မှိုင်းမိနေသေးရင်

မြင့်သန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆရာတာရဲ့ ချင်းတွင်းအမှတ် ၆၉ ထဲမှာ ဟိုမရောက် ဒီမရောက်ရေးထားတဲ့ စာတပုဒ်ဖတ်လိုက်ရတယ်။ ဘာသာရေးရော၊ နိုင်ငံရေးရော၊ ဘုရားစာ တရားစာ ရောမွှေထားတဲ့ စာတပုဒ်။ ဘာမှန်းတော့ အသေအချာ မပြောတတ်ဘူး။ မေတ္တာပို့တာလား ဆရာလုပ်ပြတာလား တခုခုတော့ တခုခုပဲ။ အဲဒီမှာ “ဆိုရှယ်လစ်စနစ်က မှီခိုလိုစိတ်ကို ပေါက်ပွားစေပြီး စစ်အုပ်ချုပ်ရေးက အရာရာကို ကြောက်တတ်သော စိတ်ကို အမြစ်တွယ်စေ သည်” လို့ရေးထားတယ်။ ဘာကို အဆိုအဖြစ်တည်ပြီး ဘယ်လိုနိဂုံး ဆွဲယူထားမှန်းတော့ မသိဘူး။ ဒီလိုဆိုရ တာက အကြောင်းရှိတယ်။ သက်ဝင်ယုံကြည်မှု တစုံတရာရှိတဲ့ လူတိုင်းမှာ မှီခိုစိတ်ဆိုတာက ရှိနေကြတာချည်း ပဲ။ ဘုရားရှိခိုးတယ် ပုတီးစိပ်တယ်ဆိုတာကိုက မှီခိုစိတ်ရှိနေလို့လုပ်တာ။

ဒီတော့ ဆိုရှယ်လစ်ခေတ်မှ မဟုတ်ဘူး။ ဘယ်ခေတ် ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် မှီခိုစိတ်ရှိတဲ့ လူတွေဟာ ရှိနေမှာပဲ။ စနစ်တကျ ဆင်ခြင်မှု နည်းပါးတယ်၊ ပွင့်လင်းသိတတ်စွမ်း နွမ်းပါးတယ်။ အစဉ်အလာ သိမှုအထဲမှာ ချာလည်လည်ဖြစ်နေတယ်ဆိုတဲ့ လူတွေဟာ ပိုပြီး မှီခိုစိတ်ရှိတယ်။ ဒီလို ခပ်ညံ့ညံ့လူတွေဟာ ခေတ်တိုင်းကာလတိုင်းမှာ ရှိနေကြမှာပဲ။ ဒါဟာ ခေတ်ကို အပြစ်ဆိုစရာ အကြောင်းတခု မဟုတ်ဘူး။

တကယ်တော့ ဆိုရှယ်လစ်ခေတ်ဟာ မြန်မာနိုင်ငံရဲ့ ရွေ့လျားပြောင်းလဲနေတဲ့ အစဉ်ထဲမှာ လိုအပ်စွာ ပေါ်ပေါက်လာတဲ့ အနေအထားတခုပဲ။ မြန်မာ့သမိုင်းထဲမှာ တနေရာရှိနေခဲ့တာကို ဘယ်လိုပဲ မသိကျိုးကျွံပြုပြု “ရှိနေခဲ့ခြင်း”ကို ဖယ်ချန်၊ ပလပ်ထားလို့ မရနိုင်ဘူး။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေအားလုံးကို စစ်တပ်က အာဏာမသိမ်းခဲ့ရင် မနေ့တနေ့ကအထိ မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်ခဲ့တယ်ဆိုတာဟာ ရှိမလာနိုင်၊ ဖြစ်မလာနိုင်ခဲ့လို့ ပေါ်ပေါက်ရပ်တည်နေခြင်း ဟာ ဖြစ်မလာနိုင်ဘူး။ (ဒီအချက်နဲ့ ပတ်သက်လို့ အရပ်သူ အရပ်သားတွေက ကျေးဇူးမတင်တောင် စစ်ဘက်က လူတွေက ဗိုလ်ချုပ်ကြီး နေဝင်းကိုတော့ (ရှာကြံပြီးပဲဖြစ်ဖြစ်) ကျေးဇူးတင်ကြဖို့တော့ ကောင်းတယ်။)

လက်သည်မပေါ်ဘဲ မွေးခဲ့ရတယ်ဆိုရင်တော့ အဖေဆိုတာက ရှိနေသေးတယ်ဆိုတဲ့ စကားလိုပဲ။ သမိုင်းရဲ့ ရှိနေခြင်းဟာ ရှိနေခြင်းတခုပဲ။ အဲဒီအရင်ကို ပြန်ကြည့်ဦး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ ပထမ ဆယ်နှစ် သာသာဟာ တက်မပါ ပဲ့မပါနဲ့ ပင်လယ်ထဲမှာ ရေစုံမျောနေတဲ့ လှေလိုပဲ။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိဘူး။ ပြည်တော်သာ စီမံကိန်းတို့ လက်နက်နဲ့ ဒီမိုကရေစီလဲတာတို့ လူတယောက်တိုက်တလုံး၊ ကားတစီး၊ ငွေငါးရာဆိုတာ တို့တတွေဟာ နောက်ဆုံးတော့ ဦးနုရဲ့ လိုဏ်ဂူကြီးအောက်မှာ ပျောက်သွားတာပဲ။ ပါလီမန်မှာက“အမတ်မင်း ဦးဘယ်သူဟာ အိပ်ငိုက်နေပါတယ်”ဆိုတာလောက်ကပဲ ကြီးကြီးကျယ်ကျယ်ပြော စရာရှိတာမို့ ရေဒီယိုက အသံလွှင့်ရတယ်။ တိုင်းသူပြည်သားတွေမှာ ဘာမှန်းကို နားမလည်နိုင်လောက်တဲ့ အနေအထား။ လကိုကြည့်ပြီး ထမင်းဆီဆမ်းရွှေလင်ပန်း တောင်းနေကြသလိုမျိုးပဲ။ ပြည်သူတွေဟာ ဘိန်းငိုက်နေကြသလိုမျိုး။

ဒီနောက် မြန်မာနိုင်ငံဟာ ဗြုန်းဆို ဆိုရှယ်လစ်ခေတ်ဆိုတာထဲ ရောက်သွားတယ်။ တနည်းဆိုရရင် ပြည်သူတွေ လန့်နိုးလာကြရတယ်။ လယ်သမား စပါးစိုက်နေသမျှ တတိုင်းပြည်လုံး ဗိုက်ဝနေမယ်ဆိုတဲ့ အိပ်မက်က လန့်နိုး လာကြရတယ်။ ဆန်ထွက်တဲ့ အရပ်မှာ ထမင်းငတ်ကြရတယ်။ လကိုကြည့်ပြီး ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ တောင်းနေလို့ဖြင့် မဖြစ်ချေတော့ဘူးလို့ သိလာကြရတယ်။ တကယ်တော့ ဆိုရှယ်လစ်ခေတ်ဟာ ငိုက်နေတဲ့ ပြည်သူတွေကို နှိုးလိုက်တာပဲ။ နှိုးလိုက်ရုံတင်မကဘူး ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ရောယိမ်းလိုက် ဘသားယိမ်းလိုက်ဆိုတာလောက်နဲ့ မပြီးဘူးဆိုတာ အသိပေးလိုက်တာပဲ။

စနစ်အနေနဲ့ ဆိုရှယ်လစ်စနစ်ဟာ စနစ်ကောင်း။ ဒါပေမယ့် အရပ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှာ မကျွမ်းကျင်တာ (အရပ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးရဲ့ ကွာခြားမှုကို မမြင်ခဲ့တာ။ မဟုတ်ရင် မမြင်ယောင်ဆောင်ခဲ့ကြတာ။) ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒတွေကို ရေရေရာရာ မသိတဲ့ ရဲဘော်ရဲဘက်ဟောင်းတွေကို အကြံပေးခန့်၊ လိုအပ်တာထက်ပိုပြီး ယုံကြည်အားကိုးတာနဲ့ ဆိုရှယ်လစ်စနစ်ကို ထူထောင်ဖို့အတွက် ဆီလျော်အပ်စပ်မှု အမှန်တရား သဘောမှာ အခြေမခံဘဲ တိုက်ရိုက်ပုံတူကူး (အသွင်ပြောင်း) ဖို့ လုပ်တာတွေမှာ မှားခဲ့ကြတာ။

Industrialization လို့ခေါ်တဲ့ စက်မှုနည်းပညာ အခြေခံ နိုင်ငံတော် ဘဝကို ပြောင်းဖို့လုပ်ရာမှာ ဆယ်ဗင်းပွိုင့် အိတ်သရီးတို့၊ ဆယ်ဗင်းပွိုင့် အိတ်ဖိုးတို့ဘက် စိတ်သန်သွားတော့ စက်မှုလယ်ယာဟာ ပြောပလောက်အောင် မကြီးထွားခဲ့ရဘူး။ တခြား အမှားတွေလည်း ရှိခဲ့မှာပါ။ ကျနော်ဆိုလိုတာက စနစ်အပိုင်း။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်အထိတော့ မြန်မာနိုင်ငံရဲ့ မြို့ပြပြည်ရွာထူထောင်ရေးအတွက် ပေါ်ပေါက်ခဲ့တဲ့ စနစ်တွေအထဲမှာ ဆိုရှယ်လစ်စနစ်ဟာ စနစ်ကောင်း တခု။ အားကောင်းတဲ့ စနစ်တခု။ လိုအပ်တာထက် ပိုသွားတဲ့ ရဲဘော်ရဲဘက်စိတ်နဲ့ တောပြန်တွေကို လိုအပ်တာထက် ပိုပြီးအားကိုးရင်း အကြံပေးခန့်လိုက်ရတာ “မလုပ်တတ် မကိုင်တတ် စနစ်” ကနေ “မလုပ်နိုင် မကိုင်နိုင်စနစ်” အဖြစ်ပြောင်းသွားခဲ့ပြီး လိစ္ဆဝီ ပြည်ပျက်ကိန်းမျိုး ကြုံရတော့တာပဲ။ နိုင်ငံရေး စနစ်တိုင်းမှာ Flaw  ဆိုတာ ရှိတာချည်းပဲ။

နောက်တချက်က “စစ်အုပ်ချုပ်ရေးက အရာရာကို ကြောက်စိတ်ကို အမြစ်တွယ်စေသည်” လို့ဆိုတဲ့အချက်။ ဒီအမြင်ကလည်း တိမ်တယ်ထင်တယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်မှာပဲဖြစ်ဖြစ် ရှိနေသေးတာပဲ။ ဒီမိုကရေစီခေါ်ခေါ် ဘာခေါ်ခေါ် ခေါ်ချင်ရာခေါ်။ နိုင်တဲ့လူ (နဲ့ သူ့ရဲ့ အဖွဲ့အစည်း)က လုပ်ချင်ရာ လုပ်နိုင်တာပဲ။ ကန့်သတ်မှု ၊ ထိန်းချုပ်မှုဆိုတာက တိုင်းပြည်တပြည်ရဲ့ အုပ်ချုပ်ရေးအပိုင်းမှာ ရှိနေရမှာပဲ။ စစ်အုပ်ချုပ်ရေးမှ မဟုတ်ဘူး။ ကြောက်တာက ကြောက်တဲ့လူရဲ့ ကိစ္စ။ ကြောက်တယ်ဆိုတာက ဆင်ခြင်တုံ တရားရဲ့ အပမှာ။ လူတိုင်းမှာ ရှိတတ်တာပဲ။ သွားနုတ်ရမှာ အကြောက်ဆုံးလူတွေဟာ စစ်သူကြီး တွေပဲဆိုတဲ့ စကားတောင်ရှိတယ်။ ကြောက်တာက စစ်အုပ်ချုပ်ရေးနဲ့ မဆိုင်ဘူး။ ကာလ၊ ဒေသ၊ ပယောဂမှာ တည်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လူ့အဖွဲ့အစည်းအကြားက သဟဇာတဖြစ်မှု မဖြစ်မှုနဲ့ဆိုင်တယ်။ သဟဇာတ ဖြစ်မှုဟာ ဆင်ခြေမှာ အခြေခံတယ်။ စိတ်လှုပ်ရှားမှုမှာ အခြေမခံဘူး။

ချင်းတွင်းထဲက အဲဒီဆောင်းပါးတနေရာမှာ “မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရပြီး ပထမ ဆယ်နှစ်သာသာဟာ၊ အသက်ဝင်၏။ လွတ်လပ်၏။ ဒုက္ခထင်ရှားရှိသော်လည်း ရှင်သန်ပုံက မြန်မာစရိုက်နဲ့ ကိုက်ညီသည်မို့ ကျောက်တုံးက ပွင့်သောပန်းများပင် ရှိခဲ့ဖူး၏”လို့ ရေးထားတယ်။ ဘယ်နေရာမှာ အသက်ဝင်နေခဲ့မှန်းတော့ မသိဘူး။ (ဆောင်းပါးရေးတဲ့လူက ဦးနုရဲ့ ပါလီမန် ဒီမိုကရေစီခေတ်ကို တကယ်ပဲ ကြုံခဲ့ဖူးသလား။ လေသံဖမ်း၊ တရားနာပဲလား။ အဲဒီခေတ်က ရန်ကုန်မြို့တော် ဆိုတာ ဘယ်နားဆီမှာ ရှိမှန်းတောင် သိရဲ့လားမသိဘူး။ တည့်တည့်ရေးရရင်တော့ ဖြီးရေးနေမှန်းတော့ သိသာတယ်။) ကျောက်တုံးက ပွင့်တဲ့ပန်းဆိုတာ တကယ်တော့ ဘာသာစကားအရ နားထောင်လို့ ကောင်းရင် ကောင်းမယ်။ တကယ့်ဘဝနဲ့ ယှဉ်ပြောရတဲ့ “နိုင်ငံရေး”မှာ အသုံးမတည့်တာမျိုးပဲ။ ကနေ့ခေတ်ကာလမှာ ဘာမျိုးဆက် ညာမျိုးဆက်ဆိုပြီး အခွင့်အရေး ဝင်ယူနေကြတာမျိုးပဲ။ ဘာသာစကားကို အသုံးချပြီး ဝမ်းရေးထူထောင်ခြင်း တမျိုးပဲ။

အဲဒီခေတ်ဟာ ပြည်တွင်းမှာ သူပုန်သကန် မြူးနိုင်တဲ့ကာလ။ အဲဒါကို အသက်ဝင်တယ်ဆိုရင်တော့ ဟုတ်ပါ့။ ရန်ကုန်မြို့ကထွက်လို့ မှော်ဘီကို ဆင်းလာပြီး ဗုံးခွဲတဲ့ကာလ။ နယ်ဆိုတာကို မပြောနဲ့ဦး။ ရန်ကုန်မြို့မှာ သူခိုးကြမ်းပိုး အစုံရှိတယ်။ နေဝင်ဖြိုးဖျမှာ ရန်ကုန်မြို့ကနေ ထွက်လာလို့ ကန်ဘဲ့လမ်းဆုံလောက်ရောက်ရင် အလုခံရနိုင်တယ်။  ရန်ကုန်မြို့ပေါ်က ဝန်မင်းများက တိုင်းသူပြည်သားကိစ္စ လှည့်မကြည့်နိုင်သေးဘူး။ သူတို့အချင်းချင်း ရာဇပလ္လင် ဖင်ဖြဲဖို့ တိုက်နေရတယ်။ ဒီကြားထဲ နိုင်ငံရေးအရ မွေးပြီး မြှောက်စားထားတဲ့ ရဟန်းပျိုတို့ သံဃာပါတီ ဗမာပြည် ဆိုတာတွေက လုပ်ချင်ရာလုပ်တာ။ သူတို့က တမှောင့်။ ထေရဝါဒဆိုတာနဲ့ မဆိုင်သလေ ငံပြာရည်ပဲ။ ကိုလိုနီစနစ်ရဲ့ လက်ကျန်အပြုအမူတွေ ဆက်လက် ရှင်သန်နေသေးတယ်။ ပြောင်းလဲမှုဆိုတာကို ယတိပြတ် မလုပ်ဆောင်နိုင်တဲ့ မလုပ်ဆောင်ရဲတဲ့ ကာလ။ ပါလီမန် ဒီမိုကရေစီဆိုတာတိုင်းမှာ လူမုန်းမခံရဲလို့ ရဲရဲချည်းမလုပ်ရဲတဲ့ အလေ့ရှိတယ်။ ပါလီမန် ဒီမိုကရေစီ စနစ်အတွင်းမှာ အာဏာရသူတိုင်းဟာ မြို့မေတ္တာခံယူမယ့်သားပါခင်ဗျာ့ဆိုတဲ့ ခံယူမှုမျိုး ရှိနေခဲ့ကြတယ်။ အာဏာဆက်လက်မြဲရေးအတွက် ဒီမိုကရေစီစနစ်တိုင်းမှာ လိုတာက“အပြောလှ အပြကောင်း” ဆိုတာပဲ။ အပြောလှ အပြကောင်းဆိုတာဟာ မျက်လှည့်ဆရာတွေဆီက လာတာပဲ။ တကယ်တော့ နိုင်ငံရေးကို လုပ်ငန်းတရပ် အနေနဲ့လုပ်တာ  Politics as profession မှာ ဒါပဲလိုတာ။ ဒါက ပါလီမန် ဒီမိုကရေစီစနစ်တိုင်းမှာ တွေ့ရတဲ့ ညံ့ဖျင်းမှု။ ဒီတော့ လွတ်လပ်ရေးရပြီး ပထမ ဆယ်နှစ်သာသာ နဲ့ လိုက်လျောညီထွေတဲ့ ဥပမာစကားဟာ စုန်ရေနဲ့မျောသွားတဲ့ နွားချေးခြောက်လိုပဲ။ ဘာမှ အရာမရောက်ဘူး။ ကမ်းတင်ကာမှ မြေသြဇာဖြစ်မှာ။

တကယ်တော့ လူတွေဟာ အားကိုးရှာရင်းက ကိုးကွယ်အားထားမှု ပေါ်ပေါက်လာတယ်လို့ဆိုကြတယ်။ အဲဒီကနေ ဝတ်ပြုကိုးကွယ်မှု၊ နောက်တော့ ဘာသာရေးရယ်လို့ ဖြစ်လာသတဲ့။ ဒီကနေ့ ကာလမှာတော့ ဘာသာရေးဆိုတာက လေ့လာစရာ အကြောင်းတရပ်။ ဆက်လက်နှီးနှောသင့်တဲ့ ကိစ္စတခု။ နေ့စဉ်ဘ၀ ဆက်လက်ရှင်သန်နေရေးအတွက် အသက်မွေးဝမ်းကျောင်းပြုလို့ရတဲ့ ပညာရပ်တခုပဲ။ စနစ်တကျ တွေးခေါ် နိုင်တာရဲ့ လမ်းဆုံတနေရာက ယုတ္တိနည်းလမ်းတကျဖြစ်မှု မပါတော့ဘဲ စိတ်ဖြေသိမ့်ကြည့်စရာ နေရာတခုပဲ။ ကျနော့်အတွေ့အကြုံတခု ရေးပါရစေ။ တနေ့တော့ ကျနော်နဲ့ ကျနော့် မိတ်ဆွေတို့ နှစ်ယောက်သား ရှေးတရုတ် ဘုရားကျောင်းကြီးတခုထဲမှာထိုင်ပြီး ကျောင်းတော်ကြီးထဲမှာ လာသူသွားသူတွေကိုကြည့်နေကြရင်း ကျနော့်ပါးစပ်က ဘာသာရေးဆိုတာကို ဘယ်လို အနက်ပေးရင် ကောင်းမလဲလို့ ထွက်သွားတယ်။ ကျနော့် မိတ်ဆွေက အတော်ကလေးကြာအောင် ဘာမှပြန်မပြောဘူး။ အဲဒီတုန်းမှာပဲ မိန်းမတသိုက်ဖြတ်သွားကြတယ်။ ဒီတော့ ကျနော့်မိတ်ဆွေက ပြောတယ်။ “အနက်ပေးတာမျိုးတော့ မဟုတ်ဘူးကွာ၊ အနေအထားချင်း ယှဉ်ပြောသလို ပြောရရင်တော့ ရေမွှေးနံ့လိုပေါ့” တဲ့။ သူပြောတာက သိပ်မဆိုးလှဘူးထင်တယ်။

ရေမွှေးဆိုတာ အနံ့အမျိုးမျိုးရှိတယ်။ မွှေးတော့မွှေးတာချည်းပဲ။ မွှေးပုံ မတူဘူး။ သုံးတဲ့လူတွေလည်း မတူကြဘူး။ အကြိုက်မတူလို့ သုံးတဲ့လူ မတူတာပဲ။ ဈေးကြီးတိုင်းလည်း လူတိုင်းမကြိုက်ဘူး။ တချို့ကတော့ ရေမွှေးအနံ့ရတာနဲ့ ချေတော့တာပဲ။ မခံနိုင်ဘူး။ ဒီတော့လည်း ယှဉ်ပြောတဲ့ အနေအထားအရတော့ ဟုတ်တုတ်တုတ်ပဲ။ ဒီပြင်ပိုပြီး သဘောကျဖို့ကောင်းတဲ့ အချက်ကတော့ လူတိုင်းဟာ ရေမွှေးမသုံးကြဘူး။ ရေမွှေးဟာ “သုံးချင်တဲ့လူတွေသုံးဖို့ သက်သက်ပဲ”။ ဘာသာရေးလည်း ဒီသဘောပဲ။ သုံးချင်တဲ့ သူတွေသုံးဖို့ပဲ။ ရေမွှေးလိုပဲ ထုတ်တဲ့ ကုမ္ပဏီ မတူဘူး။ အနံ့မတူဘူး။ သုံးတဲ့လူက သူ့သဘော ဘဝင်ကျလို့ သုံးကြတာ။ “ငါ၏—-” ဆိုတဲ့ အကျိုးစီးပွားကို တွက်ဆမကြည့်ဘဲ ဘယ်သူမျှ ရေမွှေးမဆွတ်သလို ဘယ်သူကမှလည်း ဘာသာရေးတခုကို လက်ခံထားမှာ မဟုတ်ဘူး။ အနည်းဆုံး “ငါ ဒုက္ခမရောက်အောင်”၊ “ငါ အန္တရာယ် မများအောင်”၊ “ငါ စိတ်ချမ်းသာရအောင်” ဆိုတဲ့ ပေါ်လွင်နေတဲ့ သိစိတ်နဲ့ဖြစ်ဖြစ်၊ တိမ်မြှုပ်နေတဲ့ အသိတစုံတာနဲ့ဖြစ်ဖြစ် အခြေခံပြီး လက်ခံထားကြတာပဲ။

ဘာသာရေးနဲ့ ရှိနေခြင်းကြောင့် တသီးပုဂ္ဂလ လူတဦးချင်းစီရဲ့ စိတ်ကျေနပ်မှု၊ ဆင်ခြင်နည်းလမ်းတကျ မဟုတ်ပေတဲ့ သီးခြားလူတဦးချင်းစီရဲ့စိတ်ထဲမှာ သာယာမှု တခုခုတော့ ပေးနိုင်တယ်။ တကယ်တော့ ယဉ်ကျေးမှုအခြေခံ ဘာသာရေးနဲ့ ဘာသာရေးအခြေခံ ယဉ်ကျေးမှုက ကွဲသေးတာကိုး။ ခုခေတ်မှာက နေ့စဉ်ဘဝထဲမှာ ဖြစ်ပေါ်နေတဲ့ ယဉ်ကျေးမှုပုံစံမှာ အခြေတည်ထားတဲ့ ဘာသာရေးကို လုပ်နေကြတာ။  လွယ်လွယ် နမူနာပြရရင် မော်ဒယ်ကလေး မင်းသမီးကလေးတွေ လုပ်ချင်ရာလုပ်ပြီး အနံ့ကလေးထွက်လာရင် ဘာသာရေးစကားတွေ ပြောလာကြတာမျိုး။  သီလရှင်ဝတ်ပြု၊ လူရိုသေ၊ ရှင်ရိုသေ ပြန်ဖြစ်လာအောင် လုပ်ရတာမျိုး။ လူရေး လူရာဝင်အောင် လူကြီးသူမနဲ့ သိရအောင်၊ ဂျာနယ် မဂ္ဂဇင်းထဲပါအောင် စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပိုက်ဆံ တကယ်တမ်း မလိုလှတဲ့ နေရာမှာ ထပ်တလဲလဲ သွားလှူနေကြတာမျိုး။ ဒါတွေက နေ့စဉ်ဘဝရဲ့ ယဉ်ကျေးမှုပုံစံအရ လုပ်ဆောင်နေကြတဲ့ “ဘာသာရေး” အခြေခံ အပြုအမှုတွေပဲ။

ဖိရိုးဖလာ လက်ခံတယ်ဆိုတာမျိုးကတော့ တမျိုး။ ဆင်ခြင်တုံတရားမပါတဲ့ သိမှုတမျိုးလိုပဲ။ ဆာဂျင်မေဂျာကြီးက တန်းစီ၊ ညာညှိ၊ သတိဆိုတာနဲ့ ဘာမှပြန်မမေးတော့ဘဲ လိုက်လုပ်ကြရတာမျိုး။ ဘာမှ အနှစ်မရှိဘူး။ လက်ခံထားတဲ့ အသိတခု သဘောနဲ့ယှဉ်ကြည့်ရင် လူကြားထဲ အီးပေါက်တာ ရှက်စရာကောင်းတယ်ဆိုတဲ့ သိမှုသဘောပဲ ဘာမှမပိုဘူး။ တကယ်တော့ လူတယောက်၊ လူမျိုးတမျိုး၊ မြို့ပြပြည်ရွာတခုရဲ့ တိုးတက်မှုမှာ ဘာသာရေးဟာ ရှိနေနှင့်တဲ့ တစုံတရာပဲ။ ရှိနေနှင့်တဲ့ တစုံတရာတိုင်းမှာ ဆင်ခြင်တုံတရားနဲ့ တိုင်းထွာဆုံးဖြတ်လို့ မရနိုင်တာတွေအပုံချည်းပဲ။ ဥပမာ “က” အရပ်ဒေသမှာနေတဲ့ ငဖြူဟာ “ခ”ဘာသာရေး အမြင်ကိုပဲ လက်ခံတယ်။ ဆိုတာက ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်အတွင်းက ရွေ့လျားပြောင်းလဲမှု တခုပဲ။ ဆင်ခြင်တုံတရားကို အသုံးချခဲ့ရင် ငဖြူဟာ သူ့မိဘလက်ခံထားတဲ့အတိုင်း လက်ခံချင်မှ  လက်ခံမယ်။  လက်ခံတယ် လက်မခံဘူးဆိုတာ လူရဲ့ သီးခြားသိမှု၊ ဉာဏ်ရည်ဉာဏ်သွေး၊ သိမှတ်ခံစားနိုင်တဲ့ အတိုင်းအတာတွေနဲ့လည်း ဆိုင်တယ်။ ဒီပြင် လူတဦးတယောက်က ဆင်ခြင်တုံတရားကို အခြေခံတဲ့ သူရဲ့သိမှု၊ သိနိုင်မှုဘောင်အတွင်းက လွတ်လပ်စွာရွေးချယ်ခွင့်ရှိနေတာပဲ။ မွေးရာပါ အခွင့်အရေးပဲ။ ဘောလုံးပွဲကို ကြိုက်တဲ့လူရှိပေတဲ့ ဘောလုံးပွဲ မကြိုက်တဲ့လူကို မကြိုက်ရတန်ကောရယ်လို့ အပြစ်တင်နေလို့မရဘူး။ တင်နေစရာလည်း မရှိဘူး။ တင်လည်း အလကားပဲနေမယ်။

ဝတ်ပြုကိုးကွယ်မှု အခြေခံတဲ့ ဘာသာရေးတွေမှာတော့ လူတွေဟာ အားကိုးတယ် သက်ဝင်ယုံကြည်တာရယ်ကို အခြေခံကြတယ်။ အကျင့်မှာ အခြေခံတဲ့ ဘာသာရေး အတွေးအခေါ်မျိုးမှာတော့ “အကျင့်” ဟာ အခရာပဲ။ ဆုတောင်းနေလို့ ရွတ်ဖတ် သရဇ္ဈာယ်နေလို့တော့ လွတ်မြောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် အကျင့်အပိုင်းက လျော့ပါးလာကြလေတော့ အကျင့်မှာ တည်ထားတဲ့ ဘာသာရေးအတွေးအခေါ်တွေဟာ ဝတ်ပြုကိုးကွယ်မှုအသွင်ကိုပဲ ဆောင်လာကြတော့တယ်။ ဒီတော့လည်း ဘာသာရေးအတွေးအခေါ်တွေဟာ  ဝတ်ပြုကိုးကွယ်မှုအသွင်ကိုပဲ ဆောင်လာကြတော့တယ်။ ဒီတော့လည်း ဘာသာရေးအတွေးအခေါ်တွေဟာ  အခြေခံရှု့မြင်ပုံချင်း မတူကြတာမှန်ပေတဲ့ ဒီဘာသာရေးအတွေးအခေါ်တွေကို လက်ခံကျင့်သုံးလာကြတဲ့ လူတွေရဲ့ လက်ထဲမှာ တမျိုးတည်းလို ပြန်ဖြစ်သွားကြတော့တာပဲ။ တမျိုးတည်းလို ဖြစ်လာတော့ ကွဲပြားဖို့ ချဲ့ကြစို့ဆိုတာမျိုးတွေ ဖြစ်လာတယ်။ သာမန်လူတယောက်ရဲ့ နေ့စဉ်ဘဝထဲမှာ မလိုအပ်တဲ့ အာဃာတပွားများဖို့ မလိုအပ်တဲ့ သိမှတ်ချက်တခု ပေါ်သွားတော့တာပဲ။ ကိုယ့်စိတ်ကျေနပ်မှုတွေကို အရင်းတည်ပြီးလုပ်တဲ့ ကိစ္စတခုဟာ ထူးခြားလူရဲ့ စိတ်ကျေနပ်မှုအတွက် လုပ်ဆောင်နေတာကို သွားပြီး ခလုတ်မတိုက်သင့်ဘူး။ “လွတ်မြောက်မှု”ကို အလေးပေးတဲ့ ဘာသာရေးအမြင်ကို ကယ်တင်ခြင်းခံရချင်လို့ ဆုတောင်းတာနဲ့ ရောထွေးပစ်လို့ မရနိုင်ဘူး။

မြန်မာနိုင်ငံဟာ ရှေးယခင်ကတည်းက ဘာသာရေးအရ လွတ်လပ်မှု ရှိခဲ့တဲ့ နိုင်ငံတခု။ အမည်းကွက်တခု စွန်းခဲ့ရတာက လွတ်လပ်ရေးရပြီးတဲ့နောက်ပေါ်လာတဲ့ ပါလီမန်ဒီမိုကရေစီခေတ်ဆိုတာ အထဲမှာ။ ဘာသာရေး အမြင်ကျဉ်းတဲ့၊ ဘာသာရေးအစွန်းရောက်ဝါဒီ ဦးနု အာဏာရလာစဉ်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်ပစ်လိုက်တာပဲ။ တကယ်တော့ အဲဒီအမြင်ဟာ ဘာသာရေး တဖက်စောင်းနင်းကျမှု အမြင်တရပ်မှာ အခြေခံတာပဲ။ နိုင်ငံရေးအရတော့ ဘာသာရေးကို အသုံးချလိုက်တာပဲ။ ဘာသာရေးအရ လူတွေကို ထိန်းချုပ် လိုက်ဖို့ ကြိုးစားတဲ့ အမြင်သက်သက်ပဲ။ဆိုရှယ်လစ်ခေတ်ရောက်ကာမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ပယ်ဖျက်ပစ်လိုက်တယ်။ ဒါဟာ ဥက္ကဋ္ဌကြီး ဦးနေဝင်းရဲ့ အမြော်အမြင်ကြီးမားမှု တရပ်ပါ။

နိုင်ငံရေးအားထုတ်မှုတိုင်းမှာ ဘာသာရေးအရ နှောင့်နှေးရတာ တုံ့ဆိုင်းရတာတွေရှိတယ်။ ဘာသာရေးအရ ထိန်းချုပ်လိုက်တယ်ဆိုတာက လူလူချင်းကို ဘာသာရေးအခြေခံနဲ့ တန်ဖိုးဖြတ်လိုက်တာမျိုးပဲ။ ဦးနုရဲ့ နိုင်ငံတော် ဘာသာစီမံကိန်းဟာ လူလူချင်း ခွဲခြားဖို့ အားထုတ်တဲ့ စနစ်ပဲ။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ တောင်ပေါ်သူတောင်ပေါ်သားတွေ၊ အနောက်ဘက်ကမ်းခြေဒေသက လူတွေကို ဘာသာရေးအခြေခံနဲ့ ကန့်သတ်ပစ်ပြီး တဆင့်နိမ့်လူအမျိုးအစားတရပ်လုပ်ပစ်တာပဲ။ အဲဒီစနစ်မျိုးပဲ၊ ခပ်ဆင်ဆင်ဆိုချင်ဆို၊ နောက်ပိုင်းမှာ ထပ်ပေါ်လာပြန်တယ်။ ဘုန်းကြီးတွေကို နိုင်ငံရေးအရ မြှောက်စားပြီး စည်းရုံးသိမ်းသွင်းတဲ့ “ဆရာတကာ စီမံကိန်း”။ ဘယ်အရပ်ဒေသမှာပဲဖြစ်ဖြစ် ဘယ်ခေတ်ကာလမှာပဲဖြစ်ဖြစ် နိုင်ငံရေးအပိုင်းက ကြည့်ရင် ဘာသာရေးဆိုတာက သုံးနိုင်ရင် သုံးပဲ။ မသုံးနိုင်ရင် အဟောသိကံ use it or loose it လို့ဆိုကြတာကိုး။

ဆရာ့တကာ စီမံကိန်းရဲ့ နောက်ဆက်တွဲ ပေါ်ပေါက်နေတဲ့ အကျိုးက (ကောင်းတယ်ဆိုးတယ်လို့ ကျနော် မဆုံး ဖြတ်ဘူး) “ငါ” “ငါရဲ့–” ဆိုတဲ့ ဘာသာရေးအမြင် ပေါ်လာတာပဲ။ “ငါ” ဘာသာရေးအယူဟာ သူများထက်သာ တယ် ကောင်းတယ်လို့ ဖြစ်လာတာပဲ။ ဆိုရှယ်လစ်ခေတ်မှာ ထေရဝါဒဘက်ကို ပြန်ပြီး ဦးလှည့်လာခဲ့ရာက အဲဒီနောက် စစ်ခေတ်တွေအထဲမှာ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချလာဖို့အတွက် လွှတ်ထားလိုက်တယ်။ ဒီမှာတင် ပေါ်ပင်ကိုယ်တော်ကလေးတွေ အများကြီးပေါ်လာတယ်။ တခြားလူတွေရဲ့ သက်ဝင်ယုံကြည်မှုကို ထိပါးလာတယ်။ အတင်း၊ ”တွန်းပို့” ဘာသာရေးအမြင်တွေ ဖော်ထုတ်လာကြတယ်။ (ကိုလိုနီခေတ်ရဲ့ လက်ကျန်လှုံ့ဆော်မှုအမြင်ဖြစ်တဲ့) ဘာသာရေးနဲ့ မျိုးချစ်စိတ်ကို ရောမွှေပြလာကြတယ်။ ဟိုတုန်းက သံဃာ့ပါတီ ဗမာပြည်က လုပ်သလို ဒေါသအခြေခံ ရမ်းကားမှုနဲ့ နိုင်ငံရေးမှာ စွက်ဖက်လာကြတယ်။  ထေရဝါဒဆီက လမ်းခွဲထွက်လာကြပြန်တယ်။ ဒါတွေဟာ မဖြစ်သင့်ဘူး။ ဒါပေမယ့် နိုင်ငံတော်က သူ့ဘာသာ အလုပ်ရှုပ်နေတော့ လွှတ်ထားတာတွေပါတယ်။ လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေကိုး။

ခုဆို ရဟန်းဝတ်တွေဟာ သာမန်လူတွေရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စာနယ်ဇင်းတွေထဲမှာ ပေါ်တင်ကြီး အတင်း တရားဝင်ဟောနေကြတာတွေဖြစ်လာတယ်။ “ငါ” “ငါရဲ့——-” ဆိုတဲ့ ဘာသာရေးအမြင်ကိုမသိမသာထည့် နေကြတယ် (တကယ်တော့၊ မသိမသာ သွတ်သွင်းခံရတဲ့ အသိတစုံတရာဟာ သိသိသာသာချည်း သွတ်သွင်းလိုက်တဲ့ အသိထက် ဆိုးတယ်)။ စားကြောပွင့်နေတဲ့ ကိုယ်တော်ကလေးတွေကလည်း တပည့်လက်သား အစုံအညီနဲ့ စာပေလောကကို ခုတုံးလုပ်ပြီး နိုင်ငံရေးမှာတောင် ဝင်ပြီးမြှောက်သလိုလို နှောက်သလိုလိုတွေ လုပ်နေတာ မြင်နေရ ကြားနေကြရပြီ။ တကယ်တော့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ဟာ တခြားလွတ်လပ်ခွင့်တွေလိုပဲ။ လူတိုင်းမှာ ရှိနိုင်တဲ့ ရှိနိုင်ခွင့်တခုပဲ။ ငါ့စကားနွားရ ပြောဖို့ မဟုတ်ဘူး။ အခြားသော ရှိနေခြင်းတွေကို အသိအမှတ်ပြုပါမှ ရမယ့် ကိုယ်ရဲ့ လွတ်လပ်မှုပဲ။ မိမိရဲ့သက်ဝင် ယုံကြည်မှုဆိုတာက သူများကို ရန်ပြုစရာ လက်နက်မှမဟုတ်ဘဲ။ လူ့အဖွဲ့အစည်းကို ပါဝင်ပတ်သက်နိုင်တဲ့ အပိုင်းကဝင်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့။ လူတွေ ကောင်းလာဖို့ ဆိုတာကတော့ လူတွေရဲ့ လက်တွေ့ ဘဝမှာ လိုက်လျောညီထွေနေနိုင်ဖို့/နေနိုင်ခြင်းကသာ ထိန်းကျောင်းပေးနိုင်မှာ။ လွတ်လပ်တဲ့ အတွေးအခေါ် ဆိုတာကလည်း ရှိဦးမှ။ မှိုင်းမိနေသေးရင် သန့်စင်တဲ့ အတွေးအခေါ်ရမှာ မဟုတ်ဘူး။

(စာရေးဆရာ မြင့်သန်းသည် ဝတ္ထုတို၊ ဝေဖန်ရေးနှင့် တွေးခေါ်မျှော်မြင်ရေးဆိုင်ရာ ဆောင်းပါးများကို လစဉ်ထုတ် ချင်းတွင်းမဂ္ဂဇင်းတွင် ပုံမှန်ရေးသားနေသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading