ဘယ်လိုတုံ့ပြန်ကြသလဲ

လင်းသန့်

This article has been converted from Zawgyi One to Unicode


နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ UNICEF နဲ့ WHO အပါအဝင် ဥရောပ သမဂ္ဂနဲ့ သံတမန်တွေရဲ့ ရုံးတွေ ရန်ကုန်မှာ အဆမတန်ဈေးကြီးပေးပြီး ငှားရမ်းဖွင့်လှစ်နေတဲ့ အကြောင်းကို ဧရာဝတီက ဆက်တိုက်ရေးသားဖော်ပြခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မြန်မာ့လူအဖွဲ့အစည်း အလွှာအသီးသီးက ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဦးမင်းကိုနိုင်
(၈၈ မျိုးဆက် – ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ငွေကြေး ထည့်ဝင်ထားမှု တွေကို ဘယ်လိုသုံးစွဲတယ်ဆိုတဲ့ ကိစ္စတွေကို ပြော နေကြတာ ကြာပြီ၊ တကယ်လိုအပ်တဲ့ နေရာကို ရောက်သင့်သလောက် မရောက်ဘူး၊ မတန်တဆ ဇိမ်ခံ ကားတွေနဲ့ အင်မတန်ကြေးကြီးတဲ့ အိမ်တွေ၊ ခြံတွေ ဝတ္တု ပစ္စည်း တွေကို သုံးနေတာ တော်တော်များနေတယ်။

အဲဒါ ဘာလို့ ဒီလောက်ငွေများနေရတာလဲ၊ ကျနော်တို့ ဆီမှာ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းတော်တော်များများ အပေါ်မှာ လူတွေက အားကိုး ယုံကြည်မှု သိပ်နည်းသွားကြပြီ၊ ကိုယ်တွေနဲ့ မဆိုင်သလိုကို ခံစားကြရတာများတယ်။

ဒုတိယအပိုင်းကတော့ ကျနော်တို့ တိုင်းပြည်မှာ ဒီလောက် ပိုင်ဆိုင်မှုတွေဟာ တော်တော် ယုတ္တိကင်းမဲ့တယ်၊ အဲဒီလောက် ဝင်ငွေတွေ တော်တော်မြင့်နေတဲ့ ကိစ္စ ပြန်စမ်းစစ်ဖို့လည်း သင့်တယ်။

ဘယ်လို အတိုင်းအတာမျိုးနဲ့ ဒီလောက် ကြီးမားတာတွေ ပိုင်ဆိုင်ခဲ့ကြသလဲ ဆိုတဲ့ ပြည်သူတွေ မသိသေးတဲ့ အချက်တွေ ဘယ်လောက်တောင် များနေသေးလဲပေါ့ဗျာ။

ကျနော်တို့ လူထုလည်း တော်တော်ကို အံ့သြတုန် လှုပ်သွားတယ်၊ မဆန်းကျယ်ဘူး ဆိုပေမယ့် ကိန်းဂဏန်း ပမာဏ တွေက အင်မတန် များတယ်လို့ ယူဆပါတယ်။

ဒေါ်ခွန်ဂျာ
(ကချင် ငြိမ်းချမ်းရေး ကွန်ရက်)

UNICEF ကိုတော့ ကျွန်မကိုယ်တိုင် အိမ်ရှာကူဖူးတယ်၊ သူတို့နဲ့ကိုက်တာ မရှိလို့၊ ကျွန်မအမြင်က အိမ်၊ ခြံ၊ မြေတွေ အားလုံး လူတစု လက်ထဲမှာဘဲ ရှိနေသလိုဘဲ၊ မြေကွက်အားလုံး စစ်တပ်ထွက်ဟောင်းတွေ လက်ထဲမှာပဲ။

အထူးသဖြင့် UNICEF လို ရန်ကုန်ဝန်ထမ်း ၁၃၀ ကျော်၊ နိုင်ငံခြားသား ၂၀ ကျော်အတွက် ဆန့်တဲ့အိမ်ရဖို့ အင်မတန် ခက်တယ်၊ အဖွဲ့အစည်းနာမည်နဲ့ အိမ်ဝယ်ခွင့်လည်း မရှိဘူး၊ အစ က Traders မှာ ရုံးလုပ်ထားတော့ ကျွန်မအိမ်လောက် ရှိတဲ့ အခန်းမှာ ဝန်ထမ်းတွေ ဖင်ချင်းပေါက် ထိုင်ရတာ။

မဖြစ်သင့်ပေမယ့် လုံလောက်တဲ့ အဆောက်အဦ မရှိသရွေ့ ဒီလိုဘဲ ဖြစ်အုံးမှာပဲ၊ အဆောက်အဦ လုံလောက်ရင်တောင် စစ်ဗိုလ်နဲ့ ဘိန်းဘုရင်တွေ လက်ထဲက လွှတ်တာ မရှိဘူး၊ ကျွန်မ အမြင်တော့ အဆောက်အဦးအကြီး ပိုင်ရှင် တွေ အားလုံး သူတို့ချည်းဘဲ။

UNICEF က ဟာ ဆိုရင် နာမည်ပျက် စာရင်း(blacklist) မှာ မပါတာကို ရွေးလို့ အကြာကြီးပဲ၊ Traders မှာ ၇ လ လောက် မနည်း ကပ်ရပ်ပြီး နေရပြန်ရော၊ သူတို့လည်း တတ်နိုင်သလောက် ရှောင်တယ်။ ရွေးချယ်ခွင့် သိပ်မရှိဘူး။

အဓိကတော့ မြန်မာနိုင်ငံရဲ့ Corruption ( အဂတိလိုက်စားမှု ) နဲ့ ဒီလိုဖြစ်အောင် ပံ့ပိုးထားတဲ့ System (စနစ် ) ကိုဘဲ အပြစ် ဆိုချင်တယ်။

အခု မန္တလေးနဲ့ ပြင်ဦးလွင်မှာ မြေကွက်ကောင်းတွေ အားလုံး သူတို့ လက်ထဲမှာပဲ၊ အဲဒီကနေ တရုတ်လက်ထဲ အ ကုန် ရောက်တော့မယ်၊ ဒီလိုဖြစ်အောင်ကို ဖန်တီးထားတာ။

မူလ မြေပိုင်ရှင်တွေဆီကတော့ အလကား သိမ်းယူသွား တယ်၊ ပြီးတော့ သူတို့ ခွဲယူတယ်၊ ပြန်ရောင်းစားတယ်၊ မြစ်ကြီးနား ဆိုရင် လေယာဉ်ကွင်း ကနေ မိုးကောင်းသွားတဲ့ လမ်းမှာ အားလုံး သိမ်းသွားပြီးတော့ စစ်ဗိုလ်တွေ သူတို့နဲ့ နီးစပ်သူတွေကို ပြန်ခွဲပေးတာပဲ။

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ က NGO လိုပဲ အစိုးရဆီက ခွင့်ပြုမိန့် ယူနေရတယ်။ တခြားတိုင်းပြည်မှာက UN က အစိုးရ နဲ့ ပူးပေါင်း လုပ်ရတယ်။

ဥပမာ – WHO ဆိုရင် အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်တွဲလုပ်ကြတာ၊ အာဏာတောင် ပိုကြီးသေး၊ ဒီမှာတော့ အားလုံး ကြက်မတွေလိုဘဲ အစိုးရအောက်မှာ ဝပ်ပြီး လုပ်နေရတယ်၊ အချိန်မရွေး မောင်း ထုတ်နိုင်တယ်၊ အစိုးရ မကြိုက်တဲ့ သူကို Resident Representative တောင် ခန့်ခွင့် မရှိဘူး။

INGO တွေဆိုရင် လည်း နားလည်မှု စာခွန်လွှာ( MoU ) နဲ့ ချုပ်ထားတယ်၊ မကြိုက်ရင် extension  (သက်တမ်း ) မတိုးပေးဘူး၊ လုပ်တဲ့ နယ်မြေနဲ့ လုပ်ငန်းအမျိုးအစားကို အစိုးရက ကန့်သတ် ပေးထားတာ။

ဆက်စပ်သတင်းများ

သတင်း
ဗိုလ်ချုပ်ဟောင်း တဦးအိမ် ရုံးခန်းငှားမိတဲ့ ကုလသမဂ္ဂ အဖွဲ့ မေးခွန်းထုတ်ခံရ

သတင်း
UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

ဆောင်းပါး
UNICEF ရဲ့ အယ်ဒီတာ့ထံ ပေးစာ

ဆောင်းပါး
ယူနီဆက်ဖ် ရန်ကုန်ရုံး ငှားရမ်းခ သတင်း နောက်ကွယ်

သတင်း
UNICEF လိုပဲ WHO လည်း ရန်ကုန်ရုံးငှားခ တလ ဒေါ်လာ ၈ သောင်းခန့် ပေးရ

Loading