ပွင့်လင်းလွတ်လပ်မှု ဘက်သို့ တဖြည်းဖြည်း အသွင်ပြောင်းလာပြီဟု ယူဆရသော မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ် အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးက ပေးလာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး စသော ခေါင်းစဉ်များအောက်မှ အကူအညီများသည် မြန်မာပြည်သူလူထု အတွက် အမှန်တကယ် ထိရောက်မှု ရှိမရှိ ဆိုသည့် မေးခွန်း ထုတ်စရာ ရှိနေသည်။
မကြာသေးခင်က ကမ္ဘာ့ဘဏ်၏ အစိတ်အပိုင်းတခု ဖြစ်သော နိုင်ငံတကာ ငွေကြေးပူးပေါင် ဆောင်ရွက်ရေး အဖွဲ့ IFC က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေး ဟု ဆိုကာ မြန်မာနိုင်ငံရှိ FMI ကုမ္ပဏီနှင့် Shangri-La အုပ်စု အပါအဝင် ရင်းနှီးမြှုပ်နှံသူ များကို အမေရိကန် ဒေါ်လာ သန်း ၂၀ဝ ထုတ်ချေးရန် ဆုံးဖြတ်ခဲ့သည်။
ယင်းသို့ ငွေထုတ်ချေးခြင်းသည် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အထောက်အကူ မဖြစ်ဟု ဝေဖန်မှုများ ရှိသော်လည်း IFC ကမူ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူများကို ငွေထုတ်ချေးခြင်း အားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာကာ ဆင်းရဲမွဲတေမှု လျှော့ချနိုင်လိမ့်မည်ဟု ကာကွယ်ပြောဆိုသွားသည်။
နိုင်ငံတကာမှ ပေးလာသော အကူအညီများသည် မြန်မာနိုင်ငံ၏ အမှန်တကယ် လိုအပ်ချက်ရှိနေသော ကဏ္ဍ အသီးသီး၊ အထူးသဖြင့် ပညာရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားရေး စသည့် အခြေခံ အဆောက်အအုံများ အတွက် အကျိုးသက်ရောက်မှု ရှိမရှိ သေသေချာချာ မပြောနိုင်သော်လည်း လက်ငင်း အကျိုး ခံစားရသူများမှာ စစ်အာဏာရှင် ဟောင်းများ၏ အသိုင်းအဝိုင်းနှင့် ၎င်းတို့နှင့် နီးစပ်သူများဟုသာ ဧရာဝတီက ရှုမြင်သည်။
အနီးစပ်ဆုံး ဥပမာတရပ် အနေဖြင့် မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးမည် ဆိုသည့် INGO အဖွဲ့အစည်းများသည် ငွေကြေးများစွာ သုံးစွဲ၍ စစ်ဗိုလ်ချုပ်ဟောင်းများ၏ နေအိမ်များကို ငှားရမ်း ရုံးဖွင့်နေကြသည်ကို တွေ့နိုင်သည်။ ရုံးဖွင့်ရန် အတွက် လိုအပ်သည့် နေရာအကျယ်အဝန်းနှင့် လုံခြုံမှု လိုအပ်သော်လည်း မြန်မာ ပြည်သူလူထုအပေါ် ဖိနှိပ်ဆက်ဆံခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ နေအိမ်များကို ငှားရမ်းခြင်း ကမူ လူမိုက်အားပေး လုပ်ခြင်းသာ ဖြစ်သည်။
အလားတူ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေး အတွက် နှစ်ပေါင်းများစွာ ရပ်တည်ကူညီခဲ့သော နော်ဝေနိုင်ငံမှ တယ်လီနော လုပ်ငန်းစုကြီး၏ လုပ်ရပ်ကလည်း ဝေဖန်စရာ ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ဟောင်းကို တယ်လီနော ဒုဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်ခြင်းက မြန်မာပြည် လူ့အခွင့်အရေး အတွက် ရပ်တည်သယောင်နှင့် စစ်အာဏာရှင်ဟောင်းများနှင့် နီးစပ်မှု ရယူကာ ၎င်းတို့ ကိုယ်ကျိုးစီးပွား အတွက် အမြတ်ထုတ် သွားသော လုပ်ရပ် အဖြစ် ထင်သာမြင်သာ ရှိနေသည်။
အဓိကအချက်မှာ ကမ္ဘာ့နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ဆိုသည်များမှာ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားသော ထိပ်တန်း လုပ်ငန်းရှင်ကြီးများ၊ စစ်အာဏာ ရှင်ဟောင်းများကို ဖြတ်သန်းပြီးမှ အမှန်တကယ် လိုအပ်ချက် ရှိနေသည့် ပြည်သူလူထုထံသို့ အရိုးအရင်းမျှသာ ရောက်နေရခြင်းပင်။
ကမ္ဘာ့နိုင်ငံကြီးများနှင့် အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူလူထု တရပ်လုံး၏ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လိုလား၍ ကူညီလိုသည် ဆိုပါက ပိုမို ထိရောက်သော နည်းလမ်းများကို ရွေးချယ်သင့်သည်။ စီးပွားရေး လက်ဝါးကြီး အုပ်နေသူများထက် ပြည်သူလူထုအကျိုးကို လက်တွေ့ လုပ်ဆောင်နေသော အရပ်ဘက် အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းကာ အခြေခံကျကျ စစ်တမ်းများပြုလုပ်၍ ထိရောက်သော အကူအညီများ ပေးစေချင်သည်။