ဇွန်လ ၂ ရက်နေ့ဆို ကျောင်းတွေ ဖွင့်ပါတော့မယ်။ ကျမတို့ ငယ်ငယ်တုန်းကတော့ ကျောင်းဆိုရင် အစိုးရကျောင်း တကျောင်း တည်းသာ ရှိတဲ့ခေတ်မို့ ကျောင်းရယ်လို့ များများရွေးချယ်စရာ သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီဘက် ခေတ်မှာတော့ ရွေးချယ်စရာ ကျောင်းတွေက များလာပါပြီ။ အစိုးရကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း၊ နိုင်ငံတကာကျောင်း စသဖြင့် ကျောင်းတွေက အများကြီးပါ။ ကျောင်းတွေများလာသလို ကျောင်းစရိတ်တွေကလည်း များလာတော့တာပါပဲ။
တခန်းမှာ လူခြောက်ဆယ်ကနေ ခုနစ်ဆယ်၊ ရှစ်ဆယ်အထိ ရှိနေတဲ့ အစိုးရကျောင်း များမှာကလည်း ကလေး တယောက်ချင်းစီကို ဆရာမက ဂရုစိုက်ဖို့ မလွယ်တာမို့ ကိုယ့်ကလေး စာတတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဘများက ကျူရှင်အပို ထားကြရပါတယ်။ အတန်းပိုင်ကျူရှင်၊ အပြင်ကျူရှင် စတဲ့ ကျူရှင်တွေ ကြားထဲမှာ ကလေးတယောက်ရဲ့ လုံလောက်တဲ့ အိပ်ချိန်၊ ကစားချိန်၊ ကိုယ်လက် လှုပ်ရှားချိန်၊ ကိုယ်ပိုင်အပန်းဖြေချိန် ဘာဆိုဘာမှ မရှိတော့ပါဘူး။
အစိုးရကျောင်းက ဆရာ ဆရာမတို့ရဲ့ သင်ရိုးစနစ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း ကလေးကို ဘယ်လို ဗဟိုဘယ်လို ပြုတယ်ပဲပြောပြော စာတွေကို အလွတ်ရွတ်ခိုင်း၊ ကျက်ခိုင်းနေတုန်းပါပဲ။ ဒါကြောင့်မို့လို့ ကလေးတို့ဟာ စာတွေကို ပင်ပန်းကြီးစွာနဲ့ အလွတ်ရဖို့ ကျက်ဆိုကြရပါတယ်။ အစိုးရကျောင်းများမှာ ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်းကို ကွန့်မြူးစေအောင်လို့ လေ့ကျင့်ပေးတဲ့ စံနစ် (Creativity)၊ စနစ်တကျ ယုတ္တိရှိရှိ တွေးခေါ်စဉ်းစားစေတတ်တဲ့ အကျင့် (Critical thinking)၊ ကျိုးကြောင်းညီညွတ်စွာ တွေးတတ်ခေါ်တတ်ဖို့ (Logical thinking skills) စတဲ့ အရာတွေကို ကလေးတို့ တွေးတတ်ခေါ်တတ်၊ စဉ်းစားတတ်အောင်လို့ သင်ကြားပေးနိုင်မှု လုံးဝမရှိသေးပါဘူး။
ကျောင်း တော်တော်များများနဲ့ စာသင်ခန်း တော်တော်များများဟာ ဖတ်စာအုပ်ထဲက စာတွေကို စာအုပ်ထဲမှာ ပြန်ကူးထည့် ဖို့နဲ့ စာတွေကို ကလေးတွေ အလွတ်ရွတ်ခိုင်း ကျက်ခိုင်းဖို့ကိုပဲ ပြုလုပ်နေကြပါသေးတယ်။ ကိုးတန်း ဆယ်တန်း ရောက်တဲ့ အချိန်ထိ ကလေးတို့ မြန်မာစာကို ဟထိုးနဲ့ တချောင်းငင် မှားနေသေးတာ၊ အပေါင်းအနုတ်ကိုတောင်မှ သေသေချာချာ မပေါင်းတတ်၊ မနုတ်တတ် သေးတာတွေကို ကြည့်မယ်ဆိုရင်ဖြင့် အစိုးရကျောင်းများရဲ့ သင်ရိုးစံနစ်နဲ့ သင်ကြားမှုပိုင်း၊ ကျောင်းသားနဲ့ ဆရာဦးရေ မလုံလောက်မှုအပိုင်း၊ ဆရာတို့ရဲ့ သင်ကြားမှု အရည်အသွေး လိုအပ်မှုအပိုင်းတွေကို ကျမတို့ မြင်တွေ့ နေကြရပါတယ်။ ဒါဟာ ကျမတို့နိုင်ငံ ပညာရေးစနစ်ရဲ့ အားနည်းမှုအပိုင်းတွေပါ။
မြန်မာပြည်ရဲ့ တတ်နိုင်တဲ့ လက်တဆုပ်စာ လူတန်းစားများကတော့ အစိုးရကျောင်းမှာ မထားဘဲနဲ့ နိုင်ငံတကာ ကျောင်းလို့ခေါ်တဲ့ ပိုက်ဆံ များများပေးရတဲ့ ကျောင်းတွေမှာ ကလေးတွေကို ထားကြပါတယ်။ ဒီကျောင်းတွေမှာကတော့ နိုင်ငံခြားသား (အဖြူ) တွေ ကိုယ်တိုင်သင်လေ ကျောင်းလခတွေ ဈေးကြီးကြလေပါပဲ။ ဒါပေမယ့် ဒီနိုင်ငံကို အကြောင်း အမျိုးမျိုးနဲ့ ရောက်လာကြတဲ့ နိုင်ငံခြားသား အများစုဟာ ကျောင်းဆရာ အစစ်တွေ မဟုတ်ကြပါဘူး။ အင်္ဂလိပ်လို ပြောတတ်ကြပေမယ့် ကျောင်းဆရာ အစစ်မဟုတ်သလို၊ တချို့များဆို ကလေးတို့အတွက် ဆရာဖြစ်ဖို့ မသင့်တော်တဲ့ သူများတောင်မှ ပါကြပါသေးတယ်။ ဗီဇာအတွက် အလုပ်တခုကို အမြန်ရဖို့လိုတာမို့ လွယ်လွယ်ပဲ တွေ့တဲ့ကျောင်းမှာ ကျောင်းဆရာ ဝင်လုပ်ကြပါတယ်။
ကျောင်းတွေကလည်း နိုင်ငံခြားသားများများ ရှိဖို့ လိုတာမို့ မငြင်းကြတာများတယ်။ သူများနိုင်ငံတွေမှာ ကျောင်းဆရာ အလုပ်ဆိုတာ တွေ့ကရာလူ ဝင်လုပ်လို့မရပေမယ့် ကျမတို့နိုင်ငံမှာတော့ဖြင့် သိပ်ကိုမှ လွယ်ကူလွန်းပါတယ်။ ဒီတော့ သားသမီးတို့ ကျောင်းလခအတွက် တလကို ပိုက်ဆံ သိန်းချီပြီးတော့ အကုန်အကျခံရပေမယ့် မိဘတွေကုန်ကျသလောက် ကလေးတို့ခမျာ မရကြရှာတော့ပါဘူး။
နိုင်ငံတကာ ကျောင်းထားတဲ့ မိဘများ အနေနဲ့ကလည်း ကလေးအတန်း ကြီးလာတာနဲ့အမျှ ကျောင်းလခတွေ ဈေး ပိုကြီးလာတဲ့ကိစ္စ၊ နိုင်ငံခြား တက္ကသိုလ်တခုခုကို သွားတက်တဲ့အခါမှာ အင်္ဂလိပ်လို ပြောနိုင်တာက လွဲရင် ကျန်တဲ့ တွေးမှုခေါ်မှု၊ စဉ်းစားမှုအပိုင်း၊ သိပ္ပံ စတာတွေမှာ အခြေခံ ပိုင်ပိုင်နိုင်နိုင် သင်မပေးလိုက်နိုင်တဲ့ ကိစ္စများကြောင့် စိတ်ပျက်ကြရ ပြန်ပါတယ်။
အခု အစိုးရကိုယ်ပိုင် အထက်တန်း ကျောင်းဆိုတာတွေ ပေါ်လာပြန်တော့ နိုင်ငံတကာ ကျောင်းကိုလည်း မကြိုက်၊ အစိုးရ ကျောင်းများကိုလည်း မထားချင်တဲ့ မိဘများက ကိုယ်ပိုင် အထက်တန်း ကျောင်းများဆီကို သားသမီးများကို ပို့ကြ ပြန်ပါတယ်။ ဒီကျောင်းတွေကတော့ အစိုးရကျောင်းတွေထက် စာရင် စာသင်ခန်းတွေထဲမှာ ကျောင်းသားဦးရေ ပိုနည်းပါတယ်။ ဒါပေမယ့် သင်တဲ့စာတွေကို ဂိုက်အချိန်မှာ တခါတည်း အလွတ်ကျက်ခိုင်းတဲ့ စနစ်ကို သုံးသေးတာမို့ အစိုးရ ကျောင်းများရဲ့ ကျက်ဉာဏ်၊ မှတ်ဉာဏ် စနစ်ကို အားကိုးပြီးတော့ စာမေးပွဲဖြေရတဲ့ စနစ်ကြီးကနေ ရုန်းမထွက် နိုင်သေးပါဘူး။ စာတွေကို အလွတ်ရအောင် ကျက်ပြီးတော့ ပြန်ဖြေရတဲ့ သင်နည်းစနစ်ပဲမို့ ပြောရမယ် ဆိုရင်တော့ ကလေးတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး တွေကို ထက်မြက်လာအောင်၊ ကလေးတို့ တီထွင်ဖန်တီးတတ်လာအောင်၊ တွေးတတ်ခေါ်တတ်၊ စဉ်းစားတတ်လာအောင်လို့ စာသင်ခန်းတွေ၊ သင်ရိုးညွှန်းတမ်းတွေက မလုပ်ပေးနိုင်သေးပါဘူး။
ဘယ်ကျောင်းထားမလဲ၊ ဘယ်မှာ ထားမလဲ၊ ကုန်ကျစရိတ် ဘယ်လောက်လဲ၊ တက္ကသိုလ် တက်ရင် နိုင်ငံခြားကို ပို့မှာလား၊ ဒါမှမဟုတ် ဆယ်တန်းမှာ အမှတ် ကောင်းကောင်းရအောင်လို့ ကလေးကို ကျက်ခိုင်းပြီးတော့ ပြည်တွင်းက အသက်မွေး ဝမ်းကျောင်း တက္ကသိုလ်မှာပဲ ထားရမလား စသဖြင့် ငွေကြေး အသင့်အတင့် တတ်နိုင်သူ ဒီခေတ်မိဘများခမျာ သားသမီး ပညာရေးအတွက် တွေးရတောရ၊ စဉ်းစားရပါတယ်။
အစိုးရကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းများ အနေနဲ့ သင်နည်းစနစ်များ ခေတ်မီဖို့ လိုသေးသလို၊ သင်နည်းစနစ် ခေတ်မီပါတယ် ဆိုတဲ့ ပုဂ္ဂလိက ကျောင်းများမှာလည်း သင်ရိုးညွှန်းတမ်း ခိုင်ခိုင်မာမာ မရှိတာ၊ ကျောင်းတွေမှာ နိုင်ငံခြားသား ဖြစ်ရင်ပြီးရော တွေ့ကရာလူကို ဆရာအဖြစ် ဆွဲခန့်ပြီးတော့ သင်ခိုင်းတာတွေလည်း အများကြီးပါ။ ကျောင်းဝင်းကြီးတွေ ကောင်းအောင် အားထုတ်ကြ၊ စာသင်ခန်းတွေ ကောင်းအောင် အားထုတ်ကြပေမယ့် စာတကယ် သင်တတ်တဲ့၊ သင်နိုင်တဲ့ ဆရာတွေကို ငှားဖို့တော့ အားထုတ်မှု နည်းသေးတဲ့ ပုဂ္ဂလိက နိုင်ငံတကာ ကျောင်းများမှာ သားသမီး ပညာရေးအတွက် ပိုက်ဆံတွေအများကြီး ပေးပြီးတော့ ထားနေကြရတဲ့ အဖြစ်ကလည်း ကျမတို့နိုင်ငံရဲ့ ကလေးများအတွက် စိတ်မကောင်းစရာပါပဲ။
ငွေတံတား ခင်းပေမယ့်လည်း ကျမတို့နိုင်ငံမှာ ပညာစနစ် ကောင်းကောင်းကို ကလေးတို့ ရနိုင်ဖို့ မလွယ်ကူကြလှ သေးပါဘူး။ ပညာရေး ဆိုတာဟာ တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ အသက်ပါ။ ပညာရေး သေဆုံးခြင်းဟာ နိုင်ငံတနိုင်ငံ သေဆုံးခြင်းပါပဲ။ အထူးသဖြင့် အခြေခံပညာဟာ ပိုပြီးတော့ အရေးကြီးလှပါတယ်။ ဘွဲ့ရ ပညာမတတ်တွေ များတဲ့ ကျမတို့နိုင်ငံမှာ ကလေးတို့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီးတော့ တကယ်ကို ပညာတတ်စေဖို့ မိဘများအနေနဲ့ ကျောင်းရွေးကြရ ပါတော့မယ်။
ကျောင်းတွေဖွင့်တော့မယ် …။ ကလေးတို့ကို ဘယ်ကျောင်းပို့ကြမလဲ…..။
အခုထိတော့ တနှစ်တခါဆိုသလို မိဘများ အဲဒီလို စဉ်းစားနေကြရဆဲပါ။