မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းမှာပဲ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ဖြစ်သူ မစ္စ ယင့်လတ် ရှင်နာဝပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၉ ဦး ကို အာဏာ အလွဲသုံးစားမှုအတွက် အပြစ်ရှိတယ် ဆိုပြီး အခြေခံ ဥပဒေတရားရုံး အမိန့်နဲ့ တာဝန်က ရပ်စဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မစ္စ ယင့်လတ်ကို ဖြုတ်ချအပြီးမှာပဲ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ယာယီ ဝန်ကြီးချုပ် တဦးကိုပါ ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။ ဝန်ကြီးချုပ်သစ်ကတော့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးလည်းဖြစ် ဒု ဝန်ကြီးချုပ်လည်း လုပ်ခဲ့သူ မစ္စတာ နီဝပ်ထန်ရွန် ဘွန်ဆွန်ဖိုင်စန် (Niwatthamrong Bunsongphaisan) ဖြစ်ပါတယ်။
အသစ်ဖြစ်လာတဲ့ ဝန်ကြီးချုပ် နီဝပ်ထန်ရွန် ဘွန်ဆွန်ဖိုင်စန်ဟာ ရှင်နာဝပ် မိသားစုပိုင် ရှင်းကုမ္ပဏီစုကြီးရဲ့ အမှုဆောင် အရာရှိချုပ် (CEO) တဦးအဖြစ်လည်း လုပ်ခဲ့သူဖြစ်ပါတယ်။
ဖွဲ့စည်းပုံ တရားရုံးက ဝန်ကြီးချုပ်ဟောင်း မစ္စ ယင့်လတ်ကို တာဝန်က ရပ်စဲရမယ်ဆိုတဲ့ အမိန့်ချမှတ်ခဲ့ပြီး နောက်နေ့မှာတော့ ထိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း သူတာဝန်ယူခဲ့စဉ် ထိုင်းအစိုးရရဲ့ စပါးအပေါင်ခံတဲ့ကိစ္စမှာ အဂတိလိုက်စားမှုတွေ ရှိခဲ့တာကို တားမြစ်အရေးယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး အမိန့်ထပ်မံချမှတ် လိုက်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်ရှင်ရဲ့ အမိန့်ချမှတ်တာကို ထိုင်း အထက်လွှတ်တော်က အတည်ပြုမယ်ဆိုရင် မစ္စယင့်လတ်ဟာ နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရနိုင်ပါတယ်။
မစ္စ ယင့်လတ်ကို ရာထူးက ဖြုတ်ချခဲ့တာ အဂတိလိုက်စားမှု ကော်မရှင်က တာဝန်ပျက်ကွက်ခဲ့တယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တဲ့အတွက် သူ့ကို ထောက်ခံတဲ့ ရှပ်နီလို့အုပ်စုတွေကလည်း မကျေမနပ်တွေဖြစ်ပြီး တချို့နေရာတွေမှာ ကန့် ကွက်မှုတွေ လုပ်ဆောင်နေပါပြီ။
မစ္စ ယင့်လတ်ကို ရာထူးက နုတ်ထွက်ဖို့ အမိန့်ချခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက တရားသူကြီး တဦးရဲ့ နေအိမ် အပါအဝင် ဘန်ကောက်မြို့ရဲ့ နေရာ ၃ ခုမှာ မနေ့က ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။
မစ္စ ယင့်လတ် ဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ် လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ပြီး အတိုက်အခံ ဒီမိုကရက်ပါတီ အမတ်ဟောင်း ဆုထေ့ပ် ဦးဆောင်တဲ့ အဖွဲ့ကလည်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ကြပါတယ်။
ဒါကလည်း တချိန်က အဂတိ လိုက်စားမှုတွေနဲ့ တရားစွဲဆိုခံထားရပြီး ပြည်ပရောက် ထိုင်း ဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ပြည်တော် ပြန်လာခွင့် ရစေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို မစ္စ ယင့်လတ် အစိုးရအနေနဲ့ လွှတ်တော်တင်ပြခဲ့ရာက စတင်ခဲ့တာ ဖြစ်ပါတယ်။
မစ္စ ယင့်လတ် အစိုးရ နုတ်ထွက်ပေးရေး ဆန္ဒပြပွဲတွေကြောင့် အစိုးရ ရုံးတွေ ပိတ်ခဲ့ရသလို လမ်းတွေလည်း ပိတ်ဆို့ခဲ့ပါတယ်။ ဆန္ဒပြပွဲ အရှိန် အရမ်း မြင့်လာခဲ့ပြီး မစ္စယင်လတ်လည်း ပါလီမန်မှာ ကက်ဘိနက်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲတွေ ပြန်လုပ်ပေးမယ်လို့ ကတိပေးကာ ဆန္ဒပြပွဲတွေကို အရှိန်သတ်ဖို့ ကြိုးစားတဲ့အပြင် အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့တယ်။
ဒါပေမယ့် ဆန္ဒပြပွဲတွေက ရပ်မသွားခဲ့ပါဘူး။ ပြီးတော့ အိမ်စောင့် အစိုးရ ကြေညာပြီး အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် အဖြစ်နဲ့ ထိုင်းဘုရင်ကြီးဆီက ခွင့်ပြုချက် ရယူကာ ဖေဖော်ဝါရီလဆန်းမှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။
အဲဒီ ရွေးကောက်ပွဲကို အတိုက်အခံ ဒီမိုကရက်ပါတီကလည်း သပိတ်မှောက်ခဲ့တယ်။ ဘန်ကောက်နဲ့ ဝန်းကျင် နေရာ တော်တော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေမယ့် ရှင်နာဝပ် မိသားစုကို ထောက်ခံတဲ့ ထိုင်းမြောက်ပိုင်း တခွင်မှာတော့ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်။
ဖေဖော်ဝါရီလ ရွေးကောက်ပွဲကို ကန့်ကွက် သပိတ်မှောက်ထားတဲ့အတွက် ထိုင်းနိုင်ငံက မဲပေးနိုင်ခွင့်ရှိသူ ၁၀ သန်းကျော်ဟာ မဲမပေးခဲ့ကြပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို ထုတ်ပြန်လို့ မရခဲ့ပါဘူး။
ဒီအချိန်မှာတော့ မစ္စ ယင့်လတ်အစိုးရ ထောက်ခံသူတွေနဲ့ မစ္စ ယင့်လတ် အစိုးရ နုတ်ထွက်ပေးရေး ဆန္ဒပြသူတွေ အပြိုင် ဖြစ်ပေါ်လာခဲ့ပြီး တင်းမာမှုတွေနဲ့ အတူ တိုက်ခိုက်မှုတွေ၊ ပေါက်ကွဲမှုတွေ၊ ထိခိုက် ဒဏ်ရာရမှုတွေ၊ လူသေဆုံးမှုတွေအထိ ရှိလာပြီး ထိုင်းနိုင်ငံရေး ပိုမို ရှုပ်ထွေးကာ အန္တရာယ်ရှိတဲ့ အခြေအနေအထိ ဖြစ်လာခဲ့ပါတယ်။
ဒီလိုအခြေအနေတွေ ရှိလာပြီး လာမယ့် ဇူလိုင်လမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က အခု မေလဆန်းမှာ ကြေညာလိုက်တယ်။ ဒါပေမယ့် မစ္စ ယင့်လတ် အိမ်စောင့်အစိုးရ ရာထူးက နုတ်ထွက်ပေးရ ပြီး နောက်ပိုင်းမှာတော့ ဇူလိုင်လ ရွေးကောက်ပွဲဟာလည်း ဘေးကင်း လုံခြုံမှုရှိ၊ မရှိဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်။
ထိုင်းနိုင်ငံရေးရဲ့ လက်ရှိ အခြေအနေက မစ္စ ယင့်လတ် အလွန် ပိုပြီး ရှုပ်ထွေးမှုတွေနဲ့ ပြင်းထန်တဲ့ နိုင်ငံရေး တိုက်ပွဲတွေ အရှိန်မြင့်လာမယ့် အလားအလာတွေကိုလည်း မြင်နေရပါတယ်။
ထိုင်းနိုင်ငံရေး သုံးသပ်သူတွေ အဆိုအရ ထိုင်းမြေပေါ်က နိုင်ငံရေးစစ်ပွဲဟာ ဘုရင်ကြီးနဲ့ တော်ဝင်မိသားစုကို ထောက်ခံသူ ရှပ်ဝါတွေ၊ ဒီမိုကရက်ပါတီ အုပ်စုတွေနဲ့ ရှင်နာဝပ် မိသားစု လိုလားသူ အခြေခံ လူတန်းစား ရှပ်နီတွေရဲ့ ပြင်းထန်းတဲ့ နိုင်ငံရေး ပြိုင်ဆိုင်မှုလို့ ကင်ပွန်းတပ်ကြပါတယ်။
ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးလိုက်ရတဲ့ မစ္စ ယင့်လတ်ကို ပြည်ပရောက် အစ်ကိုဖြစ်သူ သက်ဆင်ရဲ့ ရုပ်သေး အဖြစ်လည်း ထိုင်းပညာတတ် လူလတ်တန်းစားတွေက သတ်မှတ်ထားကြပါတယ်။
မစ္စတာ သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို မလိုလားသူလို့ နာမည်ကြီးပြီး ခွန်ထိုင်းနွယ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကိုသာ အကာအကွယ်ပေးနေတဲ့ ထိုင်းဘုရင်ကြီးနဲ့ ဘုရင့် ကျောထောက်နောက်ခံ ထိုင်းစစ်တပ်နဲ့ အဆင်မပြေသူလို့လည်း ပြောကြတယ်။
ထိုင်း စစ်တပ်အနေနဲ့ ထိုင်းနိုင်ငံရေး ကန့်လန့်ကာ နောက်ကွယ်က ကြီးမားတဲ့ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း တွေ့ရတယ်။
ဘုရင်ထောက်ခံသူ ဒီမိုကရက်တွေကလည်း ဘန်ကောက်နဲ့ အနီးဝန်းကျင် အပေါ်လွှာပါးပါးလေးရဲ့ ထောက်ခံမှုသာ ရရှိခဲ့ပြီး အောက်ခြေ ဆင်းရဲသား မိသားစုတွေရဲ့ ထောက်ခံမှု မရရှိတာကို အထင်အရှား တွေ့ရတယ်။
မစ္စတာ သက်ဆင် လိုလားသူ ရှပ်နီတွေကတော့ သူတို့ရဲ့ ဆင်းရဲတဲ့ နင်းပြားဘဝက ကယ်တင်သူလို့ ရှင်နာဝပ်မိသားစုကို လက်ခံထားကြတယ်။ ဒီမိုကရက်ပါတီ အာဏာရ ချိန်က သူတို့ဘ၀ မြှင့်တင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးမှု အားနည်းခဲ့တယ်လို့ ထောက်ပြကြတယ်။
အထူးသဖြင့် မစ္စတာ သက်ဆင်နဲ့ မစ္စ ယင့်လတ်တို့ဟာ ဝန်ကြီးချုပ် ရာထူးတာဝန်တွေကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ပွဲက တဆင့် တက်လှမ်းလာကြတာ ဖြစ်တယ်ဆိုပြီး ဖွေထိုင်း ပါတီနဲ့ ရှပ်နီတွေက အခိုင်အမာယုံကြည် နေကြတယ်။
အခုလို ရှင်နာဝပ် မောင်နှမကို ဒီမိုကရေစီ နည်းလမ်းမကျ ရာထူးတာဝန်တွေက နုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်း နိုင်ငံက ဒီမိုကရေစီမှာ အားနည်းချက်တွေ ရှိနေပြီလို ရှင်နာဝပ် မိသားစုကို ထောက်ခံတဲ့ သူတွေက မေးခွန်းထုတ်နေကြပါတယ်။
တဖက်ကလည်း ဒီမိုကရက်တွေက ဖွေထိုင်းပါတီဟာ ငွေအားနဲ့ လူဝယ်ပြီး နိုင်ငံရေးကို လူပြိန်းကြိုက် လုပ်နေတယ်၊ အောက်ခြေ လူများစု ထောက်ခံမှုနဲ့ တမျိုးသားလုံးက လေးစားရတဲ့ ဘုရင်စနစ်ကို တွန်းချဖို့ ကြိုးစားတဲ့ ရှင်နာဝပ် မိသားစု နိုင်ငံရေးနဲ့ ကိုယ်ကျိုးရှာ အမြတ်ကြီးစား၊ ဆင်းရဲသားတွေအပေါ် ခေါင်းပုံဖြတ် လုပ်ဆောင်နေတာ တွေကိုလည်း ထောက်ပြ ဝေဖန်နေကြပါတယ်။
သေချာတာကတော့ ဒီမိုကရက်ပါတီနဲ့ ရှပ်ဝါတွေ လိုလားသလို မစ္စ ယင့်လတ်လည်း ဝန်ကြီးချုပ် ရာထူးက ဆင်းပေး လိုက်ရပြီး ယင့်လတ် အလွန် ထိုင်းနိုင်ငံရေးကတော့ ပိုမို ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေပါတော့တယ်။