(၁)
တက္ကသိုလ် ကောလိပ်နှင့်ကျောင်း များသည် မည်သူ မည်ဝါအား တာဝန်ခံရမှာလဲ။
တက္ကသိုလ် ကောလိပ်နှင့် ကျောင်းဟူသည် မှာ အရင်းစစ်လျှင် “ပါမောက္ခချုပ်/ကျောင်းအုပ် ကြီးနှင့် ဆရာများ” သာဖြစ်သည်။ ဤ ၂ ခုသည် သင်ကြားခြင်း သင်ယူခြင်းကို (Learning & Teaching) ကို တာဝန်ယူသူများ ဖြစ်သောကြောင့် ပင်တည်း။ သို့သော် ပါမောက္ခချုပ်/ ကျောင်းအုပ်ကြီး သည် သင်ကြားခြင်းသင်ယူခြင်းနှင့် တဖြည်းဖြည်း ဝေးကာ စီမံအုပ်ချုပ်သူ (Administration) ဖြစ် သွားသည် ကများ၏။ သူကားဆရာများနှင့် ဝေးသွား တတ်၏။ သို့သော် သူသည် ဆရာများကိုလိုအပ်သည်။ သူ့ဝိညာဉ်ကို သင်ကြားခြင်းလောကနှင့် ကင်းကွာ မသွားစေရန် လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆို သော် သူသည် သုတေသနနှင့် သင်ကြားခြင်းအပေါ် အကျိုးသက်ရောက်နေသောပါဝါကို ပိုင်ဆိုင်ထား သောကြောင့်ဖြစ်သည်။
(၂)
တက္ကသိုလ် ကောလိပ်နှင့် ကျောင်းများက တာဝန်ခံရမည်ဆိုသည်၌ တာဝန်ခံခြင်းကို မည်သို့ ဆောင်ရွက်မည်နည်း။
လမ်းဆုံလမ်းခွ၌ ယာဉ်အသွားအလာကို ညွှန် ကြားသော လမ်းပြပုလိပ်ကဲ့သို့ တာဝန်ခံခြင်းမျိုး တော့ မဟုတ်ဟူ၍ ထင်သည်။ ပုလိပ်ကသွားဟု လက်ပြလျှင် ကားတွေသွားရလျက်”ရပ်” ဟု အချက် ပြလျှင်ကား ကားတွေရပ်ရသည်။ ထိုလမ်းပြပုလိပ် သည် ယာဉ်အသွားအလာအတွက် တာဝန်ရှိသည်။ ကောလိပ်ကျောင်းနှင့် ယာဉ်အသွားအလာ၊ ထိုနှစ်ခု ၌ ကွာခြားချက်ရှိပါသည်။ ကောလိပ်ကျောင်းသည် စက် (Machinery) နှင့် ဆက်စပ်သည် မဟုတ်ဘဲ လူများ (အယူအဆများ၊ Meanings) နှင့် ဆက်စပ် ဆောင်ရွက်သည်။
တက္ကသိုလ် ကောလိပ်က ညွှန်ကြား ဆောင်ရွက်မှုသည် လမ်းထောင့်ကရဲ၏ ဆောင်ရွက် ချက်နှင့် နှိုင်းယှဉ်သော် အလွန်သိမ်မွေ့ပါသည်။ လမ်းထောင့်ကရဲ၌ သူ့အထက်တွင် တပ်ကြပ်၊ ရဲမှူး စသည်ဖြင့် အထက်အရာရှိများရှိသည်။ သူက ထို အရာရှိများ၏ အမိန့်များကို တသဝေမတိမ်းလိုက် နာရုံသာဖြစ်သည်။ ကျောင်းအုပ်ကြီး ပါမောက္ခချုပ် သည် လမ်းပြရဲနှင့် တူရမှာလား။ ဝေဖန်ဆန်းစစ်ခြင်း ကို လူကလေးများအား သင်နေရသောသူများဖြစ်နေ သောကြောင့်တည်း။ သူတို့ကိုယ်တိုင်လည်း ဝေဖန် ဆန်းစစ်ခြင်းကို သင်ယူခဲ့ရသောသူများဖြစ်နေသော ကြောင့်တည်း။ (လမ်းပြရဲအား နှိမ့်ချနေခြင်းမဟုတ်ဘဲ မတူညီသော သဘာဝနှစ်ခုကို တင်ပြခြင်းဟု အောက် မေ့စေလိုပါသည်။)
(၃)
တက္ကသိုလ် ကောလိပ်ကျောင်းများသည် ကျောင်းသားတွေကို တာဝန်ခံရမှာလား။
ပါမောက္ခချုပ်နှင့် ဆရာများသည် ကျောင်းသား တို့၏ ပညာရေးဖြစ်စဉ်အတွက် တာဝန်ခံရမည်။ သူတို့၏ ကျွမ်းကျင်နယ်ဖြစ်သော သင်ကြားရေးနှင့် သုတေသနအတွက် အစီအစဉ်များ ရေးဆွဲခြင်းသင် ကြားခြင်းသည် သူတို့၏ လက်အောက်၌ရှိသည်။ ကျောင်းသားများ၏ အပြုအမှုများ အလုံးစုံအတွက် တော့ ကျောင်း၌တာဝန်မရှိပါ။
(၄)
ကျောင်းသည် ယုံကြည်သက်ဝင်မှု တခုကို တာဝန်ခံရမှာလား။
နယ်ပယ် ၂ ခုမတူပါ။ ဘာသာတရားတခုခုသည် တက္ကသိုလ် ကောလိပ်ကျောင်း၏ အကူအညီကို မတောင်းဆိုသင့်ပါ။ ပညာသင်ကြားခြင်းသည် ယုံကြည်သက်ဝင်မှု တခုခုအတွက် အာမဝန္တာခံဖို့ သစ္စာပန္နက်ဖို့ မဟုတ်၍ ဖြစ်ပါသည်။
(၅)
ကျောင်းသည် ထောက်ပံ့လှူဒါန်းသူတွေကို တာဝန်ခံရမှာလား။
ကျောင်းများကောလိပ်များသည်ပညာသင်ခြင်း အလုပ် လုပ်နိုင်ရန်အတွက် လှူသူတို့ လှူကြခြင်းဖြစ် သည်။ လှူသူသည် ယုံကြည်အပ်သော ကျွမ်းကျင်သူ ၏လက်ထဲသို့ သူ့ငွေကိုထည့်ခြင်းဖြစ်သည်။ ကျွမ်းကျင် သူအား သူခိုင်းရာကိုသာလုပ်ရန် လှူသူကပေးခြင်း ဆိုလျှင်ကား ဝမ်းနည်းဖွယ်ဖြစ်သော အပေးအယူသာ ဖြစ်၏။
(၆)
တက္ကသိုလ်များသည် ဂေါပကတွေ (ကောင်စီ လူကြီးတွေ) ကို တာဝန်ခံရမှာလား။
ဥပဒေအရဆိုလျှင် ဟုတ်ပါသည်။ အနှစ်သာရ အားဖြင့်ဆိုလျှင်ကား မဟုတ်ပါ။
ဥပဒေအရ သူတို့ကခန့်ထား၍ သူတို့က လခ ပေးပါသည်။ သူတို့ကအလုပ်ဖြုတ်နိုင်၍ ပေါ်လစီ များ သင်ပုံသင်နည်းများတွင် သူတို့က လွှမ်းမိုးဆုံး ဖြတ်နိုင်ပါသည်။ သို့သော် ဤသို့သော ဥပဒေ အကြောင်းအရ သည် အပေါ်ယံသာ ဖြစ်ပါသည်။ ဆရာများအလုပ်ဖြုတ်ခံရသော ကောလိပ်သည် ဝမ်း နည်းဖွယ်ကောလိပ်ဖြစ် သည်။ ပညာရပ်ဆိုင်ရာများ၌ ပါမောက္ခချုပ်နှင့် ဆရာများအပေါ် ခြယ်လှယ်ခံနေရ သောကောလိပ်သည် သင်ကြားရေးအင်စတီကျူးရှင်း တခု မဟုတ်တော့ဘဲ “အခြားတခုခု” သာ ဖြစ်လိမ့် မည်။
အနှစ်သာရအားဖြင့် ဂေါပကများ (ကောင်စီ) ကိုကျောင်းက တာဝန်ခံစရာမလိုပါ။ ပညာရေးအား ထည့်ရန် ဖြစ်လျက်၊ ကောင်စီဝင်ကောင်းသည် အမြော်အမြင် စိတ်ကူးကောင်းသူ၊ သူ့အလုပ်ဟာ ဝင့်ဝါဖို့မလိုဟု သဘောရှိသူဖြစ်သည်။
(၇)
ကျောင်းသည် အစိုးရတရပ်ကို တာဝန်ခံ ရမှာလား။
အစိုးရတရပ်သည် ကျောင်းများဖြစ်အောင် လုပ်နိုင်သကဲ့သို့ ကျောင်းများပျက်အောင် လုပ်နိုင် ပါသည်။ အကယ်၍ တက္ကသိုလ် ကောလိပ်များ ကျောင်းများကို ဖြစ်အောင်လုပ်သော် ထိုကျောင်းများ လွတ်လပ်အောင်လည်း လုပ်ပေးရပါလိမ့်မည်။
မည်သည့်လွတ်လပ်သော လူထုမှ အစိုးရက ပညာရှင်များ ဆရာများအပေါ် ချုပ်ချယ်သည်ကို ခွင့်ပြုမည်မဟုတ်ပါ။ အစိုးရသည် ကျောင်းများအား ဥပဒေအရ တည်ရှိခွင့်နှင့် လုပ်ပိုင်ခွင့်ပေးသည်မှာ မှန်ပါသည်။ သို့နှင့်ပင် ကောလိပ်များကျောင်းများ၏ ပညာသင်ကြားရေးအလုပ်အား စီရင်ဆုံးဖြတ်ခွင့်ရှိပါ သလော။ မရှိပါ။
တက္ကသိုလ် ကောလိပ်များသည် မည်သူ့အပေါ် တာဝန်ခံမည်နည်း။ အကယ်စင်စစ် အမှန်တရား ရှာဖွေသူတို့ကို တာဝန်ခံရမည်။ အမှန်တရားကို တာဝန်ခံရမည်ဟူ၍ ပြောကြပါသည်။
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသော သီချင်း တက္ကသိုလ်နန်းထဲက “အဝိဇ္ဇာလောက မြူညစ်ပျောက်မည် ဝိဇ္ဇာလောက မူသစ်ဆောက်တည်” ဖို့ ဖြစ်ပါသည်။
အကျိုးအကြောင်းနှင့် ဆင်ခြင်တတ်အောင် သင်ကြားခြင်းနှင့် ကျွမ်းကျင်မှုများ တပ်ဆင်ပေးခြင်း မှသည် အမှန် (အဓိပ္ပာယ်တခုခု) ရှာဖွေခြင်းပြုလုပ်နေသော အင်စတီကျူးရှင်းများကို တက္ကသိုလ်များ ကောလိပ်များဟုခေါ်ရာ တက္ကသိုလ်ကောင်စီဖြစ်စေ တိုင်းပြည်တည်ဆောက်ရာ၌ အရေးကြီးသော ထိုထို တက္ကသိုလ် ကောလိပ် ကျောင်းများတွင် လွတ်လပ် ခြင်း၊ တရားခြင်း၊ မျှတခြင်း၊ အမြော်အမြင်ရှိခြင်း စသည့် လောကပါလတရားများ ထွန်းကားဖို့သည် အလွန်အရေးကြီးသည်ဟု ဆင်ခြင်ကြဖို့လိုပါသည်။ ကောင်စီ၌ လွတ်လပ်သော ပညာရှင်များ၊ အမြော် အမြင်ရှိ လူကြီးများ၊ ဆရာများ၊ ကျောင်းသား ကိုယ် စားလှယ်များသင့်လျော်သော အချိုးအစားနှင့် ဖွဲ့စည်း ကြ၍ အညီအညွတ် အပြေအပြစ်ဖြစ်ရန် အားထုတ် ကြဖို့လိုပါသည်။ အချိုးအစားမမှန်သော် တဖက် စောင်းနင်းဖြစ်ကာ လိုရာမရောက်နိုင်ပါ။
(ကိုတာသည် ရန်ကုန်အခြေစိုက် စာရေးဆရာဖြစ်ပြီး ပညာရေး၊ တွေးခေါ်မျှော်မြင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးများကို လစဉ်ထုတ်မဂ္ဂဇင်းများတွင် ပုံမှန်ရေးသားနေသည်)