ။ ။ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံး တဖွဲ့တည်းဖြစ်လာဖို့ အတွက် အကောင်အထည်ဖော်လို့ ရမယ် ထင်ပါတယ်။ ပထမ အဆင့်ကတော့ ကျမတို့ အမျိုးသားရေး ကိစ္စ ကိုပဲ ပြန်လည် စုစည်းတာဖြစ်တယ်။ အခုဆိုရင် တပြည်လုံး ပစ်ခတ်ရပ်စဲရေးကို ကျမ တို့ပြန်ပြီးတော့ သဘောတူတာတွေရှိပါတယ်။ နောက်နိုင်ငံရေးဆွေးနွေးတဲ့ အခါမှာလဲ KNU က ဦးဆောင်ပြီး ဆွေးနွေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး ဦးတည်ချက်ကတော့ အတူတူပါပဲ။ မူအရ လည်းကွဲလွဲမှု မရှိပါဘူး။ အခုလောလောဆယ်မှာတော့ နည်းနည်း ကွဲလွဲမှုတွေတော့ရှိတာပေါ့။ စုစည်းမှုကတော့ အမျိုးသားရေး စုစည်းမှုနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကိစ္စကို ဘယ်လိုပုံစံ နဲ့သွားမှာလဲ။ သဘော တူညီမှုတွေအရ နိုင်ငံရေး ဦးတည်ချက်၊ နိုင်ငံရေး ရည်မှန်းချက်တွေကိုတော့ စုစည်းလို့ရပါပြီ။
မေး။ ။ Traders ဟိုတယ် ဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်ပြီးတော့ KNU အဖွဲ့ရဲ့ အောက်ခြေ က ပါဝင်ပတ်သက်မှုရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့…။
ဖြေ။ ။ ကျမတို့ အောက်ခြေကို ပြန်လည်မေးကြည့် တဲ့အခါ၊ စစ်ဆေးမှု လုပ်တဲ့အခါမှာတော့ မဖြစ်ဘူး။ မဟုတ်ဘူး။ ဒီအချိန် ကာလ မှာ ဟိုအဖွဲ့ ဒီအဖွဲ့လို့ ပြောလို့ မရပါဘူး။ ဒီလို အချိန် ကာလမျိုးမှာ ဘယ်သူက ပတ်သက်တယ် ဆိုတာကို တိတိကျကျ မလုပ်ဘဲ ဒီလိုပြောလို့မရပါဘူး။ KNU အနေနဲ့ကတော့ ထုံးစံမရှိဘူး။ ကျမတို့ ပြန်ပြီးစစ်တဲ့အခါမှာလည်း မရှိဘူးပေါ့။ အောက်ခြေမှာလည်း ဘာမှ မပတ်သက်ဘူး။ ကျမတို့ KNU နဲ့ ပတ်သက်မှု မရှိဘူးဆိုတာကိုတော့ သက်ဆိုင်သူတွေကို ကျမတို့ပြန်ပြောတာရှိပါတယ်။ သမ္မတ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ် ကို လည်း ပြောပြ ထားပါတယ်။
မေး။ ။ KNU နဲ့ မြန်မာ အစိုးရတို့ကြားမှာ တိုက်ပွဲတွေ ဖြစ်တာ မရှိတော့ဘူးဆိုတော့ လက်ရှိမှာ အပစ်အခတ်ရပ်စဲရေး အခြေအနေ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်ပြီလဲ။
ဖြေ။ ။ ကျမတို့က အပစ်ရ်ရေး ပဏာမ အဆင့်ပဲ လက်မှတ်ထိုးထားပါသေးတယ်။ ခိုင်မာတဲ့ အပစ် အခတ် ရပ်စဲရေး ရရှိဖို့အတွက် KNU အနေနဲ့ကတော့ အပစ်ခတ် ရပ်စဲရေးရဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေရဲ့ သဘောတူညီချက်ကို လိုအပ်တယ်။ အပစ် အခတ်ရပ်စဲရေး စည်းမျဉ်း စည်းကမ်း ဥပဒေကို လိုက်နာစောင့်ရှောက် ဖို့အတွက် နှစ်ဖက် စစ်တပ်လိုက်နာဖို့အတွက် သဘောတူညီတဲ့ အဆင့် မရောက်သေးဘူး။ အဲဒါကို ကျမ တို့ ဆွေးနွေးတာပဲရှိသေးတယ်။
ကျမတို့ KNU ရဲ့ ယုံကြည်ချက်ကတော့ စစ်မှန် ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ သဘောတူညီချက် စည်းမျဉ်း စည်းကမ်းရှိရမယ်။ နှစ်ဖက်က လိုက်နာပြီးတော့ လေ့လာစောင့်ကြည့်ရေး အဖွဲ့ရှိရမယ်။ အဲဒါမှ လည်းပဲ ဘယ်သူမှား ဘယ်သူမှန်တယ် ဆိုတာသိရမယ်။ အခု ကျမတို့ အပစ်အခတ်ရပ်စဲရေး ပဏာမ လက်မှတ်ထိုးတာ ၂ နှစ်ကျော်ပြီ။ အပစ်အခတ်ရပ်စဲရေး စည်းမျဉ်း စည်းကမ်းကို ပြီးအောင်မလုပ်နိုင်သေးဘူး။ မဆွေးနွေးရသေးဘူး။ ကရင်ပြည်နယ် မှာရှိနေတဲ့ ရှေ့တန်း လှုပ်ရှားမှု တပ်စခန်းကလည်း ရှိနေသေး တယ်။ အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းစည်းကမ်းနဲ့ဆိုင်တယ်။ ဥပမာ- ဘယ်နေရာမှာ ကျမတို့ ဆွေးနွေးရမယ်။ ဘယ်နေရာမှာ လက်နက်မပါဘဲ သွားရမယ်ဆိုတာ ဆွေးနွေးရမယ်။
မေး။ ။ ပြည်ပရောက် ဒုက္ခသည်တွေ မြန်မာပြည်ပြန်လာနိုင်ဖို့ အတွက် ဘယ်လို စီစဉ်ပေးနေပါသလဲ။
ဖြေ။ ။ အခု ကျမတို့ ငြိမ်းချမ်းရေး စကားပြောနေတဲ့ အချိန်ပဲ ရှိသေးတယ်လေ။ ဒါပေမယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တရား မျှတတဲ့ ငြိမ်းချမ်းရေး ကလည်း ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး လောက်ပဲ ဆွေးနွေးနေ တုန်းပါ။ နိုင်ငံရေး ဆွေးနွေးမှုတောင် မရောက်သေးဘူး။ တပြည်လုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မှာ ပါတဲ့ အချက်တွေ အာမခံချက်တွေ ရှိပြီးတော့ သဘောတူညီချက်ကို လက်မှတ်ထိုးပြီးမှ နိုင်ငံရေး က စတင်ဆွေးနွေးလို့ရမယ်။ ဒါကလည်း သဘော တူညီချက်ထဲမှာ ပါပါတယ်။
နိုင်ငံရေး ဆွေးနွေးတဲ့အခါမှပဲ ကျမတို့ က ဘယ်လို ငြိမ်းချမ်းရေးမျိုးကိုလိုချင်တယ်ဆိုတာကို ဆွေးနွေးမယ်။ တရား မျှတတဲ့ ပုံစံနဲ့ နေချင်တယ်။ ရချင်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကိုလုပ်ဆောင်မယ်။ လောလောဆယ်မှာတော့ ကျမတို့ အနေနဲ့ ဒုက္ခသည် ပြန် လည်နေရာချထားရေး ကိစ္စ က တခု။ ပြီးတော့ IDP ထိုင်းနယ် စပ်မှာက တခု ၊ နောက် တောထဲမှာနေနေတဲ့ သူတွေအားလုံးက နေရပ် ကိုပြန်နေဖို့ မရဲကြသေးဘူး။
အကြောင်းရင်းကတော့ တပ်ရှေ့လှုပ်ရှားမှု စခန်းတွေက ဆက်လက်တည်ရှိနေသေးတယ်။ ပြီးတော့ သူတို့ စခန်းတွေကို မွမ်းမံတာတွေ လုပ်ဆောင်နေတာတွေရှိနေတယ်။ ရွာသားတွေ အနေနဲ့ကတော့ သူတို့ရွာတွေကို ပြန်ချင်တယ်။ လယ်ယာတွေလုပ်ချင်တယ်။ ဒါပေမယ့် လုံခြုံမှု မရှိသေးဘူးလို့ ခံစား နေရသေးတယ်။ သူတို့ကို သွားရောက်မေးကြည့်တဲ့အခါမှာ သူတို့ မပြန်ရဲဘူး။ သူတို့ အတွက်ကတော့ စစ်တပ်ရဲ့ လှုပ်ရှားမှု စခန်းတွေရှိတဲ့ ရွာအနီး၊ လယ်ယာတွေ အနီး၊ အများ နေတဲ့နေရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့ ရှိနေ ဆဲဆိုရင် ပြည်သူတွေအတွက် လုံခြုံမှု မရှိဘူး။ တကယ်ငြိမ်းချမ်းရေး စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်ဆိုရင် ဒုက္ခသည ်အားလုံး က ပြန် ချင်ကြပါတယ်။ စိတ်လုံခြုံမှု လိုတယ်၊ ဒုက္ခသည်တွေ အတွက် အာမခံမှု မရှိသေးဘူးလို့ ထင်နေကြလို့ သူတို့တွေပြန်မလာကြသေးတာ။
မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ပတ်သက်လို့ KNU ရဲ့ သဘောထားသိချင်ပါတယ်။
ဖြေ။ ။ ဒီ ဖွဲ့စည်းပုံ ဟာ ကျမတို့ တိုင်းရင်းသားတွေအတွက် အခွင့်အရေး အာမခံချက် မရှိဘူး။ ဖွဲ့စည်းပုံ ပြင်သင့်တယ်။ အသစ်ရေး ဆွဲရင်လည်း ရေးဆွဲပေါ့။ ဒါကို မပြင်ဘူးဆိုရင် အခက်အခဲတွေ၊ ဒီမိုကရေစီလမ်းကြောင်းလည်းမရှိဘူး။ ပြည်သူလူထုတွေရဲ့ သဘော တူညီချက် မပါရှိဘူး။ တိုင်းရင်းသားတွေအတွက်လည်း တန်းတူ ညီတူ အာမခံချက်မရှိဘူး။ ပြင်ဖို့လိုတယ်။ ဒီဖွဲ့စည်းပုံနဲ့ ကျမတို့ ဆက် သွားဖို့ အဆင်မပြေဘူးပေါ့။ ကျမတို့ကလည်း နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ ဒါကို ထည့်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ကျမတို့ တညီတညွတ်လက်တွဲပြီး တစုတည်း လုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်ရဲ့ ကောင်းတဲ့ ပြောင်းလဲမှုကိုလည်း မြင်ရမယ်၊ အားလုံးမျှော်မှန်းနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပဲဖြစ်ဖြစ်၊ စစ်မှန်တဲ့ ယူနီယံပဲဖြစ်ဖြစ် ကျမတို့ ရရှိနိုင်တယ်။
မေး။ ။ KNU အနေနဲ့ အစိုးရ၊ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ မကြာခဏ တွေ့ခွင့်ရနေတော့ အနာဂတ်မှာ ဘယ်လို နိုင်ငံရေး အခန်းကဏ္ဍက ပါဝင်ဖို့ရှိလဲ။
ဖြေ။ ။ ကျမတို့ KNU အနေနဲ့တော့ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်တာတွေ ဘာမှမစဉ်းစားပါဘူး။ အစိုးရနဲ့ တွေ့ပြီးတော့ အရေး ကြီးတဲ့ တပြည်လုံး အပစ်ခတ်ရပ်စဲရေး ရရှိဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပါပဲ။ KNU တခုတည်း အတွက် မဟုတ်ဘူး၊ ပြည်သူ အားလုံး အတွက် ပထမ အချက်ပါပဲ။ KNU နဲ့ အစိုးရ အဖွဲ့ နှစ်ဖွဲ့တည်း ညှိပြီးတော့ အဆင်ပြေပေမယ့်လည်း တခြား တိုင်းရင်း သား နယ်မြေတွေမှာ စစ်ဖြစ်နေရင် ဘယ်လိုမှ တပြည်လုံး ငြိမ်းချမ်းရေး ရတော့မှာမဟုတ်ဘူး။ ပြီးတော့ ပြည်သူပြည်သားတွေ အတွက် လည်း ဘာမှ အကျိုးခံစားမှု ရှိမှာမဟုတ်ဘူး။ ကျမတို့ စကားပြောနေတာ ကျမတို့ မျှော်မှန်းနေတဲ့ တပြည်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တိုင်း ရင်းသားတွေ အတွက်သာ မကပဲ ပြည်သူလူထု တရပ်လုံး ငြိမ်းချမ်းရေးရဲ့ အကျိုးကို အားလုံးက ခံစားပိုင်ခွင့် ရှိဖို့အရေးကြီးပါတယ်။
မေး။ ။ လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး အလားအလာအပေါ် သုံးသပ်ချက် သိချင်ပါတယ်။
ဖြေ။ ။ တပြည်လုံး အပစ် အခတ်ရပ်စဲရေး ပဲဖြစ်စေ၊ တပြည်လုံး ငြိမ်းချမ်းရေး ရရှိဖို့အတွက်ဖြစ်စေ၊ ဒီပြဿနာ ကတော့ တိုင်းရင်း သားတွေနဲ့ အစိုးရ နှစ်ဖွဲ့ တည်း လုပ်ဆောင်လို့ ပြီးတဲ့ အရာမဟုတ်ဘူး။ ပြည်သူတွေ အားလုံးပါဝင်ရမယ်။ ပြည်သူတွေ အားလုံး ပါဝင် သင့်တယ်။ ဒီတလျှောက်လုံး ပြည်သူလူထုတွေ ငြိမ်းချမ်းရေးကို အကျိုး ခံစားဖို့ လိုအပ်နေတယ်။ ငြိမ်းချမ်းရေးဟာ ကျမတို့ မျှော်မှန်းနေ တဲ့ အပြောင်းအလဲ ဖြစ်တော့ အားလုံး အတွက်ပဲမြင်ချင်တယ်။
ပြည်သူ လူထုအားလုံး အကျိုး ခံစားရမှာကို မြင်ချင်ပါတယ်။ နိုင်ငံထဲမှာ ရှိတဲ့ပြည်သူတွေ အားလုံး သ့ူ အခန်း ကဏ္ဍနဲ့သူ တပြည်လုံး ငြိမ်းချမ်းရေး ရရှိဖို့ လုပ်ဆောင်ဖို့လိုအပ်တယ်။ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ သူတို့ အခန်းကဏ္ဍ၊ လွှတ်တော် ထဲမှာပဲဖြစ်ဖြစ်၊ လုပ်ဆောင်တဲ့ အပိုင်းမှာလုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါကို ပူပေါင်းပြီး အားလုံး ညီညီ ညွတ်ညွတ် သွားဖို့ လိုအပ်တယ်။ ဒါမှ အားလုံး လိုအပ်နေတဲ့ မျှော်မှန်းနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိမယ်။ အဲဒါမှ တရား မျှတတဲ့ ငြိမ်းချမ်းရေး ရရှိမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။