နေရာဒေသအလိုက် စုစည်းနေထိုင်တဲ့ လူနည်းစုအုပ်စု ကိုးကွယ်တဲ့ ဘာသာတွေရှိနေပြီး အခိုင်အမာ အခြေကျပြီးသား ဘာသာတရားကတော့ တခုတည်းရှိနေတယ်ဆိုရင် အဆိုပါ ဘာသာငယ်လေးတွေကို ကိုးကွယ်ကျင့်သုံးသူတွေက ဗဟိုအစိုးရအပေါ်ကို ထောက်ခံမှု လျော့နည်းကောင်း လျော့နည်းနေပါလိမ့်မယ်။ ဒါပေမယ့် ဘာသာတရားတွေ အားလုံးကို တရားဝင် အသိအမှတ်ပြုပေးပြီး (ဖြစ်နိုင်လို့) ငွေကြေးထောက်ပံ့တာလည်း လုပ်ပေးနိုင်ရင် State Nation အပေါ် ထောက်ခံမှုကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ လူနည်းစု ကိုးကွယ်တဲ့ ဘာသာပဲဖြစ်ဖြစ် လူများစု ကိုးကွယ်တဲ့ ဘာသာပဲဖြစ်ဖြစ် ဘာသာတွေကို ငွေကြေး ထောက်ပံ့တယ်ဆိုရင် ဘာသာတရားနဲ့ နိုင်ငံတော်ကို ခွြဲခားထားရမယ်ဆိုတဲ့ ပြင်သစ် ဒါမှမဟုတ် အမေရိကန် အယူအဆတွေကို ချိုးဖောက်တာပါ။ ဒါပေမယ့် တသီးပုဂ္ဂလ အခွင့်အရေးတွေကို မချိုးဖောက်တာတော့ သေချာပါတယ်။
ပါလီမန်စနစ်ကို ဘာကြောင့် ရွေးချယ်ကျင့်သုံးရမှာပါလိမ့်။ သမ္မတစနစ် ဒါမှမဟုတ် ရောစပ်စနစ်တွေမှာတော့ အမြင့်ဆုံး အုပ်ချုပ်ရေးအာဏာကို စွဲကိုင်တဲ့နေရာဌာနဆိုတာက “မခွဲဝေပေးနိုင်တဲ့ ကောင်းကျိုးတခု (indivisible Good) ဖြစ်လာပါတယ်။ တိုင်းရင်းသားလူမျိုးအုပ်စုဝင် တဦးတယောက်က အချိန်ကာလတခုအထိ ယူထားနိုင်တာမျိုး ဖြစ်လာပါတယ်။ ဒါပေမယ့် ပါလီမန်စနစ်ကတော့ “ခွဲဝေပေးလို့ ရနိုင်တဲ့ ကောင်းကျိုးတခု (shareable good) ကို
ဖန်တီးပေးပါတယ်။ ဆိုလိုတာကတော့ တခြား တိုင်းရင်းသားလူမျိုးတွေနဲ့ ဖဲ့ွစည်းထားတဲ့ နိုင်ငံရေးပါတီတွေလည်း
ညွန့်ပေါင်းအစိုးရထဲမှာ ပါဝင်လာနိုင်တယ်ဆိုတဲ့ သဘောပါ။ Majority လူများစုကိုရတဲ့ တခုတည်းသော ပါတီဆိုတာ မရှိရင် ပါလီမန်စနစ်မှာ ညွန့်ပေါင်းအစိုးရကို ဖွ့ဲစည်းဖို့ လိုလာပါတယ်။ ညွန့်ပေါင်းထဲမှာ ပါဝင်တဲ့ မိတ်ဖက်ပါတီတွေရဲ့ ထောက်ခံမှုကို ထိန်းထားနိုင်ဖို့ အပေးအယူ ညှိနှိုင်းမှုတွေကို အဆက်မပြတ် လုပ်ရပါတယ်။ အဲဒီလိုသာ မလုပ်နိုင်ရင် အစိုးရ ပြုတ်ကျသွားမှာ ဖြစ်တာကြောင့် ညွန့်ပေါင်းထိန်း (Coalition sustaining) အရည်အသွေး တွေကိုလည်း ပါလီမန်စနစ်က မကြာခဏ ပြသပါတယ်။ ပါလီမန်စနစ်အတွင်း အုပ်ချုပ်ရေးအာဏာရဲ့ “ခွဲဝေပေးနိုင်သော” နဲ့ “ညွန့်ပေါင်းအတွက် အဆင်ပြေသော” အရည်အသွေးတွေက တိုင်းရင်းသားလူမျိုးတွေ စုံလင်များပြားတဲ့ လူ့အဖွဲ့အစည်းတွေမှာ အသုံးဝင်နိုင်ပါတယ်။
နိုင်ငံရေးပါတီတွေ အားလုံးက သူတို့အတွက် ရနိုင်မယ့် မဲတွေကို နေရာဒေသအလိုက် စုဝေးနေကြတဲ့ တိုင်းရင်းသား အုပ်စုတွေ အသီးသီးဆီကနေ အဓိက ရယူနေကြတယ်ဆိုရင် ဗဟိုအစိုးရအပေါ် ထားတဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှုတွေက နည်းနေပါလိမ့်မယ်။ အဲဒီလို နိုင်ငံရေးပါတီမျိုးတွေကို “ဒေသအခြေပြု ခွဲထွက်ရေးပါတီ” တွေလို့ ပိုင်းခြားလေ့လာသူတွေက ခေါ်ဝေါ်ပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံအနှံ့ ဖြန့်ကျက်လှုပ်ရှားနေတဲ့ အဓိက နိုင်ငံရေးပါတီကြီးတွေက ဗဟိုအစိုးရတခုကို ဖွဲ့စည်းနိုင်ရေးမှာ ဒေသဆိုင်ရာ ပါတီတွေကို မိတ်ဖက်တွေအဖြစ် ထည့်သွင်းဖို့ လိုအပ်နေမယ်ဆိုရင်၊ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်ဒေသတွေမှာ သူတို့ရဲ့ မဟာမိတ် တိုင်းရင်းသားပါတီငယ်လေးတွေက Majority ရအောင်ယူပြီး အစိုးရဖွဲ့နိုင်ဖို့ နိုင်ငံအနှံ့ ဖြန့်ကျက်လှုပ်ရှားနေတဲ့ အဓိက နိုင်ငံရေးပါတီကြီးတွေက ကူညီပေးမယ်ဆိုရင် “ဒေသအခြေပြု ခွဲထွက်ရေးပါတီ” တွေကို “ဗဟိုလိုလားတဲ့ ဒေသအခြေပြုပါတီ” ဖြစ်အောင်လုပ်ပေးနိုင်တဲ့ မက်လုံးတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ အကြောင်းကတော့ ဒေသအခြေပြု ပါတီငယ်လေးတွေကလည်း ဗဟိုအစိုးရအတွင်း ဝေစုတွေ ရလာနိုင်တာကြောင့်ပါ။ ဖက်ဒရယ်လည်းဖြစ် ပါလီမန်ကိုလည်း ကျင့်သုံးတဲ့စနစ်အတွင်းမှာ နိုင်ငံအဆင့်ပါတီတွေနဲ့ ဒေသအဆင့်ပါတီတွေကို ထည့်သွင်းဌာပနာထားမှသာ ညွန့်ပေါင်းအစိုးရတွေ ဆိုတာလည်း ပေါ်ပေါက်လာနိုင်ပါတယ်။
အိန္ဒိယနိုင်ငံကို ဥပမာအဖြစ် ထည့်သွင်းစဉ်းစားရင် “နိုင်ငံအနံှ့ လှုပ်ရှားဆောင်ရွက်တဲ့ ရာထူးဌာန” တွေ ဆိုတာကို နားလည် သဘောပေါက်နိုင်ပါလိမ့်မယ်။ အဲဒီမှာ လူအများစု ပြောဆိုသုံးစွဲတဲ့ ဟင်ဒီဘာသာစကားကို မပြောဆိုတဲ့ တိုင်းရင်းသား အုပ်စုငယ်ဝင် ပညာတတ်တွေက အိန္ဒိယနိုင်ငံတဝှမ်းလုံး အများစု သုံးစွဲတဲ့ အင်္ဂလိပ်ဘာသာစကားကို
ပြောဆိုသုံးစွဲပြီး ဥပဒေပညာ၊ စီးပွားရေးပညာ၊ ဆက်သွယ်ရေးပညာနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေ အစိုးရ အလုပ်အကိုင်တွေ နေရာမှာ သုံးစွဲနိုင်ပါလိမ့်မယ်။ နိုင်ငံတဝှမ်းလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်အကိုင်တွေကို ရရှိထားသူတွေက နိုင်ငံအနံှ့ ကွန်ရက်ကြီးထဲကနေ မထွက်ခွာချင်အောင် ဆွဲဆောင်ထားတဲ့ လောက်လောက်လားလား မက်လုံးတွေကို တွေ့ရပါလိမ့်မယ်။ အဲဒီလို အလုပ်အကိုင်တွေ ရှိတာကြောင့် ကွန်ရက်ကြီးတွေထဲကို ဝင်ရောက်နိုင်တာဖြစ်ပြီး သူတို့ရဲ့ အလုပ်အကိုင်တွေကလည်း အဲဒီကွန်ရက်ကြီးတွေအပေါ်ကို မှီတည်နေတာ ဖြစ်ပါတယ်။
ပဉ္စမ အနေနဲ့ ယဉ်ကျေးမှုချင်း ပေါင်းစည်းတာမျိုးရှိရှိ မရှိရှိ နိုင်ငံရေးချင်း ပေါင်းစည်းတာမျိုးကို ရှေ့ဆက်တိုး လုပ်ဆောင်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ State Nation တခုမှာ မတူညီတဲ့ ယဉ်ကျေးမှုအုပ်စုတွေနဲ့ တိုင်းရင်းသား အုပ်စုတွေက သူတို့ကိုယ်ပိုင် ဘာသာစကားကိုသာ အသုံးပြုပြီး ပညာသင်ကြားတာ၊ အုပ်ချုပ်တာတွေ လုပ်နေပါလိမ့်မယ်။ ဒါ့ကြောင့်မို့ပါပဲ နိုင်ငံတွင်းမှာ လွှမ်းမုးိထားတဲ့ ယဉ်ကျေးမှုအုပ်စုကြီးနဲ့ တိုင်းရင်းသားငယ်တွေက ဘယ်တော့မှ မပေါင်းစည်းနေတာ ဖြစ်နေပါလိမ့်မယ်။ State Nation တွေရဲ့ ပကတိအရှိတရားပါပဲ။ နယ်ပယ်အားလုံးကို လွှမ်းမိုးထားတဲ့နိုင်ငံတော်က သူတို့အတွက် အခွင့်အရေးတွေကို ခေါင်မိုးတခုလို အကာအကွယ် ပေးထားနိုင်တယ်လို့ တိုင်းရင်းသားပြည်နယ်တွေက လက်ခံလာရင်၊ ပြည်နယ်ဒေသ အခြေပြုပါတီ centric-regional တွေက နိုင်ငံအနှံ့ ဖြန့်ကျက်လှုပ်ရှားနေတဲ့ ပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့နိုင်ပြီး ဗဟိုအစိုးရတွေ ညွန့်ပေါင်းဖွဲ့ရာမှာလည်း ပုံမှန်ပါဝင် ကူညီနေတယ်ဆိုရင်၊ တိုင်းရင်သားပြည်နယ်တွေမှာ နေထိုင်ကြသူတွေကလည်း နိုင်ငံတခုလုံးနဲ့ သက်ဆိုင်တဲ့ ရာထူးဌာနတွေမှာ ထမ်းဆောင်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေတယ်ဆိုရင် တိုင်းရင်းသားပြည်နယ်တွေနဲ့ အဲဒီပြည်နယ်တွေမှာ နေထိုင်သူတွေက State Nation ထဲကို တသားတည်းပေါင်းစည်းသွားနိုင်ပါလိမ့်မယ်။
ဆဌမ၊ အစိုးရအဖွ့ဲထဲမှာ ပါဝင်နေသူ ယဉ်ကျေးမှုအရ အမျိုးသားရေး ဝါဒီတွေအနေနဲ့ ခွဲထွက်ရေးလိုလားသူ အမျိုးသားရေး ဝါဒီတွေကို တန်ပြန်ဆောင်ရွက်နိုင်တယ်ဆိုတာ ဘာကိုပြောတာပါလိမ့်။ State Nation ဘက်ကနေ ရပ်ခံပြောဆိုသူ သီအိုရီသမားတွေရဲ့ အနေအထားကို အားနက်စ်ဂယ်လာနာ (Ernest Gellner) က အခုလို လူသိရှင်ကြား ပြောထားပါတယ်။ အမျိုးသားရေးဝါဒဆိုတာ အဓိကကတော့ နိုင်ငံရေးအခြေခံမူတခုပါပဲ။ မူအရဆိုရင် နိုင်ငံရေးနဲ့ အမျိုးသားရေးယူနစ်တွေက ထပ်တူညီသင့်တယ်လို့ ဆိုပါတယ်။ အမျိုးသားရေး ခံစားချက် ဆိုတာကတော့
အဲဒီမူကို ချိုးဖောက်ခံလိုက်ရတာကြောင့် ဖြစ်ပေါ်လာတဲ့ ဒေါသပါပဲ။ အမျိုးသားရေးဝါဒ လှုပ်ရှားမှု ဆိုတာကတော့
အမျိုးသားရေး ခံစားချက် ကြောင့်ဖြစ်ပေါ်လာတာပါပဲ။
အမျိုးသားရေးဝါဒတွေ အားလုံးက အဆုံးတနေ့မှာတော့ ခွွဲထွက်ရေး အမျိုးသားရေးဝါဒတွေ ဖြစ်လာပြီး လွတ်လပ်ရေးကို တောင်းဆိုလာလိမ့်မယ် ဆိုတာကြောင့် State Nation ဘက်ကနေ ထောက်ခံပြောဆိုတာ လုပ်မပေးဖို့ အမြဲတမ်း သတိပေးကြပါတယ်။ အချိုးမညီ ဖက်ဒရယ်ပါလီမန် စနစ်အတွင်းက ယဉ်ကျေးမှု ဇောင်းပေး အမျိုးသားရေးဝါဒီ
လှုပ်ရှားမှု (cultural nationalist movement) က ပြည်နယ် ဒီမိုကရေစီ ရွေးကောက်ပွဲတွေကို အနိုင်ရပြီး ပြည်နယ်
အစိုးရကို ချုပ်ကိုင်မိတဲ့ အနေအထားလည်း ဖြစ်လာနိုင်ပါတယ်။ ပြည်နယ်အတွင်း နေထိုင်သူတွေကို သူတို့ ကိုယ်ပိုင်လူမျိုးနဲ့ ပတ်သက်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို ပညာပေး စည်းရုံးနိုင်ပါလိမ့်မယ်။ ဗဟိုမှာ ဖွ့ဲစည်းတဲ့ အစိုးရတွေနဲ့ ညွန့်ပေါင်းဖွဲ့ ပူုးပေါင်းဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။ အာဏာရနေတဲ့ ယဉ်ကျေးမှု ဇောင်းပေး
အမျိုးသားရေးဝါဒီတွေကို လွတ်လပ်ရေးအတွက် လှုပ်ရှားနေတဲ့ ခွဲထွက်ရေးဝါဒီ အမျိုးသားရေးအုပ်စုတွေက စိန်ခေါ် အံတုလာမယ်ဆိုရင် လက်ရှိအာဏာရထားသူ အမျိုးသားရေးဝါဒသမားတွေ တန်ဖိုးထားတဲ့ အရင်းအမြစ်တွေက
ပျောက်ဆုံးသွားနိုင်ပါတယ်။ အဲဒီလိုစိန်ခေါ်လာပြီဆိုရင်တော့ လက်ရှိအာဏာရထားတဲ့ အမျိုးသားရေးသမားတွေက
သူတို့သုံးစွဲနိုင်တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး အရင်းအမြစ်တွေကို သုံးစွဲပြီး ခွဲထွက်ရေးအမျိုးသားရေးဝါဒီတွေကို
ရင်ဆိုင်နိုင်ပါလိမ့်မယ်။
အမျိုးမျိုးအစားစား ကွဲပြားနေပေမဲ့ အပြန်အလှန် ဖြည့်စွက်ထောက်ကူနေတဲ့ အမှတ်လက္ခဏာဆိုတာ ဘာကို ရည်ညွန်းလဲလို့ ထပ်ပြီး မေးရပါဦးမယ်။ အပေါ်မှာ ဆွေးနွေးခဲ့တဲ့ မူဝါဒနဲ့ ဓလေ့ထုံးစံတွေ ၆ ခုကို မူတည်ပြီး ဖြစ်တည်လာတဲ့ နိုင်ငံမှာ နိုင်ငံသားတွေက သူတို့နဲ့ ယဉ်ကျေးမှုချင်းတူတဲ့ ပြည်နယ်ကိုရော ဗဟိုအစိုးရကိုရော
သစ္စာရှိရှိ ထောက်ခံဖို့ ဆိုတာဖြစ်နိုင်ပါတယ်။ နိုင်ငံသားတွေမှာ အဲဒီလိုမတူညီပေမဲ့ အချင်းချင်း အပြန်အလှန် ဖြည့်စွက်နေတဲ့ အမှတ်လက္ခဏာတွေ ရှိနေနိုင်တာက တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုအရတောင်းဆိုမှုကို ဗဟိုအစိုးရက အသိအမှတ်ပြု အကာအကွယ် ပေးထားတာကြောင့်ပါ။ ဒါ့အပြင် ပိုပြီးကြီးမာတဲ့ နိုင်ငံရေးလောကထဲမှာ အပြည့်အ၀ ပါဝင်ဆောင်ရွက်နိုင်အောင် ပုံစံချပေး အကာအကွယ်တွေလည်း ပေးနေတာကြောင့်ပါ။
ကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင် ကယ်တင်ပေးခဲ့လို့၊ ခြိမ်းခြောက်ရန်ပြုနေတဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့
ရန်ကနေ အကာအကွယ်ပေးထားလို့၊ ကြီးသထက်ကြီးထွားလာနေတဲ့ စီးပွားရေး ဘုံဈေးကွက်ကြီးတခုကို ဖန်တီးပေးနိုင်လို့ ဆိုတဲ့ စုပေါင်းခံစားနိုင်တဲ့ ကောင်းရာကောင်းကျိုးတွေကို ဗဟိုအစိုးရ (ဒါမှမဟုတ် ဗဟိုအစိုးရနဲ့ သမိုင်းအစဉ်အဆက် တွဲဖက်ခဲ့တဲ့ အင်စတီကျုးရှင်းတွေ) ကူညီဖော်ဆောင်ပေးနိုင်တယ်လို့ ထင်မြင်ယူဆလာတာကြောင့် အဆိုပါ နိုင်ငံသားတွေက ဗဟိုအစိုးရဆီမှာ ယုံကြည်လာနိုင်ပါတယ်။ ဒါကြောင့်မို့ မတူကွဲပြားပေမဲ့ အချင်းချင်း အပြန်အလှန် ဖြည့်စွက်နေတဲ့ အမှတ်လက္ခဏာတွေဆိုတာ မတော်တဆတိုင်ဆိုင်လို့ ဖြစ်ပေါ်လာတာမဟုတ်ဘဲ သေချာစီစဉ်ရေးဆွဲတဲ့ မူဝါဒတွေကြောင့်ဖြစ်ပေါ်လာတဲ့ ရလဒ်တွေပါ။
အိန္ဒိယနိုင်ငံအကြောင်း
တိုင်းရင်းသားလူမျိုးတွေ စုံလင်များပြားပြီး ပြောဆိုတဲ့ ဘာသာစကားတွေနဲ့ ကိုးကွယ်ရာဘာသာတွေက ပဒေသာစုံ များပြားနေတဲ့နိုင်ငံမှာ မတူကွဲပြားပေမဲ့ အချင်းချင်း အပြန်အလှန် ဖြည့်စွက်နေတဲ့ အမှတ်လက္ခဏာတွေလည်းရှိ၊
ဒီမိုကရေစီဆန်တဲ့ State Nation သစ္စာခံမှုတွေလည်း ရှိနိုင်တယ်လို့ ကျနော်တို့ ပြောခဲ့ပါတယ်။ ကျနော်တို့ ပြောခဲ့တာ မှန်မမှန်ဆိုတာကို အိန္ဒိယက အတိကျဆုံး စမ်းသပ်စစ်ဆေးနေပါလိမ့်မယ်။ လူမျိုး၊ ဘာသာစကား ကိုးကွယ်ရာ ဘာသာ ကွဲပြားမှုတွေ ဘယ်လောက်တောင် ကျယ်ပြန့်များပြားတယ်ဆိုတာ အတိုချုံးပြီး ဖော်ပြကြည့်ပါမယ်။ တိုင်းရင်းသား လူမျိုးတွေ စုံလင်များပြားပြီး ယဉ်ကျေးမှုတွေ ပဒေသာစုံတဲ့ နိုင်ငံတွေ (ဖက်ဒရယ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်)၊ လူ့အဖွဲ့အစည်းတွေမှာ ပဋိပက္ခ အဖြစ်စေဆုံး အချက်တခုကတော့ ဘာသာစကားပါပဲ။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရလာချိန် ၁၉၄၇ ခုနှစ်မှာ လူအများ ပြောဆိုသုံးစွဲမှု အများဆုံး ဘာသာစကားဖြစ်တဲ့ ဟင်ဒီအပြင် နောက်ထပ် ဘာသာစကားပေါင်း ၁၀ မျိုးလောက်ကိုလည်း လူပေါင်း ၁၃ သန်းခန့်စီက ပြောတာကိုတွေ့နေရပါတယ်။လူမျိုးတွေ တော်တော်များများမှာလည်း
ကိုယ်ပိုင် အက္ခရာနဲ့ ဘာသာစကားတွေ ရှိနေပြီးသားပါ။
အဲဒီလို အခြေအနေမှာ ဘာသာရေး၊ ယုံကြည်ကိုးကွယ်မှုတွေနဲ့ အလေ့အထတွေကိုပါ ထည့်သွင်းလိုက်မယ် ဆိုရင်တော့ ဒီမိုကရေစီ အကြောင်းကို နှိုင်းယှဉ်လေ့လာသူတွေအတွက် အိန္ဒိယနိုင်ငံက အထူးစိတ်ဝင်စားဖွယ် ကိစ္စရပ်ကြီးတခု ဖြစ်နေပါတော့တယ်။ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဆစ်ခ်ဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် စသည်ဖြင့် ကမ္ဘာပေါ်မှာ ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာတရားတွေ အားလုံးနီးပါးရှိတဲ့ လူမှုအသိုက်အဝန်းကြီးလို့လည်း ဆိုနိုင်ပါတယ်။ ၂၀၀၉ မှာ အိန္ဒိယနိုင်ငံရဲ့ မွတ်စလင်လူဦးရေက ၁၆၁ သန်း ရှိခဲ့ပြီး ကမ္ဘာပေါ်မှာ တတိယမြောက် အများဆုံး မွတ်စလင်တွေ နေထိုင်နေတဲ့ နိုင်ငံလို့လည်း ပြောနိုင်ပါတယ်။ သူ့ထက်များတာဆိုလို့ အင်ဒိုနီးရှားနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ပဲ ရှိပါတော့တယ်။ အစ္စလာမ်နဲ့ ဒီမိုကရေစီစနစ်တို့က ယဉ်ကျေးမှု အနေအထားကနေကြည့်ရင် သဟဇာတမဖြစ်ဘူးလို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေ အများအပြားက ထင်မြင်ယူဆနေချိန်မှာ ဒီမိုကရေစီ အတွေ့အကြုံတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး အစ္စလာမ် လူမှုအသိုက်အဝန်းကြီးက ယဉ်ကျေးမှုပေါင်းစုံတဲ့၊ တိုင်းရင်းသားလူမျိုး ပေါင်းစုံတဲ့၊ ဖက်ဒရယ်စနစ်လည်းဖြစ်တဲ့၊ အာဏာခွဲဝေစနစ်ကိုလည်း ကျင့်သုံးတဲ့ အိန္ဒိယနိုင်ငံမှာ တည်ရှိနေရတဲ့ အကြောင်းကိုတော့ ဆင်ခြင်သုံးသပ်သင့်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အနေအထားကို နမူနာပုံစံအဖြစ် ချမ်းသာတဲ့နိုင်ငံတွေမှာသာ အသုံးချလို့ရတာ မဟုတ်ဘဲ ဆင်းရဲတဲ့
နိုင်ငံတွေမှာလည်း အသုံးချလို့ရတယ် ဆိုတာကို ပြထားခြင်းအားဖြင့် State Nation အယူအဆရဲ့ အသုံးဝင် နယ်ပယ်တန်ဖိုး (scope value) ကို လက်ရှိ အိန္ဒိယ ဒီမိုကရေစီက တက်သွားစေပါတယ်။ ကမ္ဘာပေါ်က သက်တမ်းကြာရှည် တိုင်းရင်းသားလူမျိုးစုံ ဖက်ဒရယ်နိုင်ငံ ၄ ခု (စပိန်၊ ဘယ်လ်ဂျီယမ်၊ ကနေဒါ အပါအဝင်) ထဲမှာ အဆင့်မြင့် စက်မှုဖွံ့ဖြိုးမှု ကင်းမဲ့တာဆိုလို့ အိန္ဒိယနိုင်ငံတခုပဲ ရှိပါတယ်။ ဒါကို အကြမ်းဖျဉ်း နားလည်အောင် ပြောရရင် ၂၀၀၈ ခုနှစ်မှာ စပိန်၊ ဘယ်လ်ဂျီယမ်၊ ကနေဒါ နိုင်ငံတွေရဲ့ စုစုပေါင်း အမျိုသားဝင်ငွေ (Gross National Income) မှာ
လူတဦးချင်းစီရဲ့ ဝယ်ယူစားသုံးနိုင်စွမ်းအား (PPP) က ၁ နှစ်ကို အမေရိကန်ဒေါ်လာ ၃ သောင်းထက် ပိုပါတယ်။
အိန္ဒိယနိုင်ငံကတော့ အမေရိကန်ဒေါ်လာ ၃ ထောင်ထက်တောင် နည်နည်း လျော့ပါသေးတယ်။
အဲဒီလို ကွဲပြားခြားနားမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတာကြောင့် ပြင်သစ်ပုံစံ ဒီမိုကရေစီ Nation State ကို အိန္ဒိယနိုင်ငံ အနေနဲ့ ဘယ်လိုမှ တည်ထောင်နိုင်ခဲ့လိမ့်မယ် မဟုတ်ပါ။ ဒါပေမယ့် ဒီမိုကရေစီ State Nation ကို အိန္ဒိယနိုင်ငံက
အောင်အောင်မြင်မြင် တည်ထောင်ထားပြီး ဘာသာပေါင်းစုံ၊ လူမှုစီးပွားအုပ်စုပေါင်းစုံရဲ့ ထောက်ခံမှုကိုလည်း
ရယူထားနိုင်ပါတယ်။ ခွဲထွက်ရေး လှုပ်ရှားမှုတွေကို တွေ့ကြုံထားဖူးတဲ့ ပြည်နယ်တွေကလည်း ထောက်ခံထားပါတယ်။
အသစ်ဖြစ်တည်ခါစ ဒီမိုကရေစီ လိုလားတဲ့ အိန္ဒိယ လူမှုအဖွဲ့အစည်းတွေ လျှောက်လှမ်းခဲ့ကြတဲ့ အဓိကလမ်းကြောင်း ၃ ခုကို အခုဆက်ပြီး အကျဉ်းချုံး ဆွေးနွေးပါမယ်။
နက်နက်ရှိုင်းရှိုင်း ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းကို ဒီမိုကရေစီနဲ့ ပေါင်းစည်းပေးနိုင်ဖို့ ပေါ်လစီတွေကို နိုင်ငံရေးနယ်ပယ်မှာ၊
ကျင့်ဝတ်ပိုင်းဆိုင်ရာ နယ်ပယ်မှာ၊ အခြေခံဥပဒေ နယ်ပယ်မှာ ကာလကြာရှည် ဖန်တီးရှာဖွေရပါတယ်။ အဲဒီရှာဖွေတဲ့ ပေါ်လစီတွေက Nation State ထက်စာရင် State Nation နဲ့ ပိုပြီး ကိုက်ညီနေဖို့လိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြောဆိုသုံးစွဲတဲ့ ဘာသာစကားတွေ အများကြီးရှိပြီး တိုင်းရင်းသား လူမျိုးတွေမှာလည်း အထူး လိုအပ်ချက်တွေ ရှိကြပါတယ်။ အဲဒီလိုအနေအထားမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့ ကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေဖို့ အချိုးမညီ ဖက်ဒရယ်စနစ်ကို ရွေးချယ်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုးကွယ်ရာဘာသာတွေက သောင်းပြောင်းထွေလာ ရောနှောနေတဲ့အပြင် ဘာသာတရား အပေါ်မှာလည်း နက်နက်ရှိုင်းရှိုင်း ကျင့်ကြံ အားထုတ်ကြတာကြောင့် သူတို့ ၂ ခုကို ပေါင်းစပ်ပေးနိုင်ဖို့ လောကီသီးသန့် ပုံံစံတခုကို ဖန်တီးပေးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံကို State Nation အဖြစ် တည်ဆောက်ခဲ့တာက တိုက်ဆိုင်မှုကြောင့်လည်း မဟုတ်သလို နောက်ပေါက်အကြံ (after thought) လည်း မဟုတ်ပါ။ အိန္ဒိယနိုင်ငံအဖြစ် တည်ထောင်ဖို့ စိတ်ကူးတည်းက State Nation ပုံစံကို ရှင်းရှင်းလင်းလင်း ရွေးချယ်ထားပြီးသားပါ။ အဲဒီစိတ်ကူးကို ခေတ်သစ် အိန္ဒိယနိုင်ငံရေး တွေးခေါ်ပညာရှင်တွေက ခိုင်မာအောင် ပုံသွင်းခဲ့ပါတယ်။ လွတ်မြောက်ရေး လှုပ်ရှားမှုက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အိန္ဒိယအခြေခံ ဥပဒေထဲမှာ ထည့်သွင်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမမျိုးဆက် ခေါင်းဆောင်တွေက တည်တံ့အောင် ထိန်းသိမ်းခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြုကြတဲ့ နိုင်ငံရေးနယ်ပယ်မှာ အင်စတီးကျူးရှင်းဆန်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် State Nation ဆိုတဲ့ နမူနာပုံစံကို သဘောတရားရေး လေ့လာတဲ့အခါ အသုံးဝင်တဲ့ ပုံစံအသစ်တမျိုး အဖြစ်နဲ့သာ မမြင်သင့်ပါ။ အိန္ဒိယနိုင်ငံရေး တွေးခေါ်ပညာရှင်တွေနဲ့ လက်တေ့ွကျင့်သုံးသူတွေ နှစ်ပေါင်း ၁၀၀ ကျော် သိမြင်ခဲ့တဲ့ အသိအမြင်ဘက်ကနေ ထောက်ခံပြောဆိုပေးတာ၊ ကာကွယ်ပြောဆိုပေးတာလို့ ယူဆရင် အကောင်းဆုံး ဖြစ်ပါလိ့မ့်မယ်။
အဲလ်ဖရက်စတီဖင် (Alfred Stepan) သည် ကိုလံဘီယာ တက္ကသိုလ်မှ Wallace Sayre Professor of Government ဖြစ်သည်။ ဟွမ်လင့်ဇ် (Juan J. Linz) သည် ယေးလ် တက္ကသိုလ်မှ Sterling Professor Emeritus of Political and Social Science ဖြစ်သည်။ ယိုဂင်ဒရာ ယာဒက်ဗ် (Yogendra Yadav) သည် ဒေလီမြို့ရှိ Centre for the Study of Developing Societies တွင် အကြီးတန်း အရာရှိ ဖြစ်သည်။ ၎င်းတို့စာအုပ် Crafting State-Nations: India and Other Multinational Democracies အပေါ် အခြေခံပြီး ယခု စာတမ်းကို ရေးသားခြင်း ဖြစ်သည်။ ယင်းစာတမ်းကို Educational Initiatives (ပညာရှေ့ဆောင်) Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ရယူပြီး မြန်မာဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)