ပြီးခဲ့တဲ့ ရက်ပိုင်းက ဝတ္တုသစ် တအုပ်ထွက်ပြီး ဆိုင်တွေပေါ် ရောက်ပါတယ်။ ရေးသူက အောင်ရင်ငြိမ်း၊ ဝတ္တုနာမည်က “ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ” တဲ့။ စာအုပ် မျက်နှာဖုံး အပေါ်ဘက်မှာတော့ NC 18 ဆိုပြီးလည်း ဖော်ပြထားပါတယ်။ ၁၈ နှစ်အောက် မဖတ်ရ ဆိုတာမျိုးပေါ့။ ဒီ NC 18 ဆိုတဲ့ အသုံးအနှုန်းလေးကိုတော့ ဒီဂျစ်တယ် ဓာတ်ပြားစနစ်တွေ မပေါ်ခင် အရင် ဗီဒီယို ခွေငှားတဲ့ ခေတ်က အပြာကားတွေ (တရားမဝင် လိင်ဆက်ဆံမှု ခွေတွေ) ကို ခေါ်ဝေါ်ခဲ့ဖူးပါတယ်။ နောက်စာလုံးတလုံးက Not For Conservatives ပါတဲ့၊ အယူအဆ အဟောင်းသမားတွေအတွက် မဟုတ်ဘူးပေါ့ဗျာ။ အင်း … အမှာစာ ရေးပေးသူတွေကလည်း နှယ်နှယ်ရရတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နဲ့ နိုင်ငံတကာ ရေးရာတွေကို ဘာသာပြန်လေ့ရှိတဲ့ စာရေးဆရာ “မင်းခက်ရဲ” နဲ့ စာရေးဆရာ “မလေး” ပါ။ ဒီ စာအုပ်အကြောင်း ဘာလို့ ပြောပြချင်တာလဲ။ စာအုပ်ဝေဖန်ရေး ရေးမလို့လား။ စာအုပ် ကြော်ငြာ လုပ်မလို့လား။ မဟုတ်ပါဘူး။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတဲ့ သက်တန်း ၂ နှစ်တာ ကာလအတွင်း ရေးသားဖော်ပြလာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမလို့ပါ။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်နဲ့ လူ့အဖွဲ့အစည်း အဆက်အစပ်အကြောင်း ဆွေးနွေးမလို့ပါ။ အပြာ (အပြာဆန်ဆန်မဟုတ်) ဒါမှမဟုတ် ညစ်ညမ်းတယ်လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ရုပ်ပုံတွေ၊ စာသားတွေကို ပုံနှိပ်ထုတ်ဝေခွင့် ပြုသင့်နေပြီလား စတာတွေ ဆွေးနွေးသွားဖို့ပါ။
ဝတ္တုဆိုတော့ ဒြပ်မဲ့ ဝတ္တုတော့ မဟုတ်ပါဘူး။ ဇာတ်ကောင် ရှိသလို ဇာတ်လမ်းလည်း ရှိပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က ရိုမန်းဘော့ထ် လို့ခေါ်တဲ့ လူတပိုင်း စက်တပိုင်း လူ၊ သူ့ ပတ်ဝန်းကျင်ကတော့ သူ့ကို လူအဖြစ်ပဲ သတ်မှတ်ထားတဲ့ သဘော။ မိန်းမရဖူးတယ်၊ ကလေးရဖူးပြီး ကွဲနေတဲ့သူ၊ မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ လိုက်လံ အိပ်စက် လိင် ဆက်ဆံနေတဲ့သူ။ အဲဒီအထဲမှာ ရိုးရိုး အမျိုးသမီးတွေ ပါသလို ၁၇ နှစ်အရွယ်၊ အရွယ်မရောက်သေးသူလည်း ပါ၊ အသက်ကြီးကြီး ယောက်ျား နဲ့ ကလေးတွေ ရထားတဲ့ အိမ်ထောင်သည် အမျိုးသမီးနဲ့လည်း အိပ်ရဲ့။ အဲ… အိပ်တဲ့အခန်း၊ ဆောရီး သူကတော့ လိင်ဆက်ဆံတဲ့ အခန်းလို့ပဲ ရှင်းရှင်းခေါ်တယ်။ အဲဒီအခန်းတွေကို အသေအချာ ရေးပြထားလေရဲ့။ နောက်ပြီး ကာမပိုင်ရှိတဲ့ မိန်းမနဲ့ တိတ်တဆိတ် လိင်ဆက်ဆံကြတာဟာ အမှားကျူးလွန်တာ မဟုတ်ဘူးဆိုတာမျိုးလည်း အသေအချာ တရားဟောထားလေရဲ့။ နောက်ဆုံး နိဂုံးကျမှသာ တန်ဘိုးအဟောင်းတွေ အတွေးအခေါ် အဟောင်းတွေ ပြိုကျပြီး တန်ဘိုးသစ် အတွေးအမြင်သစ်တွေ ပြောင်းလဲမှုတွေကို မြင်တွေ့ရမယ် ဘာညာ သာရကာ နိဂုံးချုပ်ထားလေရဲ့။
ဒီနေရာမှာ ဝတ္တုကို တန်ဆာဆင်ထားတဲ့ ရိုမန်းဘော့ထ် ရဲ့ လိင်ဆက်ဆံပုံအကြောင်း ဖော်ပြထားတာတွေကို ထုတ်နှုတ် ကိုးကားရင် ကောင်းမလား မကောင်းဘူးလား စဉ်းစားရပါတယ်။ အစောဆုံး ဖေ့ဘုတ် စာမျက်နှာတင်သူ တယောက်ကတော့ မျက်နှာဖုံး နှစ်ခုကိုပဲ တင်ပြီး ဝေဖန်ပါတယ်။ အတွင်းက စာသားတွေ ဖော်ပြရင် သူ့ဝေါ ညစ်ညမ်းမှာ စိုးလို့တဲ့။ ဒါပေမယ့် ဝေဖန်ဆွေးနွေးသူတွေကလည်း မနည်းပါဘူး။ ဆွေးနွေးကြပါတယ်။ အမေရိကား ရောက်နေတဲ့ ဒါရိုက်တာ ချိုတူးဇော် တို့တောင် ပါလိုက်သေးရဲ့။ ခက်တာက သူတို့တွေက ဒီ ဝတ္တုထဲမှာ ဘယ်လို ရေးသားဖော်ပြထားမှန်း မသိကြဘူး။ ကျွန်တော်ကတော့ အသက် ၅၀ အရွယ်ရှိပြီ။ ကျနော့်တသက် တရားဝင် ပုံနှိပ်ဖော်ပြတဲ့ စာအုပ်စာတန်းတွေမှာ တကြိမ်မှ မတွေ့ဘူးတဲ့ အရေးအသားတွေ ဖော်ပြထားတယ်ဆိုတာ သိစေချင်တဲ့အတွက် ဘာပဲပြောပြော နမူနာ တချို့ ထုတ်နှုတ်ဖော်ပြပါမယ်။
“ သူ့ပေါင်နှစ်ဖက်ကြားထဲ ခေါင်းဝင်ပြီး ပစ္စည်းကို လျှာနဲ့ နမ်းဖို့ ဟန်ပြင်လိုက်တော့ ဘာမှမလုပ်ရသေးပဲ အရည်တွေ စိုရွဲှနေတာ တွေ့ရတယ်၊ သူ လိင်စိတ် နိုးကြားပြင်းထန်နေတဲ့ သဘောပါပဲ။ လျှာနဲ့ စ နမ်းလိုက်တဲ့ အချိန်မှာ သူ့ကိုယ်လုံးလေး တစ်ချက် တွန့်သွားပြီး အနမ်းခံရတဲ့ အရသာကို ခါးကော့ ခံစားနေပါတယ်။”
“ သူ့ရင်သားနှစ်ဖက်ကို လက်နဲ့ ဆုတ်ကိုင်ပြီး ကျွန်တော့်ပစ္စည်းကို သူ့ပစ္စည်းထဲ ထိုးသွင်းလိုက်တဲ့ အချိန်မှာ သူ့ပေါင်တံ နှစ်ဖက်ကားလို့ ကျွန်တော့လက်တွေကို ဆုပ်ကိုင်ထားပါတယ်။” (စာ- ၃၈)
“ အိပ်ယာပေါ်က ခေါင်းထောင်ထ၊ လက်ချောင်းတွေနဲ့ ကျွန်တော့်ပါးနှစ်ဖက်ကို ကိုင်ပြီး ကိုယ်ခန္ဓာကို သူ့ဆီ အတင်းဆွဲယူနေတယ်။ ကျွန်တော့်ပစ္စည်းကို ကြည့်လိုက်တော့ ငနဲက အကြောပြိုင်းပြိုင်းထ ထောင်မတ်လို့၊ ဒူးထောင်ကားထားတဲ့ သူ့ပေါင်တံ နှစ်ဖက်ကို အလိုက်သင့် တွန်းတင်ပြီး သူ့ပစ္စည်းထဲ ကျွန်တော့်ပစ္စည်း ထိုးသွင်းဖို့ ဟန်ပြင်လိုက်တယ်။” (စာ- ၆၃)
“ သူက လိင်မဆက်ဆံဖြစ်တာ ၄ နှစ်ကျော် ကြာမြင့်နေလို့ ထင်ပါရဲ့။ သူ့ပစ္စည်းက တကယ့် ဆယ်ကျော်သက် အပျိုစင်လို ပြန်ဖြစ်နေပြီး ကျွန်တော့်ပစ္စည်းက သူ့အထဲမှာ ပြည့်ကျပ် ညှပ်နေတယ်လို့ ထင်မိတယ်။ သူကလည်း ဘဝမှာ မေ့လျော့ထားရတဲ့ လိင်အရသာကို အပြည့်အ၀ ခံစားလို့။” (စာ- ၁၃၇)
အင်း … တော်လောက်ပြီထင်တယ်။ စာအုပ်ထဲမှာ ဒီထက် ပိုများပါတယ်။ အမယ် … အဲလို စာသားတွေကို ဒေါက်တာချက်ကြီး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဇာတ်လမ်းတွေလို သာမာန်ကာလျှံကာ ထည့်သွင်းထားတာမျိုးတော့ မဟုတ်ပါဘူး။ ဘာထရန် ရပ်ဆဲလ်၊ ဆီမွန်ဒီဗူးဗွား၊ အိုရှိုး၊ မိုက်ကယ်ဖူကိုး စတဲ့ ကမ္ဘာ့ ဒိတ်ဒိတ်ကြဲ ဒဿန ပညာရှင်တွေရဲ့ ဘာသာပြန် စာလုံး စာပိုဒ်တွေနဲ့ တအုပ်လုံး မွန်းမံ ချယ်မှုန်းထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေလက်အောက် နှစ်ပေါင်း ၆၀ နီးပါး နေခဲ့ရပါတယ်။ လွတ်လပ်မှု မှန်သမျှ နင်းခြေ ခံခဲ့ရပါတယ်။ အခု အစိုးရသစ် သက်တန်း ၃ နှစ်တာ ကာလ အတွင်းမှာလည်း လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး မရကြသေးပါဘူး။ အာဏာအရပ်ရပ်ကို စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက မြဲမြဲမြံမြံ ချုပ်ကိုင်ထားမြဲ ရှိပါသေးတယ်။ ဒီကြားထဲ ပြီးခဲ့တဲ့ ၂ နှစ်ကမှ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာပါ။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာနဲ့ အမျှ အရေးအသား ပေါင်းစုံ ပေါ်ထွက်လာခဲ့တာမှာ အခု ဖော်ပြပါ ဝတ္တုကလည်း တအုပ် အပါအဝင်ပါ။
ကောင်းပါပြီ။ ဒါဟာ အနုပညာနဲ့ ဖော်ကျူးတဲ့ ဝတ္တု တစ်ပုဒ်လား။ လိင်ကိစ္စ ဆိုတာကတော့ တကယ့် လူ့ဘ၀ ထဲမှာ ရှိနေလေတော့ ဒါကို တနည်းနည်းနဲ့ ရေးသား ဖော်ပြကြတာပါပဲ။ နိုင်ငံတကာမှာ ရှိခဲ့သလို မြန်မာ ဝတ္တုတွေမှာလည်း ရှိခဲ့တာပါပဲ။ စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ လို ဂန္ထဝင်မြောက် အထင်ကရ ဝတ္တုကြီးမှာလည်း ပါတာပါပဲ။ ဒါပေမယ့် ဒီလို ဖော်ပြတာမျိုးတော့ မဟုတ်ပါဘူး။ ဆုံးပါးသွားပြီဖြစ်တဲ့ စာရေးဆရာကြီး နတ်နွယ်ကလည်း “တံခွန်တိုင်မောင်နှမများ” ရာဇဝင် ဝတ္တုမှာလည်း ဒီလို ဇာတ်ဝင်ခန်း ပါတာပါပဲ။ ဒါပေမယ့် “ ဇီးဖြူသီး စကောထဲ လှိမ့်သလို၊ လမ်းကြမ်းကြမ်းမှာ လှည်းစီးရသလို” ဆိုတာမျိုးလောက်ပဲ ရေးခဲ့ပါတယ်။ ဒါတောင် ညစ်ညမ်းတယ် ဆိုပြီး အပြင်းအထန် ဝေဖန်လို့ ဆရာနတ်နွယ် စိတ်ဆိုးခဲ့ပါသေးတယ်။ ပြင်သစ်မှာလည်း “လေဒီချက်တာလီရဲ့ ချစ်သူ” မှာလည်း အဲလို အခန်းမျိုး ပါတာပါပဲ။ အဲဒီအတွက် ကာလတခု ပိတ်ပင်တာတောင် ခံခဲ့ရပါတယ်။ ဒါပေမယ့် အခု ဝတ္တုမှာ ရေးသလိုမျိုး မဟုတ်ပါဘူး။
အဲတော့ ဒီစာအုပ်ကို ဘယ်ခြင်းတောင်းထဲ ထည့်ရမှာပါလဲ။ အနုပညာနဲ့ ဖန်တီးတဲ့ ဝတ္တုစာရင်းထဲ ထည့်ရင်တော့ တကယ့် ရသဝတ္တုရေးဆရာတွေ လက်ခံကြမှာ မဟုတ်ပါဘူး။ အဘိဓမ္မာ စာအုပ်ထဲ ထည့်ရလောက်အောင်လဲ ဘာ အသစ်မှ မတွေ့ရပါဘူး။ ဆေးပညာ စာ အုပ်ထဲလည်း ထည့်လို့ မရပါဘူး။ ပြောရရင် နိုင်ငံမှာ မုဒိန်းမှု ဖြစ်ပွားမှုနှုန်း မြင့်တက်နေချိန်၊ အဲဒီအထဲကမှ လူမဆန်တဲ့ သက်ငယ် မုဒိန်း အမှုတွေက ရာခိုင်နှုန်း အချိုးအစား အများကြီး ပါဝင်နေချိန် ပြည်သူတွေ ပူပန်သောက ရောက်နေချိန် ဒီ ဝတ္တု ထုတ်ဝေလာတာပါ။
ဒီလို ညစ်ညမ်းတာမျိုးတွေ ဖေ့ဘုတ်လို၊ အင်တာနက် ဝက်ဘ် ဆိုက်လိုမျိုးတွေမှာ လွယ်လွယ်ကူကူ ရှာဖတ်နိုင်တာပဲ။ ဓာတ်ပြားတွေလည်း အောလပုံ ဝယ်လို့ ရနိုင်တာပဲ မဟုတ်ဘူးလား။ ဘာများ ထိန်းချုပ်ချင်သလဲ မေးခွန်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ညစ်ညမ်းမှုတွေဟာ သူ့နေရာနဲ့ သူ ရှိနေကြပါတယ်။ ဒါပေမယ့် ဘယ်တိုင်းပြည်မှာမှ အိမ်ဦးခန်း ထားလေ့မရှိပါဘူး။ လွတ်လပ်စွာ ရေးသားခွင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို လုံး၀ မပိတ်ပင်လိုပါဘူး။ လွတ်လပ်စွာ ရေးသားပါ။ ပြီးရင် လွတ်လပ်စွာ ဝေဖန်တာကိုလည်း ခံယူရပါမယ်။ ဒီနေရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကြောင့် အမုန်းတရားတွေပွားပြီး လူမျိုးတုန်း သတ်ကြ ဖြတ်ကြတဲ့ အဖြစ်မျိုး ရောက်သွားမှာမျိုးကို ဝေဖန် တားဆီးရမှာ ဖြစ်သလို လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျင့်ဝတ်တန်ဘိုး ပျက်စီးအောင်၊ ရာဇဝတ်မှု ကျူးလွန်မှုကို အားပေးသလို ဖြစ်လာမှာမျိုးတွေကိုတော့ ဝေဖန်ရပါမယ်။ လိုအပ်ရင် တားဆီးရပါမယ်။
အရေးကြီးဆုံး အချက်က ဒီနိုင်ငံဟာ အရင် စစ်အာဏာရှင်တွေက ဖျက်ဆီးထားခဲ့လို့၊ ပညာရေးဟာ ဟိုးချောက်ထဲအထိ နိမ့်ကျ နေတဲ့ နိုင်ငံတနိုင်ငံပါ။ အဲလို အခြေအနေအောက်က ပြည်သူတွေကို ဘာလွတ်လပ်မှု၊ ညာလွတ်လပ်မှု ဆိုပြီး ခုလို ဝတ္တုတစ်အုပ် ထည့်ပေးတာကတော့ မသင့်တော်ပါဘူး။ စာအုပ်ရောင်းကောင်းချင်လို့၊ ညှို့မဂ္ဂဇင်းတုန်းကလို ငွေကြေး အမြတ်အစွန်းရချင်လို့ ဆိုရင်တော့ ခင်ဗျားတို့ သဘောပါပဲ။
ညစ်ညမ်းတဲ့ အကြောင်းပြောလို့ ညစ်ညမ်းတဲ့ အပြာကားတကား နဲ့ပဲ နိဂုံးချုပ်ပါမယ်။ နိုင်ငံခြား အပြာ ဗီဒီယို ဇတ်ကား တစ်ခုပါ။ ဇတ်လမ်းအစမှာ လူတစ်ယောက်ဟာ အမျိုးသမီး နှစ်ယောက်ကို မြေတိုက်ထဲ ဖမ်းခေါ်လာပါတယ်။ နောက် … အဲဒီ မြေတိုက်ထဲမှာ ချုပ်နှောင်ထားပြီး အမျိုးမျိုး ပြုကျင့်ပါတယ်။ တကားလုံး အဲဒီ အခန်းပါပဲ။ ဇာတ်လမ်းပြီးခါနီးမှာ ရဲက မြေတိုက်ထဲ ထိုးဖောက်ဝင်ရောက်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းပါတယ်။ ပြီးတော့ စာတန်းထိုးပါတယ်။ ရာဇဝတ်ဘေး ပြေးမလွတ် တဲ့။ အခု အောင်ရင်ငြိမ်းရဲ့ ဝတ္တုဟာလည်း အဲဒီ ဗီဒီယို ဇာတ်ကားလို ဖြစ်လေမလားပဲ။ ကျနော် ကွန်ဆာဗေးတစ် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ ဝတ္တုကို အဲလိုပဲ မြင်ပါတယ်။ ဟော … ပြောရင်းဆိုရင်း ဒီဆောင်းပါးတောင် ညစ်ညမ်းဆောင်းပါး ဖြစ်မှန်းမသိ ဖြစ်သွားလေပြီလား မပြောတတ်တော့ပါဘူး။
(စည်သူအောင်မြင့်သည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)