လျှပ်စစ်မီတာ သုံးစွဲရာတွင် ဝန်ဆောင်ခ မြင့်မားလာသော်လည်း လျှပ်စစ်မီး ဖြန့်ဖြူးမှုပိုင်း အားနည်းခြင်း၊ မီးအား မမှန်ခြင်း၊ ခံနိုင်ဝန် မမျှသည့်အတွက် မီးလောင်ကျွမ်းမှုတို့ကို ပြည်သူများ ခံစားနေရပါတယ်။ ဒီလို ပြဿနာတွေ အပြင် လျှပ်စစ်ဝန်ကြီးဌာနက စီမံကိန်းများ ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု အားနည်းခြင်းတို့ကြောင့် စီမံကိန်း အကျိုးအပြစ်များကို ပြည်သူများ သိရှိမှု နည်းပါးနေတာကိုလည်း တွေ့မြင်ရပါတယ်။
ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်ပြီးလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအပေါ် ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများကို တိကျစွာ သိရှိရန် လိုအပ်လျက် ရှိပါတယ်။ ဒါ့အပြင် လျှပ်စစ် ထုတ်လုပ်ရေးပိုင်းမှာလည်း ပြည်သူဘက်က ကန့်ကွက်မှုများ ဖြစ်ပေါ်နေလျက်ရှိရာမှာ ဒီလိုကိစ္စရပ်တွေကို လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက ဖြေရှင်းဆောင်ရွက်နေပုံများနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက အကြီးတန်း သတင်းထောက် မေခက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့လျှပ်စစ်မီး သုံးစွဲမှု အခြေအနေနဲ့ ပတ်သက်ပြီး ဝန်ကြီးအနေနဲ့ ဘာများ ပြောချင် ပါသလဲ။
ဖြေ။ ။ ဒါကတော့ ကျနော်တို့ဆီမှာ လျှပ်စစ်မီးက လိုအပ်နေတုန်းပါပဲ။ လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး သုံးစွဲနေသူ ပမာဏက လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ ကျန် ၇၀ ရာခိုင်နှုန်းက လျှပ်စစ်မီး မရသေးပါဘူး။ ပြည်သူအတွက် လျှပ်စစ်မီးက နောက်ထပ် လိုအပ်နေဦးမှာပါ။ အဲဒီအတွက် ကျနော်တို့ အနေနဲ့ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာကို လုပ်ဆောင် နေပါတယ်။ ဒီပြဿနာက ရေရှည်အတွက်ပါ စဉ်းစားရပါမယ်။ ကျနော်တို့ အနေနဲ့ နောက်ထပ်နှစ်တွေမှာ လျှပ်စစ်မီး လိုအပ်ချက်က မြင့်မားလာဦးမယ်။ အခုချိန်အထိ တနိုင်ငံလုံးကိုတောင် ပြည့်မှီအောင် မပေးနိုင်သေးဘူးလို့ ပြောရမှာဆိုတော့ ဒီအချက်ကို ကျနော်တို့ ပြေလည်ဖို့ တော်တော်လေး လုပ်ဆောင်ရမှာပါ။
မေး။ ။ မြန်မာနိုင်ငံမှာ လက်ရှိ အခြေအနေအရ လျှပ်စစ်မီးက လိုအပ်နေတုန်းပဲလို့ ဝန်ကြီးတို့ ပြောချင်တာလား။ ပိုလျှံလို့ ရောင်းတယ်ဆိုတဲ့ စကားတွေ ထွက်ခဲ့တော့ ဒီအပေါ်မှာ ဝန်ကြီးတို့ ဘယ်လိုများ ပြောချင်ပါသေးလဲ။
ဖြေ။ ။ မပိုလျှံပါဘူး။ လိုနေတုန်းပါ။ နှစ်တနှစ်ကို ၁၅ ရာခိုင်နှုန်း လိုအပ်ချက် ရှိနေပါတယ်။ ထုတ်လုပ်မှုက အခုချိန်ထိ လက်ရှိ သုံးစွဲနေမှုကိုတောင် ပြည့်မှီအောင် မထုတ်နိုင်သေးပါဘူး။ မပိုလျှံတဲ့အတွက် လျှပ်စစ်ဓာတ်အား ရောင်းချရတာ မရှိပါဘူး။ ကျနော်တို့ လုပ်ဆောင်မှုမှာ အကျိုးတူ လုပ်ငန်းတွေ လုပ်ဆောင်ပြီး လျှပ်စစ် ထုတ်လုပ်တာပဲ ရှိပါတယ်။ လျှပ်စစ်ပိုလျှံလို့ ရောင်းရတာ မရှိသေးပါဘူး။
မေး။ ။ လျှပ်စစ်မီး ပိုလျှံတယ်၊ မပိုလျှံတယ်ဆိုတဲ့ အပေါ်မှာ ပြည်သူတွေ အနေနဲ့ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန အပေါ် ယုံကြည်မှု အားနည်းနေတာတွေ ရှိနေတုန်းပါပဲ။ ဒီအပေါ်ကို ဘာများ ပြောချင်ပါသေးလဲ။ လျှပ်စစ်မီး ပြည့်မှီအောင် ရဖို့ ဘာတွေများ ခက်ခဲနေသေးတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ လူထု လိုချင်နေတဲ့ လျှပ်စစ်မီး ကျနော်တို့ ပေးချင်ပါတယ်။ အခက်အခဲက နိုင်ငံတော်က လျှပ်စစ်မီး ထုတ်တာ အရမ်းနောက်ကျနေပါတယ်။ အခု သုံးနေတာတောင် ပြည့်မှီအောင် ပေးနိုင်ဖို့ ကြိုးစားလုပ်နေ ရတယ်။ အခုချိန်အထိ တတိုင်းတပြည်လုံး အတွက် လျှပ်စစ်မီးကို ပြည့်အောင်ပေးဖို့ မထုတ်နိုင်သေးဘူး။ ပြည့်မှီအောင် ပေးရာမှာ မလောက်မငှတွေ ဖြစ်နေတယ်။ နောက် ဓာတ်အားတွေက နွေမှာဆို မကြာခဏ ဓာတ်အားတွေ အပြည့်အဝ ပေးသော်လည်း ဓာတ်အား ခဏခဏ ပြတ်ရတယ်။ ဒီပြဿနာက ဘာကြောင့် ဖြစ်လဲဆိုတော့ ကျနော်တို့ သုံးစွဲနေတဲ့ ဓာတ်ကြိုးတွေက နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါး ဖြစ်နေတော့ မကြာခဏ ဆိုသလို ဓာတ်အား ပြတ်တောက်တာတွေ ဖြစ်နေတယ်။ ရန်ကုန်၊ မန္တလေးမှာလည်း ဖြစ်တယ်။
မေး။ ။ ဒါဆို လျှပ်စစ်ဓာတ်အား လိုအပ်ချက်က တနှစ်တနှစ် ပိုများလာတယ်ဆိုရင် ဘယ်လောက် ပိုများလာတာလဲ သိပါရစေ။
ဖြေ။ ။ ၂၀၁၁ ကနေ ၂၀၁၃၊ ၂၀၁၄ အထိ ပြန်ကြည့်ရင် တနှစ်ကို လျှပ်စစ်ဓာတ်အား ၁၅ ရာခိုင်နှုန်း လိုအပ်နေတယ်။ နှစ်တိုင်း ပြည်သူတွေက ဒီပမာဏကို တိုးသုံးတယ်။ အခုဆို တနှစ်ကို မဂ္ဂါဝပ် ၂၀၀ ကျော် တက်လာတယ်။ လာမယ့် ၂၀၁၅ မှာဆို မဂ္ဂါဝပ် ၂၂၀၀ နဲ့ ၂၃၀၀ လောက် သုံးလာမယ်။ ဒီတော့ ကျနော်တို့ ပြည့်မီအောင် ဖြည့်ဖို့ လိုနေတယ်။ ဒီဟာ ပြည့်မီအောင် ဂတ်စ် တာဘိုင်တွေ တည်ရတယ်။ ရေအား လျှပ်စစ်တွေကို အမြန်ဆုံး လည်ပတ်နိုင်အောင် လုပ်ပေးရတယ်။
မေး။ ။ အခုချိန်အထိ ရန်ကုန်မှာတောင် လျှပ်စစ်မီး ပြည့်ဝစွာ မသုံးနိုင်သေးတာ မီးအား မမှန်တာတွေက ဘယ်လို အခက်ခဲကြောင့် ဖြစ်နေတာပါလဲ။ ဒါတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ သိပါရစေ။
ဖြေ။ ။ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး ကျနော်တို့ ၂၀၁၂ က စပြီး Master Plan တခုကို ကမ္ဘာဘဏ်၊ အာရှဖွံ့ရေးဘဏ် (ADB) တို့ကနေ နည်းပညာ အထောက်အကူတွေ ပေးပါတယ်။ ရေးဆွဲနိုင်ဖို့ လေ့လာကြပါတယ်။ လေ့လာတော့ အဆင့်မြင့်တင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ လိုအပ်နေတာ တွေ့ရပါတယ်။ ရန်ကုန် တနေရာထဲကို ဒေါ်လာ သန်း ၂၁၄ သန်းလောက် အကုန်ကျခံပြင်မှ နိုင်ငံတကာလို မီးပြည့်ဝစွာ သုံးနိုင်ပါမယ်။ ဒါက ကမ္ဘာဘဏ်က စစ်ဆေး တွေ့ရှိတာပါ။ ဒီတော့ ကျနော်တို့ ရန်ကုန်ကို ချေးငွေတွေယူပြီး စပြင် နေပါပြီ။ အပိုင်းလိုက် စလုပ်နေပါပြီ။ လာမည့်နှစ်တော့ အပိုင်းလိုက် ပြတ်တာတွေ၊ မီးအား မမှန်တာတွေ ဒီထက် ပိုနည်းသွားပါမယ်။
မေး။ ။ ဒါဆို အခု အစိုးရသစ် လက်ထက်မှာ ဘယ်ဒေသတွေကို မီးပေးနိုင်တာ ရှိနေပြီလဲ၊ သိပါရစေ။
ဖြေ။ ။ ကျနော်တို့ စတက်လာချိန်မှာ ရန်ကုန်ကို အရင်ကထက် ပိုပေးလာ နိုင်တယ်။ နောက် မန္တလေး၊ ဧရာဝတီတိုင်း၊ ပဲခူး၊ မကွေး၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ ကယားပြည်နယ် တချို့တဝက် ရနေပြီ၊ နောက် မရတာဆို တနင်္သာရီတိုင်း၊ ရှမ်းအရှေ့၊ ကချင်၊ ရခိုင်၊ ချင်းနဲ့ စစ်ကိုင်း မရသေးဘူး။ ကချင်ဆို ၅၀ ရာခိုင်နှုန်းလောက် ရနေပြီ။ ချီဗွေငယ်ကနေ ပေးတာ ကားလမ်းတလျှောက် မီးပေးနိုင်ပြီ။ ရှမ်းမြောက်မှာ ဆိုလည်း ပေးနိုင်နေပြီ။ ကယားပြည်နယ်က ၇၀ ရာခိုင်နှုန်း ဒီ ၂၀၁၄၊ ၂၀၁၅ မှာ ရမယ်။ တနင်္သာရီဆိုလည်း နောက် ၆ လလောက်မှာ ရမယ်။ ထားဝယ် ကံပေါက် ရမယ်။ ရခိုင်မှာဆို တောင်ကုတ်- သံတွဲမှာ ၂၄ နာရီ မီးရနေတာ အခု ဒီဇင်ဘာမှာဆို ရခိုင်တခုလုံး ရမယ်။ ၂၀၁၅-၂၀၁၆ လာမယ့်နှစ်မှာ ဟားခါး၊ ဖလမ်း၊ တီးတိန် စရမယ်။ ယခင် ထပ်တိုး ရနေတာတွေပါ။ ကျောက်ဖြူမှာဆို ဂက်စ် လျှပ်စစ်တာဘိုင်တွေ လုပ်ပေးနေတယ်။ စစ်ကိုင်းဘက်က တချို့တဝက် ရနေပြီ။ မြောက်ဘက် နာဂဒေသကိုလည်း ပေးသွားမှာပါ။ တနသာၤရီဘက်ကို ဂက်စ်တာဘိုင်တွေနဲ့ ပေးဖို့ လုပ်သွားမယ်။ ဒီ၂၀၁၅ အတွင်းမှာ ကယား၊ ရခိုင်နဲ့ ချင်းကို တော်တော်လေး မီးရအောင် ဦးစားပေး လုပ်ဆောင် သွားမှာပါ။
မေး။ ။ ဒီအပိုင်းက ဘယ်တော့လောက် စလုပ်ဖို့ ပြင်ဆင်ထားပါလဲ။ ပြုပြင်မှုတွေ လုပ်ရမှာပါတယ် ဆိုတော့ ဘယ်လိုတွေ ပြုပြင်မလဲ။ ကုန်ကျငွေရော အသေးစိတ် တွက်ချက်ပြီးပြီလား ဆိုတာ သိပါရစေ။
ဖြေ။ ။ ဒါက ၂၀၃၀ အထိ အပိုင်းလိုက် လုပ်ရမှာပါ။ နောက်နှစ်ကစပြီး လုပ်မှာပါ။ နှစ်အလိုက် အပိုင်းလိုက် လုပ်ဆောင်ရမှာတွေ ရှိပါတယ်။ ဒီမှာ ကျနော်တို့က ပထမစစချင်းတော့ တော်တော်လေးကို ကြီးကြီးမားမား ငွေသုံးစွဲမှု လုပ်ဆောင်ရမယ်။ ထပ်တိုးတာတွေ ဖြည့်လုပ်မှာတွေ လုပ်ဆောင် ရမှာပါ။ အကြမ်းဖျင်းကတော့ ဘာတွေ လဲရမလဲ နှစ်အလိုက်လုပ်ဖို့ ဆွဲပေးထားတာပါ။ ဘယ်လောက်အထိ ကုန်ကျနိုင်တယ်လို့တော့ သူတို့ ဆွဲပေးတာမှာ မပါဝင်ပါဘူး။ အဓိက ကတော့ လုပ်ရမယ့် နှစ်အလိုက် ကိုယ့်မှာရှိတဲ့ ဘတ်ဂျက်နဲ့ လိုက်ပြီး လုပ်ဆောင်ရမှာပါ။ ဒီအတွက် ချေးငွေတွေ ယူပြီး လုပ်မှာ ရှိပါတယ်။ JICA က ပထမဆုံး ODA စပေးမှာ ရှိတယ်။ သန်း ၆၀ နဲ့ ပထမအရစ် စလုပ်မှာပါ။
မေး။ ။ လျှပ်စစ်မီး ပြည့်စုံဖို့ ရေအားလျှပ်စစ်တွေ လုပ်ဖို့ လိုတယ် ဆိုတော့ အခု လက်ရှိ မြစ်ဆုံက ပြန်အသက်သွင်းဖို့ လုပ်ဆောင် နေတယ်လို့ ကြားရတယ်။ အဲဒီအပေါ် ဝန်ကြီးဌာန အနေနဲ့ ဘယ်လို ဆောင်ရွက်သွားဖို့ ရှိပါလဲ။
ဖြေ။ ။ ကုမ္ပဏီဘက်က လုပ်ဆောင် နေတာကို ကျနော်တို့ အနေနဲ့ ကူညီပေးဖို့ မရှိဘူး။ သမ္မတ စကားအတိုင်း အတည်ပါဘဲ။ နောက်၂၀၁၅ မှာ လုပ်ဖြစ်၊ မလုပ်ဖြစ်က နောက်တက်လာမယ့် သမ္မတ အပေါ် မူတည်တယ်။ ကျနော်တို့ကတော့ လုပ်ခွင့်ပေးဖို့ မရှိပါဘူး။
မေး။ ။ ၂၀၁၅ အလွန်မှာ လျှပ်စစ်စွမ်းအား ရရှိမှု အခြေအနေ ဘယ်လိုမျိုး ရှိနိုင်ပါသလဲ။ ပြည်သူတွေ အတွက် ပြည့်စုံမှု ရှိအောင် ရနိုင်မယ် ထင်ပါသလား။
ဖြေ။ ။ ကျနော်တို့ဆီမှာက နွေရာသီမှာဆို ဓာတ်အား မဂ္ဂါဝပ်၂၀၀၀ လောက်၊ မိုးရာသီဆို ၂၅၀၀ လောက်ပဲ ထုတ်နိုင်တယ်။ ဒါက အစွမ်းကုန်ပဲ။ ကုန်ကုန် ပြောရရင် မဂ္ဂါဝပ် ၂၈၀၀ က မိုင်ကုန်ပဲ။ ဒီတော့ ဒီထပ် ပိုမပေးနိုင်တော့ဘူး။ ဒီချိန်မှာ ပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းပဲ မီးရတယ်။ ၇၀ ရာခိုင်နှုန်းက မရသေးဘူး။ နှစ်တိုင်း မီးရတဲ့ ၃၀ ရာခိုင်နှုန်းထက် ၁၅ ရာခိုင်နှုန်း တိုးသုံးတယ်။ ၂၀၁၅ဆို မဂ္ဂါဝပ် ၄၀၀၀ လောက် သုံးမယ်လို့ မျှော်မှန်းတယ်။ ဒီပမာဏကို ပေးနိုင်ဖို့ ကျနော်တို့ လျှပ်စစ်ထုတ်နိုင်ဖို့ လိုနေပြီ။ အခုချိန်ထိ အများဆုံး မဂ္ဂါဝပ် ၂၈၀၀ ပဲ ထုတ်နိုင်တယ်။ ရှိသမျှ အကုန် ထုတ်တာနော်။ ဒီတော့ လျှပ်စစ်ထုတ်ဖို့ လိုနေတယ်။ မထုတ်ခဲ့ရင် ပေးစရာ လျှပ်စစ် မရှိရင် ကျနော်တို့ မပေးနိုင်တော့ဘူး။ အရင်ကထက် အခြေအနေ ဆိုးနိုင်တယ်။
၂၀၁၅ ကနေ ၂၀၃၀ အထိ ဆိုတော့ မြန်မာနိုင်ငံက ၁၄၀၀၀ မဂ္ဂါဝပ် အသုံး ရှိနိုင်တယ်။ ဒါက ကျနော်တို့ ဘယ်လို လုပ်မလဲ ဆိုတာ ကျနော်တို့ အပြင် ပြည်သူတွေပါ ဝိုင်းစဉ်းစားပေးဖို့ လိုပါတယ်။ ကျနော်တို့ အနေနဲ့ ပြောချင်တယ်။ ဓာတ်အားတွေ ဆက်တိုက် လိုနေတယ် ဆိုရင် ၂၀၁၅ မှာ တက်လာမယ့် အစိုးရ ဘယ်လို ဖြေရှင်းမလဲ။ လိုနေတဲ့ ဓာတ်အားတွေကို ဘယ်ကနေ ဖြည့်မလဲ။ ဖြည့်ဖို့ မရှိဘူး။ ကျနော်တို့မှာ ရေအားလျှပ်စစ်တွေ ကျောက်မီးသွေး တွေကနေ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ လိုအပ်တယ်။ ဒီဟာတွေ မလုပ်ဘဲ လျှပ်စစ်ဓာတ်အား မထုတ်နိုင်ဘူး။ ထုတ်နိုင်တဲ့ နည်းရှိရင် ပြောပေး အကြံဉာဏ်ပေးပါ။ ကျနော်တို့ဆီမှာ ပြည်သူတွေ လိုအပ်တာ ရဖို့ ကျနော်တို့ စီမံကိန်းတွေ လုပ်မှရမယ်။
ကျနော်တို့က ရပ်နားထားရင် နောက်နောင် အစိုးရ ပိုခက်ခဲမယ်။ နှစ် ၃၀ စီမံကိန်းမှာ ဘယ်နှစ်ခုနှစ်မှာ ရေအားလျှပ်စစ် ဘယ်လောက် ပြီးရမလဲ။ ကျောက်မီးသွေး ဘယ်လောက် ပြီးရမလဲ ဆိုတာကို အစီအမံ ချထားတယ်။ ဒါတွေ သူ့နှစ်နဲ့သူ ပြီးမှ ပြည်သူတွေ လိုလားတဲ့ လျှပ်စစ်ပြည့်စုံစွာ ပေးနိုင်မယ်။ ဒီလို ကန့်သတ်မှုတွေ ရှိနေရင် ကျနော်တို့ အနေနဲ့ နောင်နှစ် ၃၀ အထိ ပြည်သူတွေ လိုလားတဲ့ လျှပ်စစ်မီး မပေးနိုင်သလို စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူး။ ကျနော်တို့ အခုလုပ်နေတာ ဒီလက်ရှိ အစိုးရ တခုတည်း ကောင်းဖို့ လုပ်နေတာ မဟုတ်ဘူး။ နောင်တက်လာမယ့် ဘယ်အစိုးရ ကောင်းဖို့အတွက်လည်း မဟုတ်ဘူး။ ပြည်သူတွေ ပြည့်ဝစွာ ရဖို့ လုပ်နေတာပါ။ ရဲရွာ ရေအားလျှပ်စစ် ဆိုတာ အရင် အစိုးရ လက်ထက်က လုပ်ခဲ့တာ။ ကျနော်တို့ လက်ထက် ၂၀၁၀ မှ လည်ပတ်နိုင်တယ်။ ဒီတော့ ကျနော်တို့ အခု လုပ်ပေးမှ နောက် တက်လာမယ့် အစိုးရမှာ အဆင်ပြေနိုင်မယ်။
မေး။ ။ ဒါက အခုချိန်မှာ ရပ်တန့်နေရတဲ့ အတွက် အဟန့်အတားတွေ ဖြစ်နေတာလို့ ပြောနိုင်တာလား။
ဖြေ။ ။ မှန်ပါတယ်။ ဥပမာ သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်က အရင်အစိုးရ လက်ထက်က လုပ်ခဲ့တာ။ အဲဒီကနေ ၇၀၀၀ လောက် ထွက်မှာ။ ဒီစီမံကိန်းက ၂၀၁၃ မှာ စလည်ပတ်နိုင်မှာ။ ဒါပေမယ့် မလုပ်နိုင်ခဲ့ဘူး။ တကယ်သာ လုပ်ဖြစ်ခဲ့ရင် ကျနော်တို့ အခုချိန်မှာ မီးကို ပြည့်ပြည့်ဝဝ ရနေပြီ။ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့၊ ဆက်မလုပ်နိုင်ခဲ့တော့ လျှပ်စစ်တွေ မရနိုင်ဘဲ ဒီဒုက္ခတွေ ခံစားနေရတာပါ။
မေး။ ။ ဒါဆို ဝန်ကြီး သက်တမ်း ကျန်ရှိနေသေးချိန်၊ ၂၀၁၅ မှာ မီးရနိုင်ဖို့ ဘာတွေ လုပ်ပေးဖို့ ရှိလဲ။
ဖြေ။ ။ မဂ္ဂါဝပ် ၁၀၀၀ ကျော် ထွက်မယ့် ရွှေလီ ၃ ကို လုပ်မယ်။ အထက်ရဲရွာကနေ မဂ္ဂါဝပ် ၂၀၀ ထွက်တာ လုပ်မယ်။ အလယ်ပေါင်းလောင်း လုပ်နေတယ်။ ဒီစီမံကိန်းတွေက ၂၀၁၆၊ ၂၀၁၇ လောက်မှာ ပြီးမယ်။ နောက် ဒီးဒုတ် ဒါတွေက ၂၀၁၅ ကျော်မှ ရမယ့် ရေအားလျှပ်စစ် စီမံကိန်းတွေ ဖြစ်တယ်။ ဒါတွေကို မလုပ်လို့ မရဘူး။ အခုလုပ်တာတောင် လိုအပ်ချက် မပြည့်သေးဘူး။ တနင်္သာရီဒေသမှာလည်း ကျောက်မီးသွေးကနေ ဓာတ်အားထုတ်ဖို့ လုပ်နေတယ်။ ခုထိတော့ မပြေလည်သေးဘူး။ သီလဝါမှာလည်း ကျောက်မီးသွေးကနေ ထုတ်ဖို့ လုပ်နေတယ်။ ခုလုပ်နေတာက နောက်ပိုင်း လျှပ်စစ်ဓာတ်အား ရအောင် လုပ်ရမှာ ဖြစ်ပါတယ်။ လျှပ်စစ်က ထုတ်ရုံပဲ မရဘူး။ ကြိုးတွေနဲ့ သွယ်ရသေးတယ်။ ခုချိန်မှာ ရင်းနှီးဖို့ လာလုပ်ချင်သူတွေ ရှိတယ်။ သူတို့က လျှပ်စစ်ထုတ်ဖို့ စောင့်နေတာ။ ကျနော်တို့ ပေးမှ ရတော့မယ်။ ထပ်ထုတ်မှ ရမယ်။ ဒီလိုလုပ်မှ ကျနော်တို့ဆီမှာ အလုပ်တွေ ရမယ်။
မေး။ ။ နောက် ကွမ်လုံဆို စစ်ဆေးမှုတွေ လုပ်ပြီးပြီလို့ သိရတယ်။ ဒါတွေကို ဘာကြောင့် ချမပြတာလဲ။ ရင်းနှီးမြှပ်နှံမှုပါ ချပြဖို့ အစီအစဉ် ရှိလားဆိုတာ သိပါရစေ။
ဖြေ။ ။ ပြမှာပါ။ သဘာဝပတ်ဝန်းကျင် စစ်ဆေးတာ ၂ နှစ်လောက်ပဲ ရှိပါမယ်။ အုပ်ချုပ်သူထဲမှာရော ပြည်သူတွေမှာပါ ဒါတွေကို ချပြသင့်တယ် ဆိုတာ မသိတာ များပါတယ်။ ရင်းနှီးမှုလည်း မရှိကြတာ ပါပါတယ်။ နောက် ပထမက လုပ်ရကောင်းမှန်း မသိတာပါ။ နောက်တချက်ကတော့ လုပ်ပြီးရင် ချပြရကောင်းမှန်းလည်း မသိတာ ပါပါတယ်။ ကျနော်တို့မှာ ခေတ်အဆက်ဆက်က ပြည်သူတွေနဲ့ ဆက်ဆံရေးပိုင်း အားနည်းတာတွေလည်း ပါပါတယ်။ ကျနော်တို့ လုပ်ပေးသွားမှာပါ။ နောက်ဒီကြားထဲမှာ တချို့တွေ သတင်း ထုတ်ပြန်တာ မှားတော့ ကျနော်တို့နဲ့ ပြည်သူအကြား တော်တော် အထင်လွဲပါတယ်။ ဥပမာ သံလွင်မြစ်ရေကို ဟက်ကြီးကနေ ယိုးဒယားကို ရောင်းမှာတို့၊ ကွမ်လုံ စီမံကိန်း အတွက် ရွာပေါင်း ၆၀၊ လူပေါင်း ၂၀၀၀၀ ပြောင်းရမှာတို့၊ ဒီလိုတွေ ရေးကြတယ်။ ကျနော်တို့ဆီ မေးတာ မရှိဘဲ ရေးကြတယ်။ နောက်သုံးတော့လည်း တာဝန်ရှိသူတဦးလို့ သုံးတယ်။။ ကျနော်တို့ ရေရောင်းဖို့လည်း မရှိဘူး။ ရေရင်းမြစ်က လုပ်လည်း ကျနော်တို့ သိရမယ်။ ရှိကို မရှိခဲ့တာ။ ဥမင်လိုဏ်ခေါင်း ဖောက်ရမယ်။ လွယ်လွယ် မရဘူး။ ထိုင်းဘက်ကလည်း ပြောတာ မရှိဘူး။ ကျနော်တို့က ရှင်းရလည်း ခက်တယ်။ ပြောမယ်ဆို ဥပမာ ကျနော် မခိုးပါဘူးလို့ အရင် စရှင်းရမလို ဖြစ်နေတယ်။ တခုပဲ တွက်တယ်။ ကျနော်တို့ကို မမေးဘဲ ရေးတာက ပြည်သူကို ယုံထင်ကြောင်ထင်ဖြစ်တာ ကြိုက်လို့ နေမယ်လို့ပဲ ထင်တယ်။
မေး။ ။ ဝန်ကြီးက လျှပ်စစ်ကို မလောက်ငှလို့ ဘယ်ကိုမှ မရောင်းဘူးလို့ ပြောပါတယ်။ တာပိန်မှာ တရုတ်ကနေ ရမယ့် လျှပ်စစ်ကို ရောင်းတာတွေ ရှိတယ်လို့ ကြားရပါတယ်။ နောက်တခုက အခု လက်ရှိမှာ လုပ်သမျှ စီမံကိန်းတွေက တဖက်ကို ရောင်းဖို့ လုပ်ဆောင်နေတာတွေ ဆိုတော့ ဒါက ဘာကွာပါသလဲ။ ဘယ်လိုကြောင့် ပါလဲ။
ဖြေ။ ။ ကျနော်တို့မှာ နည်းပညာ အားနည်းတယ်။ နောက် ရင်းနှီးမှုရှယ်ယာ မတတ်နိုင်ဘူး။ နိုင်ငံတော် ပိုက်ဆံနဲ့ မလုပ်နိုင်ဘူး။ ဒီတော့ ကျနော်တို့ နိုင်ငံတကာက ရင်းနှီးသူတွေကို ခေါ်ရတယ်။ ဒီမှာ တခုပြောပါရစေ။ တရုတ်ဘက်က လုပ်တာ များတယ် ပြောတယ်။ မှန်တယ်။ သူတို့ကပဲ လာတာကိုး။ အရှေ့ဘက်မှာ အိန္ဒိယကလည်း လာမလုပ်ဘူး။ အနောက်နိုင်ငံကလည်း လာမလုပ်ဘူး။ ဒီတော့ရောင်းရင် အနီးစပ်ဆုံး တရုတ်ပဲ ရောင်းရမယ်။ ဒီအတွက် တရုတ်နဲ့ လုပ်တာ များတယ်။ ကျနော်တို့ ဒီမှာ တရုတ်ကိုပဲ ပေးနေတယ်။ တရုတ်ပဲ စားနေတယ်။ ကျနော်တို့ လူကြီးတွေ မအပါဘူး။ အခု ကွမ်လုံဆို ကျနော်တို့ မြတ်တာ ကုမ္ပဏီမြတ်တာထက် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ပိုတယ်။ အခမဲ့ ဓာတ်အား တောင်းတယ်။ အခမဲ့ ရှယ်ယာ တောင်းတယ်။ နောက်သူတို့ လုပ်ချင်တိုင်း မလုပ်နိုင်အောင် ဌာနက အရာရှိတွေက ကုမ္ပဏီမှာ ရှယ်ယာရှင်တွေ အနေနဲ့ ပါတယ်။ ရေအားလျှပ်စစ် ဆိုတာက ၆ နှစ်နေမှ စနိုင်တာ။ ချက်ချင်းလည်း ဝင်ငွေမရဘူး။ တပြိုင်နက် ၁၀ ခု လောက် လုပ်မှ တနှစ်အတွက်ကို ကာမိရုံပဲ ရှိတယ်။ ရွှေလီ ၁ က ကျနော် တို့တွေ မဂ္ဂါဝပ် ၃၀၀ ရတယ်။ အဲဒီကနေ အခု မီးရနေတာ။ နောက် တာပိန်က ၂၄၀ မဂ္ဂါဝပ် ရတယ်။ ၂၀ မဂ္ဂါဝပ် ရတယ်။ ကျနော်တို့က ကုမ္ပဏီကို နယ်စပ် အထိရောက်အောင် သူ့ပိုက်ဆံနဲ့ ဆွဲခိုင်းတယ်။ ကျန်တာ ကိုယ့်ဘာသာ ဆွဲမယ်။ ကျနော်တို့ ဗန်းမော်အထိပဲ ဆွဲနိုင်တယ်။ ကျန်တာဆွဲဖို့ မလုပ်နိုင်တော့ ဗန်းမော်မှာ သုံးတာ ၄ မဂ္ဂါဝပ်ပဲ သုံးနိုင်တော့ ၁၆ လောက်က ပိုနေတယ်။ ဒီတော့ ဒါကို ပြန်ရောင်းတယ်။ ငါတို့ကို ငွေပေး၊ ဒေါ်လာပေး ဆိုပြီး ပြန်ရောင်းရတယ်။
မေး။ ။ အခုချိန်မှာ ဝန်ဆောင်ခတွေ တိုးလာပေမယ့် လျှပ်စစ်က အချိန်ပြည့် မရတော့ ဒီအပေါ် ပြည်သူတွေက ထောက်ပြတယ်။ ဝန်ဆောင်ခက ဘယ်လိုကြောင့် တိုးရတာလဲ။ ဝန်ဆောင်ခက အာရှမှာဆို မြန်မာက အနည်းဆုံး မှန်ပေမယ့် ပြည်သူ တဦးချင်း ဝင်ငွေအပေါ် ကြည့်ရမှာတွေ ရှိတော့ ဘယ်လို စနစ်နဲ့ တွက်တာလဲ ဆိုတာ သိပါရစေ။
ဖြေ။ ။ အနီးဆုံး ပြောရရင် ဂက်စ်တာဘိုင်နဲ့ ထုတ်ရင် ကျပ် ၁၀၀ ကျော် ကုန်ကျတယ်။ အစိုးရက ထုတ်တော့ ၃၅ ကျပ်နဲ့ ရောင်းတယ်။ အစိုးရမို့ ရောင်းနိုင်တာပါ။ ပုဂ္ဂလိကလည်း မလာနိုင်ဘူး။ နိုင်ငံခြားကလည်း မလာနိုင်ဘူး။ နောက် အခု တိုးလိုက်တော့ သိပ်အရှုံး မရှိတော့ဘူး။ ဒါတွေကြောင့် နိုင်ငံတော်ကနေ ပိုက်ဆံမတောင်းဘဲ ရှာပေးနိုင်တော့ ပြည်သူတွေ လိုနေတဲ့ လျှပ်စစ်ရဖို့ ဓာတ်အားတွေ ဆွဲနိုင်လာတယ်။ ဓာတ်အားခွဲရုံတွေ တည်နိုင်တယ်။ မီးမရတဲ့ ၇၀ ရာခိုင်နှုန်းကို မီးပေးနိုင်တယ်။ နှစ်တိုင်း ဘီလီယံ ၂၀၀ ကျော်လောက် ရှုံးပါတယ်။ ကျနော်တို့ အနေနဲ့ မီတာခတွေ တက်တယ် ဆိုပေမယ့် တချို့အချက်တွေ လျော့ပါတယ်။ ခုတိုးတာလည်း ဒါက အများဆုံး ဖြစ်မှာပါ။ မီတာ တပ်ဆင်ခတွေ လျော့ပါတယ်။ အစိုးရက ပြည်သူအပေါ် အမြတ်ယူစရာ မရှိပါဘူး။
မေး။ ။ ဝန်ကြီးတို့ ပြောသလို လျှပ်စစ်မီး ထုတ်လုပ်မှု လုပ်ဆောင်မှုတွေ ဖြစ်လာနိုင်မယ် ဆိုရင်ရော ပြည်သူတွေ လိုချင်တဲ့ အနေအထား ရနိုင်မှာလား။ ဝေးနေပါသေးလား။
ဖြေ။ ။ နှစ်အလိုက် ထုတ်ပေးမှာပါ။ လုံလောက်တဲ့ အဆင့်အထိ ထုတ်သွားမှာပါ။ ဝေးတော့ မဝေးပါဘူး။ ပြည်သူတွေ လျှပ်စစ်မီး ရအောင် ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ ၂၀၁၅ မှာ ၅၀ ရာခိုင်နှုန်း မီးရမယ်။ သုံးနိုင်မယ်။ ၂၀၂၀ ဆိုရင်တော့ တော်တော်လေး အဆင်ပြေသွားမှာပါ။ ဒီအတောအတွင်းကတော့ လျှပ်စစ်ထုတ်တာမှာ ကြန့်ကြာမှုတွေ မရှိရင်တော့ မြန်မြန် အဆင်ပြေနိုင်မှာပါ။