တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရန် အချိန်တန်ပြီ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီ ရင်ရေးမဏ္ဍိုင် ၃ ရပ်အနက် အဝေဖန်ခံရဆုံး ထဲ တွင် တရားစီရင်ရေး မဏ္ဍိုင်လည်းပါဝင်သည်။ အကျင့်ပျက်ခြစားမှုတွင် နိုင်ငံ ၁၇၇ နိုင်ငံအနက် ၁၅၇ နေရာတွင် ရှိသော မြန်မာနိုင်ငံတွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေ ရေးရာနှင့် တိုင် ကြားစာများ အသနား ခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီသို့ တရားစီရင်ရေးစနစ်တွင် လာဘ်စားမှုအကြောင်း တိုင်စာမှာ ၉၀ ရာခိုင်နှုန်းကျော် ရှိနေသည်။

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က တရားစီရင်ရေးစနစ်တွင် စနစ်တကျ အလွဲသုံးစားလုပ်ခဲ့ပုံများကို ပထမဆုံး အကြိမ်အဖြစ် စုံစမ်းဖော်ထုတ် မှတ်တမ်းရုပ်ရှင် (Investigative Documentary) ဖြင့် မကြာသေးမီက ဖော်ထုတ်တင်ပြလိုက်သည်။

ကျပ်သိန်း ၁ သောင်းခွဲတန် မြေကွက်ရရှိရေးအတွက်အထောက် အထားတုများနှင့် လိမ်လည်စွဲဆိုသောအမှုကို တရားသူကြီးက သေချာစွာ လေ့လာစုံစမ်းခြင်းမရှိဘဲ ပေါ့လျော့စွာ စီရင်ချက် အမိန့် ချခဲ့ပုံကို DVB အဖွဲ့သား များက ၄ လကြာ အချိန်ယူပြီး စင်ကာပူ နိုင်ငံအထိပါ သွားရောက်လေ့လာစုံစမ်းဖော်ထုတ်ချက်သည် သမ္မတ ဦးသိန်းစိန်လက်ထက် တရားစီရင်ရေးမဏ္ဍိုင်၏ မတည့်မတ်မှုများ ထဲမှ တစိတ်တဒေသမျှသာ ရှိသေးသည်။

editor-desk1-copy2တရားသူကြီးများ လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစား မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ တာဝန်မှ ရပ်စဲခြင်း၊ ရာထူး ရွှေ့ပြောင်းခြင်းမျှသာ ဖြစ်နေသည်။ တရားသူကြီးများ၏ မတရားမှု များကိုတရားသူကြီးများက အကာအကွယ်ပေးနေနိုင်သမျှ တည့်မတ် မျှတသော တရားစီရင်ရေးမဏ္ဍိုင် ပေါ်ပေါက်နိုင်မည် မဟုတ်ပေ။

ယမန်နှစ်က ရခိုင်ပြည်နယ်တွင် တရားသူကြီး ဒေါ်စီစီ၏ လာဘ်ပေး လာဘ်ယူအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက အယုံအကြည် မရှိ အဆိုတင်သွင်းနေစဉ် တရားသူကြီးကို မိမိဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် ကြေညာခဲ့သည်။ အဓိပ္ပာယ်မှာ တရားစီရင် ရေးမဏ္ဍိုင်မတည့်မတ်မှုကို အုပ်ချုပ်ရေးမဏ္ဍိုင်ကပါ အကာအကွယ် ပေးသည့် သဘောပင်ဖြစ်သည်။

တရားစီရင်ရေးမဏ္ဍိုင်တွင် ဖောက်လွှဲဖောက်ပြန် ပြုလုပ်နိုင်ရန် အုပ်ချုပ်ရေးမဏ္ဍိုင်ရှိ အစိုးရဌာနများကပါ စနစ်တကျ ပူးပေါင်း လုပ်ဆောင်နေကြကြောင်း တွေ့ရသည်။

ခေတ်မမီတော့သော ဥပဒေပြဋ္ဌာန်းချက် အဟောင်းများသည် တရားစီရင်ရေးကို ချည့်နဲ့စေပြီး မမျှတစွာ ဆုံးဖြတ်ပေးရေးအတွက် အခွင့်ကောင်းယူရန် လမ်းကြောင်းပေးနေသည်။

သမ္မတ ဦးသိန်းစိန်၏ သမ္မတ သက်တမ်း ၃ နှစ်ကျော်အတွင်း တရားစီရင်ရေးမဏ္ဍိုင် အားကောင်း တောင့်တင်း စေရန် မလုပ်ဆောင်သေးကြောင်းကို သတင်းဌာနများ၏ တောက်လျှောက်သတင်း တင်ပြချက်များက သက်သေပြနေသည်။

သမ္မတ ဦးသိန်းစိန်၏ စကားအတိုင်း သန့်ရှင်းကောင်းမွန်သော အစိုးရတရပ်ဖြစ်ရေးမှာ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်လာရေး အတွက် တင်းကျပ်သော ဥပဒေများ ပြုပြင်ပြဋ္ဌာန်းနိုင်ရေး အပေါ် တွင် မူတည်နေသည်။ တရားမျှတမှုကိုဖော်ထုတ်ရမည့် တရားသူကြီး များ၏ စီရင်ချက်များ တည့်မတ်ရေးအတွက် ထိန်းကျောင်းပေး မည့် ဥပဒေ၊ ပြဋ္ဌာန်းချက်များ အမြန်ဆုံးပေါ်ပေါက်ရန် အချိန်တန်ပြီ ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးကာလတွင် တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်လာခြင်း ရှိ၊ မရှိကို စောင့်ကြည့်နိုင်ရန်အတွက် စတုတ္ထ မဏ္ဍိုင်ဖြစ်သော မီဒီယာ၏ လွတ်လပ်ခွင့်သည်လည်း ကျွဲကူးရေပါ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပေသည်။

Loading