မြန်မာ အစိုးရနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးတို့ဟာ ထိုင်းမှာရှိတဲ့ မြန်မာ အလုပ်သမားတွေ အရေး နဲ့ ပတ်သက်ပြီး လျစ်လျူရှုမှုတွေ ရှိနေတယ်၊ မကြာသေးခင်က မြန်မာ အလုပ်သမားတွေ ဖမ်းဆီး ပြန်ပို့မှုတွေနဲ့ ပတ်သက်ပြီး တော့လည်း မြန်မာသံရုံးက နှုတ်ဆိတ် နေတယ် ဆိုပြီး မြန်မာ အလုပ် သမားအရေး ကူညီနေ သူတွေက ဝေဖန်ပြစ်တင် မှုတွေ ရှိနေပါတယ်။
အဲဒီလို ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ အလုပ် သမားတွေ လူကုန်ကူး ခံရမှု၊ ဖမ်းဆီးခံရမှု၊ တရားဝင် နေထိုင် လုပ်ကိုင်နိုင်ရေး အတွက် နိုင်ငံ ကူး လက်မှတ် လုပ်ဆောင် ပေးတာတွေမှာ ဝေဖန်ခံနေရ တာတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင် ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ် မေးမြန်း ထားပါတယ်။
သံအမတ်ကြီး ဦးဝင်းမောင်ဟာ ဇွန်လ ၁၅ ရက်နေ့ကစပြီး သံအမတ်အဖြစ်နဲ့ စတင် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာပဲ ၂၀၀၈ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အထိ စစ်သံမှူး တာဝန်ကို ထမ်းဆောင် ခဲ့သူလည်း ဖြစ်ပါတယ်။
မေး။ ။ လတ်တလော ထိုင်းနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ဖမ်းဆီးမှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ထိုင်း အာဏာပိုင်တွေနဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုတွေ ရှိတယ်လို့ ကြားရတယ်။ ဘာတွေ ဆွေးနွေးဖြစ်ခဲ့ ကြ လဲ ရှင်းပြပေးပါဦး။
ဖြေ။ ။ ဒီလ ၆ ရက်နေ့က ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Thanasak ပေါ့နော။ သူနဲ့ အတူ ထိုင်း အလုပ် သမားတွေနဲ့ပတ်သက်ပြီးတော့ ပြန်လည်ပြုပြင်တဲ့ ဆပ်ကော်မတီရဲ့ NCPO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စီလီချိုင်းနဲ့ အတူ ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေလည်း ရှိပါတယ်။ ကျနော်တို့ တရားဝင် တွေ့ဆုံကြပြီး ပြောကြပါတယ်။
မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာလည်း ကျနော်တို့သံရုံးမှာ Passport အသစ်တွေလုပ်ဖို့ One Stop Service လည်း ဖွင့်ထားပါတယ်။ ထို့အတူပဲ မဲဆောက်၊ မယ်ဆိုင်နဲ့ ရနောင်းမှာ ဖွင့်ထားပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ အလုပ်သမားတွေ Visa ကျော်တာတို့၊ သက်တမ်း ကျော်တာတို့ကို မဖမ်းဖို့ လုပ်နေပါတယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။ သူတို့ကလည်း လော လောဆယ် Visa သက်တမ်းတိုးပေးပြီးတော့ မဖမ်းတော့ဘူး၊ စာရွက်စာတမ်း အစုံရှိအောင်ပဲကြိုးစားပေးပါလို့ ပြောပါတယ်။
နောက်တခုက သူက ဒီအလုပ်သမားတွေရဲ့ ကျန်းမာရေးတို့ ပညာရေးတို့၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရအောင် အခုတက် လာတဲ့ စစ်အစိုးရအနေနဲ့ ပြောင်းလဲဖို့ စည်းကမ်းတကျရှိဖို့ လုပ်နေပါတယ်ဆိုပြီး သူတို့ပြောပါတယ်။ အဲဒါကတော့ တွေ့ဆုံစဉ်ကပြောခဲ့တာပါ။
မေး။ ။ တရားမဝင် အလုပ်သမားတွေ ဖမ်းဆီးမှုတွေမှာ အထောက်အထား အပြည့်အစုံ ရှိနေတဲ့ မြန်မာ အလုပ်သမားတွေကိုပါ ဖမ်းနေတယ်ဆိုပြီး အလုပ်သမားတွေကြားမှာ ပြောနေကြတာတွေရှိသလို စိုးရိမ်နေကြတာလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သံရုံးဘက်က ဘာတွေ လုပ်ဆောင်နေတာများ ရှိလဲခင်ဗျ။
ဖြေ။ ။ အခု အဲဒီဟာတွေကြားတော့ ကျနော်တို့လည်း ကိုယ့်မြန်မာ အလုပ်သမားတွေကိုဖမ်းတာ စိုးရိမ်တဲ့အတွက် အလုပ်သမား သံအရာရှိရယ်၊ မြန်မာဆိုက်ကိုင်တဲ့ အရာရှိ တဦးနဲ့ ၂ ဦးကို တကယ်လို့ တရားဝင် စာရွက်စာတမ်းတွေရှိရဲ့နဲ့ ဖမ်းဆီးသွားတယ် ဆိုရင် အကြောင်းကြားနိုင်အောင် တယ်လီဖုန်း နံပါတ်တွေပေးပါတယ်။ ပြီးရင် One Stop Service တွေရဲ့ ဖုန်းနံပါတ်တွေလည်း ပေး ထားပါတယ်။ အထူူးသဖြင့်တော့ မဟာချိုင်ဘက်ကို အလုပ်သမား သံအရာရှိတွေကို အမြဲတမ်း သွားကြည့်ခိုင်းပါတယ်။
လောလောဆယ်တော့ ဘာမှထူးခြားတာ မတွေ့သေးပါဘူး။ အခုနပြောသလို ပြစ်မှုဆိုင်ရာရှိတာလေးတွေ တယောက်စ၊ ၂ ယောက် စ ဆိုင်ကယ်လိုင်စင် မပါတာတို့ဘာတို့ အဲဒါတွေဖမ်းတာ ဒဏ်ရိုက်တာလောက်တော့ ရှိတာပေါ့။ လောလောဆယ် ဘန်ကောက်မှာတော့ မရှိပါဘူး။ အဲဒီ ချင်းမိုင်မှာလည်း ဟိုတလောက ဖမ်းတဲ့ဥစ္စာကို သူတို့ (ထိုင်းအာဏာပိုင်) စစ်ဆေးပြီး အကုန်လုံး ပြန်လွှတ် ပေး ပြီးပြီလို့ ပြောပါတယ်။
မေး။ ။ မြန်မာ အလုပ်သမားတွေ အဖမ်းအဆီးခံနေရတဲ့ ကိစ္စတွေမှာ မြန်မာအစိုးရနဲ့ မြန်မာသံရုံးတွေက နှုတ်ဆိတ် နေကြတယ်၊ အလုပ်သမားတွေဘက်က အကူအညီတွေ တောင်းဆိုတဲ့ အခါမှာလည်း တုံ့ပြန်မှုတွေ မရှိဘူးဆိုပြီး အလုပ်သမားတွေက ဝေဖန်ပြော ဆိုနေကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သံအမတ်ကြီးအနေနဲ့ ဘယ်လိုပြောချင်လဲ။
ဖြေ။ ။ သြော် ဒါကတော့ သူတို့က အောက်မှာနေတဲ့ အဖွဲ့တွေပေါ့။ သူတို့အလုပ်ရုံ စက်ရုံတွေမှာ ဝင်ဖမ်းတာတွေရှိမှာပါ။ ရှိတဲ့အခါမှာ သူတို့စစ်ဆေးပြီးတော့ မြန်မာပြည်ပြန်လွှတ်တယ်။ ကမ္ဘောဒီးယားအဖွဲ့ အလုပ်သမားတွေကို စိစစ်ပြီးတော့ အထောက်အထား မရှိရင် ဖမ်းတယ်ပေါ့။ အဲလိုတွေ ဖြစ်လာတဲ့အခါကြတော့ အောက်က မြန်မာအလုပ်သမားတွေလည်း စိတ်ပူမှာပါ။
ဒါကြောင့်မို့လည်း ကျနော်က အဲဒီ မတိုင်ခင်ကတည်းက သွားတွေ့ထားပါတယ်။ ၆ ရက်နေ့က တွေ့တယ်။ အဲဒါကတော့ တရားဝင် Call ကြီးပါ။ နောက်နေ့ကြတော့ အဲဒါတွေထပ်ကြားတဲ့ အတွက် အဲဒါကိုင်တဲ့လူကို ထပ်ပြီး သွားပြောပါတယ်။ ငါတို့လူတွေ ဖမ်း လား၊ မဖမ်းပါနဲ့ဆိုတော့ သူတို့က မဖမ်းပါဘူးတဲ့ ဖမ်းတာရှိရင် သူတို့ကို လာပြောပါဆိုပြီးတော့ ပြောပါတယ်။
အဲဒါနဲ့ စုံစမ်းခိုင်းတော့ ပြစ်မှုဆိုင်ရာလေးတွေ၊ ဆိုင်ကယ် ဦးထုပ် မဆောင်းတာ၊ လူတိုက်မိတာတို့ ပြစ်မှုဆိုင်ရာလေးတွေပဲ မြန်မာနဲ့ ပတ်သက်တာ တွေ့ပြီးတော့ မြန်မာတွေကို အုံလိုက်ကျင်းလိုက် ဖမ်းသွားတာဆိုတာကတော့ မကြားမိဘူး။ ရှိလည်း မရှိပါဘူး။ အဲဒါကြောင့်မို့ ထိုင်းဘက်ကိုလည်း ပြောထားပါတယ်။ မြန်မာတွေ မဖမ်းဖို့ သွားပြီးတော့ ပြောထားပါတယ်။
မေး။ ။ မကြာခင်ရက်ပိုင်းကဆို မဲဆောက်မြို့က မြန်မာအလုပ်သမားတွေ ၅၀-၆၀ လောက် အုပ်စုလိုက် ဖမ်းပြီး တင်သွားတာတွေ့တယ်။ ချင်းမိုင်မှာဆိုရင်လည်း အဲဒီလို အုပ်စုလိုက်ဖမ်းတာတွေကို တွေ့ရတယ်။ ထိုင်း သတင်းဌာနတွေမှာတောင် ရုပ်သံဖိုင်တွေနဲ့တကွ ဖော်ပြထားတာတွေ ရှိပါတယ်။
ဖြေ။ ။ အဲဒါနဲ့ပတ်သက်ရင် မဲဆောက်မှာတော့ သောင်းရင်းမြစ်ဘေးမှာ ကျူးကျော်တဲနဲ့ ကန့်သတ်ပစ္စည်းတွေ ရောင်းတာပေါ့နော်။ အဲဒီ တဲတွေဖျက်ပါတယ်။ ဖျက်ပြီးတော့ အဲဒီမှာလည်း လူ ၇၀-၈၀ လောက် သူတို့စစ်မေးပါတယ်။ မေးပြီးတော့ အထောက် အထား ရှိတဲ့ လူတွေကိုတော့ သူတို့ ဘာမှ မလုပ်ပါဘူး။ အထောက်အထားမရှိတဲ့ လူတွေကိုတော့ နယ်စပ်ကနေ ပြန်ပို့ပါတယ်။ ချင်းမိုင်မှာလည်း ဖမ်းပြီးတော့ စိစစ်ပြီးပြန်လွှတ်တယ်။
ချင်းမိုင်မှာတော့ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ လူ ၈ ယောက်ကိုတော့ ခေါ်စစ်ထားဆဲပေါ့။ မဲဆောက်မှာတော့ ဖမ်းထား၊ ချုပ်ထား တာ ၂ ယောက်ရှိတယ်၊ အဲဒါကတော့ ATM စက်ကိုဖောက်လို့ဆိုပြီးတော့ ဖမ်းထားတာရှိတယ်။ ကျန်တာတော့ အကုန်လုံးနီးပါးကို စစ်ဆေးပြီးတော့ ပြန်လွှတ်ပေးပြီးပါပြီ။ အဓိက လူများသွားတာကတော့ မဲဆောက်မှာ ကျူးကျော်တဲတွေ များသွားတဲ့ အတွက် လူ ၇၀ လောက်ဖြစ်သွားတာပါ။
မေး။ ။ ဖမ်းနေတာတော့ နည်းနည်းကြာနေပြီပေါ့၊ ဒါပေမယ့် အလုံးအရင်းနဲ့ဖမ်းတာက ဇွန် ၁၁ ရက်မှာပဲ စတင် ဖမ်းတာတွေ့ ရပါ တယ်၊ အဲဒီအချိန်မှာပဲ ကမ္ဘောဒီးယား အစိုးရက သူ့နိုင်ငံသားတွေကို ချက်ချင်း ပြန်လာကြဖို့ ဖိတ်ခေါ် ကမ်းလှမ်းတဲ့အပြင် ခရီးသွားလာရေးက အစ စီစဉ်ပေးတယ်၊ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ကမ္ဘောဒီးယား အလုပ်သမားတွေထက် သန်းချီပြီးပိုများတဲ့ မြန်မာ အလုပ် သမားတွေအတွက် မြန်မာ အစိုးရက ကိုယ့်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ဘာမှ ပြောတာ မတွေ့ရဘူး။ ဘာ့ကြောင့်ပါလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာအလုပ်သမားတွေကို အုပ်လိုက်ကျင်းလိုက် ကားပေါ်တင်ပြီးဖမ်းနေတာ မရှိပါဘူး။ မရှိတဲ့အတွက် ကျနော်တို့ကလည်း သွားတွေ့ပါတယ်။ သူတို့ (ထိုင်း) အစိုးရနဲ့ ကျနော်တို့လည်း စဉ်ဆက်မပြတ်သွားပြီးတွေ့နေပါတယ်။ ဒီနေ့ ဆိုလို့ရှိရင်လည်း ကျနော်တို့ စစ်သံမှူးကို သွားပြီးတော့ တွေ့ခိုင်းထားပါတယ်။ ထိုင်းအစိုးရနဲ့လည်း အဆက်အသွယ်မပြတ်အောင် နေပါတယ်။ အောက်ခြေမှာ ဖြစ်နေတာတွေကိုလည်း ကြည့်နေပါတယ်။
ကမ္ဘောဒီးယားလို အုပ်လိုက်၊ ကျင်းလိုက် မဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ပြန်ပို့ဖို့၊ ပြန်ခေါ်ဖို့၊ ပြန်သွားမယ့်လူတွေ ပြန်ပို့ဖို့ဆိုတာလည်း အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် အဲဒီလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအစဉ်တွေတော့ ကျနော်တို့ ရှိပါတယ်။ ကျနော်တို့ကတော့ ပိုများတဲ့အတွက် ပိုပြီးတော့ အပိုင်းလိုက်တွေ လုပ်ဆောင်ဖို့တွေတော့ ကျနော်တို့ ရှိပြီးသားပါ။ ဒါပေမယ့် လက် ရှိမှာ မြန်မာ အလုပ်သမားတွေကို ပို့စရာ မလိုပါဘူး။ ဖမ်းတာလည်း မရှိပါဘူး။
မေး။ ။ ဆရာတို့ မြန်မာသံရုံးတာဝန်ရှိသူတွေ အနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ သွားတွေ့တဲ့အခါ ဟိုကပြောလိုက်တာက မြန်မာ အလုပ်သမားတွေကို မဖမ်းပါဘူးလို့ပြောလိုက်တဲ့ဟာကို ဒီဘက်မှာ စိုးရိမ်ပူပန်နေကြတဲ့ အလုပ်သမားတွေကို ချက်ချင်း အသိပေး တာ မရှိပါဘူး။ အသိပေးတော့လည်း နောက်ကျတယ်။ အဲဒါကရော ဘယ်လိုကြောင့်လဲဗျ။
ဖြေ။ ။ နောက်မကျပါဘူး။ ကျနော်တို့ဆီမှာတွဲထားတဲ့ အလုပ်သမား သံအရာရှိ၊ သူက လက်ရေးနဲ့လည်း ကျနော်တို့ တင်ပါတယ်။ ပြီးလို့ရှိရင်လည်း One Stop Service တွေမှာလည်း အပြင်ထွက်လို့ရှိရင် ယူဆောင်ရမယ့်ဥစ္စာတွေ မမေ့ဖို့လည်း ကျနော်တို့ ဆိုင်း ဘုတ်တွေ ကပ်ပေးထားပါတယ်။ နောက်တခါ အလုပ်ရှင် တော်တော်များများဆီကိုလည်း ဖုန်းဆက်ပြီး ပြောထားတာ ရှိပါတယ်။ မြန်မာအလုပ်သမားတွေကို အပြင်ထွက်လို့ရှိရင် တယောက်တည်း မထွက်ဖို့ကိုလည်း ပြောထားတာ ရှိပါတယ်။ စာရွက်စာတမ်း အပြည့်အစုံယူသွားဖို့လည်း ပြောထားပါတယ်။
မေး။ ။ မြန်မာအစိုးရ၊ မြန်မာသံရုံးက ဘာသံမှ ထွက်မလာတဲ့ အပေါ်မှာ လူမှုကွန်ရက်တွေ အပေါ်မှာ ဝေဖန်မှု အတော် များများ ထွက်ပေါ်လာတာလည်း တွေ့ရတယ်။ အဲဒီလို ထွက်ပေါ်လာပြီးမှပဲ သံရုံးက စာထုတ်တာ၊ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးတာ တွေ့ရတယ်။ အဲဒီလို နောက်ကျမှ ထုတ်ပြန်ရတာတွေက ဘာတွေ အခက်အခဲရှိလို့ပါလဲ။
ဖြေ။ ။ မရှိဘူး။ ကျနော်က ၆ ရက်နေ့ကတည်းကိုက ထိုင်းအလုပ်သမားဝန်ကြီးဌာနတွေ၊ ထိုင်းအစိုးရဌာနတွေမှာ သွားတွေ့ ထားပြီးသား ကျနော်တို့ဘက်ကနေပြီးတော့ Passport အသစ်တွေလုပ်ပေးမယ်။ အထောက်အထားစစ်တာ နည်းနည်း ကြာမှာ ဖြစ်တဲ့ အတွက် Visa တိုးပေးပါ။ Visa ကိုမတိုးပေးဘဲနဲ့ ကျော်နေရင်လည်း မဖမ်းဖို့ ကြိုပြီး ကျနော်တို့က ပြောထားပြီးသား ဖြစ်တဲ့ အတွက် ကျနော်တို့ မြန်မာတွေကိုဖမ်းစရာ အကြောင်းမရှိဘူးဆိုတာ သိပြီးသားပါ။ ကလေးတွေကစိုးရိမ်နေကြတဲ့ အခါကြတော့လည်း ကျနော်တို့က ဒီက ကော်မတီဖွဲ့ပြီးတော့ လိုက်လံအသိပေးတာတွေ လုပ်ပါတယ်။
မေး။ ။ အခုဖြစ်နေတဲ့ အဖမ်းအဆီးအခြေအနေတွေမှာ အဓိက အဖမ်းခံနေရတာက ကမ္ဘောဒီးယား အလုပ်သမားတွေ ဖြစ်နေပါတယ်။ ဒီဖမ်းဆီးမှုတွေအပေါ် သံအမတ်ကြီးက ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အစိုးရအပြောင်းအလဲ အစပိုင်းကတည်းက ဒီကိစ္စက ဖြစ်နေတဲ့ သဘောရှိပါတယ်။ ဒီအချိန်မှာ ကျနော်တို့ မြန်မာ အလုပ် သမားတွေက စည်းစည်းလုံးလုံးနဲ့ သူတို့ ဆန္ဒပြမှုတွေမှာ မပါပါဘူး။ ကျနော်က ပြီးခဲ့တဲ့လ ၁၅ ရက်နေ့က ရောက်ပြီးတော့ သံအမတ်တာဝန် ထမ်းဆောင်တာပေါ့နော်။ သူတို့ ဆန္ဒပြပွဲပြီးခါနီးမှ ရောက်လာတာပေါ့နော်။
ကျနော်တို့ မြန်မာတွေက ဆန္ဒပြတဲ့ အထဲမှာလည်း မပါဘူး။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေကြတယ်၊ နောက်ပြီးတော့ စည်းစည်းရုံးရုံးလည်း ရှိကြတယ်။ သိတာနဲ့ ချက်ချင်း ဖုန်းဆက်တယ်။ Facebook တွေကနေ ချက်ချင်း အကြောင်းကြားတယ်။ အဲဒီလို နေကြတာ ပေါ့နော်။ ကမ္ဘောဒီးယား အလုပ်သမားတွေကြတော့ သူတို့က အုပ်စုလိုက်လေးတွေပဲ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာရှိကြတာ ဆိုတော့ သူတို့တွေ အခြေအနေကတော့ အစိုးရ အပြောင်းအလဲနဲ့ပဲ ပတ်သက်တယ်လို့ ယူဆတာပေါ့။
မေး။ ။ ဟိုတရက်ကတော့ သံရုံးရှေ့မှာ ရွှေ့ပြောင်း အလုပ်သမားတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ တောင်း ဆိုတဲ့ ကျောင်းဆရာ တဦးကို သံအမတ်ကြီးက ခေါ်ယူတွေ့ဆုံပြီး တောင်းဆိုချက်တွေကို လက်ခံနားထောင်ခဲ့တယ်လို့ သိရ တယ်။ အခုလိုတွေ့ဆုံပြီး အလုပ်သမားတွေရဲ့ အသံကို နားထောင်တာဟာ ကောင်းတဲ့လက္ခဏာလို့ မြင်ပြီး ချီးကျူးသံတွေလည်း ကြားရပါတယ်။ သံအမတ်ကြီးကရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ သူတို့ကတော့ သူတို့လုပ်ချင်တာတွေ၊ စိုးရိမ်ပူပန်တာတွေပေါ့နော်။ မြန်မာသံရုံးကို လာပြီးတော့ ဆန္ဒပြတာပဲလေ။ နောက် တယောက်တည်းလည်း လာတယ်ဆိုတော့ သူ့အတွက်လည်း ကျနော်က စိုးရိမ်တယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအချိန်မှာက သူများနိုင်ငံရေးက ရှုပ်နေတယ်။ အဲဒီတော့ သူပြချင်တယ်။ ဘယ်လောက်ပြမလဲ ပြပြီးလို့ရှိရင် တွေ့ရအောင်ဆိုပြီးတော့ ကျနော်ခေါ်ပါတယ်။ ခေါ်ပြီးတော့ ကဲ ကျောင်းဆရာ ဒီဟာတွေကို သံရုံးက မသိချင်ယောင် ဆောင်နေတာလည်း မဟုတ်ပါဘူး။ သမ္မတကြီး ကလည်း ပစ်ထားတာ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်နေပါတယ်။ အဲဒီတော့ တကယ်လို့ အဖမ်းခံထားရတာ ရှိတယ်။ ကျောင်း ဆရာ က သိတယ်ဆိုရင် ကျနော်တို့ အတူတူသွားကြမယ်။ သွားကြည့်မယ်လို့ ကျနော်ပြောပါတယ်။
ပြောတဲ့အခါကြတော့ သူက လောလောဆယ်တော့ မသိဘူးပေါ့။ အဖမ်းခံရတယ်၊ ပစ်ထားတယ်ကြားလို့ လာပြီးတော့ ဆန္ဒပြတာ တဲ့။ မပစ်ထားပါဘူး။ ကဲ အဲဒါဆိုရင်လည်း မသိရင်လည်း ကိစ္စမရှိဘူး။ ကျောင်းဆရာ ပြန်သွားလိုက်။ တကယ်လို့ ဖမ်းတယ်ဆိုတာ သိပြီ ဆိုရင်တော့ ချက်ချင်းလာပြောပါ။ ဖုန်းနဲ့လည်း ပြောပါ။ ကားခတောင် ပေးဦးမယ်လို့ ကျနော်ပြောလိုက်သေးတယ်။
ပြောပြီးတော့ သူ့ကို လက်ဖက်ရည်တွေ ဘာတွေတိုက်ပြီးတော့ ကျန်တဲ့ကိစ္စတွေ နောက်မှ ဆွေးနွေးတာပေါ့။ လောလောဆယ် ဆန္ဒလာပြတဲ့ အဓိကအချက်ကိုဘဲ ဖြေရှင်းပြီးတဲ့အကြောင်း သူ့ကိုခေါ်ပြောတယ်။ သက်သေတွေလည်းပြတယ်။ ပြပေးပြီးတော့ သူသိ တဲ့လူတွေ ဖမ်းထားတဲ့ နေရာရှိရင်လည်း အတူတူသွားမယ်ဆိုပြီးတော့ သူ့ကို ပြောလိုက်ပါတယ်။ သူလည်း ကျေနပ်သွား ပါတယ်။
မေး။ ။ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် စခန်းက လူတွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက စီစဉ်နေ တယ်၊ မဲဆောက်မှာ ၃ ရက်ကြာ အစည်းအဝေးတွေ လုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ကော သံအမတ်ကြီးနဲ့ ထိုင်းအာဏာပိုင်တွေ တွေ့တုန်းက ဆွေးနွေးဖြစ်ခဲ့ကြပါလား။
ဖြေ။ ။ အဲဒီ ကိစ္စကိုတော့ မဆွေးနွေးခဲ့ပါဘူး။ အောက်ခြေက အာဏာပိုင်တွေ စီစဉ်နေတာ ဖြစ်ပါလိမ့်မယ်။ အရင် အစိုးရ လက် ထက် ကတော့ ရှိခဲ့ကြပါတယ်။ အခု စစ်တပ် အစိုးရ နဲ့တော့ ဆွေးနွေးတာ၊ ပြောဆိုတာ တစုံတရာ မရှိသေးပါဘူး ခင်ဗျ။
မေး။ ။ ၂၀၀၉ ခုနှစ်ကတည်းက ယာယီ နိုင်ငံကူးလက်မှတ် လုပ်ထားတဲ့အလုပ်သမားတွေဟာ ဆက်တိုးဖို့၊ အသစ်လုပ်ဖို့ အတွက် အခက်အခဲဖြစ်နေပြီး နှစ်နိုင်ငံအစိုးရတွေရဲ့ လုပ်ဆောင်ပေးမှု အားနည်းချက်တွေကြောင့် သိန်းနဲ့ချီတဲ့ မြန်မာ အလုပ်သမား တွေလည်း တရားမဝင် အလုပ်သမားတွေ ဖြစ်ကုန်တယ်။ ဆိုတော့ အဲဒီကိစ္စကိုရော ဘယ်လိုဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါလဲ။
ဖြေ။ ။ အရင်ထိုင်းဘက်မှာ လွှတ်တော်မပျက်ခင်တုန်းက ကျနော်တို့ တရားဝင်ညှိထားတာ ရှိပါတယ်။ အဲဒီညှိထားတဲ့ အတိုင်းပဲ တရားဝင်ဆက်လုပ်ဖို့ သွားနေပါတယ်။ ကျနော်တို့ နိုင်ငံတော် သမ္မတကြီးကလည်း နိုင်ငံသားတွေကို ယာယီ နိုင်ငံကူး လက်မှတ်နဲ့ဆိုရင် တကယ်တမ်းကြတော့ တရားမဝင်ဘဲ ဖြစ်နေမယ်။ ကိုယ့်အခွင့်အရေး ရတာနည်းမယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာသွားလို့ရတဲ့ နိုင်ငံကူးလက်မှတ် စာအုပ်အကြီးကို ပြောင်းလုပ်ပေးမယ်ဆိုပြီးတော့ ဒီအလုပ်သမားတွေအတွက်ကို ပိုပြီးတော့ အခွင့်အရေး တွေ ရအောင် Passport အကြီးတွေ လုပ်ပေးဖို့ One Stop Service တွေ လေးခု လာချထားပါတယ်။ သံရုံးမှာလည်း အခုလက်ရှိ လုပ်နေပါတယ်။ တချို့ကလေးတွေဆိုရင် ရတောင်ရသွားပါပြီ။
ကလေးတွေဘက်ကလည်း မှတ်ပုံတင်တို့ အိမ်ထောင်စု ဇယားတို့ လိုတဲ့ အချက်အလက်တွေ ပုံစံလေးတွေတော့ ဖြည့်ပေးရမှာ ပေါ့နော်။ ဖြည့်ပြီးရင်တော့ ကျနော်တို့က နိုင်ငံသားစိစစ်မှုကိုလုပ်ပြီးတာနဲ့ သူတို့ကို တရားဝင် Passport အကြီးကြီးတွေ ထုတ်ပေး နေ ပါ တယ်။ ကျနော်တို့ ဘက်က ထုတ်ပေးပြီးရင် သူတို့ဘက်ကလည်း အရင်ညှိနှိုင်းထားချက်အရ Work Permit တွေပေးရပါမယ်။ Work Permit တွေပေးလို့ ရှိရင် ကျနော်တို့ အလုပ်သမားတွေမှာ ဘာမှတရားမဝင်ဖြစ်စရာ အကြောင်း မရှိပါဘူး။ တရားဝင် အလုပ် သမားပဲ ဖြစ်မှာပါ။
မေး။ ။ အလုပ်သမားတွေ အနေနဲ့ အခု အသစ် လုပ်ဆောင်ရမယ်ဆိုတဲ့ Passport စာအုပ်ကြီးရဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ဟာ အလုပ်သမားတွေအတွက်တော့ ရှုပ်ထွေးလွန်းပြီး နားလည်ရခက်တယ်။ ဒီအထဲမှာမှ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေလည်း ပြ ရမယ်လို့ ပါတယ်။ အလုပ်သမားတွေအရေး လုပ်ဆောင်နေသူတွေကဆိုရင် ဒီအစီအစဉ်အသစ်ဟာ ကြားပွဲစားတွေအတွက် ဖန်တီးပေးထားတဲ့ လုပ်ငန်းစဉ်လို့တောင် ပြောဆိုဝေဖန်နေကြပါတယ်။
ဖြေ။ ။ ကျနော်တို့ကတော့ ကိုယ်တိုင်လာလုပ်ရမယ့် အနေအထားဖြစ်နေပါတယ်။ ကြားပွဲစားတွေက ဒီတခါမှာတော့ ဝင်လို့ မရ ဘူး ပေါ့နော်။ ဝင်လို့မရဘူးဆိုတာက၊ ဒီ Passport ဆိုတာက မြန်မာနိုင်ငံမှာလည်း ကိုယ်တိုင် ဓာတ်ပုံရိုက်၊ ကိုယ်တိုင် လက်ဗွေနှိပ်၊ ကိုယ်တိုင်လက်မှတ်ထိုးတဲ့ စာအုပ်ပါ။ လာလုပ်နိုင်တဲ့ ကလေးတွေအတွက်ကတော့ လာလုပ်မှာပါ။ ဒုတိယ အဆင့်အနေနဲ့ လာ မလုပ်နိုင်တဲ့ ကလေးတွေအတွက်ကို အပိုင်းတွေခွဲြ့ပီးတော့ မိုဘိုင်းနဲ့လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ လောလောဆယ်တော့ ဒီဘက် က နိုင်ငံရေး အခြေအနေနဲ့ ဝန်ကြီးဌာနတွေ ကလည်းရပ်နေတဲ့အတွက် ကျနော်တို့ကလည်း လောလောဆယ် One Stop Service ၄ ခုမှာ လုပ်ပေးနေပါတယ်။ ပြီးလို့ရှိရင် သူတို့နဲ့ ပူးပေါင်းပြီး လုပ်ပေးဖို့လည်း ရှိနေပါတယ်။
မေး။ ။ Passport စာအုပ်ကြီးဟာ နိုင်ငံတကာကို သွားလို့ရမှာဖြစ်တဲ့ အတွက် ထိုင်းကနေပြီး တခြားနိုင်ငံတွေကို တဆင့် ရောင်း စား ခံရတဲ့ ပြဿနာတွေလည်း ကြုံတွေ့နိုင်မယ့် အခြေအနေတွေကို အားပေးနေသလိုဖြစ်တယ်ဆိုပြီး အလုပ်သမား အရေး ဆောင် ရွက်သူတွေက ထောက်ပြပြောဆို နေကြပါတယ်။ ဒီအခြေအနေကို သံအမတ်ကြီးတို့က ဘယ်လိုမြင်လဲဗျ။
ဖြေ။ ။ ကျနော်တို့ဆီမှာ သူတို့တွေရဲ့ အလုပ်သမား List ဆိုတာ ရှိတယ်ခင်ဗျ။ ဘယ်ရုံမှာ ကျနော်တို့ အလုပ်သမား ဘယ်နှစ်ယောက် ရှိတယ်ဆိုတဲ့ ထိုင်းကုမ္ပဏီနဲ့ ပေါင်းပြီးတော့ ပို့ထားတာတွေရှိတယ်။ ထိုင်းဘက်က အလုပ်သမားဝန်ကြီး ဌာနက ကျနော် တို့ကို ကောက်ပေးထားတာ ရှိတယ်ခင်ဗျ။ အခု Passport အကြီးကိုလုပ်ရင်လည်း အဲဒီ List မှာပါတဲ့ အတိုင်း တိုက်ပြီးတော့ လုပ်ပေး နေတာပါ။ တကယ်လို့သာ အဲဒီလို့ လူကုန်ကူးမှုဖြစ်တယ်ဆိုရင် အဲဒီ စက်ရုံပိုင်ရှင် သူဌေးမှာ တာဝန်ရှိတယ်။
ထိုင်းဘက်ကလည်း ဒီအတိုင်းပဲ ချုပ်ထားပါတယ်။ အခုလက်ရှိလုပ်နေတာလည်း စည်းကမ်းတကျဖြစ်အောင် သူတို့လိုက်ပြီးတော့ လုပ်နေပါတယ်။ စက်ရုံ တရုံမှာ လူ တရာပဲရှိတဲ့ ဥစ္စာကို နှစ်ရာထားတာတို့ တရာပဲရှိတာကို ငါးဆယ်ပဲထားတာတို့ မဖြစ်အောင် အားလုံးဝိုင်းကြီးချုပ်ပုံစံမျိုး လုပ်နေတဲ့အတွက် ဒီကလေးတွေဟာ ကျနော်တို့ မသိဘဲနဲ့ တခြားနိုင်ငံ လူမှောင်ခိုကူးတဲ့ ပုံစံမျိုး ဖြစ်သွားစရာ အကြောင်းမရှိပါဘူး။
မေး။ ။ အဲဒီ စာအုပ် အသစ်လုပ်ရမယ်ဆိုတာမှာ အရင်ကိုင်ခဲ့တဲ့ ယာယီနိုင်ငံကူး လက်မှတ်စာအုပ်အဟောင်းကို ပြရမယ် ဆိုတာ လည်း ပါတယ်။ ယာယီနိုင်ငံကူးလက်မှတ် စာအုပ်တွေလုပ်ထားတဲ့ အလုပ်သမားအများစုက မြန်မာနိုင်ငံက နေရပ် လိပ်စာ၊ နာမည် နဲ့ တခြားအချက်အလက်တွေ လွှဲပေးထားတာ ရှိတယ်။ အခုလုပ်မယ့်ဟာနဲ့ ကွာဟနေရင် အခက်အခဲတွေ ဖြစ်သွားနိုင်မလား။
ဖြေ။ ။ မရှိပါဘူးခင်ဗျ။ ကျနော်တို့က မှတ်ပုံတင်နဲ့အိမ်ထောင်စု ဇယားကိုပဲ အတည်ယူမှာပါ။ ပြီးရင် သူတို့ အလုပ်ရှင်ကနေ ပြီး တော့ အလုပ်သမား List ပေါ့နော်။ အဲဒီသုံးခုကို ကျနော်တို့က အဓိကထားတာပါ။ ဒီအလုပ်သမားက အလုပ်ရှင်ဆီမှာ ရှိမရှိ ဆိုတာ က ကျနော်တို့က ကြည့်ရပါတယ်။ ပြီးရင် သူ့မှတ်ပုံတင်ရယ်၊ အိမ်ထောင်စုဇယားရယ်ကို စိစစ်ဖို့ အတွက်ကို ကျနော်တို့က နေပြည်တော်ကို အွန်လိုင်းနဲ့ ပို့ပါတယ်။ ပို့ပြီးတော့ နေပြည်တော်ကနေပြီးတော့ ဒီကလေးတွေနေတဲ့ မြို့နယ်တွေကို အွန်လိုင်းနဲ့ မေးပြီး ရင် မှန်ပါတယ်။ ဒီကလေးက ဒီမြို့နယ်မှာ နေတာပါဆိုရင်တော့ ကျနော်တို့က ဘာမှ ကြည့်စရာမရှိပါဘူး။ တခါတည်း Passport စာအုပ် အသစ်ထုတ်ပေးလိုက်တာပါပဲ။
မေး။ ။ ဒီအစီအစဉ်မှာလည်း အခက်အခဲရှိနိုင်တဲ့ အလုပ်သမားတွေအများကြီး ရှိနေတယ်။ ဥပမာ မြန်မာပြည်ထဲက တိုင်းရင်းသား နယ်မြေတွေမှာဖြစ်တဲ့ တိုက်ပွဲတွေကြားထဲမှာ တိုက်ပွဲတွေကြောင့် မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းတွေ မရှိတဲ့အပြင် သူတို့နေတဲ့ အိမ်တွေတောင် မရှိကြတော့ဘူး။ အဲဒီလိုလူမျိုးတွေ အတွက်ကြတော့ရော ဘယ်လို စီစဉ်ထားလဲ သိပါရစေ။
ဖြေ။ ။ ကျနော်တို့ သီးခြားစီစဉ်ထားတာ ရှိပါတယ်။ ကျနော်တို့ မှတ်ပုံတင်ကို အွန်လိုင်းစနစ်နဲ့ လုပ်ပါမယ်။ သူတို့ကို အရင်ဆုံး ပုံစံ တွေ အဖြည့်ခိုင်းမယ်။ ဖြည့်ပြီး ကျနော်တို့က အွန်လိုင်းနဲ့ ပို့မယ်။ ကျနော်တို့ မြန်မာပြည် လဝက ကိုပို့မယ်။ မြန်မာပြည် လဝက က နိုင်ငံသား စိစစ်မှာပေါ့။ စစ်ပြီးတာနဲ့ ဟုတ်ပြီဒီကလေးက လုပ်လို့ရပြီဆိုတာနဲ့ ကျနော်တို့ က အဲဒီကလေးကို အကြောင်းကြားပြီး တော့ အဲဒီကလေးနဲ့ နီးစပ်တဲ့ နယ်စပ်မှာ ကျနော်တို့ One Stop Service ရုံးတွေနဲ့ မျက်နှာချင်းဆိုင်တွေက စခန်းတွေ ရှိပါတယ်။
အဲဒီမှာ ဓာတ်ပုံရိုက် လက်ဗွေနှိပ်ပြီးတော့ နေ့ချင်းပြီးလုပ်ပေးဖို့ အစီအစဉ်တွေ ဆွဲနေပါတယ်။ မှတ်ပုံတင်ရှိပြီ၊ နိုင်ငံသားဖြစ်ပြီ ဆိုရင် ကျနော်တို့က Passport မလွဲမသွေ ထုတ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေ အတွက်လည်း စဉ်းစားထားပါတယ်။ လော လောဆယ် Passport လုပ်ဖို့အတွက်ကို ထိုင်းဘက်မှာ လုပ်ငန်းစဉ်တွေကရပ်နေလို့ ကျနော်တို့က ခဏစောင့်နေတာ ဖြစ်ပါတယ်။
မေး။ ။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ အလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ငါးဖမ်းလှေတွေ၊ အအေးခန်း စက်ရုံတွေ၊ လိင်ဖျော်ဖြေရေး ရုံတွေမှာ ရောင်းစားခံနေရတဲ့ မြန်မာအလုပ်သမားတွေကို သွားရောက်ကယ်တင်ဖို့ ပြုလုပ်ရမှာ ထိုင်းအစိုးရ နဲ့ပဲ ပူးပေါင်း လုပ်ဆောင်နေရတယ်။ မြန်မာသံရုံးကို အကူအညီတောင်းရင် ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘူးလို့ ဆိုတယ်။ သူတို့ ကယ် ထုတ်လို့ လွတ်လာတဲ့ အလုပ်သမားတွေကလည်း သံရုံးကို ဖုန်းဆက်တာ မကိုင်ဘူးလို့ ဆိုတယ်။ အဲဒါက ဆရာတို့မှာ ဘယ်လို အခက် အခဲတွေများ ရှိနေလို့လဲဗျ။
ဖြေ။ ။ အခက်အခဲတော့ မရှိပါဘူး။ ကျနော်တို့ဆီကို အလုပ်သမားသံအရာရှိက မနက်တိုင်း သတင်းပို့ပါတယ်။ သူတို့ကြားတဲ့ ဟာ ကို တင်ပြတယ်။ ကျနော်တို့က အဲဒါတွေကို ကာကွယ်စောင့်ရှောက်ရေး အသင်းရှိပါတယ်။ ဦးကျော်သောင်း (ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ) တို့လည်း ပါပါတယ်။ တဖွဲ့တဖွဲ့ကို လူ ၃၀ လောက်နဲ့ ဖွဲ့ထားတာ ရှိပါတယ်။ ဖြစ်စဉ်တွေဖြစ်လာရင် အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ သက်ဆိုင်ရာ မြို့နယ် ရဲ၊ လဝက တွေနဲ့ ကျနော်တို့က တရားဝင် စာထုတ်ပြီးတော့ အကူ အညီတောင်းပြီးတော့ ကယ်ခဲ့တာတွေလည်း ရှိပါတယ်။
အခုနောက်ပိုင်းဥစ္စာလေးတွေက သူတို့ဘာသူတို့ တောက်လျှောက် အပြင်ဘက်က ဝင်လာတာတွေရှိပါတယ်။ ကလေးတွေက အပြင် ဘက်ကနေ ဝင်လာပြီးတော့ တခါတည်း သင်္ဘောပေါ်ပါသွားတယ်။ ပါသွားပြီး ဖုန်းခိုးဆက်တဲ့အခါမှာ သူတို့ရောက်နေတဲ့ နေရာ လည်း မသိဘူး။ သင်္ဘောနာမည်လည်း မသိဘူး။ ကပ်ထားတဲ့ ကမ်းလည်း သူတို့က မသိဘူး။ အဲဒါမျိုးလေးတွေဖြစ်တော့ ကျနော်တို့ ဒီဘက်က ထိုင်းမြို့နယ် အရာရှိတွေကို အကူအညီတောင်းဖို့ကြတော့ အခက်အခဲ ရှိပါတယ်။ ကျန်တာကတော့ ကျနော်တို့ဆီမှာ ပြည်ပရောက် အလုပ်သမားများအသင်း ဖွဲ့ထားတာ ရှိပါတယ်။ အဲဒီအသင်းကနေပြီးတော့ ဦးဆောင်ပြီးတော့ လုပ်ပါတယ်။
မေး။ ။ အလုပ်သမားတွေ အတွက် အမြန်ဆုံးသိရမယ့် အကြောင်းအရာတွေကို မြန်မာသံရုံးက ထုတ်ပြန်မှုတွေဟာ အမြဲတမ်း နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်တယ်။ ထုတ်ပြန်တဲ့အခါမှာလည်း အလုပ်သမားအားလုံး သိနိုင်ဖို့ ခက်တယ်။ နောက်ပိုင်း သံအမတ်ကြီး လက်ထက်မှာ ဒီအခြေအနေတွေကို အားကောင်းလာအောင် ဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိလဲ။
ဖြေ။ ။ ကျနော် အစီအစဉ်ရှိပါတယ်။ ဆရာတို့ ဧရာဝတီ ကိုလည်း အမြဲတမ်း ကြေညာချက်ပို့ပေးပါ့မယ်။ ထို့အတူ BBC ၊ DVB တို့ကိုလည်း ပို့ဖို့ အခု အလုပ်သမား သံအရာရှိတွေကို တခါတည်းပြောထားပြီးပါပြီ။ အရင်တုန်းကကြတော့ Facebook လောက်မှာပဲ တင်တဲ့ အခါကြတော့ ကြေညာတဲ့ဥစ္စာသိတဲ့လူလည်း သိတယ် မသိတဲ့လူလည်း မသိဘူးပေါ့။ အဲဒါကြောင့် ခုနဆရာတို့လို ဌာနကြီး တွေကို ပို့ပါမယ်။ ဌာနကြီးတွေဆိုတော့ လူတိုင်းဖတ်တဲ့ ဌာနကြီးတွေပေါ့။ မနေ့ကဆိုလည်း မြန်မာပြည်မှာ ရှိတဲ့ 7 Day တို့ Popular တို့ကိုလည်း ပို့တာပေါ့နော်။
မေး။ ။ ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာ အလုပ်သမားတွေအရေးကို သံအမတ်ကြီးရဲ့ လက်ထက်မှာ ဘယ်လောက်အထိ လုပ်ဆောင် သွားမယ်လို့ ရည်ရွယ်ထားလဲ ခင်ဗျ။
ဖြေ။ ။ မကြာခင်ရက်ပိုင်းမှာ အလုပ်သမားတွေအရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ အလုပ်သမားအရေး ကာကွယ် ဆောင်ရွက် မယ့် အသင်းကြီးကို တကယ်လုပ်နိုင်တဲ့လူတွေနဲ့ ပြန်ဖွဲ့ပါမယ်ခင်ဗျ။ ၂၀၀၉ လောက်ကဖွဲ့ထားတာ တချို့လူတွေလည်း မရှိကြ တော့ ဘူး။ အဲဒါတွေဖွဲ့ပြီးလို့ရှိရင် ကျနော်တို့က နယ်မြေအလိုက် တာဝန်ခံပေးဖို့ သူတို့ကိုမေတ္တာရပ်ခံပြီးတော့ ခုနလို လူမှောင်ခိုကူးမှုတွေ၊ မတရားခိုင်းစေမှုတွေဖြစ်လာရင်၊ ရပိုင်ခွင့်တွေ မရတော့ဘဲဖြစ်လာလို့ရှိရင် ချက်ချင်း အဲဒီအဖွဲ့တွေကနေပြီးတော့ အတွင်းရေးမှူး တို့ ဥက္ကဋ္ဌ တို့ကနေ တဆင့်ဝိုင်းပြီး လုပ်ဖို့ စီမံထားပါတယ်။ ။