မြန်မာနိုင်ငံတွင် မိုဘိုင်းတယ်လီဖုန်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် တင်ဒါခေါ်ယူ ခဲ့ရာ ပြီးခဲ့သည့်နှစ် ဇွန်လ အတွင်းက လုပ်ပိုင်ခွင့်ရရှိခဲ့သည့် နိုင်ငံခြား ကုမ္ပဏီ ၂ ခုထဲတွင် နော်ဝေနိုင်ငံမှ တယ်လီနော(Telenor) ကုမ္ပဏီသည် ၁ ခု အပါ အဝင်ဖြစ်သည်။
၎င်း၏ ဈေးကွက်တွင်ဝင်ရောက် ပြိုင်ဆိုင်မှုနှင့် နိုင်ငံတကာအတွေ့အကြုံများက မိုဘိုင်းဖုန်းနှင့် အင်တာနက် သုံးစွဲနိုင်မှု အဆင့် အတန်းတွင် အောက်ဆုံးနား၌ ရှိနေသည့် မြန်မာနိုင်ငံ၏ အနေအထားကို မြှင့်တင် နိုင်လိမ့်မည်ဟု Telenor က မျှော်လင့်ထား သည်။
တယ်လီနော က လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိပြီး ၈လ အကြာ၊ ဆင်းကတ်များကို ကျပ်ငွေ ၁၅၀ဝ ဖြင့် ပြည်သူ လူထုကို ရောင်းချပေးမည်ဟု ကတိပြုထား၏။
ထို့အတွက် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှကော်ပီ အယ်ဒီတာ ဆိုင်မွန်လူးဝစ် (Simon Lewis) က Telenor Myanmar ၏ အမှုဆောင် အရာရှိချုပ် တာဝန်ယူမည့် Petter Furburg ကိုတွေ့ဆုံကာ မြန်မာပြည်သူများ အတွက် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ပေးရေးတွင် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အကြောင်း မေးမြန်းထားသည်။
မေး။ ။ ၅ နှစ်အတွင်းမှာ မိုဘိုင်းဖုန်း ဝန်ဆောင်မှုက မြန်မာနိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလွှမ်းခြုံနိုင်ဖို့ တယ်လီနော က ကတိပြုထားပါတယ်။ ဘာတွေ အခက်အခဲ ရှိလာနိုင်ပါသလဲ။
ဖြေ။ ။ ဒါက စိန်ခေါ်မှု တခုပါ။ မြန်မာနိုင်ငံက လုပ်ငန်းလုပ်ကိုင်ဖို့၊ အခြေခံ အဆောက် အအုံတွေ ဆောက်လုပ်ဖို့ မလွယ်ကူတဲ့ နေ ရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီတာဝန် အတွက် အလွန် သတိထားရပါတယ်။ လွယ်မှာ မဟုတ်ဘူး ဆိုတာလည်း ကျနော် တို့ သိပါတယ်။ ဒီလို အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့ အတွက် အချိန်ယူဖို့ လိုတယ်ဆိုတာ ပြည်သူတွေ သိထားနိုင်ဖို့လည်း အရေးကြီး ပါတယ်။
မေး။ ။ မြန်မာနိုင်ငံ ဒေသတချို့မှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေသလို၊ ဒေသ တော်တော်များများက သွားလာရေး ခက်ခဲတယ်၊ အဲဒီဒေသတွေမှာ တယ်လီနော ရဲ့ဝန်ဆောင်မှုကို ၅ နှစ်အတွင်းမှာရရှိဖို့ ဖြစ်နိုင်မလား။
ဖြေ။ ။ မြန်မာနိုင်ငံမှာ တွေ့လာနိုင်တဲ့ စိန်ခေါ်မှုတွေ အားလုံးကို ကျနော်တို့ အထူးသတိ ထားပါ တယ်။ နည်းမျိုးစုံနဲ့ တွေ့နိုင်တဲ့ ပုံမှန်စိန်ခေါ်မှုတွေဟာ ဒီမှာ အခြေခံ အဆောက်အအုံ အားနည်းချက်ကြောင့် ပိုများနေပါတယ်။
လမ်းတွေ ဆိုးတယ်၊အသုံးပြုလို့ မရနိုင်ဘူး၊ လျှပ်စစ်ဓာတ်အား မရနိုင်ဘူး၊ တခြားဈေးကွက် တွေမှာ တွေ့နိုင်တဲ့ အခက်အခဲတွေ အားလုံးလည်း ရှိနေပါတယ်၊ နောက်ပြီး တချို့နေရာတွေမှာ ပဋိပက္ခတွေ၊ မြေမြှုပ်မိုင်း ပြဿနာတွေလည်း ရှိနေပါသေးတယ်။
စိန်ခေါ်မှု အားလုံးကို ကျနော်တို့ အလေးထားပေမယ့်၊ အဖြေရှာနိုင်ခဲ့ပြီလား ဆိုရင်တော့ အဖြေ မရသေးပါဘူး၊ အဖြေရှိမယ်လို့ ထင် လားဆိုရင်တော့ ရှိမယ်လို့ ထင်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်မှာ နေတဲ့သူ အတွက်ဖြစ်စေ၊ ကချင်ပြည်နယ်မြောက် ပိုင်းမှာနေတဲ့ သူအတွက်ဖြစ်စေ ကောင်းတဲ့ အရာ တခုကို သုံးစွဲနိုင်အောင် လုပ်ပေးတာပါ၊ မိုဘိုင်းဖုန်း ဝန်ဆောင်မှု အသုံးပြုနိုင်ရေး ဟာ လူ့အခွင့်အရေးနဲ့ တော်တော်ကြီးကို တူတယ်လို့ ကျနော်ထင်ပါတယ်။
တယ်လီနော က ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ မလေးရှား စတဲ့ အာရှဈေးကွက် ၅ ခုမှာ လုပ်ငန်းလုပ်ကိုင်နေတာ တွေ့ရပါလိမ့်မယ်၊ ကျနော်တို့ရဲ့ ဒဿနက လူများစုဆီ ရောက်ဖို့ပါ၊ ဒီဝန်ဆောင်မှုကို လူတိုင်းသုံး နိုင်ဖို့၊ လူတိုင်းလက်ကို ရောက်အောင် ဖြန့်ချိရေးက နံပါတ် ၂ စိန်ခေါ်မှု ဖြစ်ပါတယ်။
နောက်ပြီးတော့ သူတို့ တတ်နိုင်တဲ့ ဈေးနှုန်း အဆင့်မျိုးဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့က လမ်းတွေပေါ်မှာပဲ လိုက်ကြည့် ရင် မှားသွားပါလိမ့်မယ်၊ မြို့ကြီးတွေနဲ့ မြို့ပေါ် မဟုတ်တဲ့ တခြားနေရာ ဒေသတွေမှာ ငွေကြေး တတ်နိုင်မှုအဆင့်အတန်း ကွာခြားချက်က အရမ်းကိုများပါတယ်။
မေး။ ။ ဆင်းမ်ကတ်တွေကို ဘယ်လိုဖြန့်ဖြူးမှာလဲ။
ဖြေ။ ။ ရောင်းချမှုကို ကန့်သတ်ထားမှာ မဟုတ်ပါဘူး၊ အလွယ်တကူ ရနိုင်အောင်လုပ်ပေးထားမယ်၊ ဒါက အရေးကြီးပါတယ်၊ ဒါက ကွန်ရက် ဆောက်တာတခုတည်း မဟုတ်ပါဘူး၊ နေရာတိုင်း၊ လူတိုင်းကိုဆက်သွယ် နိုင်မှာပါ၊ ဆင်းမ်ကတ် တကတ်ဝယ်ဖို့ အတွက် လည်း အခက်အခဲမရှိသင့်ပါဘူး၊ နေရာပေါင်း ၇၀ဝဝဝ လောက်မှာ ဝယ်ယူရရှိ နိုင်ပါလိမ့်မယ်၊ ဒီလိုအရောင်း နေရာတွေက မိုဘိုင်း ဖုန်း ရောင်းတဲ့ဆိုင်တွေမှာမှ မဟုတ်ပါဘူး၊ နေရာ ကျဉ်းကျဉ်းလေးပဲရှိတဲ့ အိမ်ဆိုင်လေးတွေ စတိုးဆိုင်ငယ်လေးတွေမှာလည်း ရပါတယ်၊ သူတို့မှာ ရောင်းစရာ ဖုန်း ၃ လုံးပဲ ရောင်းဖို့ တင်ထားနိုင်တာလည်း ရှိ ချင်ရှိပေမယ့်၊သူတို့ ဖုန်းတွေ စပြီး ရောင်းနိုင်ပါပြီ။
အရာရာတိုင်းလိုက်လုပ်စရာ မလိုဘဲ စီးပွားရေးလုပ်ငန်း တခု ဖန်တီးနိုင်တဲ့ သဘောပါ၊ ကျနော်တို့ရဲ့ ဒဿန ကတော့ ကြီးမားတဲ့ အလုပ်တွေကို လုပ်တဲ့နေရာမှာ အားသန်တဲ့ နည်းလမ်း အတိုင်း သွားဖို့ပါပဲ၊ ကျနော်တို့ ဝန်းကျင်ကသူတွေ အားလုံး စီးပွားရေး လုပ်ငန်းတွေ စတင်ဖန်တီးကြပါ လိမ့်မယ်။
တိုင်းပြည်တခုမှာ ရှိတဲ့ လူ ၇သန်း က ငွေဖြည့် ကတ်ဝယ်ယူတာကနေ လူသန်း ၅၀ အတွက် တိုင်း ပြည်နေရာ အနှံ့အပြားက အိမ် ဆိုင်လေးတွေ အမြောက်အမြားအတွက် စီးပွားရေးလုပ်ငန်း ဖြစ်လာပါပြီ။
မေး။ ။ ဖုန်းနဲ့ အင်တာနက်အပြင် တခြားဘာဝန်ဆောင်မှုတွေ ပေးဖို့ရှိပါသလဲ။
ဖြေ။ ။ ဒါက စောပါသေးတယ်၊ ဒါပေမယ့် ဖွံ့ဖြိုးရေး ဝန်ဆောင်မှုတွေကို စိတ်ဝင်စားတဲ့ အကြောင်းကို တင်ဒါ ယှဉ်ပြိုင်တုန်းက ဖော်ပြခဲ့ပါတယ်၊ တခြားနိုင်ငံက ဈေးကွက်တွေမှာတော့ တောင်သူလယ်သမားတွေ အတွက် ဈေးကွက်မှာ သီးနှံပေါက်ဈေး သိနိုင်ဖို့ နဲ့ ဈေးကွက်ကို ဝင်ထွက်နိုင်ဖို့ စတဲ့ သတင်းအချက်အလက် ဝန်ဆောင်မှုတွေ ပေးပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်ရင် ဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့နဲ့ လိုအပ်နေတဲ့ ကျယ်ပြန့်တဲ့ နေရာတွေကို ကြည့်ဖို့ အတွက် ရန်ကုန်ကနေထွက် သွားဖို့ မလိုပါဘူး။ အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှုတွေ ရှိနေတဲ့ ရန်ကုန်နဲ့ နယ်စွန်နယ်ဖျား ဒေသတွေက ကွာခြားလွန်းပါတယ်၊ ဒါကြောင့် အဝေးလံဆုံးဒေသက ပြည်သူတွေ တယ်လီဖုန်းဝန်ဆောင်မှု ရရှိရင် သတင်း အချက်အလက်တွေ ရရှိနိုင်သလို ဆေးဘက်ဆိုင်ရာ အကြံပေးမှုတွေ ရရှိနိုင် ဖို့ကလည်း အတော်လေး အရေးကြီးပါတယ်၊ ကျနော်တို့ရဲ့ ဝန်ဆောင်မှုတွေကနေ တဆင့် လုပ်နိုင်ပါ လိမ့်မယ်။
ဘဏ္ဍာရေး ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ တယ်လီနော မှာ ငွေကြေးဝန်ဆောင်မှု ပုံစံ အမျိုးမျိုး စမ်းသပ်ခဲ့ပါတယ်၊ အဆင့်အမြင့်ဆုံး ဆောင်ရွက်နိုင်ခဲ့တာကတော့ ပါကစ္စတန်မှာ ဖြစ်ပြီး၊ Easypaisa လို့ ခေါ်ပါတယ်။
ကျနော့် အမြင်ပြောရရင် မိုဘိုင်း ဘဏ္ဍာရေး ဝန်ဆောင်မှုဟာ တကယ်တော့ ဖုန်းနဲ့ ပတ်သက်တာ တခုတည်း အတွက် မဟုတ်ပါဘူး၊ ဖြန့်ချိ ရေးတွေရှိတယ်၊ မိုဘိုင်း ငွေဖြည့်ဖို့ အတွက်အရောင်း နေရာ ၁၆၅၀ဝ၀ ထားပါတယ်၊ သူတို့ အားလုံးဟာ ငွေကြေးဝန် ဆောင်မှု ကို ကိုင်တွယ်လုပ်ဆောင်နိုင်ကြမှာ မဟုတ်ပေမယ့်၊ငွေသားနဲ့ တော့ အလုပ်လုပ်တဲ့ အတွေ့အကြုံရှိပါတယ်၊ ငွေချေဖို့အတွက် အရောင်းကိုယ်စားလှယ်တွေက ကျနော်တို့ ဆီမှာ ငွေကြိုတင် သွင်းထားပြီး ဖြစ်ပါ တယ်၊ ဒါကြောင့် ဖုန်းငွေဖြည့်ချင်သူဆီက ငွေသားလက်ခံပြီး သူ့ရဲ့ ငွေစာရင်းထဲကနေ ပြောင်းထည့်ပေးလိုက်လို့ ရပါတယ်၊ ငွေဖြည့်ကတ် ဝယ်ယူမှ ဖြည့်လို့ရတာမျိုး မဟုတ်ဘဲ ကိုယ်စားလှယ်တွေရဲ့ ကွန်ရက်ကနေ ငွေလွှဲ ပြောင်းနိုင်တဲ့ စနစ်ဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့ရဲ့ ခွန်အားက အဝေးလံဆုံး ကျေးရွာတွေအထိရောက်အောင် ဖြန့်ချိပေးနိုင်တဲ့ အချက်ပေါ်မှာ တည်မှီ နေတယ် လို့ ထင်ပါတယ်၊ ငွေလွှဲပြောင်းမှု ကိုင်တွယ် လုပ်ဆောင်နိုင်ဖို့လည်း အခွင့်အရေးဖြစ်စေပါတယ်၊ ဒါက မိုဘိုင်းဖုန်း အော်ပရေတာတွေ အတွက် ကြီးမားတဲ့ လုပ်ငန်း မဟုတ်ပေမယ့် ဒါကို လုပ်ရတာ က သုံးစွဲသူတွေ ထပ်ပြီး အကျိုးဖြစ်စေဖို့နဲ့ သူတို့နဲ့ ကျနော်တို့ကြားမှာ ပိုပြီး နီးကပ်စေဖို့ပါ။
မေး။ ။ ထွက်ပေါ်လာတော့မယ့် ဆက်သွယ်ရေး ဥပဒေ ကြမ်းနဲ့ အဲဒီမှာ ပါဝင်မယ့် အချက်အလက်တွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ဆွေးနွေးပြီးပါပြီလား။
ဖြေ။ ။ ကျနော်တို့ ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စတွေ၊ လိုင်စင် အတွက် ပြင်ဆင်ရမှာတွေကို ဆွေးနွေးခဲ့ပေမယ့်၊ ဆက်သွယ်ရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ မဆွေးနွေးခဲ့ကြပါဘူး။ ဆက်သွယ်ရေး ဥပဒေ ဘာလဲဆိုတာမသိတဲ့အတွက် ကျနော်တို့ ဒီတိုင်းပဲ စောင့်ကြည့်နေပါ တယ်။
မေး။ ။ မြန်မာ အစိုးရနဲ့ ပြည်တွင်းကုမ္ပဏီတွေနဲ့ ဆက်ဆံရတဲ့အခါမှာ အကျင့်ပျက်ခြစားမှုတွေ ကြုံတွေ့ရနိုင်တယ်လို့ နိုင်ငံခြားကုမ္ပဏီတွေကို သတိပေးကြတယ်၊ ဒီလို ပြဿနာမျိုးတွေ တွေ့လာတဲ့အခါကျရင် ဘယ်လိုဖြေရှင်းမလဲ။
ဖြေ။ ။ အကျင့်ပျက်ခြစားမှုနဲ့ ကြုံတွေ့တဲ့ အခါ ကျနော်တို့ရဲ့ အယူအဆက ရှင်းတယ်၊ ကျနော်တို့ ကမ္ဘာပေါ်က ဈေးကွက် အမြောက်အမြားမှာ လုပ်ကိုင်နေတယ်၊ ဒီစိန်ခေါ်မှုမျိုးကို ဈေးကွက်တိုင်းမှာ ကြုံတွေ့ နေကျ ဖြစ်ပါတယ်၊ အကျင့်ပျက်ခြစားမှုကို လုံးဝ လက်မခံပါဘူး၊ ဒီ အခြေခံ သဘောတရား အတိုင်းပဲ ကျနော်တို့ လုပ်ရမှာဖြစ်ပါတယ်။
မေး။ ။ စောင့်ကြည့် စစ်ဆေး၊ စိစစ်ဖြတ်တောက်ခြင်းတွေအပါအဝင် အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်း၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့(Human Rights Watch) က မြန်မာနိုင်ငံမှာ အလုပ်လုပ်မယ့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီတွေကို သတိပေးထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်တာများ ရှိပါသလား။
ဖြေ။ ။ Human Rights Watch က တယ်လီနော ကို ပေးပို့တဲ့ စာတစောင် ပြီးခဲ့တဲ့ လ အနည်းငယ်က ရရှိခဲ့ပါတယ်၊ ဒါကို ပြန်ဖြေပေးခဲ့ပြီးပါပြီ၊ ဆက်သွယ်ရေး ဥပဒေထွက်လာရင် ဒီထက်ပိုပြီး ဖြေနိုင်ပါလိမ့်မယ်။
အခုချိန်မှာတော့ ဥပဒေက ဘယ်လိုရှိမယ် ဆိုတာ မသိသေးပါဘူး၊ အထူးသဖြင့် ဆက်သွယ်ရေး အချက်အလက်တွေကို အစိုးရ ဘက် က တောင်းခံလာတာမျိုး တရားဝင်နည်းလမ်းနဲ့ စွက်ဖက်တာမျိုး ဖြစ်တယ်။ ဒါကို မှတ်ချက် ပေးဖို့အတွက် ဆက်သွယ်ရေး ဥပဒေ ထွက်လာတာကို စောင့်ရမယ်လို့ ထင်ပါတယ်။
ဒါပေမယ့် ဥပဒေအရ (အစိုးရက) တရားဝင် စွက်ဖက်ခွင့်ပြုတာ မြန်မာနိုင်ငံ တခုတည်း မဟုတ်ပါဘူး၊ နိုင်ငံတကာမှာလည်း ဒါမျိုးအလေ့အထတွေ ရှိပါတယ်၊ ဒါကို ဘယ်လိုခွင့်ပြုမယ်ဆိုတာကို ကျနော်တို့ရဲ့ ကုမ္ပဏီ လုပ်ငန်းစဉ်တွေအတိုင်း လိုက်နာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်၊ ယေဘုယျတော့ ကျနော်တို့က ဥပဒေကို လိုက်နာရမယ်၊ ဒါကြောင့် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို ရှင်းရှင်း လင်းလင်း ဥပဒေထွက်လာတဲ့အထိ စောင့်ဆိုင်းရပါမယ်။ ။