လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့၌ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည်။ ဦးဆောင် ကျင်းပ သူ ဒါရိုက်တာ တဦးဖြစ်သလို ပွဲတွင်ပါဝင်သည့် ဇာတ်ကားတကားကို အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(အိုအိုင်စီ)မှ ငွေကြေးယူကာ ရိုက်ကူးပြသသည် ဟု စွပ်စွဲ ခြိမ်းခြောက်ခြင်းခံရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရုပ်ရှင်ပွဲတော် အခြေအနေ၊ ခရီးသွားရုပ်ရှင်ပွဲတော် အကြောင်းနှင့် မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေး ဆိုင်ရာများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာန အကြီး တန်း သတင်းထောက် မေစစ်ပိုင် က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ဒုတိယ အကြိမ်မြောက် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ရဲ့ အောင်မြင်မှုက ဘယ်လိုရှိလဲ။
ဖြေ။ ။ မနှစ်ကတော့ ၁၂ နာရီ ထိုးခါနီး ငါးမိနစ်ထိ ရုပ်ရှင်ရုံထဲ လူတွေ ရှိနေတုန်းပဲ။ အဲဒီအချိန်က ဒါဟာ ပွဲတော်ကို နောက်ထပ် ပြုလုပ်ဖို့ ကြီးမားတဲ့ တွန်းအားတခု ဖြစ်ခဲ့တယ်။ နိုင်ငံတကာက လာတဲ့ ဧည့်သည်တွေကလည်း
အရှေ့တောင်အာရှမှာ အကြီးဆုံး လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်လို့ အသိအမှတ်ပြု ခံခဲ့ရတာဟာ တော်တော်လေး ကြီးမားတဲ့ တွန်းအားပဲ။ အဲဒီတွန်းအားနဲ့ တနှစ်ပတ်လုံး ကြိုးစားခဲ့တာ၊ ဒီနှစ်မှာ ဝဇီရာရုပ်ရှင်ရုံမှာ ပြတဲ့ နောက်ဆုံးပွဲက စောတယ်၊ ဂျန်းရှင်းစကွဲရုံမှာ ပြတဲ့ပွဲက ၁၂ ထိုးဖို့ ၄ မိနစ်လောက်မှ ပြီးတယ်၊ လူတွေအပြည့်ပဲ။ ကြမ်းပြင်ပေါ်မှာ ထိုင်ကြည့်ကြသူတွေတောင် ရှိတယ်။ ဒါက ဒီ တပွဲတည်းကို ပြောတာ မဟုတ်ဘူး။ မနက် ၁၀ နာရီမှာ စပြီးပြတဲ့ ပွဲကစလို့ နောက်ဆုံး ပွဲစဉ်အထိ လူတွေ အပြည့်ပေါ့။
မေး။ ။ ဒါဆို အောင်မြင်တယ်လို့ ပြောရမှာပေါ့။
ဖြေ။ ။ ကျနော့် အနေနဲ့တော့ မပြောပါဘူး။ နိုင်ငံတကာက ဧည့်သည်တွေလည်း မြင်ကြတယ်။ အောင်မြင်မှု တိုင်းတာရာမှာ ပွဲတော်ကို လူဘယ်လောက် လာကြည့်သလဲဆိုတာ တော်တော်လေး အဓိက ကျတယ်။ ပိုက်ဆံတွေ အကုန်အကျ ခံပြီးတော့ လူ ဘယ် လောက် လာကြည့်သလဲပေါ့။ မဟုတ်ရင် တီဗီ ချန်နယ်တခုကို ပေးလိုက်ပြီး ပြလိုက်တာပေါ့။ အခုက တဖက်သတ် ပြတာမျိုး မဟုတ်ဘဲ၊ ပြတာပဲကြည့် ဖန်တီးသူတွေကို ဝေဖန်စရာမလို၊ ပြောစရာ မလိုတာမျိုး မဟုတ်ဘဲ၊ အပြန်အလှန် ဆွေးနွေးကြတာပေါ့။ လာကြည့်သူတွေထဲ သိချင်သူတွေ၊ ဝေဖန်သူတွေက ဇာတ်ကားတွေ အပေါ် ပြောကြ မေးကြတယ်။
မေး။ ။ ပရိသတ်တွေက ဘယ်လို မေးခွန်းတွေ မေးကြတာများလဲ။
ဖြေ။ ။ ဒီရုပ်ရှင် ဘယ်လို ဖန်တီးသလဲ။ ဘယ်လို အခက်အခဲတွေ ရှိလဲပေါ့။ တချို့ပရိသတ်တွေက ပြလိုက်တဲ့ ရုပ်ရှင် ဇာတ်ကား တွေ အပေါ် အမြင်သဘောထား မတူတာတွေ ရှိတယ်။ ဘယ်သူပဲ ဖြစ်ဖြစ်လေ၊ ကိုယ်ဖန်တီးတာတွေကို အားလုံးတော့ ကြိုက်တာ မဟုတ်ဘူး။ အဲဒီအပေါ်မှာ တချို့ ဖန်တီးသူတွေက ပြန်ရှင်းပြကြတယ်၊ ဆွေးနွေးတယ်။
မေး။ ။ မနှစ်က ရုပ်ရှင်ပွဲတော် ပြီးသွားတဲ့အချိန်မှာ နယ်တွေဘက်ကိုသွားပြီး ခရီးသွားရုပ်ရှင်ပွဲတော်ဆိုတာ လုပ်ခဲ့တယ် ဆိုတော့ ဒီနှစ်မှာရော အဲဒီကိစ္စကို ဘယ်လို လုပ်ဖို့ ရှိမလဲ။
ဖြေ။ ။ မနှစ်က ရန်ကုန်ရုပ်ရှင်ပွဲတော် ပြီးတော့ ဆုရရုပ်ရှင်ကားတွေနဲ့ တခြားသင့်တော်တဲ့ ရုပ်ရှင်ကား ၁၀ ကားကို ခရီးသွား ရုပ်ရှင် ပွဲတော်ဆိုပြီး တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ စီစဉ်ပြသခဲ့တယ်။ နေပြည်တော် အပါအဝင် မြို့ကြီးတွေပေါ့။ မနှစ်ကတော့ မြို့တော် တွေမှာ ပြခဲ့တယ်။ ဒီနှစ်တော့ ပိုပြီး ငယ်တဲ့မြို့လေးတွေမှာ ပြဖို့ ရှိတယ်။
နောင်နှစ်ဆိုရင်တော့ ရွာတွေအထိ သွားမယ်။ ပြီးတော့ တက္ကသိုလ်တွေမှာ ပြသဖို့ ကြိုးစားနေတယ်။ တက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံက တက္ကသိုလ်တွေထဲကို ခရီးသွား ရုပ်ရှင်ပွဲတော်တွေကို ပြသဖို့ ရှိတယ်။ ပထမဆုံးအနေနဲ့ စီးပွားရေး တက္ကသိုလ်ထဲမှာ ခရီးသွား ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေ တယ်။ ဇူလိုင်လဆန်းလောက် ဖြစ်မယ်။ သက်ဆိုင်ရာက ခွင့်ပြုချက်တော့ ယူရတာပေါ့။ မြန်မာနိုင်ငံမှာ ခွင့်ပြုချက် မယူဘဲ လုပ်လို့ရတာ သိပ်မရှိဘူး ထင်တယ်။ ကိုယ့်အိမ်ထဲမှာ လုပ်တဲ့ အလုပ်လောက်က လွဲလို့ပေါ့။
မေး။ ။ ခရီးသွား ရုပ်ရှင်ပွဲတော်လုပ်ခဲ့တုန်းက နယ်ဒေသခံတွေရဲ့ စိတ်ဝင်စားမှု ဘယ်လိုရှိလဲ။
ဖြေ။ ။ ပဲခူးဆို လာကြည့်တဲ့ ပရိသတ်က ၂၀၀၀ ရှိတယ်။ စံချိန်တင်ပဲ။
မေး။ ။ နယ်ဘက်တွေမှာ သွားပြီး ပြသရတာ ဆိုတော့ အခက်အခဲတွေ ရှိခဲ့လား။
ဖြေ။ ။ ရုပ်ရှင်ရုံံ ရှိတဲ့နေရာတွေမှာတော့ ပြသရတဲ့ အပိုင်းက အခက်အခဲ မရှိဘူး ဆိုပေမယ့် ရုံမရှိတဲ့ နေရာတွေ ကျတော့ ခန်းမ တော်တော်လေး ရှာရတယ်။ မနှစ်က ကိစ္စကို ပြန်ပြောပြရရင် ကျနော်တို့ ရုပ်ရှင်ပွဲတော်ကို မကွေးမှာ သွားဖွင့်တာ။ တမင်သက်သက် မကွေးကိုသွားတာ။ မကွေးက ဘယ်သူမှ မလာရဘူး၊ ဘာမှ မလုပ်ရဘူး၊ ခွင့့်ပြုချက် မပေးဘူး ဆိုတဲ့ ခက်ခဲတဲ့မြို့ လို့ ပြောတာကိုး။ ဒါကြောင့် သြဂုတ်လတုန်းက မကွေးမှာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲသွားလုပ် တယ်။
အတွေ့အကြုံကို ပြောရရင်တော့ ပြဖို့ အတွက် ခန်းမတခု ငှားထားတယ်။ သုတို့ထုံးစံအတိုင်း ပါမစ်ရဖို့တင်တယ်။ တောင်းသမျှ စာရွက်စာတမ်းပေးတယ်။ ဒါပေမယ့် ခွင့်ပြုချက်ကို ရမှာလိုလို မရမှာလိုလိုနဲ့ ဖြစ်တယ်။ ဒါနဲ့ မနက်ဖြန်လို ပြဖို့ ဒီနေ့ ကြေညာပြီးပြီ။ လက်ကမ်းစာစောင်တွေဝေပြီးပြီ။ အဲဒါ နေ့လယ် ၂ နာရီ ၃ နာရီလောက် မှ ခွင့်ပြုချက် မရဘူးလို့ လာပြောတယ်။ ဒါနဲ့ နောက်ထပ် တနေရာ ရှာရတယ်လေ။ ကိုယ်တို့က ပါမစ်မပေးလည်း ပြမယ်။ ဒါပေမယ့် သူတို့က ခန်းမပိုင်ရှင်ကို ခေါ်ပြောထားတော့ ပိုင်ရှင်က မျက်နှာအပျက်ပျက်နဲ့ ဖြစ်ပြီး ကျနော် မပြရဲတော့ဘူး ဖြစ်ရော။
ဒါ့အပြင် အချိန်ဆွဲတဲ့ ပုံစံမျိုး၊ ခွင့်ပြုချက်ပေးမယ်၊ ရဲစခန်းလာခဲ့၊ မြို့နယ်ရုံးလာခဲ့လုပ် သေးတယ်၊ ညနေ ၅ နာရီ လောက်မှ မရဘူး ဆိုပြီး ယတိပြတ်ပြောတာ။ ဒါနဲ့ နေရာရှာတော့ မကွေးက ဟိုတယ်တခုရဲ့ ခမ်းမ ရတယ်။ ဒါပေမယ့် သူတောင်းတဲ့ ဈေးပေးရမယ်။ ရတယ်ပေးမယ် ဆိုပြီး ပြခဲ့ရတယ်။
အဲဒါကြောင့် ရုပ်ရှင်ရုံ မရှိတဲ့နေရာတွေဆိုရင် သိပ်ဒုက္ခရောက်တယ်။ ချင်းပြည်နယ်မှာ ဆိုလည်း ခွင့်ပြုချက် မပေးဘူး။ ဒါပေမယ့် တခါတလေကျရင် ရယ်စရာပြောတာက ပါမစ်မပေးရင် ဘယ်လိုလုပ်လဲ ။ဒုတိယအစီအစဉ်ရှိတယ်။
ဘယ်လိုလုပ်လဲ၊ ပါမစ်မပေးရင်လည်း ပြမှာပဲ။ ကြေညာထားပြီးတဲ့ အချိန်ကြီး၊ ဒီနေရာမှာ ပြပါမယ်လို့ ပြောထားပြီးသားကို ရွေ့ရတာ အမြန်ဆုံး ဘေဘုတ်ပြောင်းချိတ်ရတယ်၊ တခြားနေရာ ပြောင်းကြောင်း၊ အချိန်ပေး ရတယ်၊ ဒါပေမယ့် အံ့သြစရာကောင်းတယ်၊ လူ ၂၀၀၀ လာတယ်၊ မေးခွန်းတွေလည်း မေးကြတယ်။
မေး။ ။ နယ်ဘက်တွေ သွားခဲ့တုန်းက အဲဒီက ဒေသခံတွေရဲ့ တုံ့ပြန်မှုက ဘယ်လောက် အထိ ရှိသလဲ။
ဖြေ။ ။ မနှစ်က ပြတဲ့အထဲက တကားဆိုရင် ဆုရခဲ့တဲ့ အကျဉ်းစံဘဝဆိုတဲ့ ကားပေါ့။ အဲဒီထဲက ဇာတ်ကောင်ကိုပါ ခေါ်သွားတယ်။ ဇာတ်လမ်းက ထောင်ထဲ ၁၃ နှစ်နေခဲ့ပြီး အချိန်တွေကို အနုပညာနဲ့ ဖြတ်သန်းခဲ့တဲ့ အကြောင်းပေါ့၊ ကိုဆန်းဇော်ထွေး အကြောင်း။ ဘားအံမှာ ဖြစ်မယ်ထင်တယ်၊ အမျိုးသမီး ၂ ယောက်ဆို ငိုတောင်ငိုတယ်။ ကျနော် မြင်တယ်။ တချို့လူတွေကလေ မြန်မာ နိုင်ငံ ဘာဖြစ်နေတယ်ဆိုတာကို မသိဘူး။ နေ့စဉ် စားဝတ်နေရေးကလွဲလို့ ကျန်တာ ခေါင်းထဲမထည့်နိုင်တဲ့ အခြေအနေပေါ့။
အထူးသဖြင့် နယ်တွေမှာ ပိုဆိုးတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရ တယ်။ နယ်တွေမှာက လက်လှုပ်ရင်တောင် ပါးစပ်လှုပ်ဖို့ အခြေ အနေ မရှိဘူး။ ရန်ကုန်မှာမှ အခွင့်အလမ်း ရှိသေးတယ်။ နယ်မှာဆို တော်တော်လေး ဆိုးတဲ့ အခြေအနေတွေ ရှိသေးတယ်။ အဲတော့ သူတို့က မြန်မာနိုင်ငံ ဘာဖြစ်နေတယ် ဆိုတာ မသိကြဘူး၊ တကယ် ဖြစ်တာတွေ မြင်ကြ၊ တွေ့ကြ၊ အံ့သြကြ။ အဲဒီတော့မှ မေးတဲ့ သူကမေး၊ သိသူတွေ သိပေါ့။
ဒါပေမယ့် ကျနော်တို့က လူ့အခွင့်အရေး ရုပ်ရှင်တွေ ဆိုတာက ခံစားရတာကို ပြချင်လို့ ကျင်းပ ချင်တာ မဟုတ်ဘူး။ ဘယ်လို ဖြတ် သန်းသလဲ ပေါ့။ အဲဒါကို အသိပညာ အမှားပေးမိမှာ စိုးတယ်။ ဥပမာ နိုင်ငံရေး လုပ်ရင် ထောင်ကျတယ် ဆိုတာမျိုး ပေါ့။ အဲလိုဖြစ် မှာ စိုးတယ်။ ဒါကြောင့် နိုင်ငံရေး လုပ်သူတွေဟာ ဘယ်လို ရဲရင့်သူတွေ၊ နိုင်ငံ အတွက် ဘယ်လို စေတနာထားတဲ့ သူတွေ၊ ဘယ် လို စိတ်ဓာတ်ရှိတဲ့ သူတွေ စသည်ဖြင့် ပေါ့။ ဒီလူတွေက အခက်အခဲတွေ ကြုံရင် ဘယ်လိုကျော်ဖြတ်သူတွေ ဆိုတာမျိုး အသိပေး ပြောပြရတယ်။
မေး။ ။ အစိုးရက ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့တော့ အော်နေတာပဲ။ အခုလို ရုပ်ရှင်ပွဲတော် လုပ်တာကိုတောင် ခွင့်ပြုဖို့ ဝန်လေးနေတော့ ဘယ်လိုထင်လဲ။
ဖြေ။ ။ ကျနော်တို့ ၁၃ နေရာ ပြခဲ့တယ်၊ ခွင့်ပြုချက်ရတာ လွိုင်ကော် တခုပဲ ရှိတယ်။
မေး။ ။ ဒီနှစ်ရော ကြိုစီစဉ်ရ မလား။
ဖြေ။ ။ ဒီနှစ်တော့ ရွေးချယ်စရာ ပိုများတာပေါ့။ ရုပ်ရှင်ပြလို့ ရတဲ့ခန်းမ ကောင်းကောင်း ဘယ်မြို့မှာ ရှိလဲ ဆိုတာ ကြည့်ရမယ်။
မေး။ ။ ဒီနှစ် ရုပ်ရှင်ပွဲတော်မှာ ပြမယ့် ဇာတ်ကားတကားနဲ့ ပတ်သက်ပြီးတော့ ဖေ့စ်ဘုတ်မှာဝေဖန် တိုက်ခိုက်တာတွေ လုပ်တာကြုံနေရတယ် လို့လည်း ကြားတယ်။ အဲဒါ ဟုတ်လား။
ဖြေ။ ။ ဖေ့စ်ဘုတ်မှာ ပြောနေကြတာလေ။ Open sky ဆိုတဲ့ ဇာတ်ကားကို ကျနော်က အိုအိုင်စီ ဆိုတဲ့ အဖွဲ့အစည်း ဆီက ပိုက်ဆံ ယူပြီး ရိုက်တယ် ဆိုပြီး ပြောနေကြတယ်။ အဲလို ပြောကြတယ်။ ၁၅ ရက်နေ့ ရုပ်ရှင်ပွဲတော် စတဲ့နေ့ပေါ့ လေ။ အဲဒီနေ့ မနက်ထိ ဖေ့စ်ဘုတ်သုံးသေးတယ်။ ဘာမှ မတွေ့သေးဘူး။ နောက်ဖုန်းဝင် လာတယ်၊ အဲဒီကား တကားက အိုအိုင်စီကနေ ပိုက်ဆံ ယူပြီး ကျနော်ရိုက်ထားတဲ့ ကားပေါ့လေ။ အစ္စလမ် ဘာသာဝင်တွေဘက်က ရပ်တည်ပြီး ရိုက်ထားတဲ့ကားဆို၊ ဟုတ်လားပေါ့။ အဲလို ဆက် တိုက် ပဲ ဖုန်းတွေ ဝင်လာတယ်။ ဒါနဲ့ ရုပ်ရှင်ရုံ ရောက်တော့ ပိုင်ရှင်က ပြောတယ်။ ရုပ်ရှင်ရုံကို မီးရှို့မယ်လို့ ပြောနေတယ်။ မင်းထင် ကိုကိုကြီးကိုလည်း သတ်မယ် ဖြတ်မယ် ပေါ့။ အဲဒါနဲ့ပိုင်ရှင်က ကြောက်တယ်။ တနေ့လုံးတော့ ဖုန်းတွေ ဝင်လာတယ်၊ ဖြေလိုက်ရင် ဘယ်ဆိုက်မှာ ဘာရေးထားတယ်၊ ဘယ်သူက ရေးတယ်..ပေါ့လေ။
မေး။ ။ အဲဒီလို ကောလာဟလတွေ ထွက်လာတာက ရုပ်ရှင်ပွဲတော်ကို အဓိက တိုက်ခိုက်ချင်တာလို့ ထင်သလား။
ဖြေ။ ။ အခြေခံအရ ပြောရရင် အမှားက စတာလေ။ အိုအိုင်စီလား၊ အဲဒီ အဖွဲ့အစည်းက ပိုက်ဆံယူပြီး ရိုက်တယ် ဆိုတဲ့ အခြေခံ အချက်ကိုက မှားတာလေ။ ဘယ်လိုများ မှားသလဲ၊ ကျနော်စဉ်းစားလို့ မရဘူး။ အဲဒီအဖွဲ့ နာမည်ကို ပါးစပ်က ပြောနေရတာကိုက ဘဝမှာ ပြောလာရလိမ့်မယ် လို့တောင် တသက်လုံးမှာ မထင်ထားဘူး။ အခုတော့ ပြောနေရတယ် ပေါ့လေ။ သူတို့နဲ့ အလုပ်လုပ်ဖို့ ဆိုတာ ခဏလေး ထားလိုက်ဦး၊ အခုတော့ တနေ့တခါလောက် ပြောနေရတယ်။
ဖြစ်နိုင်ခြေ ရှိတာက ဘာလဲ ဆိုတော့ ကျနော်တို့ ရုံးမှာ အချင်းချင်း ပြောကြတာက USAID အဖွဲ့ကို အိုအိုင်တီ ဆိုပြီး ခေါ်တော့ အိုတီအိုင်မှန်း မသိ၊ အိုအိုင်စီမှန်း မသိ၊ နားကြားမှားတာ နေမှာပါ။ ဒါက ဖြစ်နိုင်တာကို ပြောတာ။ အခုတော့ ဘယ်လို ဖြစ်ရတယ် ဆိုတာ သိရတော့ တော်တော်လေးကို စိတ်မကောင်းစရာပါ။ ဘာမှ မပြောချင်တော့ဘူး။ ပြမယ်လို့ ကြေညာထားတယ်။ မပြနိုင်ဘူး၊ ရုပ်သိမ်းလိုက်ရတယ်။
နိုင်ငံတကာက လူတွေရဲ့ရှေ့မှာ ဂုဏ်သိက္ခာ ထိခိုက်တာပဲ။ ဒါပေမယ့် အဲဒါထက် ဘာပိုအရေးကြီးလဲဆိုတော့ ရုံထဲမှာ ပြဿနာတွေ ဖြစ်တော့မယ် ဆိုတော့ အဲဒါကို ကြည့်ရမယ်။ ကျနော်တို့နိုင်ငံက အင်မတန်မှ ထိလွယ်ရှလွယ် အနေအထား။ ဘာလို့လဲ ဆိုတော့ သူတို့က ပြဿနာကို ရှာချင်နေပြီ ။ ရုံထဲဝင်လာပြီး တခုခု လုပ်မယ်၊ ပြောမယ် ဆိုမယ် ပေါ့ ။ ပြဿနာ အကြီးကြီး ဖြစ်အောင် လုပ်ဖို့ ယူဆရတယ်။ ဒါကြောင့် အဖြစ်မခံနိုင်ဘူး။ အသုံးချခံရတဲ့ ယမ်းပုံပေါ်က မီးစ အဖြစ် မခံနိုင်ဘူး။ ဒါကြောင့် အဲဒီ ဇာတ်ကားကို ပြသ ဖု့ိ ရုပ်သိမ်းလိုက်တယ်။
မေး။ ။ Open Sky ဆိုတဲ့ဇာတ်ကားက ဘယ်လိုကားမို့လို့ အဲဒီလောက်အထိ တိုက်ခိုက်နေကြတာလဲ။
ဖြေ။ ။ ဇာတ်လမ်းက မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် ၂ ယောက်အကြားက ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးကို ရိုက်ပြထားတာ။ ဘယ်သူ့ကိုမှ ရှုတ်ချတာ၊ အပြစ်တင်တာ ဝေဖန်တာ မပါဘူး။ ဝေလည်း မဝေဖန်ရဲလို့ ပြောလည်း မပြောရဲလို့ ရိုက်ပြီး ပြောခိုင်း တာ တောင် မပြောရဲဘူး။ အဲဒါသူတို့ ဘယ်လောက် ကြောက်နေတယ် ဆိုတာကို ရိုက်ပြထားတာ။ ဆိုလိုတာက တဖက်တည်း ကြောက် နေတာ မဟုတ်ဘူး။ ဘာသာဝင် နှစ်ဖက်စလုံးက ကြောက်နေ ကြတာ။
အဲဒီ ၂ယောက်ကြားထဲက ချစ်ခင်မှု၊ စောင့်ရှောက်မှု။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်းချမ်းရေးပဲ။ အဲဒါလေးကို ရိုက်ပြတာ။ ဒီနေ့ထက်ထိ တယောက်ယောက်က ဒီဇာတ်ကားကို YouTube ပေါ်မှာ ဝက်ဘက်ဆိုဒ်တခုခုမှာ ကြည့်ပြီး ပြောတယ် ပေါ့လေ။ ဘယ်မှာမှလည်း မတွေ့ဘူး။ အဲဒီကားကို မွတ်စလင်ဘက်က ရပ်တည်ပြီး ရိုက်ထားတယ် ပြောကြတယ်။ ဘယ်မှာမှ မတွေ့ဘူး။ ဘယ်မှာတင်မလဲ ဆိုတာကို ကျနော်လည်း စောင့်နေတာ ဘယ်သူမှ မတင်နိုင်ဘူး။ လူတွေက သေသေချာချာ သိတာဘာမှ မရှိဘူး။ အစလေးတစ ကြားလိုက်တာကို ထင်ရာမြင်ရာ ဆွဲထုတ်ကြတာ။
မေး။ ။ ဒီကိစ္စပေါ် မူတည်ပြီးတော့ ဖေ့စ်ဘုတ်လို လူမှုကွန်ရက် မီဒီယာတွေ ကျယ်ပြန့်လာတဲ့ အပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ လူတဦးချင်းစီရဲ့ စဉ်းစားတွေးခေါ်ပုံ၊ အရည်အချင်းနဲ့ပဲ ဆိုင်မယ်။ အဲဒီကားရိုက်တဲ့ သူတွေဆို ဖေ့စ်ဘုတ်မှာ ပေ့ချ်ကို ပိတ် ထား လိုက်တယ်။ ကျနော်ကတော့ ကျနော့်ရဲ့ ဖေ့စ်ဘုတ်နဲ့ ပေ့ချ်မှာ ရေးတာတွေကို ဖျက်မှာလည်း မဟုတ်ဘူး။ ဂရုလည်း စိုက်မှာ မဟုတ်ဘူး။ ကျနော့်ဖေ့စ်ဘုတ်ထဲမှာ ၅၂ နှစ် လောက် အရည်အချင်းမဲ့စွာ အုပ်ချုပ်ခဲ့တဲ့ လူတစုက လွဲလို့ ကျနော် တိုက်ခိုက်ရမယ့် သူ မရှိဘူး။ အရပ်သား အစိုးရဖြစ်ရေးကို တားဆီးနေတဲ့ အာဏာရှင်စနစ် ကျင့်သုံးနေတဲ့လူတွေက လွဲလို့ ဘယ်သူ့ကိုမှ တိုက်ခိုက် စရာ မမြင်ဘူး။
ဖေ့စ်ဘုတ်သုံးတယ် ဆိုတာကလည်း ကိုယ်လုပ်တဲ့ အလုပ်တွေကို မီဒီယာအနေနဲ့ သုံးဖို့ပဲ။ ဒါက ပထမဆုံး တိုက်ခိုက်ခြင်း ခံရတာ။ စိတ်မကောင်းဖြစ်တယ်။ သူတို့ပြောတာတွေကို ဖတ်ကြည့်ရင် မဟုတ်ဘူးဆိုတာက တော်တော်လေးပေါ်လွင်နေတယ်။ သြော် ဘာ မှ လည်း မသိပါဘူး၊ သေချာသိတာလည်း ဘာမှ မရှိပါလား၊ သြော် သနားစရာ ကောင်းလိုက်တာ၊ ဒီအရည်အချင်းမရှိတဲ့ အစိုးရ လက်အောက်မှာ လူတွေရဲ့အတွေးအခေါ် မြော်မြင်မှု ဆိုတာ အသုံးချခံ ဖြစ်သွားပြီ ဆိုပြီး သူတို့ကို သနားတယ်။
မေး။ ။ အဲဒီလို မက်ဆေ့ချ်ပို့ တိုက်ခိုက်သူတွေကိုရော ဘယ်လိုတုံ့ပြန်သလဲ။
ဖြေ။ ။ ကျနော့်ကိုဆဲတဲ့သူတွေကို သနားတယ်။ ဆဲတဲ့သူ ဘယ်သူလဲ ဆိုတာ သူ့ပရိုဖိုင်းကို ဝင်ကြည့်တယ်။ ၁၀ ယောက် ဆဲရင် ၁ ယောက်လောက်တော့ သိတယ်။ ၉ ယောက်လောက်က မြန်မာနိုင်ငံအလံပုံ၊ ဘုရင့်နောင်တို့ ဘာတို့ အရုပ်တွေ တင်ထားတယ်။ ဒါမှမဟုတ် ဦးသိန်းစိန်ပုံ တင်ထားတယ်၊ သေချာတာတော့ သူတို့ ဘယ်သူဆိုတာ မသိရဘူး။ တချို့ဆို အကောင့်ဖွင့်တာ မကြာသေး ဘူး။ သူတို့ပေ့ချ်တွေ ဝင်ကြည့်ရင် ပဋိပက္ခဖြစ်ရာ ဖြစ်ကြောင်းတွေ တင်ထားတာ ချည်းပဲ။
မေး။ ။ ရုပ်ရှင်လောက က ပွင့်လင်းစွာ လုပ်ကိုင်လို့ ရလာပြီလို့ ဆိုပြီး နောက်ပိုင်း လူ့အခွင့်အရေး သရုပ်ဖော်၊ ပြည်သူတွေရဲ့ ဘဝ စတဲ့ ဇာတ်လမ်းမျိုးတွေ ရိုက်လာပြီ ထင်လား။
ဖြေ။ ။ ဒီ လောကထဲက လူတွေပေါ့။ နှစ်ပေါင်းများစွာ အလုပ်လုပ်နေကြတဲ့ သူတွေ ပြောနေကြတာတွေ ရှိတယ်။ သူတို့ ရုပ်ရှင် လောက မတိုးတက်ရခြင်း အကြောင်းက နံပါတ် ၁ ဆင်ဆာကြောင့်။ နံပါတ် ၂ စက်ကိရိယာတွေ မကောင်းလို့ ။ နံပါတ် ၃ စတူဒီယို တွေ မရှိလို့ သူတို့ရုပ်ရှင်တွေ ညံ့ရတာပါလို့ ပြောတယ်။ သူတို့ ပြောတဲ့ အချက်တွေက ရုပ်ရှင်ညံ့ရခြင်းရဲ့ အစိတ်အပိုင်း သေးသေး လေးတခုပဲ။
ဒီရုပ်ရှင်လောကကြီး ညံ့ရခြင်းအကြောင်းက သူတို့ကိုယ်တိုင် ညံ့လို့။ လူတွေကိုယ်တိုင် ညံ့လို့။ ဘယ်သူမှ ညံ့တာ မဟုတ်ဘူး၊ ဒါ ကိုယ့်အမြင်ပေါ့။ သီးခြား ထပ်ပြောရရင်တော့ ဖန်တီးတယ် ဆိုတာ အနုပညာ၊ အတတ်ပညာအပြင် အဲဒီနောက်မှာ မားမားကြီးရပ်နေတဲ့ အသိပညာ ရှိလိမ့်မယ်။ အဲဒီလောကမှ အဓိကကျတာက အသိဉာဏ်ကြီးတဲ့ ဇာတ်ညွန်းရေးဆရာ မရှိတာ။ အနုပညာ အတတ်ပညာ ရှိချင် ရှိလိမ့်မယ်။ ဒါပေမယ့် အသိပညာကြီးတဲ့သူ မရှိခြင်းကြောင့် ဒီရုပ်ရှင်လောကကြီးက အရှေ့တောင်အာရှမှာတောင် နောက်နားရောက်နေတာ။
အရင်တုန်းက ဆရာကြီး ရွှေဒုံးဘီအောင်တို့၊ ဆရာမောင်ဝဏ္ဏ၊ ဆရာကြီးဦးဝင်းဖေ၊ ဦးဝင်းဦးတို့ အဲဒီလို လူတွေ အနုပညာ အတတ် ပညာလည်းရှိ အသိပညာလည်း ရှိကြတယ်။ ဦးဝင်းဦးကို မင်းသားအနေနဲ့ ပြောတာ မဟုတ်ဘူး နော်။ အဲဒီလူတွေ ကိုယ်တိုင် ဇာတ် ညွန်း ရေးတဲ့သူတွေ အသိပညာ မြင့်မြင့် စဉ်းစားတွေးခေါ် နိုင်တဲ့သူတွေ။ အနုပညာ ကတော့ အခြေခံပေါ့၊ အဲဒီလိုလူတွေ မရှိခြင်းကြောင့် ဒီရုပ်ရှင် လောကကြီး စုတ်ပြတ်သတ်နေတာ။ တခြားဘာမှ မလိုဘူး။ ဦးနှောက်အရည်အသွေး မြင့်တဲ့ ဇာတ်ညွန်းရေးဆရာ လိုတာ တခြားဘာမှ မလိုဘူး။ အဲဒါ မရှိခြင်းက ကွက်လပ်အကြီးကြီး ဖြစ်နေတာ။ ဒါကြောင့် အရည်အသွေးတွေ ထိုးကျနေတာ။ ။