ဇွန်လ ၂၆ ရက် မနေ့က နေ့ခင်း ၁၂ နာရီလောက် ဧရာဝတီ ရန်ကုန်ရုံးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး သတင်းတပ်ဖွဲ့က ရဲအုပ် ၂ ယောက် အရပ်ဝတ်နဲ့ ရောက်လာပါတယ်။ တာဝန်ခံ အယ်ဒီတာနဲ့ တွေ့ချင်တယ်ဆိုပြီး စကားပြောပါတယ်။ သူတို့ ရဲမှူးက “တွေ့ဆုံ စကားပြော”လိုတာမို့ ရုံးကို လာဖို့ “ဖိတ်ကြား”လိုတယ်လို့ ရည်မွန်ပျူငှာစွာ ပြောပါတယ်။ ဒါဟာ သတင်းဂျာနယ်တိုက်တွေ အားလုံးကို ဖိတ်ကြားတာ ဖြစ်ပြီး သတင်းဂျာနယ်တွေရဲ့ အစိုးရနဲ့ ဆက်ဆံရေးမှာ ဘာတွေ အခက်အခဲတွေ ရှိသလဲဆိုတာ စူးစမ်းချင်တာ ဖြစ်ကြောင်းလည်း ဆိုတယ်။ ကျနော်တို့ကလည်း ဒီရက်ပိုင်းအတွင်း သတင်းဂျာနယ်တိုက်တွေကို သူတို့ ရောက်လာနေတဲ့အကြောင်း ကြားထားပြီး ဘာကြောင့် ဒီလို ရောက်လာရတယ်ဆိုတာ သိချင်နေတယ်။ ဒါကြောင့် “ဖိတ်ကြား”မှုကို လက်ခံပြီး တခြား အယ်ဒီတာတဦးဖြစ်တဲ့ သာလွန်ဇောင်းထက်နဲ့အတူ ပန်းဆိုးတန်းလမ်းပေါ်က သတင်းတပ်ဖွဲ့ရုံးဆီ ချီတက်ပါတယ်။
ချိန်းထားတဲ့အချိန် နေ့ခင်း ၁ နာရီခွဲ ရုံးရောက်တော့ သတင်းတပ်ဖွဲ့ ရဲမှူး ကျော်စိုးက ဦးဆောင်ပြီး လေအေးစက် တပ်ဆင်ထားတဲ့ သီးသန့်ဧည့်ခန်း (အစိုးရ ရုံးများမှာ လေအေးစက် အခန်းတိုင်း တပ်ဆင်နိုင်ခြင်း မရှိလို့ ထည့်ပြောရတာပါ) မှာ ဧည့်ခံပါတယ်။ ရဲမှူးက သူဟာ ရသဝတ္ထုတိုတွေ ရေးသားသူ စာရေးဆရာ ဖြစ်တာမို့ စာနယ်ဇင်းလောကသားတဦးလို့ ဆိုလာပါတယ်။ မိမိကိုယ်တိုင် ဧရာဝတီရုံးကို လာပြီး တွေ့ဆုံလိုပေမယ့် အကြောင်းကြောင်းများကြောင့် ယခုလို ရဲတပ်ဖွဲ့ရုံး ဖိတ်ခေါ်ရခြင်းအတွက် အားနာပါကြောင်း၊ ခေါ်ယူစစ်ဆေးတာ မဟုတ်ဘဲ ရင်းရင်းနှီးနှီး တွေ့ဆုံတာဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းတာလည်း မဟုတ်ကြောင်း၊ မေးခွန်းများကို မဖြေလိုပါက မဖြေနိုင်ကြောင်း၊ အတင်းအကျပ် ဖြေဆိုရမည် ဆိုသော သဘောမရှိကြောင်း မိတ်ဆက်ပြောဆိုပါတယ်။
ကျနော်တို့ဘက်ကလည်း ကျနော်တို့ ဘာကြောင့် ရောက်လာရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ အခုလို ဘာကြောင့် သတင်းဂျာနယ်တိုက်တွေကို ခေါ်ယူမေးမြန်းနေရတာလဲ၊ ဘယ်သူ ဘယ်ဌာနရဲ့ ညွှန်ကြားချက်နဲ့လဲ၊ အခုလိုဖြစ်ရတာ မဟာသနိ္တသုခကျောင်းတိုက် ဝင်ရောက် စီးနင်းမှုကြောင့် သံဃာနဲ့ ပြည်သူများအကြား အစိုးရကို မကျေနပ်မှု ဖြစ်ပွားနေချိန်၊ သမ္မတ ဦးသိန်းစိန်က သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူထားချိန်နဲ့ တိုက်ဆိုင်နေတာမို့ ဒီဟာနဲ့ ပတ်သက်မှု ရှိသလား၊ ကျနော်တို့ သိချင်နေတယ်လို့ ပြောတော့ ရဲမှူးက လူကြီးတွေရဲ့ ခိုင်းစေချက်အရ တွေ့ဆုံခြင်းဖြစ်ပြီး မီဒီယာလုပ်ငန်းတွေရဲ့ သဘောသဘာဝကို စူးစမ်းတာလို့ ပြန်ဖြေတယ်။ ကျနော်တို့ ရေးသားတင်ပြမှုတွေကို ဘာမှ ဝင်ရောက်စွပ်ဖက်တာလည်း မဟုတ်ကြောင်း၊ နှစ်ဖက် ပြောဆိုချက်များကို အထက်ကို ပြန်လည်တင်ပြမှာ ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် အမြင်များ ပွင့်လင်းစွာ ပြောဆိုနိုင်ကြောင်းလည်း ဆိုပါတယ်။
ကျနော်တို့ သိချင်တဲ့အကြောင်းအရာတွေ သူတို့ပြောနိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်ပါကြောင်း ပြောအပြီး ဧရာဝတီအကြောင်း ကျနော်တို့ စပြောပြတယ်။ သမ္မတဦးသိန်းစိန်က နိုင်ငံတကာက အဝေးရောက်သူတွေ ပြန်လာပြီး တိုင်းပြည်ကို အတူတကွ ပြန်လည်တည်ဆောက်ကြဖို့ ဖိတ်ခေါ်အပြီး စာပေစိစစ်ရေးရဲ့ ထိန်းချုပ်မှုတွေ လျှော့ချလိုက်တဲ့အခါ တရားဝင်မှတ်ပုံတင်ပြီး အင်္ဂလိပ်ဘာသာနဲ့ လစဉ်မဂ္ဂဇင်း၊ မြန်မာဘာသာနဲ့ အပတ်စဉ်ဂျာနယ်တွေကို ထုတ်ဝေဖြန့်ချိခဲ့တာရယ် ဧရာဝတီရဲ့ အယ်ဒီတိုရီယဲလ် ပေါ်လစီရယ်ကို ရှင်းပြတယ်။ ဧရာဝတီရဲ့ သတင်းတင်ပြပုံဟာ ကျင့်ဝတ်နဲ့အညီဖြစ်ပြီး ထိုးထွင်း ဝေဖန် သုံးသပ်တတ်တာကို ရှင်းပြတယ်။ အသားပေးပြောတာကတော့ ဒီမိုကရက်တစ် ယဉ်ကျေးမှုပဲ၊ တဖက်သက် မဟုတ်ဘဲ ရှုထောင့်ပေါင်းစုံက တင်ပြရေးသားမှုပဲ။ စာဖတ်ပရိသတ်ကို စဉ်းစား တွေးခေါ်စေပြီး အမှန်အမှား သုံးသပ်ဆုံးဖြတ်ပိုင်ခွင့်လည်း ပေးတာ ပြောဖြစ်တယ်။
ရဲမှူးက ကျနော်တို့ ပြောတာ အစပိုင်း လိုက်မှတ်ပြီး စကားဝိုင်း အရှိန်ကောင်းလာတော့ မမှတ်တော့ဘူး။ ကျနော်တို့ကတော့ စပြီဆိုကတည်းက အသံဖမ်းထားတယ်။ ရဲမှူးမေးတဲ့အထဲ ဂျာနယ်တွေ ရှုံးတယ်ကြားပြီး ဆက်ထုတ်နိုင်နေတာ ဘာကြောင့်လဲ ဆိုတာ အဓိက စူးစမ်းချက်လို့ ထင်တယ်။ ကျနော်တို့က ဧရာဝတီကို ထုတ်ဝေဖြန့်ချိတဲ့ ငွေကြေးရှင်းတမ်းဟာ အထူးတပ်ဖွဲ့နဲ့ မဆိုင်ဘဲ ပြည်တွင်းအခွန်နဲ့သာ ဆိုင်တာမို့ အခု ပြောနိုင်မှာ မဟုတ်ဘူးလို့ အခိုင်အမာ သိစေပါတယ်။ နောက် ဂျာနယ်တွေ မရှုံးကြောင်း၊ နေ့စဉ်ထုတ် သတင်းစာတွေကတော့ လုပ်ငန်းအရွယ်အစား၊ အလုပ်သမား အရေအတွက်၊ ကုန်ကျစရိတ် ကြီးတာမို့ လတ်တလော ရှုံးနေနိုင်ကြောင်း၊ ဒါပေမယ့် ရေရှည်မှာ မြတ်ဖို့ မျှော်လင့်တွက်ဆပြီး ရင်းနှီးမြှုပ်နှံထားတာမျိုးလည်း ရှိကြောင်း၊ ပုဂ္ဂလိကပိုင် သတင်းစာ ဂျာနယ်တွေဟာ ကြော်ငြာကရတဲ့ ဝင်ငွေဟာ အဓိက ဝင်ငွေလမ်းကြောင်းတကြောင်းဖြစ်ပြီး အစိုးရသတင်းစာနဲ့ ပြိုင်လုရတာ မလွယ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းမီဒီယာတွေဟာ ပြည်သူ့ဘဏ္ဍာစားပြီး စီးပွားရေးလုပ်နေတာ မသင့်တော်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ အာဏာရှင် နိုင်ငံတွေမှာသာရှိကြောင်း၊ အာဏာရှိသူတွေနဲ့ ခရိုနီတွေ မီဒီယာတွေကို အသုံးချပြီး ဩဇာထူထောင်ဖို့ ကြိုးစားတာ ရှိနိုင်ကြောင်း၊ ဒါပေမယ့် ဧရာဝတီရဲ့ အယ်ဒီတိုရီယဲလ်မူဝါဒဟာ လွတ်လပ်ပြီး သတင်းစာကျင့်ဝတ်နဲ့အညီဖြစ်ကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြတယ်။ သူတို့ နားလည်လား နားမလည်ဘူးလား ကျနော်မသိပါ။ သူတို့ပြောသလို အပေါ်ကို တင်ပြမလား မတင်ပြဘူးလား ကျနော်တို့ မသေချာပေမယ့် ပြောစရာရှိတာ အိတ်သွန်ဖာမှောက် ပြောလိုက်ရလို့ ကျေနပ်ပါတယ်။
နောက် ရဲမှူး ပြောတဲ့အထဲ နောက်တခုက သတင်းဂျာနယ်တွေဟာ သတင်းတပုဒ်ကို ရေးသားဖော်ပြကြရာမှာ တယောက်တမျိုးရေးနေတာကြောင့် ဝိဝါဒ ကွဲပြားစရာ များစွာရှိနေပြီး ပြည်သူတွေ ရှုပ်ထွေးမှု ဖြစ်စေတယ်လို့ ဆိုတာပဲ။ သူတို့ စာနယ်ဇင်းရဲ့ သဘောသဘာဝကို နားလည်ဖို့ စူးစမ်းတာလို့ ပြောတာကို ကျနော်တို့ မအံ့ဩတော့ဘူး။ သတင်းစာတွေရဲ့ သတင်းတပုဒ်ကို ချဉ်းကပ်ပုံ၊ တင်ပြပုံ ကွဲလွဲတာ သက်ဆိုင်ရာ သတင်းစာတိုက်ရဲ့ အယ်ဒီတိုရီယဲလ် မူဝါဒ ပေါ်မှာ မူတည်တယ်ဆိုတာ ကျနော်တို့ ရှင်းပြတယ်။ နောက် အခုလို ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမေးမြန်းမှုတွေဟာ မဟာသနိ္တသုခကျောင်းတိုက် ဝင်ရောက် စီးနင်းမှုကြောင့် အစိုးရကို မကျေနပ်မှု ဖြစ်ပွားနေချိန်၊ သမ္မတ ဦးသိန်းစိန်က သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူထားချိန်နှင့် တိုက်ဆိုင်နေတာမို့ ဦးဆန်းဆင့်ကိစ္စကို ကျနော် နာမည်တပ်ပြီး ပြောခဲ့တယ်။ ဦးဆန်းဆင့်ကို ထောက်ခံတာ၊ ကန့်ကွက်တာ ဒီမိုကရေစီမှာ ဘာမှ မဆန်းဘူး။ သတင်းစာတွေက ရေးတာကို စာဖတ်ပရိသတ်က ရွေးချယ်ဖတ်ရှုပြီး အမှန် အမှားကို သူတို့ဘာသာ ဆုံးဖြတ်ပါလိမ့်မယ် ကျနော်တို့ ပြောခဲ့တယ်။
ချုပ်ရင် ကျနော်တို့ သတင်းရဲတပ်ဖွဲ့နဲ့ သွားတွေ့ခဲ့တာဟာ သူတို့ ဘာကြောင့် သတင်းစာတိုက်တွေဆီ ဒီအချိန်မှာ ဝင်ရောက်စုံစမ်းနေရတာလဲ သိချင်လို့ပါပဲ။ အတိအကျ ဘာကြောင့် ဘယ်သူက ခိုင်းတယ်ဆိုတာ မသိရပေမယ့် အစိုးရဘက်က ဘာတွေစိုးရိမ်နေသလဲဆိုတာ သိခဲ့ရသလို ကျနော်တို့ဘက်ကလည်း လွတ်လပ်ပွင့်လင်းတဲ့ခေတ် မီဒီယာရဲ့ သဘောသဘာဝနဲ့ ဒီမိုကရေစီတည်ဆောက်ရေးမှာ မီဒီယာ လွတ်လပ်ခွင့် အရေးပါပုံကို စိတ်တိုင်းကျ ပြောခဲ့ရတာမို့ ကျေနပ်ပါတယ်။ ဒါပေမယ့် မတော် လောဘနဲ့ မတရား စီးပွားဖြစ်နေသူတွေ၊ အာဏာနဲ့ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်နေသူတွေကို ပစ်မှတ် မထားဘဲ ဖွံ့ဖြိုးတိုးတက်လာခါစ ပုဂ္ဂလိကပိုင် မီဒီယာတွေကို အာရုံစိုက်လာတာကတော့ သန့်ရှင်းပြီး ကောင်းမွန်တဲ့ အစိုးရရဲ့ လုပ်ရပ် မဟုတ်ပါ။ အဲဒီအစား ညစ်ပတ်ပြီး မလုံခြုံတဲ့ အစိုးရရဲ့ လုပ်ရပ်သာ ဖြစ်နေပါကြောင်း တင်ပြဆွေးနွေးအပ်ပါတယ်။