ဘဝသစ်တခုကို ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာပြီး အမေရိကန်နိုင်ငံသို့ ဦးဖိလစ်မောင် ရောက်ရှိလာချိန်က သူ့အိတ်ထဲမှာ ပိုက်ဆံ ၁၃ ဒေါ်လာသာပါသည်။ အခုအချိန်မှာတော့ အမေရိကန် စူပါမားကက်ကြီးများတွင် ရောင်း သော ဆူရှီ လုပ်ငန်းတွင် ထိပ်တန်းကုမ္ပဏီတခုဖြစ်သည့် Hissho Sushi ၏ အမှုဆောင် အရာရှိချုပ် ဖြစ်နေပြီ။ ဆူရှီလုပ်ငန်း ၏ သဘောတရားအားလုံးကို နှစ်များစွာ လေ့လာပြီးသည့်နောက် ၁၉၉၈ ခုနှစ်တွင် ဦးဖိလစ်မောင်နှင့် ဇနီးတို့ကသူတို့ ပိုင်ဆိုင်သမျှ ငွေကြေးအားလုံးကို သူတို့မိသားစု၏ ထမင်းစားခန်းမှ စီးပွားရေးလုပ်ငန်းတွင် မြှုပ်နှံလိုက်ကြသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီး တန်း သတင်းထောက် ကျော်ဆုမွန်က ဦးဖိလစ်မောင်အား သူ၏ ကုမ္ပဏီသမိုင်းကြောင်းနှင့် အောင်မြင်အောင်လုပ်နိုင်ခဲ့သည့် အစီ အစဉ်များ အကြောင်း မေးမြန်းခဲ့ပါသည်။
မေး။ ။ အမေရိကန်ကို မလာခင်တုန်းက မြန်မာနိုင်ငံမှာ ဘာအလုပ် လုပ်ပါသလဲ။
ဖြေ။ ။ ကျနော်က ကျောင်းသားပါ။ မိဘတွေရဲ့ စီးပွားရေးကို ဝိုင်းကူလုပ်ပေးရ ပါတယ်။
မေး။ ။ ဆူရှီလုပ်ငန်းကို ဘယ်တုန်းက ဘယ်နေရာမှာ စပြီး လုပ်ခဲ့ပါသလဲ။ ကုမ္ပဏီ နာမည်ရဲ့ အဓိပ္ပာယ်ကို သိပါရစေ။
ဖြေ။ ။ မြောက်ကာရိုလိုင်းနားက ချားလော့မှာ ၁၉၉၈ ခုနှစ် ဧပြီလက စတင်ခဲ့ပါတယ်။ “ Hissho” ဆိုတာ ဂျပန်စကား လုံးပါ။ သေချာတဲ့ အောင်မြင်မှုလို့ အဓိပ္ပာယ်ရပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာတုန်းက ဘာတွေ လေ့လာခဲ့ပါ သလဲ။
ဖြေ။ ။ ကျနော် ပထမ ဆေးကျောင်း တက်ခဲ့ ပါသေးတယ်။ နောက်တော့ အကြောင်းကြောင်း ကြောင့် ဓာတုဗေဒ အဓိကကို ပြောင်းလိုက်ရတယ်။ ဒါပေမယ့် ဓာတုဗေဒနဲ့လည်း နောက်ဆုံးနှစ်မှာ ကျောင်းထွက်လိုက်ရတယ်။ ကျနော်က ဆရာဝန်ဖြစ်ဖို့ ကံမ ပါဘူး ထင်တယ်။ ကျနော်က အမြဲတမ်း လူတွေကို ကူညီချင်ခဲ့တာ။ အခု ကျနော် လူအများအပြားကို အလုပ်ပေးပြီး ကူညီနိုင်နေပြီ။ ကျနော့်ရဲ့ အလုပ်သမားတွေနဲ့ လက်ခွဲဆိုင်ရှင် အများစုက မြန်မာလူမျိုးတွေပါ။
မေး။ ။ အခု ဆူရှီဆိုင် ဘယ်နှဆိုင် ရှိပါပြီလဲ။ အလုပ်သမား ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ပြည်နယ် ၃၄ ခုက နေရာ ၅၀ဝ ကျော်မှာ Hissho ဆိုင်တွေ ရှိပါတယ်။ ကျနော်တို့ ကုမ္ပဏီက franchise လုပ်ခွင့် ပေးတဲ့ အတွက် Hissho အတွက် အလုပ်လုပ်တဲ့ သူ အားလုံးကတော့ ကျနော်တို့ ဝန်ထမ်း မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ မပါဘဲ အားလုံး ၅၀ဝ နီးပါး ရှိပါတယ်။
မေး။ ။ ဒီလုပ်ငန်းမှာ အခက်အခဲဆုံး အပိုင်းက ဘာပါလဲ။ နောက်ပြီးတော့ ဘာဖြစ်လို့ ဆူရှီ လုပ်ငန်း လုပ်ဖို့ ဆုံးဖြတ်ခဲ့ တာလဲ။
ဖြေ။ ။ တကယ်လို့ လုံလောက်တဲ့ အရင်းအနှီး မရှိဘူး ဆိုရင် စီးပွားရေး လုပ်ငန်းတခုကို စတင်တဲ့ နေရာမှာ အမြဲတမ်း ခက်ခက် ခဲခဲ ကြိုးစားရပါတယ်။ ကျနော့်မှာ ထောက်ခံပေးမယ့်သူလည်း မရှိ၊ လုပ်ငန်းမှတ်တမ်းလည်း မရှိတော့ ဘဏ်ချေးငွေလည်း မရနိုင်ပါဘူး။ ငွေဝင် ငွေထွက် ထိန်းသိမ်းရတာကလည်း အမြဲတမ်းစိန်ခေါ်မှု တခုပါပဲ။ ဒါပေမယ့် အခုချိန်မှာ အနည်းဆုံး ကျနော်ပြောနိုင် တာ ကတော့ ဘဏ်တွေက ကျနော့် ဆီလာနေပါပြီ။ ကျနော် Hissho ကို ဖွင့်လှစ်ခဲ့ရတာက စီးပွားရေး ဘယ်လိုလုပ်ရမယ် ဆိုတာ ကျနော် သင်ယူခဲ့သလို ကျနော်ဒါကို ပိုကောင်းအောင်လုပ်နိုင်တယ်လို့ အမှန်တကယ် ယုံကြည်ခဲ့လို့ပါပဲ။
မေး။ ။ အစပိုင်းမှာ ဘယ်လောက် ရင်းနှီးခဲ့ရပါသလဲ။
ဖြေ။ ။ Credit Card တွေက ချေးလို့ရတဲ့ ပိုက်ဆံရယ်၊ ကျနော်စုထားတဲ့ ပိုက်ဆံနည်းနည်းရယ်၊ ကျနော့် မိသားစုက ချေးငွေရယ် စတဲ့ ပိုက်ဆံ နည်းနည်းလေး နဲ့ Hissho ကို စတင်ခဲ့ပါတယ်။ လက်ဆုပ်လက်ကိုင် ဘာမှ မရှိဘဲနဲ့ စတင်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်အောင် ကျနော်တို့ လုပ်ပါမယ်။
မေး။ ။ အမေရိကန်နိုင်ငံမှာ ဆူရှီစားတဲ့ အလေ့အထ ဘယ်လို ဖွံ့ဖြိုးလာခဲ့တာ ပါလဲ။
ဖြေ။ ။ တီထွင်ဆန်းသစ်မှုနဲ့ အရသာရှိတဲ့ အနောက်တိုင်းဆန်တဲ့ ဖန်တီးမှုတွေကြောင့် ဆူရှီယဉ်ကျေးမှု ဆက်လက် ဖွံ့ဖြိုးလာနေ ပါတယ်။ ကျနော်တို့ကလည်း သုတေသနတွေ ဆက်လုပ်နေပြီးတော့ စိတ်ကူးသစ်တွေ ရှာဖွေနေပါတယ်။ ပြည်သူတွေနဲ့လည်း ပိုပြီး ထိတွေ့မှု များလာ၊ ပြီးတော့ ငယ်ရွယ်တဲ့ ကလေးတွေက ကျနော်တို့ ဈေးကွက်ပစ်မှတ် ဖြစ်ပါတယ်။ သူတို့က အရောင်တွေ၊ အဆင် ဒီဇိုင်းတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထုတ်ကုန်တွေကို သဘောကျကြပါတယ်။ ကလေးတွေက သူတို့ မိဘတွေကို ဆူရှီဝယ်ပေးဖို့ ဆွဲခေါ်လာတတ်ကြပါတယ်။ သူတို့ ဘာသာလည်း ဒီအကြောင်းကို ပိုသိအောင် လေ့လာကြပါတယ်။ ဒါပေမယ့် ဆူရှီဆိုတာ ငါးအစိမ်း လို့ အများစုက ထင်နေကြဆဲ ဖြစ်တဲ့အတွက် ပြည်သူလူထုကို အသိပညာပေးရေးက ဆက်လုပ်နေရပါတယ်။
မေး။ ။ အကြီးဆုံး ဖောက်သည်တွေက ဘယ်သူတွေပါလဲ။
ဖြေ။ ။ လတ်တလောမှာတင် တက္ကသိုလ်နဲ့ကောလိပ် နယ်မြေတွေမှာ ဆိုင်တွေ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အောင်မြင်မှုလည်း အကြီး အကျယ် ရရှိခဲ့ပါတယ်။ ထပ်ပြီး ဖွင့်ဖို့လည်း အစီအစဉ်တွေ ရှိပါတယ်။
မေး။ ။ အဓိက ပြိုင်ဘက်တွေက ဘယ်သူတွေပါလဲ။
ဖြေ။ ။ ကျနော်တို့မှာ ပြိုင်ဘက်တွေ အများကြီး ရှိပါတယ်။ တချို့က ကြီးတယ်။ တချို့က ငယ်တယ်။ ဒါပေမယ့် မှန်ကန်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကို ယုံကြည်ပါတယ်။ တိုးတက်ဖို့ အမြဲတမ်း အားထုတ်ပါတယ်။ စားသုံးသူတိုင်းက ဘဝ အတွက် မိတ်ဆွေဖြစ် တယ်။ ကျနော်တို့ ဖြည်းဖြည်းမှန်မှန်နဲ့ ဆက်လက် ဖွံ့ဖြိုးလာမယ်လို့ ယုံကြည်ထားပါတယ်။ ကျနော်တို့ အရည်အသွေးကိုပဲ စိတ်ဝင် စား ပါတယ်။ အရေအတွက် မဟုတ်ပါဘူး။
မေး။ ။ ဆူရှီရဲ့ အရည်အသွေးကို ဘယ်လို ထိန်းသိမ်းပါသလဲ။
ဖြေ။ ။ ဆက်လက်ရပ်တည် နေနိုင်ဖို့ အလေးထားတဲ့ အနေနဲ့ ဈေးကွက်မှာ ရနိုင်တဲ့ထဲက အကောင်းဆုံး ကုန်ကြမ်း ပစ္စည်းတွေကို ဆက်လက် အသုံးပြုပါတယ်။ စားဖိုမှူးတွေကိုလည်း ချားလော့က ရုံးချုပ်မှာ လေ့ကျင့်သင်တန်း ပေးပါတယ်။ အဆင့်အတန်းမြင့်တဲ့ စားသုံးသူ ဝန်ဆောင်မှု၊ တီထွင်ဆန်းသစ်ထားတဲ့ ဆူရှီလိပ်တွေ၊ စိတ်ကူး သစ်တွေကို ထိန်းသိမ်းထားပါတယ်။ စားသုံးသူကို အမြဲ တမ်း ပထမ ထားပါတယ်။
မေး။ ။ အမေရိကန် သမ္မတ အိုဘားမားနဲ့ တွေ့ခဲ့တဲ့ အကြောင်းလေး ပြောပါဦး။
ဖြေ။ ။ သမ္မတကတော် မစ်ရှဲလ်အိုဘားမားက အိမ်ဖြူတော်ကို လာဖို့နဲ့ သမ္မတရဲ့ ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်း ပြောပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ သမ္မတ အိုဘားမားက အငယ်စား စီးပွားရေး လုပ်ငန်းတွေရဲ့ အောင်မြင်မှုနဲ့ ၂၀ဝ၈ ခုနှစ် စီးပွားရေး အကျပ်အတည်းကနေ လွတ်မြောက်အောင် အမေရိကန်နိုင်ငံကို ဒီလို စီးပွားရေး လုပ်ငန်းတွေက ကူညီခဲ့တာဟာ အဖြစ်မှန်ပဲ လို့ ပြောခဲ့ပါတယ်။
ကျနော် အဲဒီကို ရောက်ခဲ့တဲ့ သက်ရောက်မှုကတော့၊ ကျနော်က ခန်းမထဲက ရှေ့ဆုံးတန်း သမ္မတကတော်ရဲ့ ဘေးမှာ ထိုင်ရပါတယ်။ ချက်ချင်း သက်ရောက်မှုကတော့ ကျနော့်ကို အမေရိကန်က အဓိက မီဒီယာတွေနဲ့ အာရှ မီဒီယာ အားလုံးက အင်တာဗျူး လုပ်ကြတော့တာ ပါပဲ။
ဒီလို သတိထားခံရမှုမျိုး ကျနော် အရင်ကတခါမှ မကြုံဖူးပါဘူး။ မြန်မာနိုင်ငံမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့သူ တယောက်အနေနဲ့ တနေ့မှာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့နဲ့ အတူရှိဖို့ မပြင်ဆင်ခဲ့ဘူးလေ။
မေး။ ။ မြန်မာနိုင်ငံမှာ လုပ်ငန်းတိုးချဲ့ဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ အခုချိန်အထိတော့ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမယ့် တနေ့မှာတော့ တကယ်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် ရင်ဆိုင်ရမယ့် အဓိက စိန်ခေါ်မှုတွေက ဘာတွေလို့ ထင်ပါသလဲ။
ဖြေ။ ။ အခြေခံ အဆောက်အအုံကတော့ အကြီးဆုံး အတားအဆီးပေါ့။ ကျွမ်းကျင် အလုပ်သမား ရှားပါးတာကလည်း ကြီးမားတဲ့ စိန်ခေါ်မှုပါ။ အခြေခံ အဆောက်အအုံနဲ့ တွဲနေတဲ့ ထောက်ပံ့ရေးကလည်း စိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ်။
မေး။ ။ မြန်မာနိုင်ငံက ထွက်မသွားခဲ့ဘူး ဆိုရင် ဘဝအခြေအနေက ဘယ်လိုမျိုး ဖြစ်မယ်လို့ တွေးဖူးပါသလား။
ဖြေ။ ။ တွေးဖူးတာပေါ့။ ဒါပေမယ့် ကျနော့်မှာ စွန့်ဦး တီထွင်ချင်တဲ့ စိတ်ထား ရှိနေတာကြောင့် အခြေအနေဆိုးမှာ မဟုတ်ဘူး လို့ ထင်ပါတယ်။ ကျနော် အမေရိကန်ကို မလာခဲ့ရင် ဘာဖြစ်လာမယ် ဆိုတာကိုတော့ မမှန်းတတ်ဘူး။ လမ်းပေါ်မှာ၊ ဒါမှမဟုတ် ယုဇနပလာဇာမှာ တခုခုရောင်းချင်လည်း ရောင်းနေမယ်၊ ဒါမှမဟုတ် ဖက်ရှင်ဆိုင်လည်း ဖွင့်ချင်ဖွင့်နေမယ် ပေါ့ဗျာ။ ။