မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းကြောင်း အတိအလင်း ကြေညာ လိုက်ပြီး စစ်အုပ်ချုပ် ရေးနဲ့ အတူ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ပဋိပက္ခ ဖြစ်နေတဲ့ ရှပ်နီနဲ့ ရှပ်ဝါ အင်အားကြီး နိုင်ငံရေးပါတီတွေက နှစ်ဖက်ခေါင်းဆောင်တွေကိုလည်း ထိန်းသိမ်း လိုက်သလို ပြည်တွင်း သတင်းမီဒီယာတွေရဲ့ သတင်းတင်ဆက်မှုတွေကို စစ်တပ်က တားမြစ် ထိန်းချုပ်လိုက်ပါတယ်။ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ချင်းမိုင် စတဲ့ မြို့ကြီးတွေ အပါအဝင် နေရာအနံှ့မှာတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ရှိသလို မြန်မာအရေးလှုပ်ရှားနေသူတွေ၊ အလုပ်သမားအရေးလှုပ်ရှားနေသူတွေနဲ့ သတင်းမီဒီယာအဖွဲ့ အစည်းတွေ ရှိကြပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ စစ်အာဏာသိမ်းမှုအပေါ်မှာ ဘယ်လိုမြင်ကြလဲ၊ ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေ၊ အဖွဲ့အစည်းတွေ အပေါ်မှာရော ဘယ်လိုရိုက်ခတ်မှုတွေရှိလဲ၊ ထိုင်းနဲ့ မြန်မာစစ်အာဏာသိမ်းမှုတွေမှာ ဘယ်လို ကွာခြားမှု တွေ ရှိလဲဆိုတာတွေကို ဧရာဝတီအကြီးတန်း သတင်းထောက်ကျော်ခ က ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ နယ်ပယ်အသီးသီးမှ မြန်မာနိုင်ငံ သားတွေကို ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။
ဒေါက်တာနိုင်အောင်
အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)
ထိုင်းပြည်သူတွေအချို့ကတော့ နိုင်ငံရေး အရှုပ်အထွေး ဖြေရှင်းလို့မရဘဲနဲ့ ထိပ်တိုက် ဖြစ်ပြီးတော့မှ ဖြေရှင်းချင်တဲ့ ဆန္ဒမရှိဘဲနဲ့ ဒီလိုမျိုးစစ်တပ်က ဝင်ပြီးတော့ ထိန်းသိမ်းလိုက်တဲ့ အတွက်ကြောင့်မို့ သူတို့က ဒီအာဏာသိမ်းမှုကို တည်ငြိမ်အောင်လုပ်တဲ့ အခြေအနေတရပ်လို့ မြင်တယ်။ မြန်မာပြည်မှာ အာဏာသိမ်းတာနဲ့ ကွာခြားတာက အခု လောလောဆယ် အာဏာသိမ်းမှုက အကြမ်းဖက်မှုတွေ၊ ကြောက်လန့်စရာ ဖြစ်မှုတွေ မရှိဘူးလေ။ ပြည်သူတွေကလည်း ည ၁၀ နာရီ မာရှယ်လော ရှိထားလို့ သွားလို့လာလို့မရတာမျိုးမဟုတ်ဘဲ ပုံမှန်အတိုင်းပဲ အသွား မပျက်၊ အလာမပျက် သူတို့လုပ်စရာရှိတာကို လုပ်နေကြတဲ့အပြင်ကို ဘန်ကောက်မှာဆိုရင်လည်း ဓာတ်ပုံတွေထဲမှာတွေ့ကြတဲ့အတိုင်းပဲ ပျော်ရွှင်စရာ ကြည်နူးစရာ စိတ်လှုပ်ရှားစရာလို ဖြစ်နေကြတာပေါ့။
မြန်မာပြည်မှာဆိုလို့ ရှိရင်တော့ အာဏာသိမ်းတယ်ဆိုတာက အဓမ္မဆန်တယ်၊ အကြမ်းဖက်မှုတွေရှိတယ်။ အဖမ်းအဆီး တွေလည်း များတယ်။ တရားမဝင် ထောင်ချမှုတွေ၊ ပျောက်ဆုံးမှုတွေရှိတဲ့ အပြင်ကို ပြည်သူတွေအားလုံးက ကြောက်နေရ တယ်လေ။ စစ်သားတွေ စစ်ကားတွေ ဆိုတာက နေရာအနှံ့မှာ မမြင်ချင်အဆုံးပေါ့။
ထိုင်းမှာကြတော့ ဒီလိုမျိုးထူးထူးခြားခြား ကြောက်လန့်အောင် မဟုတ်ဘဲ တပ်တွေချထားတယ်ဆိုပေမယ် သူတို့ဘာသူတို့ အေးအေး ဆေးဆေး နေတာပဲ။ ကျန်တဲ့လူက ဒီလိုပဲ သွားလာနေကြတာပဲပေါ့။ မြန်မာပြည်မှာက ဒီလိုမျိုးလုပ်တယ် ဆိုလို့ရှိရင် ခြိမ်းခြောက်တဲ့ ပုံစံမျိုးပေါ့၊ စစ်ကားကြီးနဲ့လှည့်နေတာတို့၊ ညအချိန်မိုးချုပ် အချိန်မတော် ဘယ်သူ အိမ်လာတံခါး ခေါက်မလဲ ဖြစ်တာတို့၊ ခရီးသွားလာရေး ကန့်သတ်တာတို့ အစစအရာရာက ကြောက်ရွံ့မှုကဖိစီးထားတာလေ အဲဒါမျိုး တွေက တော်တော်ကွာပါတယ်။
ဦးဇင်လင်း
အတိုင်ပင်ခံအယ်ဒီတာ၊ Burma News International (BNI)
ပြီးခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းတွေကြည့်ရတာက စစ်အာဏာမသိမ်း သိမ်းအောင် ဖန်တီးနေသလားလို့ အစောပိုင်းက ကျနော် တို့လည်း အဲသလိုသုံးသပ်မိတာပဲ။ တိုင်းပြည်ထဲမှာဖြစ်နေတဲ့ အခြေအနေအကြောင်း အရပ်ရပ်တွေကို ပြန်ခြုံ ကြည့် တဲ့အခါကြ တော့လေ။ ပါတီအနေနဲ့ ပြောရရင်တော့ လက်ရှိအာဏာရပါတီ ဖုယာ့ထိုင်း ပါတီ (ရှပ်နီ)နဲ့ ဒီမိုကရက် ပါတီ (ရှပ်ဝါ) တို့ရဲ့ ပဋိပက္ခ ပေါ့လေ။ နိုင်ငံရေး အကြောင်းကံတွေကတော့ တော်တော်ကြီးလည်း ရှုပ်ထွေးတာပေါ့။ အခုဟာ က Royal Family (ဘုရင့်မိသားစု) အတွင်းပိုင်းမှာလည်း နိုင်ငံရေး အမြင် သဘောထားကွဲလွဲမှုတွေက ဂယက် ရိုက်နေတဲ့ သဘောမျိုး တွေလည်း ထိုင်းသတင်းတွေ အရသိနေကြားနေကြရတာတွေလည်း ရှိတာပေါ့။
ပါတီတွေကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းဖို့အချိန်ပေးတာနည်းတာကို ကျနော်တို့တွေ့ရတယ်။ အဲတော့ တပ်က ကြိုတင် ပြင်ဆင် ပြီးတော့မှ စနစ်တကျ အာဏာသိမ်းတယ်လို့ ယူဆတယ်။ တိုင်းပြည်တည်ငြိမ်မှုကို ရှေးရှုပြီးတော့ တပ်က မဝင် မဖြစ်လို့ ဝင်ရတယ် ဆိုတဲ့ အကြောင်းပြချက်တော့ရှိတာပေါ့လေ။ သူ့အကြောင်းပြချက်ကတော့လည်း အကြောင်းပြချက် ကောင်း လို့ ပြောလို့ရတာပေါ့။ သို့သော်လည်း အာဏာသိမ်းတယ်ဆိုတာကတော့ ဘယ်လိုပဲအာဏာသိမ်းသိမ်း စစ်တပ်က အာဏာ သိမ်းတယ်ဆိုတာ ကတော့ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စသဖြင့် အကြောင်းကြောင်း အရပ်ရပ်တွေ မှာ အများကြီး ထိခိုက်နစ်နာသွားမှာ အမှန်ပဲလို့ သုံးသပ်တယ်။
စစ်တပ်က အာဏာသိမ်းတာဟာ တနှစ်လောက်နဲ့တော့ပြီးမှာမဟုတ်ဘူး။ အခုပြဿနာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကလည်း အကြောင်းတခုဖြစ်လာတဲ့အခါကြတော့ နဂိုကဆွဲထားတဲ့ ဖွဲ့စည်းပုံပဲ။ သို့သော်လည်း ဒီဖွဲ့စည်းပုံကိုပဲ ထပ်ပြီး ပြင်ရ ဦးမယ့် အနေအထားမျိုးဖြစ်လာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအထိ ဖြစ်သွားမယ်လို့ ကျနော်တို့ထင်တယ်။
အာဏာသိမ်းတဲ့ အချိန်မှာ မီဒီယာတွေကို ပိတ်ပင်တာကတော့ များလွန်းတယ်လို့မြင်တယ်။ သူတို့တကယ်လို့ တိုင်းပြည် ကောင်းရာ ကောင်းကြောင်းကို လုပ်တယ်ဆိုလို့ရှိရင်တော့ ဘာပဲပြောပြော သူတို့လုပ်တာကိုင်တာကို မီဒီယာကို ထင်သာ၊ မြင်သာ လွတ်လပ်ခွင့်ပေးဖို့ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့မြင်တာက စောစာပိုင်းက သူတို့မီဒီယာတွေ ထဲမှာလည်းပဲ TV Station တချို့နဲ့ FM တွေကတော့ ဘက်လိုက် သဘောဆောင်နေပြီးတော့ မီဒီယာသဘောနဲ့ပြောရရင် hate speech တွေအများကြီး သုံးနေကြပြောနေကြတာတော့ ရှိတာပေါ့လေ။
အဲလို ရန်ငြိုးရန်စရှိစေတဲ့ ဌာနမျိုးတွေပိတ်တာကိုတော့ ကျနော်တို့တွေ နားလည်လို့ရတယ်။ ဒါတွေကိုလည်းပဲ သူတို့မလွဲမသွေ သူတို့လုပ်မှာပဲလေ။ သို့သော်လည်းပဲ အဲဒီထက်ပိုပြီးတော့ အရေးကြီးတဲ့ TV Station တော်တော် များများပါ ရပ်ပစ်လိုက် တယ် လေ။ တပ်ကတော့ သူတို့လုပ်နေတာကို သတင်း အမှောင်ချချင်တာပေါ့လေ။ ဒါနဲ့ပတ်သက် ပြီးတော့ မီဒီယာလွတ်လပ်ခွင့်ကို မလိုအပ်ဘဲနဲ့ ပိတ်ပင်တာကတော့ သတင်းမီဒီယာသမားတွေက ရှုတ်ချကြရမှာပါပဲ။
ဒေါ်တင်တင်ညို
အထွေထွေအတွင်းရေးမှူး၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)
ထိုင်းနိုင်ငံအနေနဲ့ ရှေ့ဆက်ပြီးတော့ ပိုမိုအားကောင်းတဲ့ ဒီမိုကရေစီလမ်းကြောင်းတခုကို လျှောက်ရမယ့် အချိန်မှာ နောက်ကြောင်း ပြန်လှည့်သွားတာဟာ စိတ်မကောင်းစရာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ နိုင်ငံမှာတောင်မှ ဒီမိုကရေစီ ဆိုတဲ့ နိုင်ငံတော် ဖြစ်ဖို့အတွက် အခုမှ စတင်ခြေလှမ်း လှမ်းနေတဲ့ အချိန်မှာ ဒီမိုကရေစီနိုင်ငံတခုဖြစ်နေတဲ့ ထိုင်းနိုင်ငံက နောက်ကြောင်း ပြန်လှည့်သလို ဖြစ်သွားတယ်။ ဒါကတော့ ကျမတို့အတွက်ကတော့ အများကြီး သင်ခန်းစာယူရမယ်။ ဒီသင်ခန်းစာက ဘာပေါ်မှာ အခြေပြုသလဲဆိုရင် တကယ်ပဲ ခိုင်မာမှုရှိတဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီတခုကိုသာ ကျမတို့ အခြေခံ မထားဘူး၊ မလုပ်ဆောင်ထားဘူးဆိုရင် အဲဒိ ဒီမိုကရေစီကလည်း အချိန်မရွေး အပြောင်းအလဲတွေ၊ ရိုက်ခတ်မှု တွေနဲ့ ကြုံတွေ့ရနိုင်တယ်ဆိုတာကို ကျမတို့က ထိုင်းနိုင်ငံရဲ့ အခြေအနေတွေကို ကြည့်ပြီးတော့မှ သင်ခန်းစာ ယူစရာတွေ ဖြစ်လာတယ်။
ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းတာကတော့ သွေးထွက်သံယိုတွေ အများကြီးမရှိဘဲနဲ့ အာဏာသိမ်းလိုက်နိုင်တယ်ပေါ့နော်၊ နောက်ပြီးတော့မှ လူထုတွေရဲ့ အာဏာသိမ်းလိုက်တဲ့ စစ်တပ်အပေါ်မှာ ထားတဲ့ သဘောထားကလည်း အများကြီး ကွာပါတယ်။ မြန်မာပြည်မှာကြတော့ စစ်တပ်အပေါ်မှာ လူထုက ရွံရှာမုန်းတီးတဲ့ အနေအထားမျိုးဖြစ်တာလေ။ ထိုင်းနိုင်ငံမှာ ကြတော့ လူထုတွေက စစ်တပ်ကို ချစ်တယ်၊ အားကိုးတယ်၊ ယုံလည်း ယုံကြည်တယ်ပေါ့နော်။ အဆိုးဆုံး အခြေ အနေ တခုကို စစ်တပ်က ဘယ်တော့မှ မလုပ်ဆောင်ဘူးဆိုတဲ့ အနေအထားတခုကို သူတို့က လက်ခံထားတာပေါ့။ ဒါကတော့ ကွာဟချက်လို့မြင်ပါတယ်။
အဲဒီကွာဟချက်ကလည်း မြန်မာနိုင်ငံမှာကတော့ ပြည်သူလူထုတွေ အနေနဲ့ အပြောင်းအလဲတခုကို တောင်းဆိုမယ်ဆိုလို့ ရှိရင် စစ်တပ်က အတင်းအဓမ္မ အင်အားသုံးပြီးတော့ ဖြိုခွဲတာတွေ၊ သတ်ဖြတ်တာတွေ၊ သွေးထွက် သံယိုဖြေရှင်းတာတွေက တောက် လျှောက် လုပ်လာခဲ့တာ။ အဲဒါကြောင့်မလို့ စစ်တပ်ဆိုလို့ရှိရင် လူတွေက အမြဲတမ်းကြောက်နေရတယ်။ ပြီးတော့ မုန်းတီးမှု တွေ နဲ့ပဲ နောက်ဆုံးမှာ ပြီးပြီးသွားရတဲ့ အနေအထားမျိုးတွေပေါ့။ ထိုင်းနိုင်ငံမှာကကြတော့ သွေးထွက်သံယို အများကြီး ပြုလုပ်ခဲ့တဲ့ အနေအထားမျိုးတွေက မရှိသလောက်ဆိုတော့ ဒီတခေါက်မှာလည်း အဲလိုမျိုးတွေ မရှိခဲ့ဘူး ဆိုတော့ ဒီလိုကွာဟ မှုတွေကြောင်လဲ လူထုတွေရဲ့ လက်ခံနိုင်မှုတွေက မတူညီကြတာပဲပေါ့။
ဦးအောင်သူငြိမ်း
ဗဟုဖွံ့ဖြိုးမှုအဖွဲ့(Vahu Development Institute)
ဒေသတွင်းမှာ ဒီမိုကရေစီနိုင်ငံတခုနောက်ဆုတ်သွားတာပေါ့ဗျာ။ အထူးသဖြင့် ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ အဝါ အုပ်စုနဲ့ အနီအုပ်စု ပဋိပက္ခဖြစ်တာ ကြာပြီပေါ့နော်၊ ဒီလိုကြာတာက လိပ်ခဲတည်းလဲနဲ့ မပြေလည်နိုင်တဲ့ အဆုံးမှာ နောက်ဆုံး စစ်တပ်က အခုလိုမျိုး ကြားဝင် အာဏာသိမ်းလိုက်တဲ့ အနေအထားမျိုးရောက်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် စစ်တပ်က အာဏာ သိမ်းတယ်ဆိုလို့ရှိရင် ဒီမိုကရေစီနောက်တလှမ်းဆုတ်တဲ့ အနေအထားမျိုးရောက်သွားတာပေါ့။
ကျနော်တို့တွေ့တာကတော့ အခုဒီတခေါက်အာဏာသိမ်းတာနဲ့ ၂၀၀၆ အာဏာသိမ်းတာ နည်းနည်းတော့ ကွာတာ ရှိတာပေါ့။ ၂၀၀၆ တုန်းကတော့ ဒီလောက်ကြီးတင်းတင်းကျပ်ကျပ် မရှိလှဘူးဗျ။ အခုဒီတခေါက်မှာတော့ ပဋိပက္ခဖြစ်နေတဲ့ နှစ်ဘက် နိုင်ငံရေး ပါတီက ခေါင်းဆောင်တွေကို ထိန်းသိမ်းတာတွေရှိတယ်။ တချို့နယ်စပ်တွေ ပိတ်တယ်။ သူတို့တွေ ခရီးသွားခွင့် ပိတ်တယ်၊ နောက်တခါ မီဒီယာတွေကိုလည်း ပိတ်တယ်ပေါ့ဗျာ။ နည်းနည်း ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်တဲ့ သဘော ရှိပါတယ်။ ဆိုတော့ ထိုင်းမှာရှိတဲ့ မြန်မာအဖွဲ့အစည်းတွေအနေနဲ့လည်း ဒီတင်းကျပ်မှု အောက်မှာ လှုပ်ရှားမှု တွေလျှော့ရမှာပေါ့။ ဒီလိုအနေအထားတွေတော့ ရှိမယ်။
ထိုင်းနဲ့ မြန်မာအာဏာသိမ်းတဲ့အထဲမှာ အဓိကကွာတာကတော့ သူတို့ရဲ့ စီးပွားရေး အနေ အထားနဲ့ ကျနော်တို့ရဲ့ အနေအထား ကွာတာပေါ့နော်။ သူတို့စီးပွားရေးက သိပ်ပြီး အဆင့်မြင့်ပြီးတော့ သိပ်ရှုပ်ထွေးသွားတဲ့ အနေအထားပေါ့။ အဲတော့ စစ်တပ် အာဏာသိမ်းပြီးတော့ အမိန့်နဲ့ တိုက်ရိုက်ချုပ်ကိုင်လို့ ရတဲ့ အနေအထားမရှိတော့ဘူးပေါ့။ အဲတော့ စစ်တပ် ကလည်း ဘာလုပ်လေ့ ရှိသလဲဆိုတော့ အမြဲတမ်း သူတို့လိုချင်တဲ့ အချက်တွေကို ဖွဲ့စည်းပုံထဲထည့်ရေးတယ်။ ပြီးတော့ ပြန်ဆင်းသွားတဲ့ သဘောမျိုးရှိတယ်။ အဲတော့ သူတို့မှာရှိတဲ့ ကျန်တဲ့ စီးပွားရေးအဆောက်အအုံတွေ၊ ပညာရေး တို့ ကျန်တဲ့ ကဏ္ဍတွေကို ဝင်မစွက်ဖက်တာများတယ်ဗျ။ ကျနော်တို့မှာကြတော့ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၆၂ တို့၊ ၈၈ တို့ကို ပြန်ကြည့်ရင် ကျန်တဲ့ နိုင်ငံရဲ့ ကဏ္ဍပေါင်းစုံကို စစ်တပ်က လွှမ်းမိုးခဲ့တဲ့သဘောရှိပါတယ်။
ဦးဇော်မင်း
ထိုင်းအခြေစိုက် စာရေးဆရာ
အခုကိစ္စကတော့ဗျာ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးသမားတွေ မညီညွှတ်လို့၊ နိုင်ငံရေးသမားတွေ ဖြစ်နေတဲ့ ပဋိပက္ခကြီးရှည်ကြာလာလို့ စစ်တပ်က ခုန်ဝင်လာတာပေါ့ဗျာ။ ဟိုတုန်းက ထိုင်းနိုင်ငံရဲ့ အခြေအနေတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့ ဥပမာကို ပြန်ကြည့်ရင်တော့ ထိုင်းစစ်တပ်အာဏာသိမ်းတယ်ဆိုတာကတော့ ဒီမှာ မကြာခဏဖြစ်လေ့ရှိတာကိုး။ ဒါပေမယ့်လို့ သူ့တိုင်းပြည် စီးပွားပျက် ချွတ်ခြုံကျအောင်ထိ စစ်တပ်က အာဏာမသိမ်းဘူးဗျ။ သိမ်းပြီး မကြာခင်မှာပဲ အရပ်သားအစိုးရကို အာဏာပြန်လွှဲတဲ့ ထုံးစံရှိတာပဲလေ။ ယျေဘုံယျအားဖြင့်ကြည့်မယ်ဆိုရင်တော့ သိပ်ဆိုးဆိုးဝါးဝါးတော့ ဖြစ်မယ် မထင်ပါဘူး။
ထိုင်းက စစ်အာဏာသိမ်းခဲ့တာ အကြိမ်ပေါင်း မနည်းတော့ဘူး ဟိုး ၁၉၃၂ ကတည်းက။ ဒါပေမယ့် ထိုင်းက စစ်အာဏာ သိမ်းတဲ့ ဒီဘက်ခေတ်တွေမှာ အာဏာသိမ်းပေမယ့် သူတို့က တိုင်းပြည်ရဲ့ စီးပွားရေးကို အထိအခိုက်မခံဘူး။ အဲဒါကတော့ ထိုင်းစစ်တပ်ရဲ့ အားကောင်းချက်ပဲ။ ကျနော်တို့ မြန်မာပြည်မှာတော့ စစ်တပ်က အာဏာသိမ်းရင် အကုန် စီးပွားရေး လုပ်ငန်းတွေရော၊ စိုက်ပျိုးရေးလုပ်ငန်း၊ လူမှုရေး စသဖြင့် အကုန်လုံးပျက်စီးသွားအောင်ကိုသိမ်းပစ်လိုက်တာဗျ။ အဲဒါ ကျနော်တို့နဲ့ သူတို့နဲ့ မတူဘူးသူတို့ စစ်တပ်က စီးပွားရေးအထိမခံဘူး။
ဦးမြင့်ဝေ
ဒုတိယ ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးထိုင်းလှုပ်ရှားမှုကော်မတီ (TACDB)
အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံရဲ့ လုပ်ငန်းတွေအပေါ်မှာမှ မှီခိုပြီးတော့လုပ်ကိုင်ကြရတဲ့ မြန်မာ အလုပ်သမား တွေ အတွက်သေချာတာကတော့ ထိခိုက်တာပေါ့ဗျာ။ ဘယ်လိုမှ မထိခိုက်ဘူးဆိုတာမရှိပါဘူး။ မနေ့ ညနေခင်းက ကျနော့်အသိ ထိုင်းအမျိုး သမီးတယောက်ကပြောပြတယ်။ ရိုးရိုး လည်ပင်းမှာလွယ်ထားတဲ့ ပိုက်ဆံ အိတ်လေး ကို ထိုင်းစစ်တပ်က ဓားပါလား၊ သေနတ်ပါလားဆိုပြီး အကုန်သွန်ပြီး စစ်ဆေးတယ်။ ပသူနမ်းဈေးလို Lotus ကုန်တိုက် လိုနေရာမျိုးတွေမှာ အဲလောက်ထိ စစ်ဆေးတာတွေရှိတယ်။
ဆိုတော့ ကျနော်တို့မမြင်နိုင်တဲ့၊ မသိတဲ့နေရာတွေမှာရော သူတို့ ဘယ်လောက် Seriously စစ်ဆေး နေတာ သူတို့ စိုးရိမ်စရာ အခြေအနေကောင်းလို့လား။ ဒါမှမဟုတ်လည်း သူတို့သက်သက်လူတွေအပေါ်မှာ တင်းကျပ်အောင် လုပ်တာ လားတော့ မပြောတတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် အဲလိုအခြေအနေတွေရှိတဲ့အတွက် ကျနော်တို့ လူတွေက အလိုလို ဆင်ဆာ လုပ်ရတာပေါ့။
စစ်တပ်က အာဏာသိမ်းထားတာဟာလည်း ကြာရှည်တော့ မဖြစ်နိုင်ဘူး။ စစ်တပ်က သူရဲ့အကြောင်းပြချက်ကတော့ နိုင်ငံရေး ခေါင်းဆောင်တွေညှိနှိုင်းလို့ မရတဲ့အတွက် အာဏာသိမ်းတယ်ပေါ့။ ဒီအာဏာကို အကြာကြီးယူထားဖို့ကြိုးစားရင် နောက်ဆုံး စစ်တပ်ကို လတ်တလော ထောက်ခံနေတဲ့သူတွေရော ဆန့်ကျင်နေတဲ့သူတွေရောက နောက်ပိုင်းပြုံပြီးတော့ သူ့ကို ဝိုင်းဆန့်ကျင် လာလိမ့်မယ်လေ။ အရပ်သားအစိုးရကို ဆန့်ကျင်တာကနေ စစ်တပ်ကို ပြန်ပြီးဆန့်ကျင်တဲ့ အနေ အထားကို ရောက်သွား လိမ့်မယ်။ ဒါကြောင့်မို့လို့ စစ်တပ်က အဲလောက်ထိ ကြာရှည်နေမှာမဟုတ်ဘူး။ သူတို့ အမြန်ဆုံး ဖြေရှင်းဖို့ ကြိုးစားလိမ့်မယ်လို့ ယူဆရတယ်။
မင်းဒင်
ထိုင်းအခြေစိုက် စာရေးဆရာ
ဘယ်နိုင်ငံမှာမဆို စစ်တပ်က အာဏာသိမ်းတာကို ကျနော်သဘောမတွေ့ပါဘူး။ ကမ္ဘာကြီးပေါ်မှာ စစ်တပ်ဗဟိုပြုဝါဒ ကြီးစိုး နေတာဟာ ကောင်းတဲ့ လက္ခဏာလို့ ကျနော်မမြင်ဘူး။ အနီနဲ့အဝါ နိုင်ငံရေးအုပ်စုကြီးနှစ်ခုကြားမှာ ထိုင်းစစ်တပ်ဟာ ဘယ်လောက် သမာသမတ်ကျကျရပ်နိုင်သလဲ၊ သောင်မတင်ရေမကျဖြစ်နေတဲ့ ထိုင်းနိုင်ငံရေးအခြေအနေကို ထိုင်းတပ်မတော်က ဘယ်လိုပြန်လည်တည့်မတ်မလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။
ထိုင်းစစ်တပ်အာဏာသိမ်းမှု ထိုင်းသူဌေးတွေ၊ လုပ်ငန်းရှင်ကြီးတွေတင်မက တနွယ်ငင်တစင်ပါ မြန်မာ ရွေ့ပြောင်း အလုပ် တွေပါ ရိုက်ခတ်မှာသေချာပါတယ်။ နဂိုကမှ မြန်မာအလုပ်သမားတွေဟာ အနေအထိုင်အသွားအလာ ဆင်ခြင် နေကြ ရတာမို့ ဒီလို ထိုင်းစစ်တပ်ချုပ်ကိုင်ထားတဲ့အခြေအနေမှာ ပိုပြီး ကြပ်တည်းကျဉ်းမြောင်းလာနိုင်ပါတယ်။ လစာ ပုံမှန်ရဖို့ ကိစ္စ တွေက အစပေါ့။ မြန်မာနဲ့ထိုင်း အာဏာသိမ်းတာချင်း လုံးဝကွာခြားတယ်။ ထိုင်းစစ်တပ်ဟာ ယာယီသာ ထိန်းသိမ်း လေ့ရှိပါတယ်။ မြန်မာစစ်တပ်ကတော့ ကမ္ဘာတည်သရွေ့ သိမ်းထားချင်တဲ့ အစဉ်အလာရှိပါတယ်။
ကိုအောင်လွင်
ချင်းမိုင်အခြေစိုက် မြန်မာထမင်းဆိုင်ပိုင်ရှင်
စစ်တပ်က အခုလိုအာဏာသိမ်းလိုက်တာ ကျနော့် စိတ်၊ ကျနော့်အမြင်ကတော့ ကောင်းတယ်။ သဘောကျတယ်။ အနီနဲ့ အဝါ နှစ်ဖွဲ့က သူမှားတယ်၊ ကိုမှန်တယ်နဲ့ တချိန်လုံး ရှုပ်နေကြတယ်။ သူတို့လုပ်တာနဲ့ ကုန်ဈေးနှုန်းတွေက တချိန်လုံး တက်နေတယ်။ အလုပ်လုပ်ရတာကလည်း အဆင်မပြေတော့ဘူးလေ။
တပ်ကဝင်လာတော့ မာရှယ်လောထုတ်တယ်။ ကျနော်ဆိုင် ညဘက်မှ ဧည့်သည်များတာ။ အရင် ၁၂ နာရီမှပိတ်တာ အခု ၁၀ နာရီပိတ်ရတယ်။ လာစားတဲ့ ဧည့်သည်တွေက အလုပ်သိမ်းချိန် ည ၈ နာရီကျော်လောက်မှ လာကြတာများတယ်။ မာရှယ်လော ရှိတော့ ဆိုင်ကို လူမလာကြတော့ဘူး။ ကျနော်အတွက်တော့ စီးပွားရေးအရထိခိုက်တာပေါ့။ ဒါလည်း ခဏပဲလို့ကျနော်မြင်တယ်။
ကိုနိုင်လွင်ဦး
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတဦး
ကျနော်တို့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေအတွက် စစ်တပ်က အာဏာသိမ်းတာကတော့ အလုပ်ရုံထဲ ရဲဝင်ဖမ်းတာ၊ လာဝက ဝင်ပြီးဖမ်းတာ၊ ငွေညှစ်တာတွေလောက် စိုးရိမ်စရာမရှိပါဘူး။ စစ်တပ်က အာဏာသိမ်းပြီး ကျနော်တို့ကို ဘာမှ လာလုပ်တာမဟုတ်ဘူး။ လဝကတို့ ရဲတို့က လမ်းမှာပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့ နေရာမှာပဲဖြစ်ဖြစ် အထောက်အထားရှိတာ တောင်မှ ခြိမ်းခြောက်ငွေတောင်းတာတွေရှိတယ်။ ဒါကြောင့် စစ်တပ်အာဏာသိမ်းတာ ကျနော်တို့အတွက် ရဲနဲ့ လဝက ကိုတွေ့တာလောက် ကြောက်စရာမဟုတ်ပါဘူး။
ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး ည ၁၀ နာရီနောက်ပိုင်း မထွက်ရဘူးဆိုတော့ ကျနော်တို့ အလုပ်ကတော့ နေ့ခင်းဘက် ဆိုတော့ သိပ်ပြဿနာမရှိဘူး။ ဒါပေမယ့် သူငယ်ချင်းတွေတချို့က ညဘက်လုပ်တဲ့ အလုပ်သမား တွေရှိတယ်။ ဥပမာ စားသောက်ဆိုင်တွေ၊ ညဈေးတွေမှာ လုပ်တဲ့သူတွေရှိတယ်။ သူတို့အတွက်ကြတော့ အခက်အခဲ တွေရှိတာပေါ့။ နောက်ထပ် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ အခုအချိန်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲထက် ဘာမှ ရေရေရာရာ ပြောမနိုင်သေးဘူး။ သူတို့က ဘယ်အထိဆက်သွားမလဲ ဘာအမိန့်တွေထပ်ထုတ်ဦးမလဲဆိုတာ မပြောနိုင် သေးဘူး။ သူတို့ ပြဿနာတောင် သူတို့ ရှင်းလို့မရသေးဘူးဖြစ်နေတာ။ ကျနော်တို့ အလုပ်သမားတွေဘက်က ဦးတည် မလာနိုင်သေးဘူး။