လွန် ခဲ့တဲ့ လေးငါးရက်လောက်က နိုင်ငံခြားတိုင်းပြည်တခုက သတင်းတပုဒ်ကို ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းကို ဖတ်လိုက် ရတော့ ဒီမိုကရေစီ နိုင်ငံတွေမှာ ဒီလိုမျိုးလုပ်ရင် ဒီလိုမျိုး အကျိုးဆက် ရှိပါ့လားလို့ မှတ်သားရပါတယ်။ သတင်းက ဘာကိစ္စလဲ ဆိုတော့ အစိုးရဝန်ကြီးတစ်ပါး ပုဂ္ဂိုလ်ရေး အသုံးစရိတ်များနေတဲ့ အပေါ်မှာ ဝေဖန်ခံရတာ ဖြစ်ပါတယ်။ အဲသလို အဝေဖန်ခံရပြီး နောက်တော့ အဲဒီ ဝန်ကြီးဟာ တာဝန်သိသိနဲ့ သူ့ရာထူးကနေ နှုတ်ထွက်ပေးခဲ့ ပါတယ်။ ဝန်ကြီးရာထူးမှာ ရသလောက်တော့ နေဦးမဟဲ့ဆိုပြီး ကုတ်ကပ်နေတာမျိုး မလုပ်ပါဘူး။
အဲဒီ ဝန်ကြီးကတော့ လက်ရှိအာဏာရ ဗြိတိသျှအစိုးရရဲ့ ဝန်ကြီးတပါး ဖြစ်ပါတယ်။ အမျိုးသမီးတဦးလည်း ဖြစ်ပါတယ်။ သူ့နာမည်ကတော့ မာရီယာ မီးလားလို့ ခေါ်ပါတယ်။ အဆိုပါ အမျိုးသမီးဝန်ကြီးရဲ့ တာဝန်ကတော့ ယဉ်ကျေးမှု၊ သတင်း မီဒီယာနဲ့ အားကစား ရေးရာဝန်ကြီးဌာန ဖြစ်ပါတယ်။ အခုလက်ရှိ ဗြိတိန်နိုင်ငံမှာ အာဏာရယူထားတဲ့ နိုင်ငံရေး ပါတီက ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဦးဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီပါ။
ဝန်ကြီးဖြစ်သူ မစ္စမီးလားဟာ ဗြိတိန်နိုင်ငံရဲ့ အဓိက အတိုက်ခံပါတီဖြစ်တဲ့ လေဘာပါတီရဲ့ ဖိအားပေးမှု အောက်မှာ ရက်ပေါင်း များစွာ ဝေဖန်ခံခဲ့ရပါတယ်။ အတိုက်ခံပါတီရဲ့ ဝေဖန်မှုကို ခံနေရတဲ့ တချိန်ထဲမှာ မိခင်ကွန်ဆာဗေးတစ် ပါတီက ပါတီဝင်များရဲ့ ဝေဖန်မှုကိုလည်း အကြီးအကျယ်ခံရပါတယ်။ မစ္စမီးလားဟာ အိမ်တလုံးကို အရစ်ကျစနစ်နဲ့ ဝယ်ယူထား ပါတယ်။ အစိုးရဆီကို တင်သွင်းတဲ့ ကုန်ကျစရိတ်ငွေတွေကို အစိုးရကိစ္စများအပေါ်မှာ သုံးစွဲတာထက် အဲဒီအိမ်အတွက် အရစ်ကျစနစ်နဲ့ ပေးရတဲ့အပေါ်မှာ သုံးနေတယ်လို့ စွပ်စွဲခံရတာလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက ဒီကိစ္စနဲ့ ပတ်သက်လို့ သူရဲ့အစိုးရ ဝန်ကြီးဖြစ်သူ မစ္စမီးလားကို အကာအကွယ်ပေးခဲ့ ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဝန်ကြီးဖြစ်သူဟာ ရာထူးကနေ နုတ်ထွက်စာတင်ခဲ့ပါတယ်။ နှုတ်ထွက်စာ တင်ရ တာကလည်း အဖက်ဖက်က ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေကြောင့် စိတ်အနှောက်အယှက် ကြီးစွာဖြစ်ရပြီး နုတ်ထွက်တာလို့ ဆိုပါတယ်။ သူ့ပြဿနာကို အကြောင်းပြုပြီး လက်ရှိအစိုးရရဲ့ ဆောင်ရွက်မှုတွေကို မထိခိုက်စေလို တာကြောင့် နှုတ်ထွက်ရခြင်း ဖြစ်တယ် ဆိုတာကိုလည်း နုတ်ထွက်စာထဲမှာ ပြန်လည်ဖြေရှင်းထားပါတယ်။ တချိန်ထဲမှာ လည်း မစ္စမီးလားက အစိုးရဆီက လိုအပ်တဲ့ အသုံးစရိတ်တွေ တောင်းခံခဲ့ရာမှာ မရှင်းမလင်း ဖြစ်ခဲ့ရတဲ့ အချက်အလက် တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အားနည်းချက် ရှိခဲ့တာကို ပါလီမန်မှာ တရားဝင် တောင်းပန်ခဲ့ပါတယ်။
ပြင်ပက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကတခုက မစ္စမီးလားအနေနဲ့ အစိုးရဆီမှာ အစိုးရလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ငွေကြေးတောင်းခံခဲ့တဲ့ ကိစ္စတွေကို ပြန်သုံးသပ်ခဲ့ပါတယ်။ အဲသလို သုံးသပ်တဲ့အပေါ်ကနေ တွေ့ရှိရတာကတော့ မစ္စ မီးလားဟာ အစိုးရကို စတာလင်ပေါင်ငွေ လေးသောင်းငါးထောင် ပြန်ဆပ်သင့်တယ်လို့ ထောက်ပြထားပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်မယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့် ဒေါ်လာ ၇ သောင်းခန့် ရှိပါလိမ့်မယ်။ သို့သော်လည်း ပါလီမန် အတွင်းမှာရှိတဲ့ သက်ဆိုင်ရာ ကော်မတီတခုက မစ္စမီးလားအနေနဲ့ ပေါင်ငွေ ၅၈၀၀ သာ အစိုးရကို ပြန်လည် ပေးသွင်းဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ တချိန်ထဲမှာလည်း ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ဗြိတိသျှနိုင်ငံသား ၁ သိန်း၄ သောင်း က မစ္စမီးလားဟာ အစိုးရဝန်ကြီး ရာထူးကနေ နုတ်ထွက်ဖို့ အဲသလိုမှမဟုတ်ရင်တော့ စတာလင်ပေါင် ၄ သောင်း ၅ ထောင် စလုံးကို ပြန်လည်ပေးဆပ်ဖို့ အွန်လိုင်းကနေ တောင်းဆိုထားပါတယ်။
မစ္စမီးလားရဲ့ မိခင်ပါတီဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီက ပါတီဝင်ပေါင်း သုံးပုံနှစ်ပုံက မစ္စမီးလားအနေနဲ့ ဝန်ကြီးရာထူးကနေ နှုတ်ထွက်ဖို့ စစ်တန်းကောက်ယူရာမှာ သဘောထားပေးပါတယ်။ ကိုယ့်ပါတီက ဝန်ကြီးဖြစ်တာကြောင့် ပါတီဝင်တွေအနေနဲ့ ဝိုင်းကာတာမျိုး၊ ဝိုင်းဖာတာမျိုး မလုပ်တာကို တွေ့ရပါတယ်။ အင်မတန်ကောင်းမွန်တဲ့ အလေ့အထလို့ မြင်မိပါတယ်။ ကွန်ဆာဗေးတစ်ပါတီဝင်တွေက အဲသလိုမျိုး သဘောထားပေးတာက အကြောင်းရှိပါတယ်။ ဝန်ကြီးက မနှုတ်ထွက်ဘဲ ဝန်ကြီးချုပ် အားကိုးနဲ့ အစိုးရအဖွဲ့ထဲမှာ ကုတ်ကပ်နေဦးမယ်ဆိုရင် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ သူတို့ပါတီကို လူတွေက အကြည်အညိုပျက်မှာ စိုးရိမ်လို့ ဖြစ်ပါတယ်။ ပါတီဝင်တွေကိုယ်တိုင်က မဲဆန္ဒပိုင်ရှင် ပြည်သူတွေကို အလေး ထားရတယ်၊ အလေးထားရမယ် ဆိုတာ ဒီနေရာမှာ မြင်နိုင်ပါတယ်။ နောက်တချက်ကတော့ ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အဲတာကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအကြားမှာ မျက်နှာပျက်ရတာမျိုးကိုလည်း ရှောင်ရှား လိုတာကြောင့်လို့ ဆိုနိုင်ပါသေးတယ်။
မစ္စမီးလားရဲ့ ငွေရေးကြေးရေး အရှုပ်အထွေးကို စတင်ထောက်ပြ ဝေဖန်ခဲ့သူကတော့ အတိုက်ခံပါတီဖြစ်တဲ့ လေဘာ ပါတီက ပါလီမန်အမတ်တဦးဖြစ်ပါတယ်။ သူ့ရဲ့အမည် ဂျွန်မင်း လို့ခေါ်ပါတယ်။ သူကဘယ်လိုပြောသလဲဆိုတော့ မစ္စမီးလားဟာ သူ့ရဲ့ ဝန်ကြီးရာထူးကနေ တာဝန်သိသိ နုတ်ထွက်ဖို့လိုကြောင်း ပြောခဲ့ပါတယ်။ အကယ်၍ မနှုတ်ထွက်ဘူး ဆိုရင် ဝန်ကြီးချုပ်ဖြစ်သူ ဒေးဗစ်ကင်မရွန်းကိုယ်တိုင်က သူ့ရဲ့ခေါင်းဆောင်မှုကို မှန်မှန်ကန်ကန် ပြသတဲ့အနေနဲ့ မစ္စ မီးလားကို တာဝန်ကနေ ရပ်ဆိုင်း ရမယ်လို့ ဆိုပါတယ်။
မစ္စမီးလား အခုလို သူ့ဝန်ကြီးရာထူးကနေ ကိုယ်တိုင်နုတ်ထွက်သွားတာဟာ ပိုကောင်းတယ်လို့ တချို့က ထောက်ပြ ပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လူတွေအနေနဲ့ မဲဆန္ဒရှင်တွေအနေနဲ့ နိုင်ငံရေးသမားတွေဟာ ကိုယ်ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်သိတယ်၊ တာဝန်ခံမှုရှိတယ် ဆိုတာကို လိုက်နာရဲ့လားဆိုပြီး အမြဲတန်းစောင့်ကြည့်နေတာကြောင့် ဖြစ်ပါတယ်။ ရာထူးလည်းရရော ဒီငါးနှစ် သက်တန်းအတွင်း ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ အမတ်မျိုး၊ ဝန်ကြီးမျိုးကို လူတွေက မကြိုက်နှစ်သက်ပါဘူး။ တခါ ငါးနှစ်အတွင်း ငါဘာလုပ်လုပ် မပြုတ်နိုင်ဘူး၊ ငါ့ပါတီက ငါ့ကိုကာကွယ် ပေးလိမ့်မယ် ဆိုတာမျိုး ရှိနေရင်တောင်မှ လူထုအသံ လူထုသဘောထားကို မျက်ကွယ်ပြုလို့ မရနိုင်တာလည်း မြင်ရပါတယ်။
မစ္စမီးလားရဲ့ ကိစ္စကို ပြန်ကြည့်လိုက်တော့ စီးပွားရေးလုပ်ငန်းရှင် တဦးဦးဆီက အလုံးအရင်းနဲ့ လာဘ်ငွေယူတာမျိုး မဟုတ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူရဲ့ဝန်ကြီးသက်တန်းအတွင်း သူ့ရဲ့ ဝန်ကြီးဌာနမှာ သုံးစွဲရမယ့် အသုံးစရိတ်ကို အစိုးရဆီမှာ တင်ပြတောင်းခံတဲ့ နေရာမှာ ရှင်းရှင်းလင်းလင်း မရှိလှတာကို တွေ့ရပါတယ်။ တစ်ချိန်ထဲမှာလည်း အိမ်တလုံးကို အရစ်ကျပေးသွင်းတဲ့ စနစ်နဲ့ ဝယ်ယူထားတဲ့ ကာလလည်းဖြစ်နေတော့ အလွဲသုံးစား လုပ်တယ်လို့ စွပ်စွဲခံရပါတယ်။ တကယ်တန်း ပြဿနာတက်ရတဲ့ ငွေကြေးပမာဏဟာ မများလှပါဘူး။ ဒေါ်လာနဲ့မှ ၇ သောင်းလောက်ပဲ ရှိပါတယ်။ သန်းနဲ့ ချီပြီး အလွဲသုံးစားလုပ်တာမျိုး မဟုတ်ပါ။ ဒါပေမဲ့ တစ်ပြားပဲဖြစ်ဖြစ် နှစ်ပြားပဲဖြစ်ဖြစ် နိုင်ငံတော်ပိုင်ငွေကို အလွဲသုံးစား လုပ်တာမျိုး သို့မဟုတ် အလွဲသုံးစားလုပ်တယ်လို့ ယုံကြည်ရတဲ့ အခါမျိုးမှာ ဒီမိုကရေစီ နိုင်ငံတွေမှာ ဝန်ကြီးလည်း ကိုယ့်တာဝန်ကို ကိုယ်ယူရပါတယ်။ ဝန်ကြီးချုပ်က လိုက်ပြီး ကာပေးတာတောင် မရပါဘူး။
ကျနော်တို့ နိုင်ငံကလည်း အခု ဒီမိုကရေစီကို သွားနေတယ်လို့ လက်ရှိအုပ်စိုးသူ အစိုးရက ပြောပါတယ်။ ဒီမိုကရေစီသက်တန်း မရင့်ကျက်သေးလို့ ဟိုဟာတွေ အခုမတောင်းပါနဲ့ဦး၊ ဒီဟာတွေလည်း အခုအချိန် မတောင်းဆိုပါနဲ့ဦး၊ စောလွန်းပါသေးတယ် ဆိုတာမျိုးကို အစိုးရထဲက လူတွေပြောနေတာ နေ့တိုင်းဆိုသလို ကြားရပါတယ်။ ဟုတ်ပါပြီ။ ဒီမိုကရေစီ မရင့်ကျက်သေးလို့ အနောက်နိုင်ငံ များကလို နိုင်ငံရေးအခွင့်အလမ်းတွေ အခုချက်ခြင်း မရသေးဘူးဆိုတာ ထားလိုက်ပါ။ ဥပမာ အနေနဲ့ နိုင်ငံရေး အခွင့်အရေးတွေကို မတောင်းသေးဘူးဘဲ ဆိုပါစို့။ ပါလီမန်မှာ စစ်တပ်ကိုယ်စားလှယ် ၂၅% ရှိနေတာကိုလည်း မလျော့ခိုင်း သေးပါဘူး။
ဒါပေမဲ့ တောင်းဆိုရမယ့် ကိစ္စတွေကတော့ ရှိပါသေးတယ်။ လာဘ်စားတဲ့ ဝန်ကြီး၊ နိုင်ငံတော်ပိုင် ပစ္စည်းတွေနဲ့ ငွေကြေးကို အလွဲသုံးစားလုပ်တဲ့ ဝန်ကြီး၊ လူတွေပြည်သူတွေကို ပြောင်ပြောင်တင်းတင်း စော်ကားမော်ကား ပြောတဲ့ဝန်ကြီး၊ စီးပွားရေး ကုမ္ပဏီမျိုးစုံနဲ့ လက်ဝါးရိုက်ပြီး ကိုယ့်အိတ်ထဲ ရသလောက်ထည့်နေတဲ့ ဝန်ကြီး၊ အဲတာမှ မဟုတ်လည်း တဖက်လှည့်နဲ့ ကိုယ့်သားသမီး အိတ်တွေထဲ ငွေတွေလှိမ့်ဝင်နေတာ မျိုးတွေကိုကော အရေးမယူသင့်ဘူးလား။ မြေသိမ်းယာသိမ်း ကိစ္စတွေနဲ့ ပတ်သက်နေတဲ့ ဝန်ကြီးမျိုးတွေ၊ အမတ်မျိုးတွေကိုကော အရေးမယူတော့ဘူးလား။ လူမျိုးရေး၊ ဘာသာရေးကို နိုင်ငံရေးမှာ ခုတုံးလုပ်နေတဲ့ သူတွေကိုကော အရေးမယူတော့ဘူးလား။
အခုကျနော်တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာက လွန်လွန်းအားကြီးပါတယ်။ နိုင်ငံရေးအရလည်း အပိုင်ချုပ်ထားတယ်၊ စီးပွားရေးအရလည်း မောင်ပိုင်စီးထားတယ်၊ လာဘ်စားတာ အပါအဝင် မဟုတ်တာ လုပ်နေတာတွေကိုလည်း အရေးမယူဘူး ဆိုတော့ ဒီလိုနိုင်ငံမျိုးမှာ တည်ဆောက်နေတယ်ပြောတဲ့ ဒီမိုကရေစီဟာ ဘယ်တော့များမှ ရင့်ကျက်လာမှာလဲ။ ဒီမိုကရေစီခမျာ ရင့်ကျက်ခွင့်ကော ရှိဦးမှာလား။ အရပ်ဝတ်ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်များ အုပ်ချုပ်နေတဲ့ တိုင်းပြည်လို့ ပြောရင် လွန်မယ် မထင်ပါဘူး။
အခုလည်းကြည့်ပါဦး။ ၂ဝ၁၅ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိရပါစေ့မယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောခဲ့တယ်။ ဘာမှမကြာလိုက်ဘူး။ ပါလီမန် ကိုယ်စားလှယ်လောင်းသာလျှင် မိမိဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ စည်းရုံး ဟောပြောခွင့်ရမယ်။ တခြားလူပုဂ္ဂိုလ်တဦးဦးက လာပြီး စည်းရုံးတာဟောပြောတာ မလုပ်ရဘူးဆိုတော့ ဒါဟာ ညစ်နည်းတထောင် ဖော်မြူလာထဲက တစ်နည်းကို သုံးတယ်လို့ စွပ်စွဲရပါလိမ့်မယ်။ ကိုယ့်ပါတီကို လူတွေကြိုက်လာအောင် ကြည်ညိုလာအောင် မဲပေးချင် လာအောင် လုပ်မယ်ဆိုရင် အခု အာဏာရ အစိုးရအဖို့ တရားနည်းလမ်းကျကျ လုပ်နိုင်တာတွေ လမ်းကြောင်းတွေ အများကြီးရှိပါတယ်။ အခုဟာက ထမင်းတော့စားခွင့်ရှိတယ် ဒါပေမဲ့ လက်နဲ့မစားရ၊ ဇွန်းနဲ့မစားရ၊ အပ်ကလေးနဲ့ပေါက်ပြီး ထမင်းတစ်လုံးစီ ကောက်စားရမယ်ဆိုတဲ့ ဟာမျိုးလို ဖြစ်နေတယ်။
ကျနော်တို့ တိုင်းပြည်မှာ အခုအစိုးရသက်တန်း သုံးနှစ်အတွင်း မစ္စမီးလားလို ကိုယ်ပြုခဲ့တာအတွက် ကိုယ်တာဝန်ခံတဲ့ ဝန်ကြီးမျိုး တယောက်မှ မတွေ့ဘူးသေးပါ။ လူသိရှင်ကြား အမှားတွေ ကျူးလွန်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ ကိုတောင် အာဏာရအစိုးရကော၊ အာဏာရအစိုးရရဲ့ ပါတီကကော အရေးယူတယ်၊ နှုတ်ထွက်ခိုင်းတယ်ဆိုတာများ ယောင်လို့တောင် မကြားမိသေးပါ။ ဒီမိုကရေစီ ရင့်ကျက်လာဖို့ ဆိုတာ ဒီအတိုင်း ထိုင်စောင့်နေရုံ၊ ငါးနှစ်တခါ ရွေးကောက်ပွဲ ကျင်းပပေးရုံနဲ့ ဖြစ်လာမှာ မဟုတ်ပါ။ ဒီမိုကရေစီ အလေ့အထကို လေ့ကျင့်ခန်းလုပ်သလို လုပ်နေပါမှ အမှန်တကယ် ကျင့်သုံးနေပါမှ ဒီမိုကရေစီ ရင့်ကျက်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရှေးလူကြီးများ ပြောလေ့ရှိတာ တခုကို သွားပြီး သတိရမိပါတယ်။ အဲတာက ဘာတုန်းဆိုတော့ မင်းတို့ခေတ်ကတော့ကွာ ရှေ့လျှောက်တော့ “အတုတထောင်၊ အယောင်တသိန်း၊ အပလိန်း အနန္တပါပဲ” ဆိုတဲ့ စကားကို အမှတ်ရမိပါကြောင်း။
(စာရေးသူသည် ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။)