မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ့် နိုင်ငံတကာ ကုမ္ပဏီ လုပ်ငန်းစုတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြသနာကြီး ၃ ခု ရှိတယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ လမ်းပန်း ဆက်သွယ်ရေးလို အခြေခံ အဆောက်အဦတွေ ညံ့ဖျင်းမှု၊ နိုင်ငံတကာ ဘဏ်တွေ မရှိသေးတာ အပါအဝင် ဘဏ္ဍာ ငွေရေးကြေးရေး ဆိုင်ရာ ပေါ်လစီ ပြသနာ နဲ့ မြေဈေးနှုန်းတွေ အဆ မတန်ကြီးမြင့်ခြင်း တွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအထဲက ပြသနာ တခု သိပ်မကြာခင် ပြေလည်နိုင်ပါတော့မယ်။ သိပ်မကြာခင့် လာမယ့် စက်တင်ဘာလထဲမှာ ရွေးချယ်ထားတဲ့ နိုင်ငံခြား ဘဏ်တချို့ကို လုပ်ငန်း စတင်ခွင့်ပြုတော့မှာမို့ ဖြစ်ပါတယ်။ ဒီလို နိုင်ငံခြားဘဏ်တွေ ဝင်ရောက် လုပ်ကိုင်ခွင့်ပြုလိုက်မယ် ဆိုရင် လွှတ်တော်ဘက်က ဦးအောင်သောင်း၊ သူရဦးရွှေမန်း အပါအဝင် အမတ်တချို့ စိုးရိမ်သလို ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေ ကျရှုံးသွားတော့မလား၊ သူတို့ စိန်ခေါ်မှု ဘာဖြစ်လာနိုင်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
နိုင်ငံခြား ဘဏ်တွေကို ပြည်တွင်းမှာ လုပ်ငန်း လုပ်ခွင့်ပေးမယ့် ကိစ္စ လွှတ်တော်ထဲ ဆွေးနွေးစဉ်တုန်းက အတော်လေးကို အခြေအတင် ရှိခဲ့ပါတယ်။ လွှတ်တော် ဘဏ်နဲ့ ငွေရေးကြေးရေး ကော်မတီ ဥက္ကဌ ဦးအောင်သောင်းနဲ့ အမတ် တစ်ချို့ဟာ နိုင်ငံခြားဘဏ်တွေကို မြန်မြန်ဆန်ဆန် လုပ်ငန်းစတင်ခွင့်ပြုလိုက်ရင် သူတို့ဟာ နိုင်ငံတကာ အဆင့်ဖြစ်တယ်၊ ရင်းနှီးမြှုပ်နှံမှု ဓနအင်အားကြီးမားတယ်၊ နည်းပညာ အတတ်ပညာ မြင့်မားတယ်။ အဲတော့ သူတို့နဲ့သာ ယှဉ်ပြိုင်လုပ်ကိုင်ရရင် ပြည်တွင်းက ဓနအင်အား သေးငယ်တဲ့၊ နည်းပညာ အတတ်ပညာ ဘာမှ မရှိသေးတဲ့၊ အတွေ့အကြုံ နုနယ်သေးတဲ့ ပုဂ္ဂလိက ဘဏ်တွေ အားလုံး ကျရှံးကုန်မယ်။ ဒါကြောင့် ခုအချိန် ခွင့်မပြုသင့်သေးဘူး ဆိုပြီး ပြောဆိုကြပါတယ်။
အဲဒီ အမတ်တွေရဲ့ ပြောဆိုချက်ကို လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း ထောက်ခံပါတယ်။ သူက မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း နိုင်ငံတကာ ကုမ္ပဏီကြီး နှစ်ခုကို လုပ်ခွင့်ပေးလိုက်တာကို နမူနာပေးပြီး မချိတင်ကဲ ပြောပါတယ်။ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကိစ္စ နိုင်ငံတကာ ကုမ္ပဏီတွေကပဲ အကျိုးရှိသွားမယ်။ ပြည်တွင်းက လူတွေ ခံရတော့မယ်။ ဒါပေမယ့် ဒါက ပြီးသွားခဲ့ပြီ။ အခု နိုင်ငံခြားဘဏ် ဖွင့်ခွင့်ပေးတဲ့ ကိစ္စမှာလည်း အဲဒီ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ခွင့်ပြုပေးလိုက်သလို ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေ ဒုက္ခမရောက်အောင် လုပ်ကြရလိမ့်မယ်။ ဒါကြောင့် မြန်မြန်ဆန်ဆန် လုပ်ကိုင်ခွင့် မပြုသင့်သေးဘူးလို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် သူက ဒီ ကိစ္စ အကောင်အထည် ဖော်တဲ့အခါ ဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ လွှတ်တော် ဘဏ်နဲ့ ငွေရေးကြေးရေး ကော်မတီ၊ ဘဏ်လုပ်ငန်းရှင်တွေ စုပေါင်းထားတဲ့ အသင်းအဖွဲ့ နဲ့ အခြား ပညာရှင်တွေ ဆွေးနွေးညှိနှိုင်းပြီး တိုင်တိုင်ပင်ပင် လုပ်ကြပါလို့ လမ်းညွှန်သမှု ပြုခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်း အစိုးရနဲ့ ဗဟိုဘဏ်ဟာ နိုင်ငံခြားဘဏ် ဖွင့်ခွင့်ပြုရေး သူ့အစီအစဉ်နဲ့သူ ဆက်လုပ်ကိုင် ဆောင်ရွက်သွားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင်က နိုင်ငံခြားဘဏ် ဖွင့်ခွင့်ပြုရေး၊ ကြီးကြပ်နိုင်ရေး ဗဟိုဘဏ် ဘက်က လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဦးဆက်အောင် ရှင်းပြတာက ဒီ ကိစ္စကို ချဉ်းကပ်တဲ့ဆီမှာ ပြည်သူတွေ အားလုံးနဲ့ ဆိုင်တဲ့ နိုင်ငံတော် အကျိုးစီးပွား၊ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်များရဲ့ အကျိုးစီးပွား၊ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ နဲ့ စီးပွားရေး လုပ်ငန်းများရဲ့ အကျိုးစီးပွား ဆိုပြီး အပိုင်းသုံးပိုင်း ရှိရာမှာ နိုင်ငံတော် အကျိုးစီးပွားကို အဓိကထားပြီး ကျန် တဲ့ အပိုင်းတွေကပါ အကျိုးရှိစေရအောင် ဟန်ချက်ညီညီ လုပ်ဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်ပေးမယ့် ကိစ္စ ဗဟိုဘဏ် တာဝန်ရှိသူတွေ၊ ဘဏ္ဍာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ရှေ့နေချုပ်ရုံး၊ နိုင်ငံတကာ ငွေကြေးရုံပုံငွေ အဖွဲ့ IMF၊ ကမ္ဘာ့ဘဏ်နဲ့ ဂျာမဏီ အခြေစိုက် အကြံပေး ပညာရှင် အဖွဲ့တွေ ပါဝင် အကောင်အထည် ဖော်ခဲ့ကြတဲ့အကြောင်း၊ နိုင်ငံခြားဘဏ် ဖွင့်ခွင့်ပြုရာမှာ Branch (ဘဏ်ခွဲ)၊ ပြည်တွင်းမှာ နာမည်အသစ်တစ်ခုနဲ့ ရင်းနှီးမြှုပ်နှံစေခြင်း (Subsidiary) နဲ့ ဖက်စပ် လုပ်ကိုင်ခွင့်ပေးခြင်း (Joint Venture) နည်းလမ်း သုံးသွယ် ရှိရာမှာ ကနဦး အဆင့်အနေနဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ချမှတ်ထားတဲ့ Branch (ဘဏ်ခွဲ) အနေနဲ့ ခွင့်ပြုပေးဖို့ စီစဉ်ထားကြောင်း ရှင်းပြပါတယ်။ ဒီ နည်းလမ်း သုံးခုစလုံးမှာလည်း သူ့အားသာချက် အားနည်းချက်တွေ ရှိနေကြတဲ့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ ကိုက်ညီတဲ့၊ ၁၉၉၇ အာရှ ငွေရေးကြေးရေး အကြပ်အတည်း၊ ၂၀၀၈- ၂၀၀၉ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကြပ်တည်းလိုမျိုး၊ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ အကြပ်အတည်း ဆိုက်လာရင် Risk management ရှုဒေါင့်ကနေ တိုင်းပြည် အထိမနာရအောင် ကာကွယ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ လုပ်ကိုင်စေမယ် လို့ ဆိုပါတယ်။
ဒါကြောင့် ဘဏ်ခွဲ ဖွင့်မယ့် နိုင်ငံခြား ဘဏ်တွေအနေနဲ့ ကနဦး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၅ သန်း မတည်ရမှာဖြစ်ကြောင်း၊ အဲဒီ အထဲက ဒေါ်လာ သန်း ၄၀ ကို ဗဟိုဘဏ်မှာ ထားစေပြီး သူ့ဘဏ်ခွဲကတောင် လက်ဖျားနဲ့မှ မထိရလေအောင် Lock-in လုပ်ထားမယ့် အကြောင်း ပြောပါတယ်။ ဘဏ်လုပ်ငန်း လုပ်ရာမှာလည်း လက်ရှိ ပြည်တွင်း ဘဏ်တွေလို ဘဏ်ခွဲ အများအပြား ဖွင့်ခွင့်ပြုမှာ မဟုတ်ပဲ ဘဏ်ခွဲ တစ်ခုတည်းသာ ဖွင့်ခွင့်ပြုမယ့် အကြောင်း၊ ဒါတင်မက လက်ရှိ ပြည်တွင်း ဘဏ်တွေ လုပ်ကိုင်နေတဲ့ လက်လီ ဘဏ်လုပ်ငန်း Retail Banking လုပ်ခွင့်ပေးမှာ မဟုတ်ပဲ လက်ကားဘဏ်စနစ် Wholesale Banking ပဲ လုပ်ခွင့်ပေးမှာဖြစ်ကြောင်း၊ အဓိက အားဖြင့် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံခြား ကုမ္ပဏီနဲ့ စီးပွားရေး လုပ်ငန်းတွေကို ဝန်ဆောင်မှု ပေးစေမှာ ဖြစ်ကြောင်း၊ ပြည်တွင်းက ကုမ္ပဏီနဲ့ စီးပွားရေး လုပ်ငန်းတွေကို ချေးငွေ ဆိုင်ရာ ဝန်ဆောင်မှု ပေးရေးကိုတော့ ပြည်တွင်းက ပုဂ္ဂလိက ဘဏ်တွေနဲ့ ပူးတွဲပြီးမှသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမယ့် အကြောင်း ရှင်းပြပါတယ်။
တဆက်တည်း ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ ဖံွ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဖြေလျော့မှု အစီအစဉ်တွေ ချမှတ်ထားတဲ့အကြောင်း၊ လက်ရှိ စည်းမျဉ်းအရ ပုဂ္ဂလိက ဘဏ်တွေဟာ ဘဏ်ခွဲ တစ်ခုဖွင့်တိုင်း သူ့ရဲ့ Capital တိုးမြှင့်ရကြောင်း၊ အဲဒါ နောက်ပိုင်း မလိုတော့အောင် ပြင်ဆင်နေတဲ့အကြောင်း ၊ အခြား မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း တွေကိုလည်း ပယ်ဖျက်မယ့်အကြောင်း ရှင်းပြပါတယ်။ လက်ရှိ ပြည်တွင်းဘဏ်တွေ လုပ်ကိုင်ခွင့်ရနေတဲ့ ငွေထုတ်ကဒ် စနစ်တွေနဲ့ ပါတ်သက်ပြီး နောက်ပိုင်း အဲဒီ ကဒ်တွေ နိုင်ငံတကာမှာပါ သုံးနိုင်အောင် လုပ်ပေးသွားမယ်၊ ဒါတင်မက ခရက်ဒစ် ကဒ်ဆိုတဲ့ အကြွေးဝယ်ကဒ် စနစ်ကိုပါ ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြား ဘဏ်တွေအနေနဲ့ ပြည်တွင်းက ကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ချေးငွေဆိုင်ရာ ဝန်ဆောင်မှု ပေးတဲ့ ကိစ္စ လုပ်ကိုင်တဲ့အခါ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေရဲ့ အခန်းဏ္ဍ အရေးပါလာမှာ ဖြစ်တဲ့အကြောင်း၊ ဒီ လုပ်ငန်းတွေကို ပုဂ္ဂလိက ဘဏ်တွေကနေ တဆင့်ဖြစ်စေ၊ နိုင်ငံခြားဘဏ်နဲ့ ပြည်တွင်းဘဏ် ဆင်ဒီကိတ် လုပ်ပြီးဖြစ်စေ လုပ်ငန်းတွေ လုပ်နိုင်ကြမယ်။ ဒီအခါ ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ တိုးတက်လာကြမယ်လို့ ဆိုပါတယ်။
ဒီ ရှင်းလင်းချက်တွေကို လွှတ်တော်နာယက သူရဦးရွှေမန်းက လွယ်လွယ် လက်ခံတာတော့ မဟုတ်ပါဘူး။ ဒီလို လုပ်ကိုင်နိုင်ဖို့ အတွက် စည်းမျဉ်း စည်းကမ်းတွေ အဆင်သင့်ရှိနေပြီလား၊ ဥပဒေ တစ်ချို့ ပြင်မယ်ဆို ဥပဒေ ပြင်မပြီးသေးခင် ဘယ်လို လုပ်မလဲ စသဖြင့် မေးမြန်းခဲ့ပါသေးတယ်။ ဒါနဲ့ ပါတ်သက်ပြီး ဦးဆက်အောင် ဖြေတာက လောလောဆယ် ခေတ်မမီတော့တဲ့ ကုမ္ပဏီများ အက်ဥပဒေ ကို ပြင်ဆင်ဖို့ အစိုးရနဲ့ ကမ္ဘာ့ဘဏ် ပူးပေါင်း အကောင်အထည် ဖော်နေတဲ့အကြောင်း၊ အဲဒီ ဥပဒေ အတည်ပြုပြဌာန်းပြီးချိန်ဆိုရင် နိုင်ငံခြားဘဏ်တွေနဲ့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေ ဖက်စပ် ပူးပေါင်း လုပ်ကိုင်နိုင်မယ့် အခြေအနေ ရောက်လာမယ် လို့လည်း ဆိုပါတယ်။
ဦးဆက်အောင်ရဲ့ ရှင်းလင်းချက်အရ ဗဟိုဘဏ်နဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ လျော်ကန် သင့်မြတ်မှုရှိတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း သမိုင်းကြောင်းကိုလည်း တစေ့တစောင်း ပြန်လည် ငဲ့စောင်းကြည့်သင့်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြကြတဲ့ အရေးတော်ပုံကြီးကို နှိမ်နင်း နှိပ်ကွပ်ပြီး တက်လာတဲ့ အာဏာသိမ်း စစ်အစိုးရဟာ တိုင်းပြည်မှာ တံခါးဖွင့် ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးမယ်လို့ ကြေငြာပါတယ်။ နောက်ပိုင်း ပုဂ္ဂလိက ဘဏ်တွေကို ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ မေဖလားဝါးဘဏ်၊ အာရှဓန ဘဏ်၊ မြန်မာ ယူနီဗာဆယ်ဘဏ်နဲ့ ရိုးမဘဏ်တွေဟာ အလျင်အမြန်ပဲ ကြီးထွားလာပါတယ်။ ၂၀၀၀ ခုနှစ်မတိုင်ခင်ကတည်းက မေဖလားဝါးဘဏ်ဟာ ATM ငွေထုတ်စက် တွေ ထားနိုင်ပါပြီ။ ရန်ကုန် ပန်းဆိုးတန်း အလယ်ဘလောက် မေဖလားဝါးဘဏ် ရုံးရှေ့မှာ ၂၄ နာရီ ATM ငွေထုတ်စက် ထားပြီး ဝန်ဆောင်မှု ပေးခဲ့ဖူးပါတယ်။ အင်တာနက်တွေ ဆက်သွယ်ရေးတွေ အလွန်ခက်ခဲ၊ အလွန်တန်ဘိုးကြီးမြင့်နေတဲ့ ကာလ မှာတောင် အာရှဓန ဘဏ်ဟာ အွန်လိုင်းချိတ်ဆက်ပြီး ဘဏ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ ကြိုက်ရာ ဘဏ်ခွဲမှာ ငွေထည့်၊ ကြိုက်ရာ ဘဏ်ခွဲမှာ ငွေသွားထုတ်နိုင်ပါတယ်။
ဘဏ်တချို့ဟာ အကြွေးဝယ် ခရစ်ဒစ် ကဒ်တွေကိုလည်း ထုတ်လုပ် ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ အဲဒီအချိန်က ရန်ကုန်က စတိုးဆိုင်ကြီးတွေ၊ ကုန်တိုက်တွေမှာ ဘဏ်တချို့ရဲ့ ခရစ်ဒစ် ကဒ်တွေနဲ့ ဈေးဝယ်နိုင်ခဲ့ကြပါတယ်။ ပြောရရင် ဘဏ်လုပ်ငန်း အထိုက်အလျောက် တိုးတက်ခဲ့တာပါ။ နောက်ပိုင်း စစ်စိုးရက အာရှဓနဘဏ်၊ မေဖလားဝါးဘဏ်နဲ့ မြန်မာယူနီဗာဆယ် ဘဏ်တွေကို ငွေကြေးခဝါချမှုနဲ့ အရေးယူလိုက်ပါတယ်။ အဲဒီခေတ် စစ်အစိုးရရဲ့ လုပ်ရပ်ဟာ ဘဏ်တွေကို အရေးယူရုံမက ဘဏ်စနစ်ကိုပါ ရိုက်ချိုးသလို ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရ ခေတ်၊ အရပ်သား နာမည်တပ်တဲ့ အစိုးရ ခေတ် သုံးနှစ် စုစုပေါင်း ၂၅ နှစ်ကျော်ကာလ မြန်မာပြည် ဘဏ်လုပ်ငန်းဟာ ငွေလွှဲလုပ်ငန်းနဲ့ အပ်ငွေတွေကို ငွေပြန်ထုတ်ချေး ပေးတာကလွဲရင် အခြားဘာမှ တိုးတက်လာတာ မတွေ့ရပါဘူး။ ဘဏ်ဖွင့်ခွင့် ဆိုတာကလည်း စစ်အာဏာရှင်တွေ လက်ထဲထားပြီး ခွင့်ပြုချက် ပေးချင်သူကို ပေးခဲ့တာမျိုးပါ။ ပြောရရင် ဘဏ်လုပ်ငန်း အညွန့်တက် မလာတာဟာ အရင် စစ်အစိုးရက ထားခဲ့တဲ့ အမွေဆိုးထဲက တစ်ခုပါ။ ခုလို သမ္မတ ဦးသိန်းစိန် လက်ထက်ရောက် နိုင်ခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်၊ ဒီအတွက် လိုအပ်တဲ့ နိုင်ငံခြား ဘဏ်တွေကို ခွင့်ပြုပေးရမယ့် ကိစ္စ ပေါ်လာမှသာ အရင် စစ်အစိုးရလက်ထက်က ထိပ်ပိုင်း တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်း၊ ဦးအောင်သောင်း၊ အမတ် တချို့နဲ့ လက်တဆုတ်စာ ဘဏ်လုပ်ငန်းရှင် တချို့က အဆင်သင့် မဖြစ်သေး၊ သူတို့တွေ ဝါးမြိုသွားမယ်၊ မလာကြပါနဲ့ လို့ ပြောဆိုလာကြတာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စက်တင်ဘာဆို နိုင်ငံခြားဘဏ်တချို့ ဘဏ်ခွဲဖွင့်၊ လုပ်ငန်း စတင်ပါတော့မယ်။ နောက်ပိုင်း လုပ်ငန်းတွေမှာ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေနဲ့ ပူးပေါင်း လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီအခါ သူတို့နဲ့ လက်တွဲနိုင်မယ့် ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေ ရှာဖွေကြပါလိမ့်မယ်။ နာမည်ပျက် စာရင်းသွင်း မခံထားရတဲ့၊ ဘဏ်လုပ်ငန်းမှာ တကယ် နာမည်ကောင်းရတဲ့ ဘဏ်တွေကို ရွေးချယ် ပူးပေါင်း လုပ်ကိုင်ကြပါလိမ့်မယ်။ အဲဒီအခါ ပြည်တွင်းက ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေ ပြိုင်ဆိုင်ရမှာ နိုင်ငံခြားဘဏ်တွေ မဟုတ်ပဲ ပြည်တွင်း ဘဏ်တွေ အချင်းချင်းပဲ ဖြစ်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)