အာဆီယံနိုင်ငံများနှင့် အာရှဒေသအတွင်း တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများပြီးလျှင် ဒုတိယ အာရုံအစိုက်ခံရဆုံးမှာ ထိုင်းနိုင်ငံရေး လိပ်ခဲတည်းလည်း ဖြစ်နေမှု ဖြစ်သည်။ ၆ လကြာ နိုင်ငံရေး တင်းမာမှုများနှင့် ပဋိပက္ခအတွင်း လူအသေအပျောက်များ ရှိပြီးနောက် စစ်အုပ်ချုပ်ရေး ကြေငြာခဲ့သော်လည်း ၂ ရက်အကြာတွင် စစ်အာဏာသိမ်းမှုအထိ ခရီးဆိုက်ခဲ့သော ထိုင်းနိုင်ငံရေးမှာ လွယ်ကူစွာ ပြေလည်နိုင်မည့် အနေအထား မရှိသေးပေ။
ဖုယာ့ထိုင်းပါတီမှ ဝန်ကြီးချုပ်ဟောင်း မစ္စ ယင့်လတ်နှင့် ရှပ်နီခေါင်းဆောင်များ၊ အတိုက်အခံဖြစ်သော ဒီမိုကရက်တစ်ပါတီမှ မစ္စတာ ဆုထေ့ပ် အပါအဝင် ခေါင်းဆောင်များကို အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ဦးဆောင်သော အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (National Peace and Order Maintaining Council – NPOMC) က ခေါ်ယူညှိနှိုင်းသော်လည်း အဆင်မပြေခဲ့ပေ။ မစ္စ ယင့်လတ်နှင့် မစ္စတာ ဆုထေ့ပ်အပါအဝင် နှစ်ဖက်ခေါင်းဆောင်များကို ယာယီထိန်းသိမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
အာဏာသိမ်းမှု နောက်ဆက်တွဲများအဖြစ် မီဒီယာများကို တင်းကြပ်ခြင်း၊ အစိုးရအဖွဲ့အတွင်း ရာထူးအရွှေ့အပြောင်းများ ပြုလုပ်ခြင်း၊ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်း၊ လွှတ်တော်ကို ဖျက်သိမ်းခြင်းများ ဆက်တိုက် ပေါ်ပေါက်လာသည်။
၂၀၀၆ ခုနှစ်တွင် ပြည်ပသို့ ခရီးထွက်နေသော မစ္စတာ သက်ဆင်ထံမှ ဗိုလ်ချုပ်ကြီး ဆွန်ထိ၏ “ပိုးသားကဲ့သို့ ချောမွေ့သော” အာဏာသိမ်းမှုနှင့် ယှဉ်လျှင် ယခု ဗိုလ်ချုပ်ကြီး ပရာယွတ်၏ အာဏာသိမ်းမှုက တပ်များ နေချထားမှု၊ ညမထွက်ရ အမိန့်များဖြင့် အကိုင်အတွယ်ကြမ်းသည်ဟု Asia Times အရှေ့တောင် အာရှရေးရာ အယ်ဒီတာ ရှောင် ခရစ်စပင်းက ရေးသားသည်။
ဗိုလ်ချုပ်ကြီး ပရာယွတ် ယခု အာဏာသိမ်းသောအခါ ထိုင်းနိုင်ငံရေးတွင် အရေးပါသော လူ ၁၅၀ ကို ဆင့်ခေါ်ခဲ့သော်လည်း ၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး ဆွန်ထိ အာဏာသိမ်းစဉ်က မစ္စတာ သက်ဆင်၏ ထိပ်တန်း မဟာမိတ်နှင့် အကြံပေး ၅ ဦးကိုသာ စစ်ဆေးမေးမြန်းရန် ခေတ္တထိန်းသိမ်းခဲ့သည်။
ကုလသမဂ္ဂနှင့် အမေရိကန်တို့က အာဏာသိမ်းမှုနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသော်လည်း အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံကမူ အာဆီယံနိုင်ငံများ၏ သဘောထားအတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းရေးပင် ဖြစ်ပြီး အာဆီယံနိုင်ငံများကြား အချင်းချင်း တိုင်ပင်ပြီးမှသာ ထိုင်းနိုင်ငံ၏ စစ်တပ်အာဏာ သိမ်းခြင်းကို သဘောထား မှတ်ချက်ပေးမည်ဟု ဆိုသည်။
ရှပ်နီကို ထောက်ခံသူများ၏ နေအိမ်တချို့ စီးနင်းရှာဖွေခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမှုများ ရှိခဲ့သည်။
ဤသို့ရှုပ်ထွေးနေသော အခြေအနေတွင် အကွက်ကောင်းယူကာ ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က အဝေးရောက် အစိုးရ ဖွဲ့စည်းမည်ဟု သူ၏ရှေ့နေ ရောဘတ် အမ်စတာဒမ် မှတဆင့် ကြေညာလိုက်သည်။
အာဏာသိမ်းမှု ဖြစ်ပြီးနောက် အမေရိကန်က ထိုင်းနိုင်ငံသို့ ကူညီမည့် စစ်ရေးအကူအညီ ဒေါ်လာ ၃ ဒသမ ၅ သန်းကို ဆိုင်းငံ့ထားလိုက်ပြီး အရပ်ဖက် အုပ်ချုပ်ရေး ပြန်လွှဲပေးရန် ထိုင်းစစ်တပ်ကို တိုက်တွန်းထားသည်။ ထို့အပြင် အမေရိကန် အစိုးရက ထိုင်းနိုင်ငံသို့ ခရီးသွားရန် အစီအစဉ်များ ပယ်ဖျက်ရန် တိုက်တွန်းထားပြီး အမေရိကန် အရာရှိများအနေဖြင့် အရေးကြီးကိစ္စများ မဟုတ်ပါက ခရီးစဉ်များ ရပ်ဆိုင်းထားရန် ပြောဆိုထားသည်။
ထို့အပြင် ထိုင်းနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ရပ်ဆိုင်းလိုက်ပြီး အိန္ဒိယကလည်း ပူးတွဲ စစ်ရေးလေ့ကျင့်ရန် စေလွှတ်ထားသော ၎င်းတို့၏ တပ်ဖွဲ့ ၅၀ ကို ပြန်လည် ခေါ်ယူလိုက်သည်။
အာဏာသိမ်းပြီးနောက် မီဒီယာများအပေါ် တင်းကြပ် ထိန်းချုပ်ရန် ကြိုးစားသောကြောင့် ဝေဖန် ကန့်ကွက်ခံရမှုများ ရှိနေသည်။ ထိုင်းနိုင်ငံတွင် CNN, BBC, CNBC နှင့် Bloomberg သတင်းဝက်ဘ်ဆိုဒ်များကို ပိတ်ပင်ပြီး အာဏာသိမ်းပြီးခါစက အစောပိုင်းတွင် ရုပ်သံလိုင်း ၁၄ ခုကို ထုတ်လွှင့်ခွင့် ပိတ်ထားခဲ့သည်။
ထိုင်း ဂျာနယ်လစ် အသင်း၊ ထိုင်း စာနယ်ဇင်း ကောင်စီ၊ ထိုင်း ရုပ်သံ ဂျာနယ်လစ်များနှင့် ထိုင်း သတင်းထုတ်လွှင့်ရေး ကောင်စီတို့က မေလ ၂၄ ရက်နေ့တွင် NPOMC သို့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့သည်။ ပေးစာတွင် စစ်အစိုးရအနေဖြင့် မီဒီယာလွတ်လပ်ခွင့်ကို ထိပါးစေသော အမိန့်များကို ပယ်ဖျက်ပေးရန်နှင့် တင်းကျပ်သည့် အမိန့်များအစား အမျိုးသား ရုပ်သံနှင့် တယ်လီ ကွန်မြူနီကေးရှင်း ကော်မရှင်ကို သတင်းပေးပို့မှုများ ကြီးကြပ်ရန် တာဝန်ပေးသင့်ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းမှုကြောင့် စီးပွားရေးကဏ္ဍတွင်လည်း အနည်းငယ် သက်ရောက်မှု ရှိခဲ့သည်။ Dow Jones ၏ သတင်း ဖော်ပြချက်များအရ ထိုင်းတွင် အာဏာသိမ်းပြီးနောက် ထိုင်းရှယ်ယာဈေးကွက်မှာ မေလ၂၃ ရက်နေ့က ၀ ဒသမ ၆ ခန့်သာ ကျဆင်းမှုရှိပြီး ဈေးကွက်ပိတ်ခဲ့သည်ဟု သိရသည်။ ကစီကွန်းဘဏ်၊ ဆိုင်ယမ် ကော်မာရှယ်ဘဏ်တို့၏ ရှယ်ယာဈေးကွက်မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ပြီး ဘန်ကောက်ဘဏ်မှာ ၀ ဒသမ ၆ ရာခိုင်နှုန်းသာ ကျဆင်းသည်ဟု သိရသည်။ ထိုင်းဘတ်ငွေ ဈေးနှုန်းလည်း အနည်းငယ်သာ ပြောင်းလဲမှု ရှိခဲ့သည်။
သို့ရာတွင် ခရီးသွားလုပ်ငန်း လုပ်ငန်းတွင်မှု ထိခိုက်မှုများ ရှိနေသည်။ ထိုင်းနိုင်ငံသို့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်း ၃၀ ဝင်ရောက်လျက်ရှိပြီး တနှစ်လျှင် ဒေါ်လာ ၄၃ သန်း ဝင်ငွေရှိခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းမှ ဒေါ်လာ ၆၅ သန်း ရရှိရန် မျှော်မှန်းထားသော်လည်း လတ်တလော အာဏာသိမ်းမှု အခြေအနေအရ မျှော်လင့်ချက် နည်းနိုင်သည်။ နိုင်ငံခြားသားများ ပြည့်နေခဲ့သော ရှော့ပင်းမောလ်များနှင့် စားသောက်ဆိုင်များမှာ ယခုအခါ လူသူကင်းမဲ့နေသည်ဟု သတင်းများက ဖော်ပြသည်။ အကယ်၍ နိုင်ငံရေး မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ခရီးသွားလုပ်ငန်းကို ထိခိုက်မည်ဆိုပါက ထိုင်းနိုင်ငံသား ၁ သန်းကျော် အလုပ်လက်မဲ့ ဖြစ်နိုင်ဖွယ်ရှိသည်ဟု သိရသည်။
ည ၁၀ နာရီကျော်လျှင် အပြင်မထွက်ရ အမိန့်ကြောင့် ကြယ်ငါးပွင့် ဟိုတယ်ကြီးများတွင် ခရီးသွားများက ဘွတ်ကင်လုပ်ထားမှုများ ပယ်ဖျက်နေကြသည်။ ကြယ်ငါးပွင့် ဟိုတယ်ကြီးများက အခန်းငှားခကို ထက်ဝက်ဈေးအထိ လျှော့ချပေးနေကြကြောင်း သတင်းများက ဖော်ပြသည်။
အစားအသောက် ရှားပါးမှုများ ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဘန်ကောက်ရှိ စူပါမားကက်များ၊ စတိုင်းဆိုင်များမှ စားသောက်ကုန်များကို သိမ်းကျုံးဝယ်ယူနေကြသည်။
ရှုပ်ထွေးနေသော လက်ရှိ အခြေအနေများတွင် ကြားဖြတ် ဝန်ကြီးချုပ်တယောက် ခန့်ထားပေးမည်ဟု ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက မေလ ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကတိပေးသော်လည်း မည့်သည့်အချိန်တွင် ခန့်အပ်မည်ကို မပြောခဲ့ပေ။ ကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမည်လားဟု သတင်းစာရှင်းလင်းပွဲအပြီး မေးမြန်းမှုတွင် စောင့်ကြည့်ပါဟုသာ ဗိုလ်ချုပ်ကြီး ပရာယွတ်က ဖြေကြားခဲ့သည်။
အာဏာသိမ်းမှုကို ထိုင်းဘုရင်မင်းမြတ်က သဘောတူပါသည်ဆိုသော ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက “ကျနော်တို့တွေ ရွေးကောက်ပွဲ မကျင်းပမီ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ လုပ်ရပါမယ်၊ အခြေအနေ တည်ငြိမ်သွားပြီဆိုရင် အာဏာကို ပြည်သူ့ဆီ ပြန်အပ်ဖို့ အသင့်ပါ” ဟု မေလ ၂၃ ရက်နေ့က ပြောခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်တော်ပြန်ခွင့် အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး ညီမဖြစ်သူ မစ္စ ယင့်လတ် အစိုးရက ကြိုးစားရာမှ စတင်ခဲ့သော နိုင်ငံရေး လှုပ်ရှားမှုများသည် စစ်တပ်က အာဏာသိမ်းသည်အထိ ပြင်းထန်သော ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားပြီးနောက် လက်ရှိ အခြေအနေများအရ အခြေအနေ အရပ်ရပ် တည်ငြိမ်ရန် လပေါင်းများစွာ အချိန်ယူရမည့် သဘောရှိနေပေသည်။