ခုရက်ပိုင်း စိတ်ဝင်စားနေတဲ့ သတင်းက ဂျပန်ပြည်က တင်သွင်းလာတဲ့ ပရိုဘောက်စ် ကားတွေ တစ်စီးပြီး တစ်စီး မီးလောင်နေတဲ့ ကိစ္စပါ။ တချို့ကားတွေကတော့ ရှမ်းပြည်နယ် လားရှိုး – မူဆယ် လမ်း လိုနေရာမှာ မီးလောင်တာပါ။ တစီးကတော့ မန္တလေး ကနေ ပြင်ဦးလွင် အတက် ကားလမ်းမှာ လောင်တာပါ။ အခုနောက်ဆုံး မီးလောင်တာကတော့ ကမ္ဘာအေး ဘုရားလမ်းမှာ ကမ္ဘောဒီးယား နိုင်ငံသူ တယောက် မောင်းလာတဲ့ ပရိုဘောက်စ် တစီး မီးလောက်တာပါ။ ဒီလို ပရိုဘောက်စ် ကားတွေ တစီးပြီး တစီး မီးလောင်တယ် ဆိုရင် အဲဒီ ကားထုတ်လုပ်တဲ့ တိုယိုတာ ကုမ္ပဏီက ကြေငြာချက် တခုခု တော့ ထုတ်ပြန်ရပါလိမ့်မယ်။ ဒါမှမဟုတ် မီးလောင် ခံရသူတွေကလည်း တိုယိုတာ ကုမ္ပဏီကို တရားစွဲဖို့ ဘာဖို့ လုပ်ကိုင်ကြရပါတော့မယ်။
ဒါပေမယ့် ဆန္ဒ မစောကြပါနဲ့ဦး။ ပရိုဘောက်စ်တွေ မီးလောင်တာဟာ သူ့ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကားကို သတ်မှတ် စံချိန်စံညွှန်းအတိုင်း မသုံးပဲ၊ ကိုယ့် သုံးစွဲပုံက မှားယွင်းနေရင် တရားစွဲ စရိတ်တောင် ရှုံးနေပါဦးမယ်။ ဒါဆို ပရိုဘောက်စ် တွေ မီးလောင်တာ ဘာကြောင့်ပါလဲ၊ အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ မှားယွင်းနေမှုကနေ ပေါ်ပေါက်လာတဲ့ ပြဿနာဆိုရင် လက်ခံနိုင်ကြပါမလား၊ ဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။
သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာတဲ့အခါ ကားတင်သွင်းခွင့် ပေါ်လစီ အပြောင်းအလဲ လုပ်ပါတယ်။ အရင် စစ်အာဏာရှင်တွေ လက်ထက် ကားတင်သွင်းခွင့် ပေါ်လစီ ကတော့ အလွန်ဆိုးရွားပါတယ်။ ပြည်သူတွေကို ကားတင်သွင်းခွင့် လုံး၀ ပိတ်ပင်ထားပါတယ်။ ဒီလို ပိတ်ပင်ထားတဲ့ အတွက် တိုင်းပြည်စီးပွားရေး နဲ့ လူနေမှု လိုအပ်ချက်ထက် တင်သွင်းတဲ့ကား အရည်အတွက် နည်းနေတဲ့အခါ ကားဈေးနှုန်းတွေ အလွန်အမင်း ကြီးမြင့်သွားပါတယ်။ ဘယ်လောက်အထိ ကြီးမြင့်သွားသလဲဆို နိုင်ငံတကာ ဈေးကွက်မှာ တစ်စီးကို ကျပ် သိန်း ၃၀-၄၀ လောက်ပဲ ပေးရမယ့် တိုယိုတာ ဗင်ကားတစ်စီး ပြည်တွင်းမှာ ကျပ် သိန်း ၁၀၀၀ ကျော် ပေါက်ပါတယ်။ ပြည်ပမှာ ကျပ်ငွေ သိန်း ၃၀၀ ကနေ ၅၀၀ အကြား မော်ဒယ်မြင့် ဆာ့ဖ် လို ပရာဒို လိုကားမျိုး ပြည်တွင်းမှာ ကျပ် သိန်း ၃၀၀၀- ၄၀၀၀ အထိ မြင့်တက်ပါတယ်။
ဒီအတွက် စစ်အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ကားပါမစ် တစ်စီး လက်မှတ်ရေးထိုး ထုတ်ပေးလိုက်ရုံနဲ့ ကျပ်ငွေ သိန်း ထောင်နဲ့ချီ အကျိုးအမြတ် ရတာမို့ အတော့်ကို ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းခဲ့ကြပါတယ်။ ပြည်သူတွေ အတွက်ကတော့ ကားစီးရဖို့ အရေး မလိုလားအပ်တဲ့ ငွေအများအပြား အကုန်ခံကြရတာပါ။ ဒီလိုနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် လက်ထက်ရောက်တဲ့အခါ ကားတင်သွင်းခွင့် ပေါ်လစီကို ပထမ ဦးဆုံး ချိုးဖေါက်ပေးခဲ့သူက ရထားဝန်ကြီး ဦးအောင်မင်းပါ။ အနှစ် ၄၀ အထက် ယာဉ်အို ယာဉ်ဟောင်း လာအပ်ရင် တပတ်ရစ် ကားတစ်စီး တင်သွင်းခွင့်ပြုမယ်လို့ ကြေညာပါတယ်။ ဒီလိုနည်းနဲ့ ကားဟောင်းပိုင်ရှင်တွေလည်း အဆင်ပြေ၊ တိုင်းပြည်အတွက်လည်း ကားသစ်တွေ တိုးပွား၊ ကားဈေးတွေလည်း ကျ ဆိုတဲ့ အခြေအနေ စ ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်း စီးပွား-ကူးသန်း ဝန်ကြီးဌာနကပါ ပြည်သူတဦးချင်းစီ ကားတင်သွင်းခွင့် ပါမစ်တွေ ထုတ်ပေးလိုက်တဲ့အခါ ကားဈေးတွေ အထိုက်အလျောက် ကျလာပါတယ်။
ကားတင်သွင်းခွင့် ပိတ်ပင်ထားလို့ တိုင်းပြည်ထဲမှာ ကားဈေးတွေ အလွန့်အလွန် မြင့်တက်၊ ကားတွေ ရှား၊ ပြည်သူတွေ ကားမသုံးနိုင်၊ ဆင်းရဲသားတွေလို ဖြစ်နေတဲ့ အခြေအနေ ကနေ အစိုးရသစ် တက်လာပြီးနောက် စီမံကိန်း ဝန်ကြီး ဦးတင်နိုင်သိန်းက ကားတင်သွင်းခွင့်နဲ့ ပတ်သက်တဲ့ စီမံကိန်း တခု အစိုးရနဲ့ တိုင်းပြည်ကို ချပြပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ လူ ၁၀၀၀ မှာ ကား ၆ စီးလောက်ပဲ ပိုင်တာပါ။ ဗီယက်နမ်က ၁၂ စီး၊ ကမ္ဘောဒီးယားက အစီး ၂၀ လောက် ပိုင်နေပါပြီ။ ထိုင်းကိုတော့ နှိုင်းယှဉ်လို့တောင် မရပါဘူး။ ဒီအတွက် လာမယ့် ၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ လူ ၁၀၀၀ ကား ၁၂ စီး ပိုင်ဆိုင်နိုင်အောင် အကောင်အထည် ဖော်မယ်လို့ ကြေညာခဲ့ပါတယ်။
တကယ်ဆိုရင် စီးပွား- ကူးသန်း ဝန်ကြီးဌာနဟာ စီမံကိန်း ဝန်ကြီးဌာနရဲ့ စီမံကိန်း လျာထားချက်က တနှစ် ကား ဘယ်နှစ်စီး တင်သွင်းမယ်၊ တိုင်းပြည်မှာ လိုအပ်နေတဲ့ ကားအမျိုးအစား တွေက ဘယ်လိုမျိုးဖြစ်တယ်၊ အဲဒီကားတွေ ပြည်တွင်း ရောက်လာအောင် အခွန်စနစ် ဘယ်လို ချမှတ်ကျင့်သုံးမယ် ဆိုတာမျိုး ပေါ်လစီ ချမှတ်ခဲ့ဖို့ လိုပါတယ်။ ဒါပေမယ့် မလုပ်ခဲ့ပါဘူး။ ဘာ စနစ်ကျတဲ့ ပေါ်လစီ၊ စီမံကိန်းမှ ရှိပုံမရပါဘူး။ ဒီလိုနည်းနဲ့ ကားဟောင်းလဲတာ၊ ကား တင်သွင်းခွင့်ပေးတာ လုပ်ခဲ့ပြီးတဲ့နောက် ဒီနေ့အချိန် ဂျပန်ကနေ တပတ်ရစ် ကား အစီး ၂ သိန်း ၈ သောင်းလောက် တင်သွင်းခဲ့ပြီးပြီလို့ ဆိုပါတယ်။ ကားဟောင်းလဲတာက အစီးရေ ၁ သိန်း ဝန်းကျင် ရှိတဲ့အတွက် တိုးပွားလာတာက ၁ သိန်း ၈ သောင်းလောက်ပါ။ အဲဒီ အထဲမှာ ကားပြခန်းတွေကို အပ်ကုန်စနစ်နဲ့ တင်သွင်းခွင့်ပြုထားတာတွေလည်း ပါတဲ့အတွက် တကယ့်တကယ် ပြည်တွင်းမှာ တိုးပွားလာတာ ကားအစီးရေ ၁ သိန်း ၅ သောင်းလောက်ပဲ ရှိပါတယ်။
ပြောရရင် ဒီနေ့ ရန်ကုန် လမ်းတွေပေါ်မှာ ကားတွေ ကြပ်နေတာကို မြင်နေရပေမယ့် အခြား ပြည်နယ်နဲ့ တိုင်း မြို့နယ်တွေကို ကြည့်ရင်တော့ ကားတွေ မမြင်ရသလောက် နည်းနေပါတယ်။ ရန်ကုန်မှာ ကားတွေ ကြပ်နေတာဟာ စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းလို့ ဖြစ်ပြီး နယ်တွေမှာတော့ ပြည်သူတွေက ကား ဝယ်မသုံးနိုင်လို့ ကားရှားနေတာပါ။ ဒီလို ဖြစ်ရတာကလည်း အစိုးရဟာ ကားတင်သွင်းခွင့် ပေးလိုက်တယ် ဆိုပေမယ့် အကောက်ခွန်နဲ့ မော်တော်ယာဉ် မှတ်ပုံတင်ကြေး သတ်မှတ်မှု မြှင့်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေ ကားဝယ် မစီးနိုင်သေးတာပါ။ အကောက်အခွန်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အစိုးရသစ် တက်လာပြီးနောက် ကားအစီးရေ ၂ သိန်း ၈ သောင်း တင်သွင်းခွင့်ပြုတာကနေ အခွန် ကျပ်ငွေ ဘီလျံ ၈၀၀ ကျော်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ကားတစ်စီး အတွက် အခွန် ကျပ် သိန်း ၃၀ နီးပါး ကျသင့်တဲ့ သဘော ဖြစ်နေပါတယ်။ ယာဉ်မှတ်ပုံတင်ကြေးပါ ပေါင်းရင် ကားတစ်စီး အခွန်အခ ကျပ် သိန်း ၅၀ ကနေ ၆၀ ကျသင့်နေရတဲ့ သဘောပါ။ ကားစီးမယ့်သူတွေဟာ ဂျပန်က ကားတန်ဘိုး၊ သယ်ယူပို့ဆောင်စားရိတ်၊ အထွေထွေ အခွန်အခ၊ အကောက်အခွန်၊ မော်တော်ယာဉ် မှတ်ပုံတင်ကြေးနဲ့ ပေါင်းလိုက်ရင် ကားတစ်စီးတန်ဘိုးဟာ အိမ်နီးချင်း နိုင်ငံတွေမှာထက် ၃ ဆကနေ ၅ ဆ ကျော်အထိ မြင့်တက်နေလို့ ကား ဝယ်မစီးနိုင်ကြသေးတာ ဖြစ်ပါတယ်။
ဒီလို အခွန်အခ တွေ မြင့်မားနေတဲ့ အတွက် ကားတင်သွင်းတဲ့အခါမှာလည်း မူမမှန်တော့ပါဘူး။ ဂျပန် တပတ်ရစ်ကား တင်ပို့မှု စိစစ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေကိုကြည့်ရင် မြန်မာနိုင်ငံကို အရည်အတွက် အများဆုံး တင်ပို့တဲ့ ထိပ်ဆုံး အမျိုးအစား ၅ မျိုးစာရင်းမှာ (၁) တိုယိုတာ ပရိုဘောက်စ်၊ (၂) ဟွန်ဒါဖစ် (၃) တိုယိုတာ ဘယ်လ်တာ (၄) တိုယိုတာ ကယ်ဒီးနား (၅) တိုယိုတာ မတ်တူး အမျိုးအစားတွေ ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ပထမ ၃ မျိုးဟာ တဦးချင်း ပါမစ်နဲ့ သွင်းတာတွေဖြစ်ပြီး အင်ဂျင်ပါဝါ ငယ် ဈေးပေါတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ နောက်ဆုံး နှစ်မျိုးကတော့ ကားဟောင်းအပ် စလစ်နဲ့ သွင်းတဲ့ ကားတွေထဲက ဈေးအပေါဆုံး၊ မြန်မာပြည်ရောက်ရင် တွက်ခြေ အကိုက်ဆုံး ကားတွေ ဖြစ်ကြပါတယ်။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံထဲ သွင်းတဲ့ဆီမှာ ပရိုဘောက်စ် ကားတွေ အများဆုံး ဖြစ်နေတာပါ။
တကယ်တော့ နယ်က ပြည်သူတွေလည်း ကား စီးချင်၊ သုံးချင်ကြပါတယ်။ ဒါပေမယ့် နယ်က ချမ်းသာတဲ့ လယ်သမားတွေ လူလတ်တန်းစားတွေဟာ နယ်က လမ်းတွေနဲ့ ကိုက်မယ့် ပစ်ကပ်လို ကားမျိုး၊ ဒပယ်ကက်လို ကားမျိုး ဝယ်မစီးနိုင်ကြပါဘူး။ အစိုးရက သတ်မှတ်တဲ့ အခွန်အခ တွေက ဈေးကြီးမြင့်နေလို့ပါ။ နောက်ဆုံး နည်းနည်းပါးပါး တတ်နိုင်သူတွေကတော့ ဈေးပေါတဲ့ အင်ဂျင်ပါဝါ ၁၃၀၀ စီစီလောက်ရှိတဲ့ ပရိုဘောက်စ်လို ကားမျိုး ဝယ်သုံးကြတော့တာပါပဲ။ အဲဒီ ကားတွေဟာ မြို့ပြ လမ်းကောင်းကောင်းမှာ ဟိုနားဒီနား နည်းနည်းပါးပါး သွားဖို့ လာဖို့လောက် ထုတ်လုပ်ထားတဲ့ ဆီစားနည်း ကား အမျိုးအစားတွေပါ။ တောင်ပေါ်ဒေသတွေအတွက်၊ ခရီးဝေး သွားဖို့အတွက်၊ လမ်းကြမ်းကြမ်းတွေ အတွက် ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ အဲကွန်းဖွင့်ပြီး တနေကုန် ပတ်မောင်းနေလို့လည်း မရပါဘူး။ ဒါကြောင့် နယ်ရောက်သွားတဲ့ ပရိုဘောက်စ် ကားတွေဟာ တောင်တက် တောင်ဆင်း မတတ်နိုင်တဲ့အောက်မှာ အင်ဂျင်ပူပြီး မီးလောင်မှုတွေ ဖြစ်ရတော့တာပါပဲ။ တိတိကျကျ ပြောမယ် ဆိုရင် အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ၊ ကားအပေါ် ကောက်ခံတဲ့ အကောက်အခွန် နှုန်းထား စတဲ့ ပြသနာတွေကြောင့် ပရိုဘောက်စ် တွေ မီးလောင်မှု ဖြစ်ပွားရတာပါ။
ဒီ ပြသနာကို အစိုးရက ဖြေရှင်းဖို့ နေနေသာသာ စီးပွား-ကူးသန်း ဝန်ကြီး ဦးဝင်းမြင့်က အမျှော်အမြင်မဲ့တဲ့ စကား ပြောလိုက်ပါသေးတယ်။ မေလ ၈ ရက်နေ့ ညက ကျင်းပခဲ့တဲ့ မာစီဒီးစ် ကား အရောင်းပြခန်း ဖွင့်ပွဲမှာ သူက သူ့ဝန်ကြီး သက်တန်းကုန်ဆုံးသည်အထိ ကားတင်သွင်းခွင့် ပေါ်လစီ ပြင်ဖို့ မရှိဘူးလို့ ပြောလိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီစကားဟာ ကားအရောင်းပြခန်း ဖွင့်ထားသူတွေ၊ ကားတင်သွင်းသူတွေ၊ ကားဝယ်ရောင်းတွေ အကျိုးစီးပွားအတွက် ပြောလိုက်တာပဲ ဖြစ်ပြီး သန်း ၆၀ သော ပြည်သူလူထု၊ တိုင်းပြည်ရဲ့ ရောက်နေတဲ့ စီးပွားရေး အခြေအနေ၊ နယ်မြို့နဲ့ ကျေးလက် အနေအထား ဘာတစ်ခုကိုမှ ထည့်တွက်ပုံ မရပါဘူး။ ဒါကြောင့် နောက်ပိုင်းမှာလည်း ပရိုဘောက်စ် တွေ မြန်မာပြည်ထဲ ဆက် သွင်းနေကြဦးမယ်။ မသင့်တော်တဲ့ နေရာ၊ မသင့်တော်တဲ့ အနေအထားတွေမှာ သုံးနေကြရဦးမယ်။ မီးတွေ ဆက်လောင်နေဦးမယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)