အင်အားကြီးလာတဲ့ တရုတ်က ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး အာမ မခံနိုင်

ညီစောလွင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တောင်တရုတ်ပင်လယ်မှာ ပိုင်နက်အငြင်းပွားမှုကို အကြောင်းပြုလို့ တရုတ်နဲ့ ဗီယက်နမ် ကွန်မြူနစ် နှစ်နိုင်ငံ ထိပ်တိုက်တွေ့ နေ တာ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားပဲရှိပါသေးတယ်။

အာဆီယံအဖွဲ့ထဲမှာ ဗီယက်နမ် အပြင် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားတို့ကလည်း တရုတ်နဲ့ ပိုင်နက်အငြင်းပွားနေ ကြပါတယ်။ ဒီကြားထဲ အာဆီယံဥက္ကဋ္ဌ မြန်မာနဲ့ တရုတ်ကြားမှာလည်း မြစ်ဆုံ စီမံကိန်းလို ယာယီငုပ်နေတဲ့ ပြဿနာတွေ ရှိနေပါတယ်။

ဗီယက်နမ်နဲ့ ဖြစ်သွားတဲ့ ပြဿနာကလည်း ငုပ်နေတဲ့ ပြဿနာ ပြန်ပေါ်လာတာပါ။ မေလဆန်းမှာ ဗီယက်နမ်က အရှေ့ဗီယက်နမ် ပင်လယ်လို့ ခေါ်တဲ့ ရေပြင်မှာ တရုတ်က စစ်သင်္ဘောတွေ အခြံအရံနဲ့ ရေနံရှာဖွေရေး လုပ်ဖို့ စီစဉ်ရာက စ,ပါတယ်။ တရုတ် အစိုးရ ပိုင် ရေနံကုမ္ပဏီ (CNOOC) ရဲ့ ရေနံစင်က နှစ်နိုင်ငံ ကမ်းခြေကနေ အကွာအဝေး အားဖြင့် မတိမ်းမယိမ်းမှာ ရှိပါတယ်။ ဒါပေမယ့် ဗီယက်နမ် ကမ်းခြေနဲ့ မိုင် ၁၅၀ အကွာအဝေးမှာ ရှိတော့ ပိုပြီး နီးပါတယ်။

တရုတ်ရဲ့ လုပ်ရပ်က ဗီယက်နမ်တွေ အတွက်တော့ တခါက မမေ့နိုင်စရာ စစ်ပွဲကို ပြန်ပြီးအမှတ် ရစရာပါ။ လွန်ခဲ့တဲ့ နှစ်လေးဆယ် တိတိက အခု ရေနံတူးစင် ချထားတဲ့ နေရာနား တဝိုက်ရှိ ပါရာဆဲလ်ကျွန်းစုကို အကြောင်းပြုလို့ တရုတ်-ဗီယက်နမ်တို့ စစ်ဖြစ်ခဲ့ကြ တယ်။ အဲဒီစစ်ပွဲမှာ တရုတ်က အနိုင်ရပြီး ကျွန်းစုနဲ့ အနီးအနား ရေပြင်ကို ထိန်းချုပ်ထား ခဲ့တယ်။ ဗီယက်နမ်နိုင်ငံ အားနည်းနေတဲ့ အချိန်မှာ တရုတ်က အနိုင်ယူခဲ့တဲ့ စစ်ပွဲကို ဗီယက်နမ်တွေ အခုထိ မမေ့ကြသေးပါဘူး။

စစ်ပွဲပြီးလို့ နောက်တနှစ် အကြာမှာ ဗီယက်နမ် ပြန်လည်ပေါင်းစည်း သွားခဲ့ပြီးနောက်မှာ ဗီယက်နမ် ခေါင်းဆောင် တွေက ပါရာဆဲလ်ကျွန်းစုတွေကို ဗီယက်နက်အပိုင်လို့ ပြောလာ ကြပြီး ပြဿနာပြေလည် မသွားခဲ့ပါဘူး။

စစ်ပွဲ နှစ်လေးဆယ်ပြည့်တဲ့ ဇန်နဝါရီမှာလည်း ဗီယက်နမ်တွေက တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို တိုင်တည်ရင်းနဲ့ စစ်ပွဲ အတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ဗီယက်နမ် စစ်သား ၇၀ ကျော် အတွက် ဝမ်းနည်းပန်းစည်းတွေ ချခဲ့ကြပါသေးတယ်။ အမျိုးသားရေး စိတ်ဓာတ်တွေ၊ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပြန်လည်နိုးထနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ တရုတ်ရဲ့ ရေနံတူး စင် ဗီယက်နမ်ရဲ့ အထူးစီးပွားရေးဇုန် အတွင်းမှာ ရောက်လာတဲ့အခါ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပျံ့နှံ့သွားခဲ့တယ်။

ခရိုင်ပေါင်း ၆၃ ခု ရှိတဲ့ အထဲက ၂၂ ခုမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ နှစ်ပတ်နီးပါး အကြာမှာတော့ ဗီယက်နမ် အလယ်ပိုင်း ခရိုင်ဖြစ်တဲ့ ဟာတင်ခရိုင်ထဲက ထိုင်ဝမ်ပိုင် သံမဏိစက်ရုံ တရုံမှာ ထိုင်ဝမ် အလုပ်သမားတွေနဲ့ တရုတ် အလုပ်သမားတွေ ရန်ပွဲ ဖြစ်ကြ ပြီး စက်ရုံ ၁၅ ရုံလောက် မီးရှို့ ခံရတယ်။ သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရသူ ၁၀ဝ ဝန်းကျင်ရှိတယ်လို့ တရုတ်နဲ့ ဗီယက်နမ် အစိုးရက အစောပိုင်းမှာ ဆိုပေမယ့် နောက်ပိုင်းမှာ ဖော်မိုဆာ ကုမ္ပဏီက သေဆုံးသူ ၄ ယောက်ရှိတယ် လို့ ပြောပါတယ်။ ဒဏ်ရာရသူထဲက ၂၃ ယောက် စိုးရိမ်ရတယ် လို့ ဆိုပါတယ်။ သေဆုံးသူတွေ အားလုံး တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒဏ်ရာပြင်းထန်သူတွေကို တရုတ် အစိုးရက လေယာဉ်နဲ့ ပြန်သယ်ပြီး အနည်းဆုံး ၇၀ဝ၀ ကို သင်္ဘောနဲ့ ပြန်ခေါ်ပါတယ်။

ရေနံတူးစင်ကို အကြောင်းပြုလို့ အနည်းနဲ့ အများ ပြဿနာပေါ်မယ် ဆိုတာကို တရုတ်အစိုးရက ကြိုတင် တွက်ဆထားနိုင်ပုံ ရပါတယ်။ ဒါပေမယ့် ဒီလောက်အထိ ကြီးထွားသွားမယ် လို့ တွက်ဆထားပုံ မရပါဘူး။ ကွန်မြူနစ် နှစ်နိုင်ငံ ကြားမှာ စစ်ခင်းခဲ့တဲ့ သမိုင်းကြောင်း ရှိပေမယ့် ဒီနှစ်ပိုင်းအတွင်း စီးပွားရေးအရ အတော်လေး ချည်နှောင်ထားပါတယ်။

“ကုန်သွယ်ရေး ရှိရင် အပြုအမူတွေနဲ့ စိတ်ထားတွေ ပျော့ပျောင်းသွားတာပါပဲ” လို့ ပြင်သစ်အတွေး အခေါ်ပညာရှင် မွန်တက်စကျူက ဆိုဖူးပါတယ်။ တရုတ်နဲ့ ဗီယက်နမ်တို့ကြားက ကုန်သွယ်ရေး တန်ဖိုး က ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ဘီလီယံ ၅၀ ကျော်ရှိတယ် လို့ တရုတ်နိုင်ငံပိုင် မီဒီယာကဆိုပါတယ်။

ဗီယက်နမ်ဟာ တရုတ်ရင်းနှီး မြှုပ်နှံမှု အပေါ် အကြီးအကျယ် မှီခိုနေရပါတယ်။ တရုတ်ဟာ ဗီယက်နမ်မှာ ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်ပါ တယ်။ ၂၀၁၃ ခုနှစ်မှာ ၂ ဒသမ ၂၈ ဘီလီယံရှိပါ တယ်။ အခုတော့ ဗီယက်နမ်တွေက တရုတ်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ စည်းရုံးနေပြီး တရုတ်ကလည်း ဗီယက်နမ်ကို ဒဏ်ခတ်မယ် လို့ ခြိမ်းခြောက်ထားပါတယ်။

ပြဿနာဖြစ်နေတဲ့ တခြားနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတွေ ကြားထဲမှာလည်း စီးပွားရေးအရချည်နှောင်မှုက ကြီးမားပါတယ်။ တဖက်မှာ ကုန်သွယ်ရေး ချည်နှောင်မှုက တိုးနေသလို တခြားတဖက်မှာ မကျေနပ်ချက်တွေကလည်း တိုးနေတာပါပဲ။

အာဆီယံ အဖွဲ့ဝင် ဖိလစ်ပိုင် ပင်လယ်ထဲက အထူးစီးပွားရေးဇုန်ထဲဆိုလည်း တရုတ်ရဲ့ တဖက်သတ် နယ်နိမိတ်မြေပုံ ထဲမှာ ကျရောက်ပါတယ်။ အငြင်းပွားနေတဲ့ ရေပြင်ကို ဖိလစ်ပိုင်မှာတော့ အနောက် ဖိလစ်ပိုင် ပင်လယ်လို့ ခေါ်ပါတယ်။ မတ်လ ၉ ရက်နေ့မှာ စပရက်တလေ ကျွန်းစုနားမှာ ဖိလစ်ပိုင်ရေတပ် ရိက္ခာထောက်ပို့ သင်္ဘောကို တရုတ် စစ်သင်္ဘောတွေက တားဆီးခဲ့ပါတယ်။  ဒီမတိုင်ခင် နိုဝင်ဘာမှာ တောင်တရုတ် ပင်လယ်မှာ လွှမ်းခြုံတဲ့ လေကြောင်းကာကွယ်ရေး ဇုန်ဆိုတာကို တရုတ်က ကြေညာခဲ့ပါ သေးတယ်။

တောင်တရုတ်ပင်လယ် အရေးမှာ မလေးရှားနဲ့ ဘရူနိုင်းတို့ဆီက အသံကျယ်ကျယ် မထွက်ပေမယ့် စိုးရိမ်နေကြ တာပါပဲ။ တရုတ် ငါးဖမ်းသင်္ဘောတွေ မလေးရှား အထူးစီးပွားရေးဇုန်တွင်းကို ပုံမှန်လို ဝင်သွားလို့ မလေးရှားက စိုးရိမ်နေပါတယ်။ တရုတ်ကမ်း ခြေစောင့်တပ်ဖွဲ့က မလေးရှား အစိုးရပိုင် ရေနံကုမ္ပဏီ Petronas ရဲ့ ကမ်းလွန် ရေနံတူးဖော်ရေး လုပ်ငန်းကို ခဏခဏ ခြိမ်းခြောက် တတ်လို့ အခုဆိုရင် မလေးရှားကလည်း တောင်တရုတ် ပင်လယ်မှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ တခြားနိုင်ငံတွေနဲ့ ပိုစည်းလုံးလာတယ် လို့ လေ့လာသူတွေက ဆိုကြပါတယ်။

လေ့လာသုံးသပ်သူတွေ စိတ်ဝင်စားတဲ့ နောက်တချက်က အမေရိကန်ရဲ့ အာရှဗဟိုပြု ပေါ်လစီနဲ့ ဆိုင်ပါတယ်။ အရင်လက အိုဘားမား လည်ပတ်ခဲ့တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင် တို့ဟာ တရုတ်နဲ့ တနည်းမဟုတ် တနည်းနဲ့ ရန်စောင်နေ တဲ့ နိုင်ငံတွေဖြစ်နေပါတယ်။ ဂျပန်နဲ့ ဖိလစ်ပိုင်မှာ အိုဘားမားက မဟာမိတ်တွေရဲ့ လုံခြုံရေး အတွက် အာမခံပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်က ဒေသတွင်းက အမေရိကန်ရဲ့ မိတ်ဆွေဖြစ်တဲ့ ဗီယက်နမ်ကို သွေးထိုး စမ်းကြည့်လိုက်တာလား လို့ သုံးသပ်ကြပါ တယ်။ ဒေသတွင်းက မဟာမိတ် တွေကို အမေရိကန်က ဘယ်လောက်အထိ အာမခံနိုင်သလဲ ဆိုတာကို  သွေးထိုးစမ်းကြည့်တဲ့ သဘောလို့ ယူဆကြပါတယ်။ ရေနံတူးစင် ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါ တယ်၊ ရန်စတဲ့ အပြုအမူလို့ ပြောခဲ့ပါတယ်။

စီးပွားရေးနဲ့ လုံခြုံရေးရှုထောင့်က ကြည့်ရင်လည်း တောင်တရုတ်ပင်လယ်ဟာ တရုတ်ရဲ့ စွမ်းအင် လိုအပ်ချက် အတွက် ရတနာ သိုက် ကြီး ဖြစ်နေတယ်။ တရုတ်ဟာ စီးပွားရေးအရ အင်အားကြီးထွားလာတာ နဲ့ အမျှ ပင်လယ်ရေလမ်းကြောင်းကို မှီခိုလာရ တယ်။ စွမ်းအင်နဲ့ ကုန်ကြမ်းတွေကို တင်ပို့ဖို့ အတွက် မှီခို နေရတယ်။ တောင်တရုတ်ပင်လယ်ပြင် စိုးမိုးရေးဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေးရဲ့ အသက်သွေးကြော ဖြစ်လာတယ်။

ဒါပေမယ့် ပြဿနာက တရုတ်နဲ့ ဒေသတွင်းက တခြားနိုင်ငံတွေ ကြားမှာ တဖက်က အကျိုးစီးပွား ကာကွယ်ရေးလို့ မြင်တာကို တခြားတဖက်က နယ်မြေကျူးကျော်တယ် လို့ မြင်နေတာပါ။ မကြာခင်ကပဲ တရုတ် စစ်ဦးစီးအရာရှိချုပ် Fang Fenghui က ပင်တဂွန် ကို သွားပြီး အမေရိကန်ရဲ့ အာရှဗဟိုပြု မူဝါဒအပေါ် စိုးရိမ်တာကို ပွင့်ပွင့်လင်းလင်းပဲပြောခဲ့ ပါတယ်။

“အမေရိကန်ကတော့ အာရှပစိဖိတ် ဒေသကို မြားဦးလှည့် ချိန်ခွင်လျှာ ထိန်းညှိတဲ့ ပေါ်လစီက တရုတ်ကို ထိန်းညှိဖို့ မဟုတ်ဘူး လို့ ပြောခဲ့တာပဲ၊ ဒါပေမ့ယ် ဒေသတွင်း တချို့နိုင်ငံတွေက ဒါကို အသုံးချပြီး တရုတ်ကို ရန်စဖို့ သဘောထား ရှိနေကြတယ်၊ အမြတ် ထုတ်ဖို့ စဉ်းစားနေကြတယ်၊ ဒီလို ရန်စတာမျိုးကို တရုတ်က သည်းခံမှာ မဟုတ်ဘူး၊ တရုတ်က ဘယ်တော့မှ ရန်မစဘူး၊ ဒါပေမယ့် ရန်စတာကို တုံ့ပြန်ဖို့လည်း ကြောက်မှာမဟုတ်ဘူး၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်ချက်ရှိပြီးသားပဲ၊ ကျနော်တို့ ပြောတဲ့အတိုင်း လုပ်မယ်၊ ဘိုးဘွားမြေကို တလက်မတောင် အဆုံးရှုံးမခံနိုင် ဘူး” လို့ ပြောခဲ့ပါတယ်။

တရုတ်အင်အား ကြီးထွားလာတာနဲ့အတူ အာရှ ဒေသဟာ ပထဝီနိုင်ငံရေး အရ အလွန်အန္တရာယ်များတဲ့ ဒေသကြီး ဖြစ်လာတယ်။ တောင်တရုတ်ပင်လယ်မှာ အာဆီယံနိုင်ငံ တချို့နဲ့ ပြဿနာအပြင် အရှေ့ တရုတ်ပင်လယ်မှာ ဂျပန်၊ တောင်ကိုရီးယားတို့လို အင်အားကြီး နိုင်ငံတွေနဲ့လည်း နယ်မြေ လုနေတုန်းပါပဲ။ သမိုင်းကြောင်းအရ ရန်စရှိတဲ့ နိုင်ငံတွေဖြစ်နေ လို့ ဂုဏ်သိက္ခာ၊ အမျိုးသားရေးဝါဒ၊ စီးပွားရေး အကျိုးစီးပွားတွေ ထွေးရောယှက်တင် ဖြစ်နေတယ်။

တောင်တရုတ်ပင်လယ် အရေးမှာ အာဆီယံက ညီညွတ်သွားတာမျိုး ကိုတောင် တရုတ် အတွက် အနှောင့်အယှက် ဖြစ်နေတယ်။ ဥပမာ တရုတ်က ရေနံတူးစင်ပို့ ထားတဲ့ အချိန်က မြန်မာပြည်မှာ ပထမဆုံး အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေပါတယ်။ အစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ တောင်တရုတ်ပင်လယ်မှာ ပိုင်နက် အငြင်းပွားမှုကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ တိုက်တွန်းထားတာကိုတောင် တရုတ်က ကန့်ကွက်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် အရေးဟာ တရုတ်နဲ့ အာဆီယံကြားက ပြဿနာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနက တုံ့ပြန်ခဲ့ ပါတယ်။ ရှန်ဟိုင်းမှာ ကျင်းပနေတဲ့ စတုတ္ထအကြိမ်မြောက် စီအိုင်စီအေ လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က “အာရှ ဒေသတွင်းက နိုင်ငံတွေအနေနဲ့ စစ်ရေးအရ မဟာမိတ်ပြုပြီး တတိယ တနိုင်ငံကို အန်တုတာမျိုးက ဒေသလုံခြုံရေး အတွက် အကျိုး မရှိနိုင်ဘူး” လို့ သတိပေး ပြန်ပါတယ်။

တခါက ဗြိတိသျှဝန်ကြီးချုပ် လော့ဒ်ပါမာစတွန်က နိုင်ငံတွေမှာ ထာဝရမိတ်ဆွေမရှိ၊ ထာဝရအကျိုး စီးပွားပဲရှိတယ် လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတွေရဲ့ ထာဝရအကျိုးစီးပွား ဆိုတာကလည်း အင်အားအပေါ် မူတည်ပြီး ပြောင်းနေတာ ပါပဲ။ ပါဝါ အသစ် တွေ ရလာရင် မျှော်မှန်းချက် အသစ်တွေ ပေါ်လာတာပါပဲ။ မျှော်လင့်ချက် မိုးကုပ်စက်ဝိုင်းက ဆုံးသွားတယ် ရယ်လို့ မရှိပါဘူး။ တရုတ်ကလည်း ခြွင်းချက် မဟုတ်ပါဘူး။ အင်အား ကြီးထွားလာတာနဲ့ အမျှ အကျိုးစီးပွားတွေ၊ ရည်မှန်းချက်တွေ ပြောင်းလဲ နေတယ်။

“လစ်ဘရယ် အစိုးရတွေရဲ့ ကမ္ဘာမှာ စစ်မက် ကင်းလိမ့်မယ်” လို့ ဆိုတဲ့ ဂျာမန်တွေးခေါ် ပညာရှင် အမ်မန်နျူရယ်ကန့် (Immanuel Kant) ရဲ့ သဘောတရား အတိုင်းဆိုရင်လည်း ကွန်မြူနစ် တရုတ်နဲ့ အမည်စုံ အစိုးရတွေ ပေါင်းထားတဲ့ အာဆီယံ နိုင်ငံတွေကြားမှာ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ပါဘူး။ အခြေအနေတွေ ပိုဆိုးမသွားဖို့ ဆုတောင်းကြဖို့ပဲ ရှိပါတယ်။     ။

(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading