ကရင်တစီး ဗမာတစီး ချက်ခြင်းစီး

ဇော်မင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆောင်းပါးတွေရေးတော့ ဘာဘဲပြောပြော နိုင်ငံရေးနဲ့ ပတ်သက်ရတာပေါ့။ အတည်ပေါက်တွေ ရေးရတာမို့ တခါခါ ဆောင်းပါး ဆိုတာတွေဟာ လူတွေကို ဆရာလုပ်နေသလို ဖြစ်နေတယ်လို့ တွေးမိတယ်။ ဆရာလုပ်တာကို လောကကြီးမှာ ဘယ်သူမှ မခံချင်ပါ။ မကြိုက်ကြပါ။ ကျနော်လည်း ကျနော့်ကို ဆရာလာလုပ်ရင် မကြိုက်တတ်သူ တဦးပါ။ တခြားသူတွေ လည်း ဘယ်ခံချင်ပါ့မလဲလို့ စိတ်ထဲမှာ ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် လူတွေကို ဆရာလုပ်ရတဲ့ ဆောင်းပါးမျိုးတွေကို ရေးဖို့ တခါတခါ ညီးငွေ့လာတယ်။ အပြောင်အပျက် စာကလေးတွေ ရေးရရင် အပျင်းလည်း ပြေသလို စိတ်မှာလည်း ပေါ့ပါးတာပေါ့။ ဟုတ်တယ်မို့လား။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောကြတော့ အစိုးရဆီက အခွင့်အလမ်းတွေ ရခဲ့ကြ တယ် မဟုတ်လား။ ကျောက်စိမ်းတူးခွင့်တို့၊ မိုင်းရှုးရတနာမြေတို့၊ တခြားသတ္ထုမိုင်းတွေ တူးဖော်ခွင့်တို့၊ သစ်ခုတ်ခွင့်တို့၊ ရွှေတူးခွင့်တို့၊ ဘာကုမ္ပဏီ ညာကုမ္ပဏီတွေ ထူထောင်လုပ်ကိုင်ခွင့်တို့ ရခဲ့တာကို မှတ်မိနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ဆင်းရဲလေတော့ အစိုးရက ပြန်ကြည့်တဲ့ သဘောမျိုးလားတော့ မသိဘူး။ ဒါမှမဟုတ် သွယ်ဝိုက်ပြီး လာဘ်ထိုးတာ များလားပေါ့။ စဉ်းစားကြည့်တာပါ။ ဘယ်သူ့ကိုမှ အပြစ်တင်တာ မဟုတ်ပါဘူး။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာတော့ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ စကားပြောကြတဲ့အခါမှာ အပေးအကမ်း လုပ်တဲ့ ခေတ်အစားဆုံး ကိစ္စတခုကတော့ ကားပါမစ်ပါ။ ကေအန်ယူ အဖွဲ့ဆိုရင် ကားပါမစ် ၁၈ဝ ဆိုလား ၂ဝဝ ဆိုလား တောင် ရသတဲ့။ များလှချည်လားလို့ ပထမတော့ ထင်မိသေးတယ်။ ဒါပေမဲ့ ကေအန်ယူက ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်က ကေအန်ယူဟာ အဖွဲ့အစည်းကြီး တခုဖြစ်တာမို့ တကယ်တန်းဆိုရင် လိုအပ်နေတဲ့ ကားပါမစ်က ဒီထက်တောင် များများ ရသင့်တယ်လို့ ပြောခဲ့တာကိုလည်း ကြားလိုက်မိတယ်။ ဟုတ်မှာပေါ့။ ကျားကြီးတော့ ခြေရာကြီးလို့ ဆိုထားတယ် မဟုတ်လား။ ကျောင်းသားတပ်မတော်တောင် ကားပါမစ် အစင်း ၆ဝ ရတယ်ဆိုတော့ ကေအန်ယူက ဒီထက်ပိုများများ လိုလိမ့်မယ်ဆိုတာက ဟုတ်လောက်ပါတယ်။

ဒီလို အခြေအနေမျိုးထဲမှာ နောက်တခုကတော့ နိုင်ငံရေးပါတီများ စီးပွားရေး တရားဝင်လုပ်ကိုင်ခွင့် ပြုတယ်ဆိုပြီး ဖြစ်လာ ပြန်တယ်။ အစိုးရက မရှိနွမ်းပါးတဲ့ နိုင်ငံရေးပါတီတွေ အသက်ရှုပေါက်ချောင်အောင် စီစဉ်ပေးတာမျိုးဆိုတော့ ဒါကိုလည်း အပြစ်မတင်လိုတော့ပါဘူး။ လုပ်ကြပါလေ စီးပွားရေး မောင်တို့ကောင်းစားရေးလို့ သဘောပိုက်ရတော့တာပေါ့။ စီးပွားရေး လုပ်ငန်းတွေက ရလာတဲ့ အကျိုးအမြတ်တွေကို နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ သူတို့အိတ်ထဲ အကုန်မထည့်ဘဲ ပါတီဝင်တွေ အကျိုးအတွက် အသုံးချမယ်လို့ ထင်ရတာပဲ။

ဟော ရက်များမကြာမီကလည်း နိုင်ငံရေးပါတီတွေအတွက် လိုအပ်တဲ့ ရုံးဖွင့်ဖို့ မြေနေရာ၊ အဆောက်အဦနေရာတွေ ပေးဦး မယ်လို့ အစိုးရက ပြောလာတယ်။ ဒါဟာ လာဘ်ထိုးတယ် မဟုတ်ဘူးဆိုရင် ဝမ်းသာပါတယ်လို့ ပြောရမှာလား။ လာဘ်ထိုး တယ် ဆိုရင်တော့ ဝမ်းနည်းရမှာလား မိသိန်းကြည်လို့ မေးရမှာပဲ။ သွားရေးလာရေး အဆင်ပြေအောင် ပါတီတခုကို ကားငါးစီးစီ ကားပါမစ်လည်း ထုတ်ပေးဦးမယ်လို့ ကြားရသေးတယ်။ ပါတီခေါင်းဆောင်တွေ အခုကထဲက ကားမောင်း သင်ထားရင် အဆင်ပြေလိမ့်မယ်။ ကားမမောင်းတတ်လို့ ကားသမားငှားရင် လခပေးနေရမှာပေါ့။ လခပေးရရင် ပါတီ ပိုက်ဆံပဲ ကုန်တော့မှာပေါ့။ ဟုတ်တယ်မို့လား။

တချိန်တုန်းက ကရင်ခေါင်းဆောင်တွေနဲ့ ဗမာခေါင်းဆောင်တွေ ဆွေးနွေးကြတော့ တန်းတူရေးအတွက် အဓိကထားပြီး ဆွေးနွေးတယ်လို့ ဆိုပါတယ်။ ကရင်တကျပ် ဗမာတကျပ် ဆိုပြီး လူသိများခဲ့တယ်။ ပြောစမှတ်ပြုခဲ့တယ်။ နောက်ပိုင်းမှာ တန်းတူရေးနဲ့ ပတ်သက်လို့ ပြောကြရင် ကရင်တကျပ် ဗမာတကျပ်ကို နမူနာထားပြီး ရှမ်းတကျပ် ဗမာတကျပ်၊ မွန်တကျပ် ဗမာတကျပ် စသဖြင့် စံထားပြောခဲ့ ကြတယ်လို့ ကြားဖူးပါတယ်။

နောက်ထပ် ကိစ္စတခုကတော့ လူကြီးတွေပြောဖူးလို့ သိခဲ့ရတဲ့ ပါးစပ်ရာဇဝင်တခု ရှိတယ်။ အဲတာက ကေအန်ယူမှာ ခိုးလိုး ခုလု ဖြစ်ခဲ့ရတဲ့ ကိစ္စလေးတခု ရှိခဲ့တယ်။ အခုခေတ် အစိုးရနဲ့ ကေအန်ယူ ဆွေးနွေးသလို ဟိုတုန်းကလည်း ဝန်ကြီးချုပ်ဦးနု လက်ထက်မှာ ကေအန်ယူ ခေါင်းဆောင် စောဘဦးကြီးနဲ့ ဆွေးနွေးတော့ အတော်လေး အဆင်ပြေတယ်လို့ ဆိုတယ်။ ဆွေးနွေးပွဲအပြီးမှာ ဦးနုက ဥက္ကဋ္ဌ စောဘဦးကြီးကို ဒီလိုပြောတယ်။ ဥက္ကဋ္ဌကြီး ခါးမှာချိတ်ထားတဲ့ ခြောက်လုံးပူးကို စတိအနေနဲ့ ကျနော့်လက်ထဲလွှဲပေးပါ။ ပြီးတာနဲ့ ကျနော်က ဥက္ကဌကြီး သေနတ်ကို ချက်ခြင်းပြန်ပေးပါမယ်လို့ ဆိုသတဲ့။ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ် ဆိုတာလေး အမြင်ကောင်းအောင်လို့ပါဆိုပြီး ထပ်ပြောသေးသတဲ့။ ဒါနဲ့ ဥက္ကဋ္ဌ စောဘဦးကြီးက ဒါလောက်တော့ ဘာမှ ဖြစ်လောက်တာ မဟုတ်လို့ ရပါတယ်ဆိုပြီး သူ့ခြောက်လုံးပူးကို ဝန်ကြီးချုပ် ဦးနုလက်ထဲ ထည့်လိုက်တယ်။ အဲဒီ အချိန်မှာ သတင်းထောက်တွေက အဲဒီပုံကို ရအောင် ဓာတ်ပုံရိုက်ယူလိုက်ကြတယ်။

နောက်နေ့ သတင်းစာတွေထဲမှာ ရေးကြတော့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ ဆွေးနွေးပဲ သဘောမျိုး မဟုတ်ဘဲ စောဘဦးကြီး ကိုယ်တိုင်က ဝန်ကြီးချုပ်ဦးနု ရှေ့မှာတင်ပဲ လက်နက်ချသလိုလို ဘာလိုလို ရေးကြတယ်လို့ ဆိုတယ်။ အဲဒီတော့ နယ်တွေမှာ သေနတ်ကိုင်ပြီး အစိုးရတပ်တွေနဲ့ တိုက်နေတဲ့ ကေအန်ယူရဲဘော်တွေ ပြာလောင်ခတ်သွား တာပေါ့။ ဒို့ ကရင်ခေါင်းဆောင်ကြီး ဘယ်နှယ့်လုပ်လိုက် သလဲပေါ့။ အဲဒါကို နောက်ပိုင်းမှာ စောဘဦးကြီးလဲ သဘော ပေါက်သွားတော့ စိတ်ထဲမှာ ခိုးလို့ခုလု ဖြစ်ရတာပေါ့။ ဝန်ကြီးချုပ် ဦးနုနဲ့ အစောပိုင်းမှာ ဆွေးနွေးခဲ့တာတွေလည်း ပျက်ပြား ကုန်တာပေါ့။ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်ခဲ့ရတာကြောင့် နောက်ပိုင်းမှာ စောဘဦးကြီးက သူရဲ့ မူလေးချက်ကို ချမှတ်တော့ တချက်က ဘာတုန်းဆိုတော့  ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ နောက်သုံးချက်ကတော့  လက်နက်ချစကား အလျှင်းမပြောရ။  ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်။ ကရင်ပြည်နယ် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည်။ ကရင်တကျပ် ဗမာကျပ်ကနေ စောဘဦးကြီးမူ လေးချက်ကို ကနေ့ ကားပါမစ်တွေနဲ့ နိုင်းယှဉ်ကြည့်မိတော့ ဒီလိုလေး အသောဖောက်ချင်ပါတယ်။

“ကရင်တစီး ဗမာတစီး ချက်ခြင်းစီး။
ကရင့်ကား ကရင့်လက်ထဲတွင် ရှိရမည်။
ကရင့်ကား သူများကိုပေးရမည် ဆိုသောစကား အလျဉ်းမပြောရ။
ရောင်းချင်ရောင်း မောင်းချင်မောင်း ကရင့်ကားရဲ့ ကံကြမ္မာကို ကရင်ပဲ ဖန်တီးမည်။
ကရင်ပြည်နယ်ထဲတွင် ကားပါမစ်ကြောင့် ကားများနှင့် ပြီးပြည့်စုံရမည်။”

ဒီကြားထဲမှာလည်း မန်းငြိမ်းမောင်က သမ္မတဦးသိန်းစိန် နောက်တခေါက် သမ္မတ ပြန်ဖြစ်ဖို့ ဆုတောင်းသေးတယ် ဆိုတော့ မဟုတ်မှလွဲရော ကေအန်ယူအတွက် နောက်ထပ် ကားပါမစ်များများ လိုချင်တာကြောင့် ဖြစ်ပါလိမ့်မယ်။ သူများတွေ ထင်သလို နိုင်ငံရေးနဲ့ မဆိုင်ပါဘူး။ ဒါနဲ့ သိမီလိုက်တဲ့ လူကြီးတွေ အပြောအရတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ငယ်နာမည်က မန်းသိန်းစိန်တဲ့။ ဗိုလ်သင်တန်း လျှောက်တော့ အရွေးမခံရမှာ စိုးရိမ်လို့ မန်း ဆိုတာကို ဖြုတ်ပစ်လိုက်တယ်လို့ ဆိုတယ်။ သမ္မတကလည်း မြစ်ဝကျွန်းပေါ်သားဆိုတော့ ဟုတ်လောက်တယ်။

ချစ်လို့ခင်လို့ စချင်လို့ နောက်ပြောင်ပြီး ရေးတာပါဗျာ။ တကယ်မဟုတ်ပါဘူး။ ကာယကံရှင်များ စိတ်မဆိုးကြပါနဲ့လို့။ ဟဲဟဲဟဲ။

(စာရေးသူသည် ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading