ဒေါက်တာသိန်းဆွေသည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD) မှ အငြိမ်းစား ညွှန်ကြားရေးမှုးဖြစ်ပြီး ကမ္ဘာ့ဘဏ်တွင် တွဲဖက်အမှုဆောင် ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဖူးသည်။ ထိုင်း Payap တက္ကသိုလ်၏ International MBA Program နှင့် South East Asia Institute of Global Studies တို့တွင် Head/Senior Lecturer အဖြစ်လည်း လုပ်ခဲ့သည်။ လက်ရှိ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ ပညာရှင်၊ မြန်မာနိုင်ငံဆိုင်ရာ Technical Assistance Coordinator အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ မြန်မာပြည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးရန် ဧရာဝတီ စီးပွားရေး သတင်းထောက် သစ်နေမိုးနှင့် တွေ့ဆုံမေးမြန်းမှုတွင် တိုက်တွန်းပြောကြားခဲ့သည်။
ဧရာဝတီ ။ ။ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေက နည်းတယ်လို့ ထင်ပါတယ်။
ဒေါက်တာသိန်းဆွေ။ ။ မှန်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ အဓိကကျတဲ့ အများပြည်သူတွေအတွက် အကျိုးပြုမယ့် အသေးစား အလတ်စား လုပ်ငန်း အပိုင်းတွေ လုပ်မယ်လို့ ပြောသော်လည်း တဖက်က စိုက်ပျိုးရေး မပါပဲနဲ့ ဘယ်လိုမှ လုပ်လို့ မရဘူး။ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော် အများဆုံး ရှိတဲ့ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အဓိက ဦးစားပေးပြီး မဟာဗျူဟာ မူများ တိတိကျကျ ရေးဆွဲ အကောင်အထည်ဖော် လုပ်ဆောင်ပြီး စီးပွားရေး ဦးမော့ မြှင့်တင်ရပါမယ်။ ဒါကို မမြှင့်တင်နိုင်တဲ့ ကာလပတ်လုံး စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်မှာ မဟုတ်ပါဘူး။ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဦးစားပေးဆောင်ရွက်မှသာ အောင်မြင်မှာ ဖြစ်ပါတယ်။
လယ်ယာကဏ္ဍမှာ အခု ဖြစ်နေတာက Push Factor တွန်းအားပေါ့၊ ကျေးလက်ဒေသမှာ နေတဲ့ တောင်သူတွေက အလုပ်အကိုင်မရှိလို့ မြို့ကို တက်လာကျတာ၊ အသက်မွေးဝမ်းကျောင်း ဝမ်းစာ အတွက် အလုပ်တွေမရှိလို့ မြို့ပေါ်တက်ကုန်ပြီ။ အရင် စစ်အစိုးရခေတ်က မြို့ပေါ်မှာလည်း အလုပ်က မရှိဆိုတော့ နိုင်ငံခြားပါ ထွက်သွားကြတာ။ ယိုးဒယားမှာ အနည်းဆုံးလုပ်ခက တနေ့ ဘတ် ၃၀၀ ဆိုတော့ မြန်မာငွေ ၁ သောင်းနီးပါးပေါ့။
ဟိုတလောက ဒုသမ္မတကြီးပြောတာ ကျပ်၂၀၀၀ တနေ့ဝင်ငွေရရင် နေလို့ရတယ်ဆိုတာ ကုန်ဈေးနှုန်း မြင့်တက်မှုကို မကာမိပါဘူး။ ဒီကျပ် ၂၀၀၀ ဆိုတာ ကမ္ဘာ့ဘဏ်က ဆင်းရဲနွမ်းပါးမှု စံနှုန်း ဖြစ်ပြီး တဦးကျ နေ့စဉ်ဝင်ငွေ မရရှိမှုကို သတ်မှတ်တဲ့ဟာပါ။ ဒါကို လုံလောက်တယ်လို့ ပြောလို့မရပါဘူး။ ဟိုမှာ ၁ သောင်း လောက်ရတော့ ဟိုကိုပဲ ကူးကြတာပေါ့။ အဓိကက လယ်ယာကဏ္ဍက အများဆုံး ထွက်သွားကြတယ်။ ခု ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုရင် လယ်ယာကဏ္ဍ ဘာလုပ်ပေးမလဲလို့ သေချာပြန်ကြည့်တော့ တိတိကျကျ မကိုင်တွယ်သေးတာပဲ မြင်တယ်။
ဧရာဝတီ ။ ။ ဆန်ဆိုရင် အရင်လို တင်ပို့မှု ထိပ်တန်းနိုင်ငံအဖြစ် မရပ်တည်နိုင်တော့ဘူး။ သယံဇာတ တူးဖော်မှုအပိုင်းမှာတော့ နာမည်ရလာတယ်ပေါ့။ ဒီလို ဖြစ်လာတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဒေါက်တာသိန်းဆွေ။ ။ ကမ္ဘာ့ဘဏ် စာရင်း ဇယားအရ လယ်ယာကဏ္ဍ ထုတ်လုပ်မှု ပမာဏက percentage of GDP ကျဆင်းခဲ့ပါတယ်။ ၁၉၉၀ မှာ ၅၇.၃ ရာခိုင်နှုန်းကနေ ၂၀၁၀ ခုနှစ်မှာ ၃၀.၄ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ စက်မှုကဏ္ဍ အရင်တုန်းက ၇.၉ ရာခိုင်နှုန်းကနေ ၂၀.၃ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုက ၇.၂ ကနေ ၁၉.၅ ရာခိုင်နှုန်း။ စက်မှုကဏ္ဍ များသွားပြီး လယ်ယာကဏ္ဍ ကျသွားတာ တကယ့်တကယ် ကောင်းသလိုလိုပေါ့။ မှန်ပါတယ်၊ လယ်ယာကဏ္ဍ ကျသွားမယ်၊ တဖြည်းဖြည်းနဲ့ စက်မှုလယ်ယာ ဖြစ်သွားတဲ့အခါ လယ်သမားတွေ မြို့ပေါ်ရောက်လာပြီး စက်ရုံတွေမှာ လုပ်ကိုင်မယ်။ ဒါ သီဝရီပေါ့။
မြန်မာပြည်ကျတော့ မဟုတ်ဘူး။ သယံဇာတ တူးဖော်ရေးပိုင်း ရေနံနဲ့ သဘာဝဓါတ်ငွေ့က များလာတာ။ လယ်ယာကဏ္ဍ ထုတ်ကုန်က တန်ဖိုးနည်းပြီးတော့ ရှိရင်းစွဲ သယံဇာတတွေ ထုတ်ရောင်းခြင်းအားဖြင့် စက်မှုကဏ္ဍ ကြီးထွားလာတာဆိုတော့ ရေရှည်ကြတော့ မခံနိုင်တော့ဘူး။ သယံဇာတတွေက ပြန်လည် ဖြည့်စွက်နိုင်တဲ့ သဘာဝရင်းမြစ် စွမ်းအင်တွေ မဟုတ်ဘူး။ တနေ့ ကုန်ဆုံးသွားမယ်။ နောင်ဘာမှ ကျန်မှာ မဟုတ်တော့ဘူး။
နိုင်ငံတော်တော်များများမှာ လယ်ယာ၊ စက်မှု၊ ဝန်ဆောင်မှုပေါ့။ ဒီလို အဆင့််ဆင့် ပြောင်းတဲ့ အခါမှာ လယ်ယာကဏ္ဍက အခြေခံ ထုတ်လုပ်မှု အရည်အသွေးနဲ့ ထုတ်လုပ်မှု ပမာဏက ယခင်ထက်မနည်းဘဲ ပိုများမှသာလျှင် နောက်ထပ် စက်မှု ကဏ္ဍကိုသွားတာ၊ အခု ဒီမှာ ဖြစ်နေတာက လယ်ယာကဏ္ဍ ထုတ်ကုန်က ကျတောင်ကျဆင်းသွားတာ၊ အရင်ကဆို ဆန်က ဗမာပြည်က ထိပ်ဆုံးက။ အခုဆို ဆန်ပို့ကုန်က မမှီတော့ဘူး။
အခု ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ အခြား ငွေကြေး အကူအညီ အဖွဲ့အစည်းတွေ လာတာ လယ်ယာကဏ္ဍကို ဘာမှ ထိထိရောက်ရောက် မပေးဘူး။ သူတို့အတွက် လွယ်ကူတဲ့ ကဏ္ဍကိုပဲ လုပ်ဆောင်နေကြတယ်။ အကူအညီတွေကို ကြည့်မယ်ဆို စွမ်းအင်၊ လျှပ်စစ်မီးပေါ့။ ဒါ အရေးမကြီးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လယ်သမားတွေအတွက် မြေပိုင်ဆိုင်မှုတို့၊ သီးနှံအရည်အသွေးကောင်းကောင်း ထုတ်ဖို့ ဖြန့် ဖြူးဖို့၊ သီးနှံရောင်းချမှု ဈေးကွက် လွတ်လပ်ကြီးထွားလာဖို့ ဒါတွေက အဓိက ကျပါတယ်။ လျှပ်စစ်မီး အရေးကြီးသလို လယ်ယာ ထွက်ကုန် ပိုထွက်ဖို့က အရေးကြီးပါတယ်။ ဒါကို အစိုးရက ဦးစားပေးလုပ်ငန်းတွေနဲ့ ဖန်တီးပေးရမယ်။ မြို့ပေါ်တက်ပြီး အလုပ်ရှာစရာ မလို၊ နိုင်ငံခြား သွားစရာလည်း မလိုအောင် ဖန်တီးနိုင်မှ ဖြစ်မယ်။
နိုင်ငံခြားမှာ တွေ့တဲ့သူတွေကို မေးတော့ သူတို့ပြန်မလားဆိုရင် ဟိုမှာရနေတဲ့ နှုန်းထားနဲ့ ရရင် ပြန်ချင်ကြတယ်။ မြန်မာပြည် လယ်ယာကဏ္ဍမှာ အလုပ်အကိုင် မရှိဘူးလို့လည်း ပြောကြတယ်။ ဟိုက ဝင်ငွေရတဲ့ဟာက အနည်းအများ တဝက်လောက် မိသားစု ပြန်ပို့လို့ရတယ်။ ဒီမှာက ရန်ကုန်တက်လာပြီး လာလုပ်တဲ့ လယ်လုပ်သားတွေက အိမ်ကိုပြန်ပို့ဖို့ မပြောနဲ့ သူ့အတွက် သူတောင် အနိုင်နိုင်ရပ်တည်နေကြရတာ။ ဒါတွေက မူဝါဒ ဆုံးဖြတ်ရမယ့် အစိုးရပိုင်းက အထူးကိစ္စအနေနဲ့ စဉ်းစားဖို့ လိုနေပြီ။
အခုဟာ Three “C” policy ဖြစ်နေတယ်။ Corps၊ Courts၊ Cronies ပေါ့။ လယ်ပိုင်ဆိုင်မှု လယ်သမားတွေ ဆန္ဒပြ၊ ရဲ Corps က ဖမ်း။ နောက်ရုံးတော် Courts ကို ရောက်ပေါ့။ ရုံးတော် သွားတော့လည်း ပိုက်ဆံရှိတဲ့ လူတစု Cronies ကပဲ တရားဥပဒေကို လိုချင်တဲ့ ပုံစံ ဆွဲယူလိုက်တယ်။ လယ်သမားတွေ ဘာမှ မရလိုက်ဘူး။ နောက်တပိုင်းကလည်း တပ်မတော် လိုအပ်တယ်ဆိုပြီးတော့ ယူထားတဲ့ မြေက တကယ်လိုအပ်ရင်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ခရိုနီတွေဆီကို ရောင်းလိုက်တာ၊ နိုင်ငံခြားက အရင်းရှင်တွေ လာရင် ဈေးကြီးကြီးနဲ့ သုံးမယ်ဆိုတာမျိုးကတော့ မကောင်းဘူး။ နောက်ဆုံး လယ်ယာကဏ္ဍက ပစ္စည်းမထွက်တဲ့ အပြင် လယ်သမားတွေ သွေးစုတ်ခံနေရတဲ့ အနေအထား ဖြစ်နေတယ်။ မကူညီတဲ့ အပြင် ပိုပြီးတော့ အခြေအနေ ဆိုးသွားအောင် ဖန်တီးပေးတဲ့ အနေအထား ဖြစ်သွားတယ်။ ဒါကို ဘယ်လို ပြုပြင်ပြောင်းလဲမလဲ စဉ်းစားတဲ့အခါ လယ်ယာမြေပိုင်ဆိုင်မှု ဥပဒေများ တိကျပြီး တရားမျှဖို့ အရေးကြီးပါတယ်။ မြေယာခန့်ခွဲစီမံမှုတွေကို မပြင်ဆင် မဆောင်ရွက်နိုင်ရင်၊ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး မဆောင်ရွက်နိုင်ရင်တော့ ရင်လေးစရာ ဖြစ်နေတဲ့ အနေအထား ရှိတယ်။
ဧရာဝတီ ။ ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရွေ့ကို ဘယ်လိုနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမျိုး ပုံစံနဲ့ သွားသင့်တယ်လို့ မြင်ပါသလဲ။ ဒေသတွင်းနိုင်ငံတွေထဲမှာ ဗီယက်နမ်ဆို အခု အများကြီးသာနေပါပြီ။ လာအို၊ ကမ္ဘောဒီးယားတို့နဲ့ ပြိုင်နေရတဲ့ အခြေအနေပေါ့။
ဒေါက်တာသိန်းဆွေ။ ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဆင်းရဲရာက တိုးတက်ဖို့ အရင်းနှီးတော့လိုတာပေါ့။ ပြည်တွင်းအရင်းအနှီး ရှိရင်ရှိ မရှိရင် နိုင်ငံခြားအရင်းအနှီးကို အားကိုးရမှာပါပဲ။ စလုပ်တဲ့အခါမှာ လယ်ယာကဏ္ဍကို အခြေခံ နောက်ပိုင်းမှ စက်မှုအခြေခံတဲ့ လယ်ယာကဏ္ဍပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း ထုတ်လုပ်မှု အရည်အသွေး မြင့်မားလာရင် ပိုလျှံတဲ့ လူဦးရေ မြို့ပေါ်တက်ပေါ့။ တခုစိုးရိမ်ရတာ အခုနိုင်ငံတော်တော်များများ ဖြစ်လာနေတဲ့ ပြဿနာ။ ဥပမာ ထိုင်းနှင့် ဗီယက်နမ်လို နိုင်ငံတွေ ဘယ်မှာ သွားတစ်နေလဲဆိုတော့ အလယ်အလတ်နိုင်ငံကနေ စက်မှုတိုးတက်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ အဆင့်ရောက်ဖို့ဆိုတဲ့ အပိုင်းမှာပါ။ အလယ်အလတ်တန်းနိုင်ငံတွေရဲ့ထောင်ချောက် (Middle Income Trap)ပေါ့။
အခု ထိုင်း ဖြစ်နေတာက လုပ်ခလစာတော့ တိုးပြီး ထွက်တဲ့ပစ္စည်းက ကမ္ဘာ့ဈေးကွက်ကို မပြိုင်နိုင်ဘူးပေါ့။ လစာဝင်ငွေတိုးသလို ထုတ်လုပ်သူ လုပ်သားတွေရဲ့အရည်အသွေးကလည်း တိုးလာရမယ်။ စကာၤပူကတော့ အဆင်ပြေနေပြီ။ အီလက်ထရွန်းနစ် ထုတ်လုပ်ရေးကို သွားတယ်။ ဗီယက်နမ်တို့ ထိုင်းတို့ကျ ဒါမျိုး မမှီသေးဘူး။ ဆန်တို့ ရာဘာတို့ပဲ ထုတ်နေတာပေါ့။ ဒါနဲ့ မလုံလောက်ဘူး၊ စက်မှု ကဏ္ဍကို ဆက်သွားရမှာပေါ့။ မလေးဆို အခု နည်းနည်း ဖြစ်လာပြီ။ ရေခဲသတ္တာတွေ တီဗွီတွေ ထုတ်လာပြီ။ ဒီလို မပြောင်းလဲနိုင်ရင် ကျန်ရစ်ခဲ့မယ်။ ဒီမှာ အောင်မြင်သွားတာ စကာၤပူနဲ့ ကိုရီးယားပေါ။ ဒါတွေကလည်း မြန်မာပြည်အတွက် စဉ်းစားရမယ့်အချက်ပေါ့လေ။
စိုက်ပျိုးရေးကဏ္ဍကနေ နောက်တဆင့် ပြောင်းမယ်ဆိုရင် ကမ္ဘောဒီးယားလည်း ဒီပြဿနာရှိတယ်။ လာအိုလည်း ရှိတယ်။ ဗီယက်နမ်မှာ ကျော်လွှားဖို့ ကြိုးစားနေတယ်။ ယိုးဒယားလည်း မရသေးဘူး။ ဒီတော့ အလုပ်သမား အရည်အသွေးကို မမြှင့်တင်နိုင်တဲ့ ကာလပတ်လုံး ကမ္ဘာ့ဈေးကွက်ကို မပြိုင်ဆိုင်နိုင်ဘူး။
မြန်မာက ဆိုးတာ မြေအောက်သယံဇာတ ထုတ်လုပ်မှု အပိုင်းကိုပဲ အားကိုးနေတာပဲ။ သယံဇာတက တနေ့ ကုန်သွားမယ်။ ဒါကို ဒတ်ချ် ရောဂါလို့ ခေါ်တယ်။ နယ်သာလန် အရင်က ဂတ်စ်ထွက်တယ်။ အခု အရမ်းသုံးဖြုန်းလိုက်တော့ မရှိတော့ဘူး။
ဧရာဝတီ ။ ။ နိုင်ငံတကာ အကူအညီတွေကို ဘယ်လိုနေရာတွေမှာ အကျိုးရှိစွာ လုပ်ဆောင်သင့်သလဲ။
ဒေါက်တာသိန်းဆွေ။ ။ ဒီမှာ ဦးသိန်းစိန် အစိုးရတက်လာတော့ ချေးငွေ ပြန်ဆပ်မှ ကမ္ဘာ့ဘဏ်ရော အာရှဖွံ့ဖြိုးရေး ဘဏ်ရောက ချေးမယ်ပြောတယ်။ အကြွေးရှိလို့ မချေးဘူးပေါ့။ ဒီအဖွဲ့အစည်းနှစ်ခုက နိုင်ငံရေး အဖွဲ့အစည်းမဟုတ်ဘူး။ သူတို့ရဲ့ ပဋိညာဉ်မှာ ဘာပါသလဲ ဆိုရင် ငွေချေးတဲ့ နိုင်ငံက အရင်းနဲ့ အတိုးပုံမှန် ပြန်ဆပ်နေရင် ချေးကို ချေးရမယ်ပေါ့။ တချို့က ပြောတယ်၊ ဒီအဖွဲ့အစည်းတွေက ချေးငွေ ပြန်မဆပ်တာ အမေရိကန်စီးပွားရေး ပိတ်ဆို့ထားလို့ ဆိုတယ်။ ဒါ မှန်သင့်သလောက် မှန်ပါတယ်။ တကယ်က အကြွေးပြန်မဆပ်လို့ မချေးတာ။
နောက်တပိုင်းသိရမှာက နိုင်ငံတွေက အတိုးပဲ ပေးပြီး ထပ်ချေးတဲ့အခါလည်း ပိုချေးမှ အရင်းဆပ်ကြတာ များတယ်။ မြန်မာက ၁၉၈၈ နောက်ပိုင်း ချေးငွေမရတော့ဘူး။ ဘဏ္ဍာရေးဝန်ကြီးများက ကမ္ဘာ့ဘဏ်တို့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ နှစ်စဉ်အစည်းအဝေးသွားရင် အတိုးပုံမှန်ပြန်ဆပ်ပါရဲ့နဲ့ ဘာဖြစ်လို့ ငွေမချေးတာလဲ မေးတယ်။ မချေးရင် နောက်ပြန်ဆပ်ဖို့ မဆပ်ဖို့ စဉ်းစားရမယ်ပေါ့။ ဒီလိုပြောရင် တနှစ်လည်း မချေး၊ ၂ နှစ်လည်း မချေးနဲ့ နောက်ပိုင်း မဆပ်တော့ဘူး။ မဆပ်တာက ဒါ့ကြောင့်လည်း ပါတယ်၊ ဘဏ္ဍာရေးအခြေအနေကြောင့်လည်း ပါမယ်ပေါ့။ အစိုးရရဲ့ ထုတ်ဖော်ပြောတာတော့ ငွေမချေးလို့ မဆပ်တာပေါ့။
ဒီလိုနဲ့ အကြွေးတွေက တက်လာရော။ ဦးသိန်းစိန် အစိုးရတက်လာတော့ အိုဘားမားက မြန်မာပြည်ကို ဝင်ချင်တယ်။ ပြောရရင် ငွေကြေးအဖွဲ့အစည်းတွေက အနောက်နိုင်ငံတွေရဲ့ ဩဇာခံတွေပေါ့။ အခုလို အမေရိကန်က ပြန်ဝင်ချင်တဲ့ အပိုင်းမှာ ဂျပန်ပါလာတယ်။ အကြွေးတွေကို မြန်မာပြည်ကိုယ်စား ဂျပန်က ဆပ်လိုက်တယ်ပေါ့။ အဲ့ဒီမှာ ကြိုတင် အကုန်လုံး ညှိပြီးသားပဲ။ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ညီမျှတဲ့ ငွေပမာဏကို ချေးလိုက်တယ်။ နံနက်ပိုင်းမှာ ပြန်ဆပ်တယ်။ နောက် ၁ နာရီအချိန်အတွင်းမှာ မြန်မာပြည်ကို ပြန်ချေးလိုက်တယ်။ နောက် ၁ နာရီကျတော့ ဂျပန်ကို ပြန်ပေးလိုက်တယ်။ တနေ့ အတိုးပေးလိုက်ရတာ။ လုပ်ချင်တော့ လုပ်လို့ရတယ်ဆိုတာကို ပြောတာပါ။
ကမ္ဘာ့ဘဏ်လည်း ထိုနည်းတူစွာပဲ။ အနောက်နဲ့က ၁၂ နာရီကွာတော့ အတော်ပဲ။ ဂျပန်က ချေးယူပြီးတော့ ကမ္ဘာ့ဘဏ်ကို တနေ့ အတွင်း ဆပ်လို့ရတယ်။ ကမ္ဘာ့ဘဏ်ကလည်း တူညီတဲ့ ချေးငွေကို ပြန်ပေးတယ်။ ရတဲ့အချိန်မှာ ဂျပန်ကို ပြန်ဆပ်တယ်။ အားလုံး တရက်တည်းပဲ။ အကုန်ပြီးသွားတယ်။ လောလောဆယ် ချေးငွေကတော့ ဒီအတိုင်းပဲ။ ဒါပေမယ့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Bilateral ထက်စာရင် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း ချေးငွေတွေက ပိုကောင်းပါတယ်။ အတိုးနှုန်းလည်း နည်းတယ်။ ချေးငွေမှာလည်း သူ့နိုင်ငံကပစ္စည်း ပြန်ဝယ်ရမယ်ဆိုတာမျိုး စာချုပ်မှာ မပါဘူး။ လွတ်လွတ်လပ်လပ် ဝယ်နိုင်တယ်။
ချေးငွေမှာ သာမန် ရိုးရိုး အတိုးသက်သာတဲ့ ချေးငွေရှိတယ်။ နောက်တခု လက်ရှိ ကမ္ဘာ့ပေါက်ဈေးနဲ့ ချေးရတဲ့ ချေးငွေ။ အများအားဖြင့် ဒါမျိုးချေးငွေကို အစိုးရက ဘယ်တော့မှ မချေးဘူး။ ကမ္ဘာ့ဘဏ်မှာ သုံးပိုင်းရှိတယ်။ တကယ်ဆင်းရဲတဲ့နိုင်ငံတွေကို ချေးတဲ့ချေးငွေ၊ နောက် အလယ်အလတ်နိုင်ငံ ထိုင်းတို့ တရုတ်၊ အိန္ဒိယတို့ ကို ချေးတာက ၇ ရာခိုင်နှုန်း ချေးတယ်။ စကာၤပူလိုနိုင်ငံမျိုးကျတော့ ကမ္ဘာ့ပေါက်ဈေးအတိုင်း ချေးတယ်။
အခု အစိုးရက လုပ်နေတယ်။ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး၊ အသေးစား ချေးငွေပေါ့။ ကမ္ဘာ့ဘဏ်တို့ ADBတို့က ယူရင် အတိုးက ၇၅ ပြားပဲ။ တရုတ်ပြည်က ယူတာ ၄ ရာခိုင်နှုန်း ကျပ်တိုး။ တခုတော့ ပြောစရာ ရှိတာပေါ့။ ဟိုတုန်းက ADBတို့ ကမ္ဘာ့ဘဏ်တို့က မချေးဘူး။ မချေးတော့ ရတဲ့ဆီက ချေးတာပေါ့။ အခု ဘာကြောင့် ယူတာလဲ။ နောက် ရန်ကုန်မြို့ထဲမှာ အသေးစားချေးငွေက ဘာအတွက် ငွေချေးပေးလဲဆိုရင် ရေခဲသေတ္တာဝယ်ဖို့၊ တီဗွီဝယ်ဖို့။ ဒါတွေက ကုန်ပစ္စည်းထုတ်လုပ်မှုအတွက်၊ ဝင်ငွေတိုးမှု Income Generating အထောက်အပံ့ဖြစ်တဲ့ အသေးစားချေးငွေ မဟုတ်တော့တာ။
ကမ္ဘာ့ဘဏ်တို့ ADB တို့ကလည်း ဆူလွယ်နပ်လွယ်တဲ့ လုပ်ငန်း စီမံကိန်းတွေကို ချေးငွေ ကူညီပေးလေ့ ရှိတယ်။ လျှပ်စစ်မီး၊ လမ်းဖောက် စတဲ့ စီမံကိန်းတွေကို ဦးစားပေးတယ်။ ဆင်းရဲနွမ်းပါးမှုအတွက် လုပ်တဲ့ ကမ္ဘာ့ဘဏ် စီမံကိန်းတွေကို ပြန်ကြည့်ရင် ရှမ်းပြည်မှာဆို လက်ဖက်စိုက်တဲ့ တောင်သူတွေက လက်ဖက်အရည်အသွေး ကောင်းအောင် ဘယ်လိုလုပ်ရမလဲ၊ ဓာတ်မြေသြဇာ ရအောင် ဘယ်လိုလုပ်ရမလဲ၊ ဒါမျိုး လိုချင်တာ။ ကမ္ဘာ့ဘဏ်နဲ့ အစိုးရပေါင်းပြီး လုပ်တဲ့ဟာက နောက်မှာ ခရိုနီပါလာတော့ လမ်းဖောက်တယ်၊ ကျောင်းဆောက်တယ်။ ဒါကို ဘိလပ်မြေရောင်းတဲ့သူ၊ ကတ္တရာစီး ရောင်းတဲ့သူတွေ အကျိုးရှိတယ်။ တကယ့်တကယ် ဒေသခံတွေအတွက် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးက ဘယ်လိုမှ မပပျောက်နိုင်ဘူး။ တနင်္သာရီက တံငါသည်တွေက ပြောတာ ငါးဖမ်းတဲ့ ကွန်ယက်၊ စက်တပ် ရေယာဉ်တွေပေါ့။ အစိုးရပိုင်းက လုပ်နေတာက သင်္ဘောဆိပ်တွေ ဆောက်တယ်။ ဒါက တံငါသည်အတွက် မလိုဘူး၊ ဒါက မှားနေတဲ့ပုံစံ ပြောမလား။ ခရိုနီတွေက လမ်းဖောက်၊ ကျောင်းဆောက်၊ သင်္ဘောဆိပ်ဆောက် ရင် ပိုက်ဆံမြန်မြန်ရမယ်ပေါ့။ အံချော်နေတယ်လို့ ပြောရမှာပေါ့။ တကယ့်တကယ် လိုအပ်ချက်နဲ့ လုပ်ပေးနေတာတွေနဲ့က မကိုက်ဘူး။
ဧရာဝတီ ။ ။ နောက်ဆုံးအနေနဲ့ လက်ရှိ အစိုးရ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံတကာ အကူအညီတွေတွေအပေါ် ဆရာ ဘာများ အကြံပြုချင်တာ ရှိမလဲ။
ဒေါက်တာသိန်းဆွေ။ ။ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေက အများကြီးပဲ။ ဒါပေမယ့် ဒီမှာ ပြဿနာက လုပ်ငန်းကို အကောင်အထည်ဖော်နိုင်တဲ့ စွမ်းဆောင်နိုင်မှု အရည်အသွေး မရှိဘူး။ အစိုးရကဏ္ဍမှာ တကယ် တော်တဲ့သူတွေ၊ ပညာရှင် အရည်အချင်းရှိသူတွေ တော်တော်ကို လျော့နည်းသွားပြီ။ လုပ်ငန်းတွေ အကောင်အထည်ဖော်မှုအပိုင်းမှာ ကျွမ်းကျင်မှု ပညာရှင်တွေ အလွန်အားနည်းနေတယ်။ မရှိတာက အစိုးရမှာရော ပုဂ္ဂလိက အပိုင်းမှာရောပဲ။
စီးပွားရေး ပြောင်းလဲမှုထဲမှာ လယ်ယာကဏ္ဍပြောင်းလဲမှု အများကြီးလုပ်ဖို့လိုတယ်။ မြန်မာက လယ်ယာကဏ္ဍကို အဓိကထားပြီး ထုတ်လုပ်နေတဲ့အချိန်မှာ လယ်ယာကဏ္ဍ ဦးစားပေးပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ၊ မူဝါဒတွေ အသေးစိတ်လုပ်ဖို့ လိုတယ်။ အထူးသဖြင့် မြေပိုင်ဆိုင်မှု ကိစ္စတွေ၊ လယ်ယာကဏ္ဍ အထောက်အကူပြုနိုင်ဖို့ လုပ်ငန်းမျိုးတွေ၊ လယ်သမားတွေ အတွက် ဈေးကွက် ဖန်တီးပေးနိုင်မှု၊ အရည်အသွေးမြှင့်တင်ဖို့ အတွက် မျိုးကောင်းမျိုးသန့်တွေ ဝေငှနိုင်ဖို့ စသဖြင့် အများကြီးပါ။
ကျနော်ထင်တာတော့ အစိုးရက ဆူလွယ်နပ်လွယ်တဲ့ စီမံကိန်းများကို ဦးစားပေးနေတာ တွေ့ရပါတယ်။ အပြင်က တွန်းအားကြောင့်လားတော့ မသိဘူး။ လမ်းဖောက် တံတားဆောက်တယ်။ ဟော်တယ်ကြီးတွေဆောက်တာလည်း ပိုက်ဆံရှိတဲ့သူပဲ တည်းနိုင်တယ်။ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် မဟုတ်ဘူး။ နိုင်ငံသား အများစုအတွက် အကျိုးသက်ရောက်မယ့် လုပ်ငန်း စီမံကိန်းမျိုး ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်းစီမံကိန်းတွေ၊ ဒေသတွင်းမှာရှိတဲ့ လူမှု အဖွဲ့အစည်းများရဲ့ လိုအပ်ချက်တွေကို ဦးစားပေး ဆောင်ရွက် အကောင်အထည်ဖော်ဖို့ အစိုးရနဲ့ နိုင်ငံတကာ ငွေကြေးကူညီနေတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းပါတယ်။