ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားမှာ သရုပ်ပြ ကစားပေးဖို့အတွက် မြန်မာခြင်းလုံးအဖွဲ့ကို တရားဝင် ကမ်းလှမ်းခဲ့ပေမယ့် မြန်မာ ခြင်းလုံးအဖွဲ့က အဲဒီခရီးစဉ်ကို ပယ်ဖျက်လိုက်တဲ့အတွက် ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနားမှာ မြန်မာ့ခြင်း လုံး စွမ်းရည်ကို မြန်မာ အပါအဝင် တကမ္ဘာလုံးက ကြည့်ခွင့် မရလိုက်ကြတော့ပါဘူး။
ဖွင့်ပွဲအခမ်းအနားကို တိုက်ရိုက် တင်ဆက်ရိုက်ကူးခွင့် ရထားတဲ့ Pindorama ရုပ်ရှင် အရိုက်ကူးရေး အဖွဲ့က အိုင်ယာလန်၊ ဂျာမနီ ထိုင်း အပါအဝင် မြန်မာခြင်းလုံးအဖွဲ့ကိုလည်း တရားဝင် ကမ်းလှမ်းခဲ့ပေမယ့် မြန်မာခြင်းလုံးအဖွဲ့က ဒီခရီးစဉ်ကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။
ဒီလို ပယ်ဖျက်လိုက်ရတဲ့ အကြောင်း အရင်းတွေကို သိရှိနိုင်ဖို့ အာရှခြင်းလုံး အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးပြည့်စုံမြင့်ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး။ ။ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ ပါဝင်သရုပ်ပြဖို့အတွက် ဖိတ်ကြားထားတာကို မြန်မာခြင်းလုံးအဖွဲ့က မသွားဖြစ်တာ ဘာကြောင့်ပါလဲ ခင်ဗျ။
ဖြေ။ ။ အဓိက ကတော့ဗျာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ဘရာဇီးနိုင်ငံ Pindorama ရုပ်ရှင် အရိုက်ကူးရေး အဖွဲ့ကနေပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ကို စာပို့ပါတယ်။ သူတို့က ဘရာဇီးနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲမှာ အလုံးတွေကို ခတ်ကစားတဲ့ နိုင်ငံ ၄ နိုင်ငံကို သူတို့ ရှာဖွေတွေ့ရှိပါတယ်တဲ့။ တွေ့တဲ့ အခါမှာ အိုက်ယာလန်၊ ဂျာမနီ၊ မြန်မာနဲ့ ထိုင်း ပါတယ်ပေါ့။ အဲဒီလို အလုံးတွေကို ခတ်ကစားတဲ့ နိုင်ငံတွေကို တွေ့ရပါတယ်တဲ့။
ကျနော်တို့က မေးတယ်သူတို့ကို ငါတို့ အဲဒီ(ဘရာဇီး ကမ္ဘာ့ဖလားဖွင့်ပွဲ)ကိုလာနိုင်ဖို့အတွက် ကုန်ကျစရိတ်တွေ ရှိမယ်ပေါ့နော်။ အဲဒီ အတွက်ကို မင်းတို့ဘယ်လို တာဝန်ယူပေးနိုင်မလဲလို့ ကျနော်တို့ပြန်မေးပါတယ်။ မေးတဲ့ အခါမှာ သူတို့ဆီက ပြန်ပြီးတော့ အကြောင်းပြန်မလာပါဘူး။ သူတို့ရဲ့ သဘောထားကတော့ ကျနော်တို့ကို လာတာလာစေချင်တာလေ အဲဒီစရိတ်တွေကိုတော့ သိပ် အကုန် ခံနိုင်မယ့် အစီအစဉ် မရှိဘူးခင်ဗျ။
မရှိတော့ ကျနော်တို့ ဥက္ကဋ္ဌကြီး (ဦးစိုးနိုင်) ကလမ်းညွှန်ပါတယ်။ ဘယ်လောက် ကုန်ကျနိုင်မလည်း တွက်ကြည့်ပါဦး ဆိုတော့ သွားရမယ့် အဖွဲ့တွေရဲ့ သွားရေး၊ လာရေး နေရေးထိုင်ရေး၊ ဟိုတယ်စရိတ်၊ လေယာဉ် စရိတ်တွေကို တွက်ကြည့်တော့ စုစုပေါင်း ကျပ် သိန်း ၃-၄ ထောင်လောက် ကုန်ကျသွားနိုင်ပါတယ်။
အဲဒီတော့ ပြည်တွင်းမှာ ကျနော်တို့ကိုယ်တိုင်လည်း ရုန်းရပါတယ်။ ရုန်းရတယ်ဆိုတာ ဆီးဂိမ်းအတွက်လည်း ကျနော်တို့ အကုန် အကျ အများကြီး ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိသမျှအားကစားအဖွဲ့ တော်တော်များများက အဖွဲ့ချုပ်ဥက္ကဋ္ဌတွေက အကုန်အကျခံရတာများပါတယ်။ နိုင်ငံတော်က အကုန်အကျမခံဘူးတော့ မဟုတ်ဘူး။ ခံတယ်။ သို့သော်လည်း အတိုင်းအတာ တခုထိပေါ့ဗျာ။
ဘရာဇီးနိုင်ငံကို သွားမယ်ဆိုလို့ရှိရင် တဝိုင်းကို အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၆ ယောက်ဆိုရင် ၁၂ ယောက် နည်းပြ အုပ်ချုပ် သူ အဖွဲ့နဲ့သွားမယ်ဆိုရင် စုစုပေါင်း ၁၅ ယောက်လောက် သွားရပါတယ်ခင်ဗျ။ အဲဒီလောက်သွားမှလည်း ကျနော်တို့ရဲ့ ရိုးရာခြင်း လုံး အလှခတ် ပြလည်းပြနိုင်မယ်။ ပြိုင်ပွဲဝင်စနစ်တွေကိုလည်း ရှင်းပြနိုင်မယ်။ နောက်ပြီးတော့ ကျနော်တို့ မြန်မာ မိန်းကလေးတွေရဲ့ မီးကွင်း၊ ပန်းကွင်း၊ ကြိမ်ကွင်း၊ ကြိုးကွင်း၊ ပုလင်းပေါ်တွေ၊ အုတ်ခဲပေါ်တွေမှာ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ စီးပြီး ခတ်ပြတဲ့ စွမ်း အင် တွေရှိကြတယ်ခင်ဗျ၊ ဒါတွေကိုပြည့်စုံအောင် ပြနိုင်ဖို့တော့ အဲဒီလောက်သွားမှ ရပါတယ်။
အဲဒီတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌတွေအနေနဲ့ကလည်း ဆီးဂိမ်း မှာ တော်တော်လေး အကုန်အကျခံခဲ့ရတာက တကြောင်း ကျနော်တို့ဆီမှာ ပြိုင်ပွဲနဲ့လည်း တိုက်နေတာကတကြောင်း နောက်တခါ ကျနော်တို့ဘာသာ ကျနော်တို့ အကုန်အကျခံပြီး သွားရတော့မယ့် အခြေ အနေဖြစ်နေလို့ ကျနော်တို့ အဲဒီအစီအစဉ်ကို နောက်ဆုတ်လိုက်ရခြင်းဖြစ်တယ်ဆိုတာကို လေးလေးစားစား တင်ပြတာပါ။
မေး။ ။ ဘရာဇီး ခရီးစဉ်ကို ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဖလားလို ဖွင့်ပွဲမျိုးမှာ မြန်မာ့ခြင်းလုံးရဲ့ နက်နဲတဲ့ စွမ်းရည် တွေ ကို ပြခွင့်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးရတယ်ဆိုပြီး ခြင်းလုံးအဖွဲ့ချုပ်ကို ပရိသတ်တွေက ဝေဖန်နေကြသလို Ooredoo ကုမ္ပဏီ နဲ့ပတ်သက်တဲ့ ပွဲကြောင့်ဆိုပြီးလည်း ဝေဖန်နေကြတာလည်း တွေ့ရပါတယ်။
ဖြေ။ ။ ကျနော်တို့လည်း သတင်းတခုကြားပါတယ်။ ကျနော့်ကို မေးတာလေးတွေလည်း ရှိတယ်ဗျ။ ကျနော်တို့နိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်အနေနဲ့က ဘယ်သူ့၊ ဘယ်သူမှ အစွဲအလမ်းနဲ့ ဆက်ဆံနေတာမဟုတ်ပါဘူး။ ကျနော်တို့ရိုးရာအားကစားကို ကမ္ဘာကသိဖို့ ဘယ် သူကပဲ ကူညီကူညီ ကျေကျေနပ်နပ်လက်ခံပြီးတော့ မြေတောင်မြှောက်နေရတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ တတိုင်းပြည်လုံးမှာ တကယ့်ရိုးရာအားကစား စစ်စစ်ဆိုလို့ ဖျော်ဖြေရေး ပုံသဏ္ဍာန်ရော၊ ပြိုင်ပွဲဝင်တဲ့ ပုံသဏ္ဍာန်ရော လုပ်နိုင်တာက ကျနော်တို့ ခြင်းလုံး ပဲရှိခဲ့တာကိုး။
ဒါပေမယ့် ခြင်းလုံးက အမြဲတမ်း တိမ်းပါးခဲ့ နိမ့်ကျခဲ့ရပါတယ်။ နိုင်ငံတကာပွဲတွေ မြန်မာနိုင်ငံမှာ လုံးဝမကျင်းပနိုင်ခဲ့ပါဘူး။ ၁၉၅၃ အဖွဲ့ချုပ်ကြီး ဖွဲ့ပြီးပေမယ့်၊ ကျနော်တို့မြန်မာနိုင်ငံမှာ ၁၉၆၀ ခုနှစ်ဝန်းကျင်မှာ ဆီးဂိမ်း ၂ ကြိမ်ကျင်းပခဲ့ပြီးပေမယ့် မြန်မာ့ရိုးရာ ခြင်း ဟာ ပါဝင်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။ အခြေခံဥပဒေတွေ နိုင်ငံတကာက သိနိုင်တဲ့ ဥပဒေတွေမရှိခဲ့တဲ့အတွက် ဘယ်နိုင်ငံမှ လာမပြိုင် တဲ့အတွက် မြန်မာ့ခြင်းလုံးဟာ ဖျော်ဖြေရေး သက်သက်နဲ့ နေလာခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။
ကျနော်တို့ ဥက္ကဋ္ဌ ဦးစိုးနိုင်လက်ထက်မှာ နိုင်ငံတကာသိနိုင်တဲ့ ဥပဒေတွေ ကျနော်တို့ရေးပါတယ်။ လွယ်ကူရှင်းလင်းတဲ့ ဥပဒေတွေ သူများစိတ်ဝင်စားအောင် ရှင်းလင်းပြီးတော့မှ ပြိုင်ပွဲကျင်းပခဲ့ခြင်း ဖြစ်တဲ့အတွက် အခုဆိုရင်တော့ အာရှ ခြင်းလုံး အဖွဲ့ချုပ် အဆင့် အထိ ဖွဲ့နိုင်ခဲ့ပါပြီ။
အဲဒီနေရာမှာ ကျနော်တို့ပြောချင်တာက မြန်မာနိုင်ငံမှာ ကျနော်တို့မဖြစ်မနေ ပြုလုပ်ရတဲ့ ပြိုင်ပွဲက သုံးပွဲရှိပါတယ်ခင်ဗျ။ အဲဒါ ကတော့ မိုးရာသီ တံခွန်စိုက်လို့ ခေါ်တဲ့ပွဲရယ်။ နောက်ပြီးတော့ အားကစားဝန်ကြီး ဖလားရယ်။ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလားရယ် ဆိုပြီး တော့ သုံးခုလုပ်ရပါတယ်။ ဒါဟာ ကျနော်တို့ နှစ်စဉ်နှစ်တိုင်း လုပ်နေကြ ကိစ္စလည်းဖြစ်တယ်။ နှစ်စဉ်မပြတ်လည်း လုပ်ခဲ့ရပါတယ်။ ဝန်ကြီးဖလားက ပြီးသွားပါပြီခင်ဗျ။ ပြီးတော့ မိုးရာသီတံခွန်စိုက် ရှိပါတယ်။ အဲဒီမိုးရာသီ တံခွန်စိုက်ကလည်း ကျနော်တို့ ခြင်းလုံးရဲ့ အသက်လို့ခေါ်လို့ရတဲ့ ဆယ်ဘောက်တန်းအဆင့် အဆင့်မြင့်ဆုံးပြိုင်ပွဲပါ။ အဲဒီတော့ အဲဒီမိုးရာသီ တံခွန်စိုက်ပြိုင်ပွဲကလည်း ဖျက် လို့ မရပါဘူး။ ဒီဇွန်လထဲမှာ လုပ်ရမှာပါ။
နောက်တခါ Ooredoo ကုမ္ပဏီကလည်း သူတို့တတ်အားသရွေ့ထောက်ပံ့ပါတယ်။ ဘယ်လိုထောက်ပံ့သလဲဆိုတော့ တနှစ်ကို ဒေါ်လာ ၆ သောင်းပေါ့နော်၊ အဲဒီ ပြိုင်ပွဲသုံးပွဲမှာလည်း သူတို့ကိုထည့်ပေးပါ။ သူတို့လည်း တတ်စွမ်းသရွေ့ကူညီတာပါဆိုပြီး ချိတ်ဆက် လာတဲ့အခါမှာ ကျနော်တို့ မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ချုပ်အနေနဲ့ကတော့ ဘယ်လိုအယူဝါဒတွေ ဘယ်လို အစွဲအလမ်းတွေနဲ့မှ မဟုတ် ပါဘူး။ ၂၀၁၄ ခုနှစ်ကနေစပြီး တနှစ်စာပေါ့။ Ooredoo ကို သုံးပွဲကျင်းပတဲ့ အထဲမှာ ထည့်ပေးမယ်လို့ ကျနော်တို့ပြောခဲ့ပါတယ်။ ပြောခဲ့တဲ့အတိုင်းလည်း ဧရာဝတီတိုင်းမှာ ကျင်းပခဲ့တဲ့ အားကစားဝန်ကြီးဖလားပွဲမှာလည်း Ooredoo ဖလားဆိုပြီး ဖလားလေးတလုံး ထည့်ပြီးတော့ ပြိုင်ပွဲကို ကျနော်တို့ ကျင်းပပေးခဲ့ပါတယ်။ သူတို့ကကျနော်တို့ကို ပြိုင်ပွဲတပွဲကို ကျပ်သိန်း ၂၀၀ ပတ်ဝန်းကျင်ကူညီပါတယ်။ ပြိုင်ပွဲသုံးပွဲဖြစ်တဲ့ အတွက် သိန်း ၆၀၀ တနှစ်ကို ကူညီပါတယ်။
အရင်က ဘာသံညာသံမှတော့ မရှိခဲ့ဘူး။ ကျနော်တို့ကလည်း ကိုယ့်တိုင်းပြည် ကိုယ့်ရိုးရာခြင်းလုံး အားကစားသမားလေးတွေကို ထိုက်သင့်တဲ့ ထောက်ပံ့ကြေးတွေရအောင် ထိုက်သင့်တဲ့ ဘဝအဆင်ပြေမှုလေးတွေရအောင် ကျနော်တို့ စပွန်စာကို လက်ခံခဲ့ရ ပါတယ်။ လက်ခံပြီးတော့မှလည်း ပထမတပွဲတော့ ကျင်းပပေးခဲ့ပြီးပါပြီ။ စုစုပေါင်း သိန်း ၆၀၀ ကျော်ကျခဲ့ပါတယ်။ ကျနော်တို့ ဥက္ကဋ္ဌက သိန်းလေးရာကျော်စိုက်ထုတ်ပြီးမှ Ooredoo က သိန်း ၁၉၀ ကျော်နဲ့လုပ်ခဲ့တာပါ။
နောက်တခုက ကျနော်တို့ စိတ်မကောင်းဖြစ်ရတဲ့ သတင်းလေးတွေကြားရတာက Ooredoo ကုမ္ပဏီကလည်း ဘာသာခြား ကုမ္ပဏီ တခုဖြစ်နေတော့ ကျနော်တို့အပေါ်မှာ အထင်လွဲမှားမှုလေးတွေတွေ့နေရတာ ကျနော်တို့လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ခြင်းလုံးက ပြောရရင် ဆိုက်ကားသမားတို့ ကူလီတို့ ခတ်တဲ့ အဆင့်လို့တောင် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ကိုယ့်ရိုးရာ အားကစားကို သိအောင်လုပ်မယ်ဆိုပြီးတော့ ကျနော်တို့မှာ ဘယ်လိုမှ ခံစားခွင့် လည်း မရှိခဲ့ပါဘူး။ ကျနော်တို့က NGO သက်သက်ပါ။
နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ကျနော်တို့လည်း စွန့်လွှတ်ပြီးလုပ်ပေးရင်းနဲ့ပဲ ဒီလိုဖြစ်လာတာပေါ့လေ။ ပြိုင်ပွဲကြီးလည်း ပြုလုပ်ပေးနိုင်ခဲ့သလို နိုင်ငံတကာလည်း သိသင့်သလောက် သိသွားပြီပေါ့။ ဆီးဂိမ်း လည်းဝင်ခွင့်ရခဲ့သလို၊ အခုလာမယ့် စင်ကာပူမှာ ကျင်းပမယ့် ၂၈ ကြိမ်မြောက် ဆီးဂိမ်း မှာလည်း ပြိုင်ပွဲဝင်ခွင့် အတိအလင်းရပါပြီ။ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်ကိုလည်း Ooredoo က စပွန်စာ ပေးထားပါတယ်။ သူတို့ဆိုရင် ဒေါ်လာသန်းချီပါတယ်။ ကျနော်တို့ကတော့ တနှစ်လုံးမှ ဒေါ်လာ ၆ သောင်းတည်း ရတာ ပါ။ ပိုက်ဆံရတာနည်းတာ များတာကြောင့်လည်း မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ခြင်းသမားလေးတွေ အထိုက်အလျောက် အထောက်အပံ့ ရပါစေဆိုပြီး ရည်ရွယ်ခဲ့တာပါ။
ကျနော်တို့လည်း နောက်နှစ်တွေကို စဉ်းစားမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ မြန်မာစစ်စစ်တွေ ကစားခဲ့တဲ့ မြန်မာ့ ရိုးရာ အားကစားဖြစ်တဲ့ အတွက် နိုင်ငံသူနိုင်ငံသားတွေ စိတ်မချမ်းမြေ့မယ့်ကိစ္စလည်း ကျနော်တို့ ဥက္ကဋ္ဌကြီးက ဘယ်တော့မှ လုပ်မှာမဟုတ် သလို သူဟာလည်း စွန့်လွှတ်လှူဒါန်းနေတဲ့ အလှူရှင်တယောက်ပါ။
အဲဒီတော့ ဒီဟာကို ကျနော်တို့ ဘာသိလိုက်ရသလဲဆိုတော့ ဘရာဇီးနိုင်ငံကို မသွားနိုင်တာက Ooredoo ပွဲရှိလို့မသွားနိုင်တာဆိုပြီး လွဲမှားပြီး ရေးတာတွေ တွေ့ရပါတယ်။ ကျနော့်နာမည်တောင် သူတို့လည်းသုံးထားတာ တွေ့ရပါတယ်။ ကျနော်တို့ရဲ့ တံခွန်စိုက်ပွဲသည် Ooredoo ပွဲမဟုတ်ပါဘူး။ မိုးရာသီ တံခွန်စိုက်က မန္တလေးတိုင်း ဝန်ကြီးချုပ်ဖလားပါ။ တိုင်းနဲ့ပြည်နယ် အလှခတ် ပြိုင်ပွဲ အတွက်က Ooredoo ပါ။ အဲတော့ ခေါင်းစဉ်လေးက ဘယ်လိုလာတာလည်းဆိုတော့“မိုးရာသီ တံခွန်စိုက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဖလားနှင့် တိုင်းဒေသကြီးပြည်နယ် စွမ်းရည်ပြ အလှတ်ခတ်ပြိုင်ပွဲ Ooredoo ဖလား”ဆိုပြီး အဲဒီလို လာရတာပါ။ သူကပေးတာမှ (တပွဲကို မြန်မာကျပ်ငွေ) သိန်း ၁၉၀ လောက်ပဲ ပေးတာပါ။ ကုန်တာ သိန်း ၆၀၀ ကျော်ကုန်ပါတယ်။ ဒါတွေကိုလည်း ကျနော်တို့မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီးက တကယ်ကို မေတ္တာ၊ စေတနာနဲ့ လှူဒါန်းတာပါ။ မည်သည့် ခြင်းသမားမှ ပိုက်ဆံ မကုန်ရ ဘဲနဲ့ စားစရိတ် နေစရိတ် တည်းခိုစရိတ် အကုန်လုံးကို အကုန်အကျခံပေးတဲ့ အပြင် ပြိုင်ပွဲမှာ အနိုင်မရရှိတဲ့ အသင်းတွေကိုလည်း တသင်းစီ သပ်သပ်ချီးမြှင့်ပါတယ်။
မေး။ ။ ဘရာဇီးကို သွားဖို့ကိစ္စမှာ လိုအပ်တဲ့ ကုန်ကျငွေအတွက် အားကစားဝန်ကြီးဌာနကိုရော တင်ပြတာမရှိဘူးလား၊ နောက် တခုက ပုဂ္ဂလိက အလှူရှင်တွေကိုရော ချပြတာမရှိဘူးလား။
ဖြေ။ ။ ကျနော်တို့ ဒီလိုသွားရမယ်ဆိုတာကို ပြည်တွင်း သတင်းဌာနလေးတွေကမေးတော့ သိနေကြပါတယ်ခင်ဗျ။ ဒါပေမယ့် ကျနော်တို့ရဲ့ အခက်အခဲကိုတော့ မသိနိုင်ဘူးပေါ့နော်။ နောက်တခုကလည်း ကျနော်တို့က သိပ်ပြီး ပေါ်ပြူလာမဖြစ်သေးတဲ့ အတွက်ဗျာ ကျနော်တို့ကို တော်ရုံတန်ရုံ စည်းပွားရေးလုပ်ငန်းရှင်တွေ၊ စပွန်စာတွေကလည်း အဲဒီလောက်ကြီးတော့ ထောက်ပံ့ ပေးဖို့ အစီ အစဉ် တွေကမရှိခဲ့ဘူးခင်ဗျ။ လိုအပ်ရင် အင်းကျႌလေးတွေ ထုတ်ပေးမယ်။ ဘောင်းဘီလေးတွေ ထုတ်ပေးမယ် ဆိုတာမျိုးတော့ရှိပါတယ်။ သိန်း ၅၀၊ သိန်း ၁၀၀ လောက်ကို ပေးတဲ့ ကုမ္ပဏီ မရှိပါဘူးခင်ဗျာ။
ဘရာဇီးနိုင်ငံက ကျနော်တို့ကို ချိတ်ဆက်ထားတာကိုတော့ အားကစားဝန်ကြီးဌာနကို ကျနော်တို့ ပြောပြပါတယ်။ သူတို့မှာကလည်း တခြားအားကစားနည်း အစီအစဉ်တွေက ရှိနေကြတယ်လေ။ ကိုယ်စီ ကိုယ်စီပဲ လုပ်ရတာဖြစ်တဲ့ အတွက် တရားဝင် ဘယ်လောက် ကျမှမို့လို့ ဘယ်လောက် အကုန်အကျခံပေးပါဆိုပြီး တောင်းခဲ့တာမျိုးတော့ မရှိပါဘူးခင်ဗျ။ အဲဒါကြောင့်လည်း ပါမှာပါ။ နို့မို့ဆိုရင် လည်း သူတို့ တတ်နိုင်သလောက်တော့ ပံ့ပိုးကူညီရင် ကူညီမှာပါ။ ဒါ ကျနော်တို့ရဲ့ အားနည်းချက်လို့လည်း ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဆီးဂိမ်း မှာ ကျနော်တို့ တော်တော်လေးကို အလုပ်ရှုပ်ခဲ့ရတာပါ။
မေး။ ။ မြန်မာ ပရိသတ်တွေကို ဘာများပြောချင်လဲဗျ။
ဖြေ။ ။ ကျနော်တို့လည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တကယ့်ကို ကြိုးစားနေကြပါတယ်။ ကျနော်တို့နိုင်ငံရဲ့ မြတ်နိုးစရာ အားကစားကို ကမ္ဘာသိအောင် တကယ်လုပ်နေပါတယ်။ အဲဒီထဲမှာမှ ကျနော်တို့ရဲ့ လိုအပ်ချက်ကလေးတွေက ရှိနေဆဲ ဖြစ်တဲ့ အတွက်ကြောင့် ခွင့်လွှတ်သည်းခံပေးဖို့နဲ့ ကမ္ဘာ့ဖလားပွဲမှာလည်း မြန်မာတွေ ဘယ်လိုခတ်တယ် ဆိုတာကို မြင်ရမယ် ဆိုတာ ကတော့ သေချာပါတယ်။ ကမ္ဘာ့ဖလားကို Live အနေနဲ့ မသွားနိုင်တဲ့ အတွက် ကျနော်တို့ကို ခွင့်လွှတ်နားလည်ပေးကြပါ။ ။