မဟာသန္တိသုခကျောင်းကို ဇွန်လ ၁၀ ရက်နေ့ ညဘက်တွင် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတချို့နှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်း ချိတ်ပိတ်ကာ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအဝင် ရဟန်းတော် ၅ ပါးကို ဖမ်းဆီးခဲ့သည်။ နောက်တရက်တွင် ချက်ခြင်း လူဝတ်လဲ၊ ရုံးထုတ်ကာ ပုဒ်မများတပ်ပြီး အင်းစိန်ထောင်သို့ ပို့ခဲ့သည်။ ထို့နောက် ဇွန်လ ၂၀ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးပြီး ရဟန်းတော် ၅ ပါးစလုံး သင်္ကန်ပြန်စည်းခဲ့သည်။ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်း ဖြစ်သော အင်္ဂလန်ဆရာတော် ဦးဥတ္တရကို ဧရာဝတီ အကြီးတန်း သတင်းထောက် စနေလင်းက တွေ့ဆုံလျှောက်ထားမေးမြန်းခဲ့ပါသည်။
မေး ။ ။ အရင်ဦးဆုံး အခင်းဖြစ်တဲ့အချိန်က ကြုံတွေ့ခဲ့ရပုံကို ပြောပြပေးပါလားဘုရား။
ဖြေ ။ ။ အခင်းဖြစ်တဲ့နေ့ ညနေ ၆ နာရီလောက်ကတည်းက ရဲကားတွေ ကျောင်းဝင်းထဲကို ဝင်လာတယ်။ ည ၁၀ နာရီလောက် အခါမှာတော့ သံဃာ အပါး ၄၀၀ လောက်နဲ့ လူ ၄၀၀ လောက် ရောက်လာပြီးတော့ ဦးပဉ္စင်းတို့ နေတဲ့ကျောင်းပေါ် ၆ ထပ်ကို တက်လာတယ်။ ဦးပဉ္စင်းတို့ အထပ်မှာက နေနေကြတာက သံဃာ ၂၁ ပါးနဲ့ ဒကာ ၂ ဦး၊ ကျောင်းသားလေး ၂ ဦးပဲ ရှိတယ်။ အဲဒီမှာ ရန်ကုန်တိုင်း သံဃနာယက ဒုဥက္ကဌ ဆရာတော်က ဒီထဲမှာ ဘယ်သူတာဝန်ရှိလဲ၊ ထွက် … ထွက်ဆိုပြီး သူကိုင်ထားတဲ့ စာကို ဖတ်ပြတယ်။ ပီနန်ဆရာတော်ကြီးက သုံးထပ်ဆရာတော်ကို ဒီကျောင်းကို ထိန်းသိမ်းပေးထားဖို့ အပ်ထားတော့ သုံးထပ်ဆရာတော်ကြီးနဲ့ ပေးတွေ့လိုက်တယ်။ ဦးပဉ္စင်းတို့ကို ပီနန်ဆရာတော်ကြီးက တရားဝင် လွှဲထားတာမှ မဟုတ်တာ။ ဖတ်ပြတဲ့စာက ဘယ်နေ့၊ ရက်စွဲတွေနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က စာတွေထုတ်ထားတယ်၊ ဒီကျောင်းကနေ အပြီးအပိုင်ထွက်ရမှာကို မထွက်တဲ့အတွက် ဘယ်ဥပဒေတွေနဲ့ ရှိတယ်တို့ပေါ့။ သံဃာတော်တွေ အားလုံးက ထွက်ကြ၊ ကျောင်းကို ချိတ်ပိတ် ထားပြီးတော့ တရားစွဲ၊ တရားနိုင်တဲ့သူကို ကျောင်းပြန်ပေးမယ်ပေါ့။ တရားစွဲဆိုရင် ဦးပဉ္စင်းတို့နဲ့မှ မဆိုင်တော့တာ။
ဒါပေမယ့် ပြောတာတခြား၊ လုပ်တာတခြား ဖြစ်နေတာ။ ဦးပဉ္စင်းတို့က ကိုယ့်ပစ္စည်း ကိုယ်ယူပြီးတော့ ထွက်မယ်လုပ်တော့ တိုင်း မဟနရုံးကို ခေါ်တယ်။ ဦးပဉ္စင်းတို့က တာဝန်ရှိတဲ့သူပဲ၊ ကြွပေါ့ဆိုတော့ မဟုတ်သေးဘူး၊ ဦးပဉ္စင်းတို့ပါ လိုက်ခဲ့ပါဖြစ်လာတယ်။ မဟန အဖွဲ့တွေနဲ့ တွေ့ပြီးရင် ကျောင်းကို ပြန်ပို့ပါမယ်ပေါ့။ ဟိုရောက်တော့ မဟနအဖွဲ့တွေ စောင့်နေပြီးတော့ တွဲဖက်အကျိုးတော်ဆောင်က ဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုတာ ဖတ်ပြတယ်။ ဥက္ကဌ ဗန်းမော် ဆရာတော်ဘုရားကြီးက သူတို့သတင်း ကြားထားတာ ဦးပဉ္စင်းတို့က လက်နက်တွေ စုဆောင်းထားပြီး နေနေတယ်ပေါ့၊ နောက်ထပ်လည်း သံဃာတွေ ထပ်လာဦးမယ်ပေါ့၊ မဟုတ်တဲ့ သတင်းတွေပေးတာကို ယုံကြည်ပြီးတော့ နောက်ဆုံး ဦးပဉ္စင်းတို့ကို လူထွက်ပါဆိုပြီးပြောတယ်။
နောက်ဆုံး အတိုချုံ့လိုက်ရင် တိုင်းသံဃနာယက ရုံးမှာ တည၊ မင်္ဂလာဈေး ဓမ္မာရုံမှာ တည ထပ်အိပ်ရတယ်။ အဲဒီအချိန်မှာ မိသားစုနဲ့တော့ ဖုန်းဆက်လို့ ရတယ်၊ သတင်းဌာနတွေ၊ အပြင်က ဒကာ၊ ဒကာမတွေနဲ့ ဖုန်းအဆက်အသွယ် လုပ်လို့မရဘူး။ အပြင်ကိုလည်း ထွက်လို့မရဘူး။ အကျယ်ချုပ် ချထားတာပေါ့။ သုံးထပ်ဆရာတော်ကြီးနဲ့ သူအာမခံလို့ရတဲ့ သံဃာ အပါး ၁၅ ပါး ကိုတော့ ဝန်ခံလက်မှတ်နဲ့ ပြန်ထုတ်လို့ရတယ်။ ဦးပဉ္စင်းတို့ကိုတော့ နောက်ဆုံး လူဝတ်လဲပြီး တရားစွဲတယ်။ အစကတည်းက တရားစွဲမယ်ဆိုရင် ဦးပဉ္စင်းတို့က ကိုယ့်ရှေ့နေတွေ၊ ဘာတွေနဲ့ ပြင်ဆင်လို့ရတာပေါ့။ ဒါပေမယ့် ရှေ့နေတွေဘာတွေနဲ့ တွေ့ခွင့်မပေးတော့ တရားရုံးမှာ ဘာမှ အဆင်သင့် မလုပ်နိုင်ခဲ့ဘူး။
တရားရုံးမှာ တရားစွဲတော့လည်း အမှုက ၂ မှု၊ တမှုက အာမခံပေးလို့ ရပေမယ့် နောက်တမှုက အာမခံ ပေးလို့မရဘူး။ တရားသူကြီးကလည်း တရားခွင်မှာ ကိုယ့်ရှေ့နေ မရောက်သေးတာကြောင့် ခဏစောင့်ပါဦး၊ လာနေပါပြီဆိုတာကို မစောင့်နိုင်ဘူး။ သာသနာရေးက ဦးစိန်မောင်က ရှေ့နေကို လာရင် ကြည့်ပြောလိုက်မယ်တဲ့။ ဦးပဉ္စင်းတို့ကို ကားနဲ့ အင်းစိန်ထောင်ကို လိုက်သွားလို့ ပြောတယ်။ ရှေ့နေတွေ လာတဲ့အခါကျတော့လည်း သူတို့က ဦးပဉ္စင်းတို့ကို ဘယ်ကို ပို့မှန်းမသိ၊ ဟိုလိုလို ဒီလိုလိုလုပ်တယ်။ အဲဒီတော့ ဒီတရားစီရင်နဲ့ ပတ်သက်လို့ မှန်တယ်၊ မမှန်ဘူးဆိုတာ မပြောလိုဘူး။ ဦးပဉ္စင်းတို့က စိုးရိမ်တယ်။ ဦးပဉ္စင်းက ဗြိတိသျှနိုင်ငံသား ဖြစ်တဲ့အတွက်ကြောင့် သံရုံးကို အကြောင်းကြားတယ်။ အဲဒါနဲ့ သံရုံးကလူကို ဇွန် ၁၇ ရက်နေ့မှ တွေ့ခွင့်ရတယ်။ ထောင်ထဲရောက်တာ ၁၃ ရက်နေ့၊ ရှေ့နေကို ပါဝါလွှဲခွင့်ရတာက ဇွန် ၁၉ ရက်နေ့မှရတာ။
မေး ။ ။ ဦးပဉ္စင်းတို့ ထောင်ထဲမှာနေရတာရော၊ ဘယ်လိုထားလဲ။ သံဃာတော်တပါးလိုပဲ ပြောဆိုဆက်ဆံခံရခဲ့လား ဘုရား။
ဖြေ ။ ။ အင်းစိန်ထောင်ထဲမှာ ဦးပဉ္စင်းတို့ နေရတာက တိုက် ၅၊ အဆောင် ၈ မှာ အခန်းတခန်းချင်းစီ ထားတယ်။ ကျွေးတာတွေကိုလည်း ဆွမ်းချိန်အမီ ကျွေးတယ်။ သံဃာတပါးလိုပဲ ပြောဆိုဆက်ဆံတယ်။ ရိုရိုသေသေလည်း လုပ်ပါတယ်။ ထောင်ပိုင် ကိုယ်တိုင်လည်း လာတွေ့ပါတယ်။ ထောင်ရဲ့ဥပဒေတွေကို ပြောတယ်။ လိုအပ်တာတွေကိုလည်း ပေးတယ်။ အထူးသဖြင့် ကျန်းမာရေးပေါ့။ တောက်တိုမယ်ရ ခိုင်းဖို့အတွက်လည်း ဦးပဉ္စင်းတို့ ကပ်လျက်အဆောင်မှာ ထောင်သား ၃ ယောက်ကို လာထားပေးတယ်။ စားပြီးသား ပန်းကန်တို့ဘာတို့ သိမ်းဆည်းဖို့ပေါ့။ စကားပြောတာကိုက တပည့်တော်က၊ အရှင်ဘုရား ဆိုတာမျိုးနဲ့ ပြောဆိုဆက်ဆံခံရတယ်။
မေး ။ ။ ဦးပဉ္စင်းတို့ကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေနဲ့ စုပေါင်းပြီး ထောင်ဝင်စာ လာပေးဖို့ ကြိုးစားခဲ့ကြသေးတယ်။ ဒါပေမယ့် ဦးပဉ္စင်းတို့နဲ့ တွေ့ခွင့်မရခဲ့ဘူး။ အဲဒါကိုရော ဦးပဉ္စင်းတို့ ထောင်ထဲကနေ သိခဲ့ရလား။
ဖြေ ။ ။ ဦးပဉ္စင်းတို့ကို ထောင်ထဲမဝင်ခင်ကတည်းက တရားလိုက ပြောထားတယ်ဆိုတဲ့ အချက် ၄ ချက်ပြောတယ်။ ရှေ့နေနဲ့ မတွေ့ရဘူး၊ ထောင်ဝင်စာ မရဘူး၊ ပါဆယ်တော့ ရမယ်၊ ဦးပဉ္စင်းတို့ကို တရားရုံးထုတ်တဲ့အခါမှာ အချုပ်ကားနဲ့ မထုတ်ဘဲနဲ့ တခြား ကားနဲ့ရုံးထုတ်ခွင့်ရမယ်။ အဲဒါကိုထောင်က လူတယောက်က ဖတ်ပြတာ။ ဦးပဉ္စင်းတို့ကလည်း ထောင်ဝင်စာနဲ့ ပါဆယ်ဆိုတာ မကွဲဘူး။ အဲဒီကိုရောက်မှ ထောင်ဝင်စာဆိုတာ လူကိုယ်တိုင်တွေ့၊ ပေးခွင့်ရတာ၊ ပါဆယ်ဆိုတာ လူတော့ တွေ့ခွင့်မရတာကို အဲဒီတော့မှ သိတယ်။ အထူးသဖြင့်တော့ ဦးပဉ္စင်းတို့ကို လူတွေနဲ့ ပေးမတွေ့ဘူး။ သတင်းပျံ့မှာကြောက်လို့။ ဗြိတိန်နိုင်ငံမှာ တရားစီရင်တာ အဲဒီလိုမလုပ်ဘူး။ ဥပဒေနဲ့သွားတဲ့အခါကျတော့ ဥပဒေပညာရှင်ရဲ့ အကာအကွယ်ကို ရယူပြီးတော့မှ ခုခံကာကွယ်ခွင့်ရှိတယ်။ အချိန်မရွေး ကိုယ့်ရှေ့နေနဲ့ တွေ့ခွင့်ရှိတယ်။ ဦးပဉ္စင်းတို့ ကိုယ်တိုင်လည်း ဟိုမှာ အဲဒီလိုပုံစံမျိုးတွေကို လုပ်အားပေး ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ အချုပ်ကျကျ၊ ထောင်ကျကျ အချိန်မရွေး တွေ့ခွင့်ရှိတယ်။ ဒီမှာကတော့ အဲဒီအခွင့်အရေး မရှိဘူး။
မေး ။ ။ ဦးပဉ္စင်းတို့ကို အခုလို အရေးယူတဲ့အထိ လုပ်လိုက်တာက ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပီနန်ဆရာတော်ဘုရားကြီးကို မဟနအဖွဲ့က အမြင်မကြည်ဘူး၊ အစိုးရအဖွဲ့တွေကလည်း သိပ်ကြည်လင်မှု မရှိဘူးဆိုပြီး သတင်းတွေ ထွက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပီနန်ဆရာတော်ကြီးက ဟိုးအရင် စစ်အစိုးရ လက်ထက်ကတည်းက အစိုးရအပေါ် ပြောဆိုဝေဖန်ထားတာ တွေရှိတယ်လေ။ အဲဒီတော့ ဦးပဉ္စင်းတို့ကို အရေးယူတာမှာ အဲဒီလို အမြင်မကြည်မှုတွေနဲ့ရော ပတ်သက်မှု ရှိခဲ့နိုင်လား။
ဖြေ ။ ။ အဲဒီလိုတော့ မတွေးမိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးပဉ္စင်းတို့သိရတဲ့ စကားတွေအရ သမ္မတကြီးဆီကို အခုလို ကျောင်းကိစ္စ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ပီနန်ဆရာတော်ကြီးက မေတ္တာရပ်ခံစာ တင်ထားတာရှိတယ်။ သမ္မတကြီး ကိုယ်တိုင်က ပီနန်ဆရာတော်ဘုရားကြီးကို အေးအေးချမ်းချမ်း သီတင်းသုံးဖို့ လူကြုံပါးပြီး ပြောတာတွေ၊ အထူးသဖြင့် သီတဂူ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ပီနန်ဆရာတော်ကြီးကို အေးအေးဆေးဆေး သီတင်းသုံးလို့ ရပါတယ်ဆိုတဲ့ ကိစ္စတွေ လာလျှောက်တာတွေ့ရတယ်။ နောက် သမ္မတကိုယ်တိုင် မဟနကို ဒီကိစ္စ ဆိုင်းငံ့ပေးထားဖု့ိ မေတ္တာရပ်ခံစာတွေ ရေးထားခဲ့တာ ထင်ရှားတဲ့ အတွက်ကြောင့် ဒီလိုတော့ မထင်ဘူး။ အစိုးရ တဖွဲ့လုံးအနေနဲ့ မထင်ဘူး။ သို့သော် အခုလုပ်တဲ့ လုပ်ငန်းမှာ သမ္မတရဲ့ ဆိုင်းငံ့ထားဖို့ အပေါ်မှာ မဟနက လုံး၀ မကျေနပ်ဘူးဆိုတာ ထင်ရှားတဲ့အကြောင်း အခု သတင်းတွေလည်း ထွက်နေပြီ။ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး တုန်းကတော့ သမ္မတ မတက်ဘဲနဲ့ ဒီကျောင်းကိစ္စမှာ ဝင်စွက်ဖက်တယ်တို့ ဘာတို့။ ဦးပဉ္စင်းအနေနဲ့က အစိုးရ တရပ်လုံးအနေနဲ့ လုပ်တယ်လို့တော့ မထင်ဘူး၊ သို့သော် မဟန၊ တိုင်းမဟနနဲ့ တိုင်းအစိုးရအဖွဲ့တို့ ပူးပေါင်းလုပ်တယ်လို့ ယူဆတယ်။ ဘယ်သူပါတယ်၊ ဘယ်သူမပါဘူးဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိမှာပဲ။
မေး ။ ။ အခုလို အရေးယူဖို့ လုပ်လိုက်တဲ့အတွက်ရော ဦးပဉ္စင်းတို့ စိတ်ထဲမှာ ဘယ်လိုသဘောထားရှိလဲ။
ဖြေ ။ ။ တော်တော်အ ကျည်းတန်သွားတာပေါ့။ တာဝန်အရရှိလည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ရှိတုန်းက မလုပ်ဘဲ သူမရှိတဲ့အခါကျမှ လုပ်တယ်ဆိုတော့ မတရား အနိုင်ကျင့်တယ်လို့ပဲ ခံစားရတယ်။ တရားနည်းလမ်းကျပဲဖြစ်ဖြစ်၊ တရားနည်းလမ်း မကျဘဲဖြစ်ဖြစ် လုပ်ချင်တယ်ဆိုရင် ပီနန်ဆရာတော်ဘုရားကြီး ရှိတဲ့အချိန်တုန်းက ဒီအမှုဟာ ကာယကံရှင်တွေ ရှိတဲ့အတွက်ပေါ့။ တာဝန်ရှိတဲ့သူ မရှိတဲ့အခါကျတော့မှ လုပ်တယ်ဆိုတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ငန်းပဲ။ ပြည်သူလူထုက သာသနာအပေါ်မှာ ကြည်ညိုနေတဲ့ စိတ်တွေဟာ သံဃာတော်တွေအပေါ် ဒီလို မတရား လူဝတ်ချွတ်တာက ဦးပဉ္စင်းတို့ အမေ၊ အဖေတွေမပြောနဲ့၊ ကြားရ၊ မြင်ရတဲ့သူတွေတောင် စိတ်နှလုံးမသာမယာ ဖြစ်ကြတာ။ တကမ္ဘာလုံးကတောင် ထိပ်လန့်တကြား ဖြစ်သွားပြီးတော့ သာသနာအပေါ် ဒီလို အနိုင်ထက်ကျင့်နိုင်တဲ့ နည်းလမ်းတွေ၊ ဥပဒေတွေ ရှိနေပါလားဆိုတာ တွေးတောစရာတွေ ဖြစ်လာတာပေါ့။
မေး ။ ။ ဦးပဉ္စင်းတို့ကို တရားစွဲတဲ့ ညွှန်ကြားလွှာမျိုးတွေက စစ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့တာ။ အခုလို ခေတ်ပြောင်း၊ စနစ်ပြောင်းတဲ့အ ချိန်မျိုးမှာရော ဒီလိုဟာတွေ ရှိသင့်ပါသေးသလား။
ဖြေ ။ ။ မရှိသင့်တော့တဲ့ ညွှန်ကြားလွှာတွေ။ ဘာ့ကြောင့်ဆိုရင် အဲဒီမှာ ဖော်ပြထားတာကိုက ဂဃဏန မဟုတ်ဘူး။ ၂၀/၉၀ ဆိုပြီး လုပ်ထားတာပဲ။ အဲဒီ အမိန့်ညွှန်ကြားလွှာမှာလည်း ၁၁၊ ၁၂၊ ၁၃၊ ၁၄ ဆိုတာ ရှိပေမယ့် ဘယ်ဟာနဲ့ ဦးပဉ္စင်းတို့က ငြိတယ်ဆိုတာကို ဘယ်သူမှ ကွဲကွဲပြားပြား မသိဘူး။ တခြား ဦးပဉ္စင်းတွေလည်း ပြောလာကြတာပဲလေ။ မရှိသင့်တော့တာကို။ လူထုမှာ တောင်မှ ၅ (ည) လို့ခေါ်တဲ့ မတရားတဲ့ ဥပဒေတွေ ပယ်ဖျက်ပေးပြီး သာမန်လူတွေ ခံစားခွင့်ရနေတာ ဒီတိုင်းပြည်၊ ဒီဥပဒေ အောက်မှာနေနေတဲ့ ရဟန်း၊ သံဃာတွေဟာ သူတို့အတွက် ကာကွယ်ခွင့်၊ စောင့်ရှောက်ခွင့် မရှိဘူး၊ ခိုင်းတဲ့သူတွေဟာလည်း ဥပဒေရဲ့ ပြင်ပကနေ၊ အထက်ကနေ လုပ်နေတဲ့အခါမှာ တို့နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်၊ သံဃာတော်တွေရဲ့ ရပိုင်ခွင့်တွေဟာ ဆုံးရှုံးနေတယ်လို့ မြင်တယ်။
မေး ။ ။ ဦးပဉ္စင်းအနေနဲ့ အင်္ဂလန်မှာ သာသနာပြုခဲ့တဲ့ အနေအထားနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီးတော့ သာသနာပြုရတဲ့ အခြေအနေ ဘာတွေ ကွာခြားတယ်လို့ ထင်မြင်မိသလဲ။
ဖြေ ။ ။ ဦးပဉ္စင်းတို့က ပြင်ပမှာနေခဲ့တုန်းက အပြည်ပြည်ဆိုင်ရာ အမြင်ပေါ့။ အားလုံး ယုံကြည်၊ ကိုးကွယ်တာ မတူပေမယ့် ငြိမ်းချမ်းအောင် နေရမယ်ဆိုတဲ့ အနေအထားပေါ့။ သု့ိသော် ကိုယ့်ရဲ့ ဗုဒ္ဓဘာသာကို စောင့်ရှောက်တာ မှန်ပေမယ့် သူများဘာသာကို မထိခိုက်ဖို့ကလည်း လိုအပ်တယ်။ အဲဒါကြောင့် ဘယ်ပုဂ္ဂိုလ်တွေနဲ့မဆို နိုင်ငံခြားမှာနေတုန်းက ကိုယ့်လူမျိုး၊ ကိုယ်ဘာသာ မဟုတ်တဲ့ဟာတွေကို ညီညွတ်အောင်နေရတာ။ မနေရင်လည်း ဒုက္ခရောက်သွားမှာပေါ့။ အမေ့အိမ်ကနေ ယောက္ခမအိမ် လိုက်သွားတဲ့ မိန်းမ၊ ယောကျာ်တွေလိုပေါ့။ မိဘအိမ်မှာက ဘယ်လိုနေနေ ကိုယ့်မိဘက ခွင့်လွှတ်နိုင်ပေမယ့် ကိုယ့်နိုင်ငံ၊ ကိုယ့်မြေမှာ နေရသလိုတော့ မတူဘူး။ မြန်မာပြည်မှာကျတော့ အဲဒီလို လက်တွဲပြီး နေထိုင်နိုင်ဖို့ရန်အတွက် အခွင့်အလမ်း၊ အမြင်ကျဉ်းမြောင်းမှုတွေ အများကြီးရှိသေးတယ်။
မေး ။ ။ အခုလို ဟိုကနေ ဒီပြန်လာနေတော့မှ၊ ကိုယ်မိဘအိမ် ပြန်ရောက်ကာမှ အရေးယူ ခံလိုက်ရတယ်လို့ရော ခံစားမိလိုက်သလား ဘုရား။
ဖြေ ။ ။ သူများနိုင်ငံထဲမှာ နေတဲ့အခါတောင်မှ ပျူပျူငှာငှာ ကြည်ကြည်ဖြူဖြူနဲ့ ဆက်ဆံပေါင်းသင်းပြီးတော့မှ လူကို လူလိုမှတ်ပြီး ပြောဆိုဆက်ဆံနေခဲ့ရတယ်။ ကိုယ့်အိမ်၊ ကိုယ်ဌာနရောက်တော့ ကိုယ့်မိဘက ကိုယ့်ကို ကောင်းကောင်းမွန်မွန် ပျူပျူငှာငှာ မဆက်ဆံဘဲနဲ့ ဒီလိုတွေ ဖြစ်လာတယ်လို့တော့ ခံစားမိပါတယ်။ တကယ်တမ်း ကိုယ့်အိမ်မှာဆို ပိုလုံခြုံရမှာပေါ့။ ကိုယ့်သားသမီး ကိုယ့်အိမ်ပြန်ရောက်တာ နွေးနွေးထွေးထွေး ဖြစ်ရမယ့်အစား သူတို့မြင်လိုက်တာက ကိုယ့်သားသမီးကို အနိုင်ထက် ပြုရမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေတာပေါ့။
မေး ။ ။ မဟာသန္တိသုခ ဖြစ်စဉ်နဲ့အတူ ပါလာတာက ဦးဆန်းဆင့် အရေးယူခံရတာပဲ။ အဲဒီအပေါ်မှာရော ဦးပဉ္စင်းဘယ်လို သုံးသပ်မလဲ။
ဖြေ ။ ။ သူက သာသနာရေး ဝန်ကြီးလို့ ပြောလို့ရှိရင် သူ့မှာလည်း တာဝန်ရှိတာပဲ။ နိုင်ငံခြားမှာတော့ အဲဒီလိုပဲလေ။ သာသနာရေးနဲ့ ပတ်သက်ရင် သာသနာရေးဝန်ကြီးက တာဝန်ယူရတာပဲ။ မသိပါဘူး၊ မပါပါဘူးလို့လည်း ပြောလို့မရဘူး။ တာဝန်တခုကတော့ ရှိတာပဲ။
မေး ။ ။ တော်တော်များများ ဝေဖန်သုံးသပ်တာက (သမ္မတရုံး အကြံပေးဆိုသူ) ဦးအံ့မောင်က ဒီကိစ္စမှာ ဝင်စွက်ဖက်တာလို့ ပြောနေကြတယ်။
ဖြေ ။ ။ မှန်ပါတယ်။ ဦးအံ့မောင်ဆိုတာ လူတိုင်းပြောနေကြတာပဲ။ သူဆိုးခဲ့တာ အခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက။ အဲဒီလို လူရော၊ ရှင်တွေရော သိနေတဲ့ကိစ္စမျိုးမှာ သာသနာရေးဝန်ကြီး လုပ်တဲ့သူက သူမသိသင့်ဘူးလား။ သူလေ့လာသင့်တယ်၊ ဆန်းစစ်သင့်တယ်။ ဘာပဲဖြစ်ဖြစ် ဦးအံ့မောင်က မဟုတ်မတရား အကြံတွေ ပေးတယ်ဆိုရင်တောင် သူ့မှာလည်း အပြစ်ကတော့ ရှိတာပဲ။ ဦးဆန်းဆင့်ကသာ ပြောတဲ့အတိုင်း အခုလို လုပ်ခဲ့မယ် ဆိုရင်တော့ သူက ပိုအပြစ်ရှိတာပေါ့။ ဘာပဲ ဖြစ်ဖြစ် မဟုတ်တဲ့အကြံပေးတာ၊ မဟုတ်တာလုပ်တဲ့ သူတွေကိုလည်း တရားဥပဒေအတိုင်း ဖြေရှင်းရင်ဆိုင်ပေးရမှာပဲ။ ဆက်နွှယ်တဲ့သူတွေကို တရားဥပဒေရဲ့ ဘောင်အတွင်းက ဖြစ်အောင် အစိုးရရဲ့ တာဝန်တရပ်အနေနဲ့ စစ်ဆေးမေးမြန်းတာ၊ အပြစ်ဒဏ်ချမှတ်တာတို့ လုပ်သင့်တယ်ထင်တယ်။
မေး ။ ။ ဦးပဉ္စင်းတို့ အခုလို အရေးယူခံနေရတာနဲ့ ပတ်သက်ပြီး နောက်ထပ် ဘာများမိန့်ကြားချင်ပါသလဲဘုရား။
ဖြေ ။ ။ ဦးပဉ္စင်းတို့ အရေးယူခံနေရတာ မဟာသန္တိသုခကျောင်းနဲ့ ပတ်သက်တယ်ဆိုတဲ့ အတွေးမျိုးကို လူတွေဟာ မမြင်ကြနဲ့။ သာသနာတခုလုံးနဲ့ သက်ဆိုင်တယ်။ ၂၀/၉၀ ဆိုတဲ့ ညွှန်ကြားလွှာမျိုးဟာ ဦးပဉ္စင်းတို့တင် မဟုတ်ဘူး။ ကျန်တဲ့ ပုဂ္ဂိုလ်တွေလည်း ချမှာပဲ။ အဲဒါကြောင့် ဒီလို ညွှန်ကြားလွှာမျိုးတွေကို ထောက်ပြရမယ်။ အရင်တုန်းက မှန်မှန်ကန်ကန် တရားစီရင်ခွင့် မရခဲ့ဘူး။ ဦးပဉ္စင်းတို့ အခု တရားစီရင်တာက ပထမဦးဆုံး မှန်ကန်မှုရှိတယ်လို့ ပြောရမှာပဲ။ အဲဒီလို စီရင်ခွင့်ရတယ် ဆိုတာဟာ ဦးပဉ္စင်းတို့မှ မဟုတ်ဘဲနဲ့ လူတိုင်းရရမယ့် အခွင့်အရေးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ရမှာပဲ။ သံဃာတော်တွေ အားလုံးပဲ။ သံဃာတော်ကို လုပ်တဲ့အတွက်ကြောင့် သံဃာတော်တင် နေလို့မရဘူး။ ဒကာ၊ ဒကာမတွေ၊ ထောက်ပံ့ ကြည်ညိုကြတဲ့ ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ တာဝန်လည်း ဖြစ်တယ်။ အထူးသဖြင့် သာသနာတော်ကြီးကို မတော်မတရား မလုပ်နိုင်အောင် တားဆီး၊ ပိတ်ပင်၊ ကာကွယ်ရမယ့် ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ တာဝန်ပဲလို့ ဦးပဉ္စင်းပြောချင်တယ်။ ဦးပဉ္စင်းတို့ ဖြစ်စဉ်တခုတည်း မကြည့်ဘဲနဲ့ တကယ်တော့ အားလုံးရဲ့ တစုံတခုသော အကြောင်းအရာလေးပါ။