မြန်မာငပုတွေ ဘယ်တော့ သန်မာထွားကျိုင်းမှာလဲ
This article has been converted from Zawgyi One to Unicode
ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကိုပြောတိုင်း မဖြစ်မနေ ထည့်သွင်းစဉ်းစားလာရတဲ့ ကိစ္စတခုကတော့ လူသား ရင်းမြစ် ဖွံ့ဖြိုးလာတာကို ထည့်သွင်းတွက်ချက်ဖို့ လိုလာပါတယ်။ လူသားရင်းမြစ် ဖွံ့ဖြိုးလာဖို့ဆိုတဲ့ နေရာမှာ လည်း ယေဘုယျအားဖြင့် နှစ်မျိုးရှိပါတယ်။ ပထမတမျိုးကတော့ အသိပညာ၊ အတတ်ပညာဆိုတဲ့ ပညာတွေကို တတ်မြောက်ခြင်းဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ ကိုယ်ကာယအားဖြင့် ဖွံ့ဖြိုးခြင်းဆိုတာလည်း တချိန် တည်းမှာ ကပ်ပါနေပါတယ်။
ဒီတပတ်မှာ ပြောချင်တဲ့ ကိစ္စကတော့ ဒုတိယ အမျိုးအစား ဖြစ်တဲ့ ကိုယ်ကာယ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကျန်းမာ သန်စွမ်းခြင်း အကြောင်းပါ။ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်ပါရဲ့လား။ မြန်မာနိုင်ငံသားတွေ သန်မာထွားကျိုင်းပါသလား။ အားမနာတမ်း ပြောရရင်တော့ မြန်မာ နိုင်ငံသားတွေရဲ့ ကာယဖွံ့ဖြိုးမှုဟာ နောက်ကျကျန် နေရစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ အရပ်အမောင်း ပုသထက် ပုလာတာကို လက်တွေ့ မြင်နေရပါတယ်။
လူလုံးလူဖန် သေးသေးကွေးကွေး ဖြစ်လာနေပါတယ်။ ငွေကြေးတတ်နိုင်တဲ့ မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တချို့ကတော့ထောင်ထောင် မောင်းမောင်းရှိ ပါတယ်။ ဒါပေမယ့် နိုင်ငံတဝန်းလုံး လူဦးရေနဲ့ ချိန်ထိုးလိုက်ရင် အဲဒါက လူနည်းစုသာ ဖြစ်ပါတယ်။ မြန်မာတွေ ပုကုန်ပါပြီ။
မိတ်ဆွေတဦးရဲ့ တူမလေး တယောက်က စင်ကာပူမှာ အလုပ်လုပ်ပါတယ်။ အလုပ်ကခွင့်ယူပြီး ပြန်လာတဲ့အချိန်မှာ မိတ်ဆွေရဲ့အိမ်မှာ ဆုံလိုက်ရပါတယ်။ အဲဒီ မိန်းကလေးက ခေတ်ပညာတတ် မိန်းကလေး တဦးပါ။ ပြုံးပြုံး ရွှင်ရွှင် ချက်ချက်ချာချာရှိပါတယ်။ စကားပြောကြည့် လိုက်တော့ အဲဒီကလေးမလေးဟာ Óဏ်လည်း အတော်ကောင်းပုံရပါတယ်။ သမီးအသက်ဘယ် လောက်ရှိပြီ လဲမေးတော့ သုံးဆယ်လို့ပြော ပါတယ်။ အချိန်နဲ့ပြောရမယ်ဆိုရင် အဲဒီမိန်းကလေးဟာ ၁၉၈၄ ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ ဆိုရမှာပေါ့။ သုံးဆယ်ဆို တာ မငယ်တော့တဲ့အရွယ်ပါ။ အိမ်ထောင်သားမွေး ပြုမယ်ဆိုရင် အရွယ်ကောင်းတဲ့အချိန်လို့ ဆိုရမှာပါပဲ။ သို့သော် ကလေးမလေးဟာ အတော်လေးအရပ် ပုပါတယ်။ ငါးပေတောင် မပြည့်ပါဘူး။ ရှိလှမှ လေး ပေကိုးလက်မလောက်ပဲ ရှိပါတယ်။ ခန္ဓာကိုယ်က လည်း ပါးပါးလှပ်လှပ်လေး ဖြစ်နေပါတယ်။ အခု ခေတ်မှာတွေ့ရတဲ့ မြန်မာအမျိုးသမီးငယ် အများစုဟာ အထက်ကပြောခဲ့တဲ့ မိန်းကလေးလို သေးသေး ကွေးကွေးလေးတွေဖြစ်နေတာ စိတ်မကောင်းဖွယ်ရာ မြင် နေရပါတယ်။
အဲဒါဆိုရင် ယောက်ျားလေးတွေက ကော အရပ်မြင့်သလားဆိုတာ့ ဒီဘက်ခေတ်မျိုးဆက်တွေဟာ အရပ်မမြင့်တဲ့အပြင် အရပ်ပုလာတယ်လို့ ဆိုနိုင်ပါတယ်။ ပြင်ဦးလွင် စစ်တက္ကသိုလ်က ဗိုလ်လောင်းတွေကို မြင်လိုက်ရတော့ မြန်မာအမျိုးသားတွေ အတွက်လည်း စိတ်မကောင်း ဖြစ်ရပြန်ပါတယ်။ ဗိုလ်လောင်းအများစုဟာ အရပ်ပုနေပြီး ခန္ဓာကိုယ် တည် ဆောက်ပုံကလည်း သေးသေးကွေးကွေးပါ။ နောင်မှာ ထောင်ထောင်မောင်းမောင်း စစ်သားကြီးတွေ မြန်မာ့ တပ်မတော်ထဲမှာ ရှိပါဦးမလားလို့ရင်လေးမိပြန်ပါတယ်။ နှစ်အတော်ကြာ လေ့ကျင့်ပေးပြီးမှ ဖြစ်လာရတဲ့ စစ်သားကြီးတွေ စစ်ဗိုလ်ကြီးတွေ ကိုယ်တိုင်ကမှ ထောင်ထောင်မောင်းမောင်း မရှိဘူးဆိုရင် အရပ်သူ အရပ် သားများအတွက်တော့ ဝေးရောပဲလို့ ဆိုရတော့မှာပါ။ ပြောရရင် ကာချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် တောင် အရပ်အမောင်းကောင်းသူ မဟုတ်တာ တွေ့ရပါတယ်။
မြန်မာတွေ ဘယ်အချိန် လောက်ကတည်းက အရပ်အမောင်း ပုလာနေပါသလဲ။ အရပ်မြင့်တာ အရပ်ပုတာ ခန္ဓာကိုယ်ထွားကျိုင်း တာကို သုတေသနပြုနေတဲ့ ပညာရှင်မဟုတ်တော့ စာရေးသူကိုယ်တိုင် သုတေသနဆန်ဆန် စနစ်တကျတင်ပြဖို့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ မြန်မာတွေ အမျိုးသားရော အမျိုးသမီးပါ အရပ်အမောင်း ပုလာတယ်ဆိုတာကတော့ အားလုံးအမြင်ပါပဲ။ သမိုင်းစာအုပ်များထဲက မှတ်မိနေတာတချို့ရှိပါတယ်။ ၁၈ ရာစုခေတ်တုန်းက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အနောက်တိုင်း သံတမန်တဦးက သူရဲ့မှတ်တမ်းထဲမှာ ဒီလိုရေးထား ပါတယ်။ အလောင်းမင်းတရားကြီးဟာ ခန္ဓာကိုယ် ကြံ့ခိုင်ပြီး အရပ်အရှည် ငါးပေဆယ့်တလက်မခန့် ရှိတယ်လို့ ဆိုထားပါတယ်။ တခါ မြန်မာမှတ်တမ်းများအရ အလောင်းမင်းတရားကြီးရဲ့ မြင်းရည်တက် ခြောက်ကျိပ်ရှစ် ယောက်ဟာ ထွားထွားကျိုင်းကျိုင်း သန်သန်မာမာရှိသူများ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒီအထဲက ဗိုလ်တွန်လို့ခေါ်တဲ့ မင်းခေါင်ကျော်ထင် နော်ရထာဟာ အရပ်အမြင့် “လေးတောင်” ရှိပြီး လက်မောင်းရင်း အတုတ်ဟာ “သုံးထွာ” လုံးပတ် ရှိတယ်လို့ သိရပါတယ်။
မြန်မာအတိုင်းအထွာ လေးတောင်ဟာ အင်္ဂလိပ် အတိုင်းအထွာ ခြောက်ပေနဲ့ ညီမျှပါတယ်။ အဲဒီခေတ် မြန်မာတွေအများစုဟာ အရပ်အမောင်း ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီ အနောက်တိုင်း သံတမန်ရဲ့ မှတ်တမ်းထဲမှာ မြန်မာတွေဟာ သိသိသာသာကြီး အရပ်ပုလှ တယ်လို့ မှတ်ချက်ချထားမျိုး မတွေ့ရပါဘူး။ ကုန်းဘောင်မင်းဆက်ရဲ့ ဒုတိယနောက်ဆုံးဘုရင်ဖြစ်တဲ့ မင်းတုန်းမင်း ကြီးလက်ထက်မှာ ကင်းဝန်မင်းကြီး ဦးကောင်းကို ခေါင်းဆောင်စေပြီး သံအဖွဲ့တခု အင်္ဂလန် ကိုစေလွှတ် ခဲ့ပါတယ်။ အဲဒါက ၁၉ ရာစုထဲမှာ ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ်အရ ၁၂၃၃ ခုနှစ်လို့ မှတ်သားမိပါ တယ်။ အခုကာလက မြန်မာနှစ်အရ ၁၃၇၆ ခုနှစ် ဆိုတော့ ကင်းဝန်မင်းကြီး အင်္ဂလန်ကို သွားခဲ့တာ လွန်ခဲ့တဲ့ ၁၄၃ နှစ်ကဖြစ်ပါတယ်။ အင်္ဂလိပ်သက္ကရာဇ် အရ ၁၈၇၁ ခုနှစ်မှာ သွားခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အင်္ဂလိပ်မှတ် တမ်းများအရ မြန်မာသံအဖွဲ့ ခေါင်း ဆောင်များနဲ့ လိုက်ပါလာတဲ့ ဘုရင့်ဝန်ထမ်းများရဲ့ ပုံပန်းသဏ္ဌာန်ကို ဒီလိုဆိုထားပါတယ်။ မြန်မာလူမျိုး တို့ဟာ အသားညိုပြီး လူလုံးလူဖန် သေးသွယ်တယ်၊ အရပ်ပုတယ်လို့ ဆိုပါတယ်။ အဲဒီအချိန် ကာလဖြစ် တဲ့ ၁၈၇၁ ခုနှစ်မှာ မြန်မာတွေဟာ အရပ်ပုတယ်လို့ စတင်သတ်မှတ်ခံ လာရပါပြီ။
သို့သော် အာရှတိုက် သားများထဲမှာတော့ မြန်မာတွေဟာ အဲဒီအချိန်မှာ ပုတယ်လို့ပြောမရပါ။ ၁၉ ရာစုနဲ့ ၂၀ ရာစု အလယ် လောက်အထိ ပုတယ်လို့ အများကသတ်မှတ်ထားတဲ့ လူမျိုးကတော့ ဂျပန်လူမျိုး တွေဖြစ်ပါတယ်။ ဂျပန် တွေနဲ့နှိုင်းစာရင် မြန်မာနိုင်ငံသားတွေဟာ အရပ် ရှည်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ဂျပန်ခေတ်တုန်း က ဂျပန်တွေကို မြန်မာတွေက ငပုတွေလို့ ခေါ်ခဲ့တာ အားလုံးမှတ်မိကြမှာပါ။ ဂျပန်စစ်သား အများစုဟာ အရပ်ပုပါတယ်။ ဂျပန်ခေတ်ကိုမီလိုက်တဲ့လူကြီးများ အပြောအရ ဂျပန်စစ်သားတွေရဲ့ အရပ် အမောင်းဟာ ငါးပေနှစ်လက်မ၊ ငါးပေသုံးလက်မထက် မပိုဘူးလို့ ဆိုပါတယ်။ စကားစပ်မိလို့ပြောရရင် ဒုတိယကမ္ဘာ စစ်အပြီးမှာ အမေရိကန်နိုင်ငံက ပညာရှင်တွေက သုတေသနစစ်တမ်းတခု ပြုစုပါတယ်။ အဲဒီ သုတေသနက ဘာကြောင့် ဂျပန်တွေ စစ်ရှုံးရသလဲဆိုတာ ကိုလေ့လာထားတာပါ။ လေ့လာချက်များအရ ဂျပန် တို့စစ်ရှုံးခဲ့ရတဲ့ အကြောင်းအရင်း စုစုပေါင်း အချက် တစ်ရာ ရှိတယ်ဆိုပါစို့။ အဲဒီ အကြောင်းအရင်း တစ်ရာထဲ မှာ အရပ်ပုတာလည်း အချက်တချက်အနေနဲ့ ပါဝင်နေတယ်လို့ ဆိုထားပါတယ်။ မှတ်သားစရာပါ။
အခုခေတ်မှာ တော့ ပြောင်းပြန်ဖြစ်ကုန်ပါပြီ။ ဂျပန်လူမျိုးတွေ အရပ်ရှည်လာပါတယ်။ စစ်ပြီးခေတ်မှာ မွေးလာခဲ့တဲ့ မျိုးဆက် သစ် ဂျပန်တွေဟာ အရပ်ရှည်လာပါတယ်။ အခု ၂၁ ရာစုထဲမှာတော့ ပိုလို့ တောင် အရပ်မြင့်လာကြပါတယ်။ ဂျပန်ယောက်ျား တွေရဲ့ အနိမ့်ဆုံးပျမ်းမျှအရပ်ဟာ အခုဆိုရင် ငါးပေ ခုနှစ်လက်မ၊ ငါးပေရှစ်လက်မဖြစ်ပါတယ်။ အသက် နှစ်ဆယ်ဝန်းကျင် ဂျပန်လူငယ်တွေရဲ့ အရပ်အမောင်းဟာ ငါးပေ ဆယ်လက်မ၊ ခြောက်ပေအထိ ရှိလာနေပါတယ်။ ဂျပန်တွေမပုတော့ပါဘူး။ ဘာကြောင့်ပါ လဲ။ စားသောက်ပုံစနစ်ကို ပြင်လိုက်လို့ ဖြစ်ပါတယ်။ ရှေးတုန်းက ဂျပန်တွေဟာ ငယ်ရွယ်စဉ်ကလေးဘဝ ကတည်းက ငါးကိုသာ အစားများခဲ့ပါတယ်။ အမဲ သားတို့၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားသုံးခဲ့ပါဘူး။ အခုခေတ်မှာတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မွေးဖွားကတည်းက ကျွေးမွေးလာတာမို့ အရပ်အမောင်း တွေမြင့်၊ လူကောင်တွေကြီးလာခဲ့ပါပြီ။ ဒီလိုမျိုး ကျွေးမွေးလာနိုင်တာ ကလည်း စီးပွားရေးဖွံ့ဖြိုးတိုး တက်လာတာကြောင့် ဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်နက်ထဲမှာ နေထိုင်ရတာမျိုး မရှိတာက အဓိက အကြောင်းလို့ ဆိုနိုင်ပါတယ်။
အရပ်ရှည်တဲ့ လူမျိုးထဲမှာ အိမ်နီးချင်းတိုင်းပြည်တခုက လူတွေလည်း ပါပါသေးတယ်။ အဲတာကတော့ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။ ဟိန္ဒူလူများစုနေထိုင်တဲ့ တိုင်းပြည် ဖြစ်တာကြောင့် သက်သတ်လွတ်စားသူ များပါတယ်။ အမဲသားမစားပါ။ တခြားသော သားကြီးငါးကြီးလည်း မစားပါ။ ဒါပေမဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးပါ တယ်။ ဂျုံနဲ့ ပဲမျိုးစုံ စားသောက်ပါတယ်။ ဒါကြောင့် အိန္ဒိယ နိုင်ငံသားအများစု ထွားကြိုင်းပြီး အရပ်ရှည် ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ အခုအထိ ဆင်းရဲသား များနေဆဲ တိုင်းပြည်ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရက နွားနို့ကို ပုံမှန်ဈေးနှုန်းနဲ့ ဝယ်ယူစားသုံးနိုင်အောင် စီစဉ်ပေးထား တာကြောင့် လူတိုင်းလိုလို နို့ကိုစားသုံး နိုင်ပါတယ်။ ပဲကတော့ ပရိုတင်းဓာတ် ကြွယ်ဝပြီး နေ့တိုင်းစားနေတဲ့ ဟင်းအမည်ဖြစ်ပါတယ်။
နောက်ထပ်အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း နောက်မွေးတဲ့ မျိုးဆက်သစ် လူငယ်များဟာ မိန်းကလေးရော ယောက်ျားလေးပါ အရပ်အမောင်း ကောင်းကြပါတယ်။ ကျောင်းတွေမှာပါ နွားနို့အခမဲ့တိုက်တဲ့အကျိုး ကျေးဇူးကြောင့်လို့ ဆိုနိုင်ပါတယ်။ တခြားအိမ်နီးချင်း တိုင်းပြည်များမှာ ကျနော်တို့ မြန်မာတွေလို အရပ်ပု ပြီး လူကောင်သေးနေတဲ့ နိုင်ငံများကတော့ ကမ္ဘော ဒီးယားနဲ့ လာအိုနိုင်ငံတို့ ဖြစ်ပါတယ်။ အမြင်မကျယ်တဲ့ ခေါင်းဆောင်တွေ တိုင်းပြည်အုပ်ချုပ် စီမံခန့်ခွဲနေ တာ ဖြစ်တာကြောင့် နိုင်ငံသားတို့ ကြီးထွားကြံ့ခိုင်မှုကို ဦးစားမပေးပါ။ နိုင်ငံရေးအရလည်း အာဏာရှင်များ အုပ်ချုပ်နေဆဲ တိုင်းပြည်တွေဖြစ် ပါတယ်။ ကမ္ဘော ဒီးယားကတော့ ကျနော်တို့ တိုင်းပြည်နဲ့ ဆင်ပါတယ်။ ဒီမိုကရေစီ အရေခြုံသာ ဖြစ်တယ်လို့ ဆိုရမှာပါပဲ။
တကယ်တမ်းတော့ မြန်မာလူမျိုးတွေဟာ ၁၉ ရာစု ဝန်းကျင်ကတည်းက တဖြည်းဖြည်း အရပ်ပုတဲ့ဘက် ကို ရောက်လာနေပါတယ်။ ၂၀ ရာစုအလယ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်နဲ့ နပန်းလုံး၊ စစ်အာဏာရှင်တွေ အနှစ်ငါးဆယ်ကျော် အုပ်ချုပ်၊ အဲသလို အကျိုးဆက်တွေကြောင့် ဆင်းရဲတွင်းက နက်သ ထက် နက်လာပါတယ်။ နိုင်ငံသား အများစုဟာ ဆင်းရဲကြတာမို့ မွေးဖွားလာတဲ့ မျိုးဆက်အဆင့်ဆင့်ဟာ အာဟာရပြည့်ဝစွာ စားသုံးနေထိုင်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် လူတွေဟာ သေးကွေးပိန်လှီလာ ပါတယ်။ အရပ်မြင့်ရာကနေ အရပ်ပုတဲ့ဘဝကိုရောက် လာပါတော့တယ်။
အခုလို ဆင်းရဲတွင်းနက်နေတာဟာ ကြာသထက် ကြာနေဦးမယ်ဆိုရင်တော့ နောင် လာမယ့်မျိုးဆက်တွေဟာ အခု အရပ်ပုနေတယ်ဆိုတဲ့ မျိုးဆက်ထက် ထပ်ပြီးပုဖို့ရာပဲ ရှိပါတော့တယ်။ ကိုယ့်အမျိုးကို ကိုယ်ကိုတိုင် ကာကွယ်လိုတယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ ဖြစ်ပါတယ်။ ဆင်းရဲတွင်းက ရုန်းထွက်ဖို့ မှန်ကန်တဲ့ တရားမျှတတဲ့ လွတ်လပ်တဲ့ စီးပွားရေးစနစ်မျိုး ကျင့် သုံးဖို့ ထွန်းကားဖို့လိုပါတယ်။ အမျိုးကိုကာကွယ်ဖို့ စာရွက်ပေါ်မှာ ဥပဒေပြုရုံနဲ့တော့ မြန်မာနိုင်ငံသားတွေ ဆင်းရဲတွင်းက ထွက်နိုင်မှာ မဟုတ်သလို၊ သန်မာထွားကျိုင်း မြင့်မားလာမှာ မဟုတ်ဘူး ဆိုတာ သတိချပ်ဖို့လိုပါတယ်။ သေးကွေးကြုံလှီပြီး အရပ်ပုနေတာဟာ ဆုတ်ယုတ်မှုသာ ဖြစ်ပါကြောင်း။
(စာရေးသူသည် ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။)