ကျမတို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာရေးမှာ “လုံခြုံစိတ်ချရမှု” ရှိဖို့က အတော်လေးအရေးကြီးပါတယ်၊ လူဆိုတာ သေမျိုးလို့ ပြောကြပေမယ့် အချိန်မတိုင်သေးဘဲ၊ မသေသင့်ဘဲ သေနေရတာဟာ မဖြစ်သင့်ပါဘူး။ အခုတလော ဓာတ်ကြိုးပြတ်ကျလို့ ဓာတ်လိုက် သေဆုံးတဲ့၊ လုပ်ငန်းခွင်အတွင်းမှာ ဓာတ်လိုက်သေဆုံးတဲ့ သတင်းတွေ ဆက်တိုက်လိုလို ဖတ်ရှုနေရတဲ့အခါ တွေးမိတဲ့ မေးခွန်းလေးတွေ ပေါ်လာပါတယ်။
ပထမဆုံးဖတ်ရတဲ့ ဓာတ်လိုက် သေဆုံးမှုက ၂၀၁၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ လှည်းတန်းဈေး အနီးမှာဖြစ်ခဲ့တာပါ။ လေးတွေ၊ မိုးတွေ သည်းထန်နေတဲ့ အချိန်မှာ ဓာတ်ကြိုးပြတ်ကျ ခဲ့ရာကနေ ဈေးသည်တဦးနဲ့ ဈေးဝယ် တဦး သေဆုံးခဲ့ရ ပါတယ်။ သိပ်မကြာသေးမီကပဲ လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်သောက်ဖို့ ထွက်လာတဲ့ အလုပ်သမားတယောက်ဟာ လမ်းမပေါ်ပြတ်ကျနေတဲ့ ဓာတ်ကြိုးနဲ့ တိုက်မိပြီး ဓာတ်လိုက်သေဆုံးခဲ့ရတာပါ။ တခါ ဇွန်လ ၂၈ ရက်နေ့က ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့မှာ မြို့အဝင်လမ်း တာဆုံအနီးမှာရှိတဲ့ ဓာတ်တိုင်ကို မိုးကြိုးပစ်ပါသတဲ့။ အဲဒီမှာ ဓာတ်ကြိုးပြတ်ကျပြီး လယ်ယာသုံး ပစ္စည်းအရောင်းဆိုင်ရှေ့က ထွက်လာတဲ့သူပေါ် ကျလို့ ဓာတ်လိုက်သေဆုံးခဲ့ရ ပြန်ပါတယ်။
|
နောက်ဆုံး ဖြစ်ရပ်ကတော့ ၂၀၁၄ ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွား ခဲ့တာပါ။ ကန်စွန်းရွက်ခူးပြီး တာပေါင်ပေါ် ပြန်တက်လာတဲ့ သူဟာ ပြုတ်ကျတဲ့ ဓာတ်ကြိုးနဲ့ သွားရစ်ပတ် မိပြီး ဓာတ်လိုက် သေဆုံးသွားပါတယ်။ ဇွန်လ တလတည်းမှာပဲ ဓာတ်ကြိုး ပြတ်ကျတာကြောင့်ရော၊ လုပ်ငန်းခွင်မှာ ဓာတ်လိုက်မှု ဖြစ်တာတွေကြောင့်ပါ ဓာတ်လိုက်သေဆုံးသူပေါင်း ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀ ဦးအထိရှိပါတယ်။
အဲဒီတော့ လူ့အသက်တွေ ဒီလောက်အထိ သေဆုံးနေရမှု၊ ဓာတ်ကြိုးပြတ်ကျ မှုတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ ဘယ်သူက တာဝန်ယူမှာလဲ ဆိုတာ စဉ်းစားစရာဖြစ်လာပါပြီ။ လျှပ်စစ်အင်ဂျင်နီယာဌာနက အငယ်တန်း အင်ဂျင်နီယာ တယောက်က “လျှပ်စစ်ဓာတ်အားကြိုးတွေ မကြာခဏ ပြတ်ကျတာဟာ မိုးရာသီ ဆိုတော့ ဓာတ်ကြိုးတွေက သစ်ပင်တွေနဲ့ နီးပြီး လေပြင်းတိုက်တဲ့အခါ သစ်ကိုင်းတွေက ဓာတ်ကြိုးတွေအပေါ် ပြုတ်ကျပြီး ဓာတ်ကြိုးတွေ ပြတ်ကျတဲ့ ပြဿနာ ပေါ်လာတာပါ။ ဓာတ်ကြိုးတချောင်းမှာ ၀ ဒသမ ၄ KV ဗို့အား (၄၀၀) ရှိတယ်။ လူတယောက်ရဲ့ ခုခံအားပေါ်မူတည်ပြီး သေစေနိုင်တဲ့အထိ အန္တရာယ်ရှိတယ်” လို့ ပြောတာကို နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ တစောင်မှာ ဖတ်ရပါတယ်။
တကယ်တမ်း စဉ်းစားကြည့်ရင် နယ်တွေမဆိုထားနဲ့ ရန်ကုန်မြို့မှာတောင် လျှပ်စစ်ဓာတ်ကြိုး သွယ်တန်းထားမှုတွေ စနစ်မကျတာ တွေ့ရပါတယ်။ ဓာတ်ကြိုးတွေဟာ ရှုပ်ထွေးနေသလို သက်တမ်း ကြာမြင့်နေတဲ့ ဓာတ်ကြိုး တွေကို လဲလှယ်ပေးမှု အပိုင်းမှာ အားနည်းနေပါသေးတယ်။ လက်ရှိသုံးစွဲနေတဲ့ ဓာတ်ကြိုးတွေက နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ နီးပါး ဖြစ်နေတယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဝန်ကြီးက ပြောတာကိုပါ ဖတ်ရပါတယ်။ မိုးရာသီ မရောက်ခင်ကတည်းက သွယ်တန်းထားတဲ့ ဓာတ်ကြိုးနဲ့ မလွတ်တဲ့ သစ်ကိုင်းတွေကို ခုတ်ရမှာဖြစ်ပေမယ့် တခုခု ဖြစ်လာမှသာ ခုတ်တာကလည်း နည်းနည်း လွဲချော်နေပါတယ်။
လျှပ်စစ် ကျွမ်းကျင် ပညာရှင်တဦးကတော့ ရန်ကုန်မြို့မှာဖြစ်နေတဲ့ ဓာတ်ကြိုး ပြတ်တောက်မှုတွေဟာ လျှပ်စစ်ခံနိုင် ဝန်အား မမျှတတာ၊ ရာသီဥတု အခြေအနေ၊ ဓာတ်ကြိုးတွေရဲ့ အရည်အသွေး နိမ့်ပါးတာ၊ တပ်ဆင်ရာမှာ ပေါ့ဆတာ တွေကြောင့် ဖြစ်ရတယ်လို့ ထောက်ပြ ပြောဆိုပါတယ်။
“ဓာတ်ကြိုးတွေ တပ်ဆင်ရာမှာ အရင်တုန်းက ဓာတ်ကြိုးတွေမှာ လျှပ်စီးလမ်းကြောင်းနဲ့ ပြောင်းပြန်မှာ မြေစိုက်ကြိုး ကြေးကွင်းတွေကို ဓာတ်တိုင် လေး၊ ငါးတိုင်အကွာမှာ တခုစီ ထည့်ပေးထားပါတယ်။ အဲဒီလို ပြုလုပ်ထားတဲ့အတွက် ဓာတ်ကြိုး ပြတ်ကျရင် မြေစိုက်ကြိုးနဲ့ ပွတ်တိုက်ရှော့စ်ဖြစ်ပြီး မိန်းဆာဘာက ဘရိတ်ကာ (Breaker) ပြုတ်ကျသွားပြီး လျှပ်စစ် အန္တရာယ်ကင်းဝေးမှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီကြေးကွင်းတွေကို လျှပ်စစ်ဌာနက လူတွေက ဖြုတ်ပြီး ရောင်းစားပစ်ကြတယ်” ဆိုပြီး ကမာရွတ်မြို့နယ်က လျှပ်စစ်လုပ်သားကြီး တယောက်က ပြောတယ်လို့ ပုဂ္ဂလိက သတင်းစာတစောင်ရဲ့ Editorial မှာ ဖတ်လိုက်ရတော့ တော်တော်လေး အံ့သြ တုန်လှုပ်မိပါတယ်။ အဲဒီ လျှပ်စစ် လုပ်သားကြီး ပြောတာသာ မှန်ကန်ခဲ့ရင် ဓာတ်ကြိုးပြတ်ကျလို့ ဓာတ်လိုက်မှုတွေ ဆက်ဖြစ်နေဦးမယ့် သဘောပါပဲ။ ကြေးကွင်း ဖြုတ်ရောင်းတယ်ဆိုတဲ့ သူတွေကရော ဘယ်လိုသေးနုပ်တဲ့ စိတ်ဓာတ်နဲ့ ရောင်းကြသလဲ၊ သူတို့ကို အရေးမယူ ဘူးလားလို့ ထပ်ဆင့် စဉ်းစားမိပါတယ်။
ကျမတို့ မြန်မာနိုင်ငံမှာ လျှပ်စစ်ကို စနစ်တကျ စီမံခန့်ခွဲတဲ့ နည်းပညာကို ဒီနေ့ထက်ထိ ပြည့်ပြည့်၀၀ အသုံးမချ နိုင်သေးပါဘူး။ ဓာတ်ကြိုး ပြတ်ကျတာသာမက ဝါယာရှော့ခ်ဖြစ်တာ၊ အိမ်တွင်းနဲ့ လုပ်ငန်းခွင်မှာ ဓာတ်လိုက်တာတွေ ဖြစ်နေတာဟာ ဗို့အား အတက်၊ အကျ မငြိမ်တာ၊ မီးလာလိုက်၊ ပျက်လိုက်ဖြစ်တာ၊ အရည်အသွေးမပြည့်ဝတဲ့ မီးကြိုးနဲ့ လျှပ်စစ် ကိရိယာတွေကို သုံးနေတာကြောင့် ဖြစ်ရတာပါ။ အံ့သြစရာ ကောင်းတာက ဗို့အားအတက်၊ အကျ မငြိမ်လို့၊ လျှပ်စစ် ပစ္စည်းတွေ အရည်အသွေးမမီလို့ ဝါယာရှော့ခ် ဖြစ်ရင် ဖြစ်တဲ့ (တနည်းအားဖြင့်) နစ်နာရတဲ့ သူတွေကိုပဲ အရေးယူပြီး ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာကို မျက်နှာလွှဲနေ တာပါပဲ။ အိမ်သုံး လျှပ်စစ်ပစ္စည်း အများစုဟာ တရုတ်ကနေ လာတဲ့ ပစ္စည်းတွေပါ။ အရည်အသွေးအားဖြင့် အတော်လေး ညံ့ဖျင်းပါတယ်။ ကန်ထရိုက်တိုက်တွေမှာ ကန်ထရိုက်ဟာ ဈေးပေါပေါနဲ့ ရတဲ့ အညံ့စား မီးခလုတ်တွေ တပ်ထားပါတယ်။ အဲဒီလို တပ်ထားလို့ ဝါယာရှော့(ခ်) ဖြစ်ရင်၊ ဓာတ်လိုက်ရင် တာဝန်ယူသူ မရှိတော့ဘဲ ပြည်သူတွေသာ ခံပေတော့ဆိုတဲ့ သဘောဖြစ်နေပါတယ်။
လမ်းဘေးမှာ တရုတ်က ဝင်လာတဲ့ ဖုန်းအားသွင်းကြိုးတွေ၊ Extension ကြိုးတွေ၊ ရေနွေးတည်ရာမှာ သုံးတဲ့ ပလပ် ကြိုးတွေ ရောင်းချနေတာကို အလွယ်တကူ တွေ့ရပါတယ်။ အဲဒီလို ရောင်းချနေတာတွေကို သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက စစ်ဆေး အရေးယူမှု ဘာလို့မလုပ်ကြတာလဲ မေးခွန်းထုတ်စရာပါ။ အဲဒီ လျှပ်စစ်ပစ္စည်း တွေဟာ အရည်အသွေး မပြည့်မီသလို ဝါယာရှော့ခ်ပါ ဖြစ်နိုင်ပါတယ်။ တဆက်တည်းမှာပဲ အစိုးရတရပ်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို သက်သေပြနေတဲ့ သြစတြေးလျနိုင်ငံက အဖြစ်အပျက်ကို ပြောပြချင်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ အတွင်းက ဆစ်ဒနီမြို့မြောက်ပိုင်းက နေအိမ်တအိမ်မှာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တဦးဟာ နားကျပ် တပ်ဆင်ထားပြီး လက်ပ်တော့ကို ပေါင်ပေါ်တင်ရက်သား သေးဆုံးနေပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီအမျိုးသမီးသုံးတဲ့ ဖုန်းကို အားသွင်းကိရိယာနဲ့ ဆက်ထားပါသတဲ့။ အခုလို ဓာတ်လိုက်သေဆုံး ရတာဟာ အရည်အသွေး မပြည့်မီတဲ့ ဖုန်းအားသွင်း ကိရိယာကြောင့်လို့ မှတ်ချက်ချခဲ့ကြပါတယ်။ ဇွန် ၂၇ ရက်နေ့မှာတော့ အများပြည်သူကို အရည်အသွေး မပြည့်မီတဲ့ အားသွင်း ကိရိယာတွေမသုံးဖို့ သြစတြေးလျအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်မချရတဲ့ USB အားသွင်း ကိရိယာတွေ၊ ခရီးဆောင် အဒပ်တာတွေ၊ မီးခလုတ်ခုံတွေကို ဆစ်ဒနီမြို့မှာ ရောင်းချမှုကနေ ရှင်းလင်း ဖယ်ရှားခဲ့ပါတယ်။
ကျမတို့ မြန်မာနိုင်ငံမှာ အရည်အသွေးမပြည့်တဲ့ လျှပ်စစ်ပစ္စည်းတွေကို ဆက်လက် ရောင်းချခွင့်ပြုထားတာမျိုး မဖြစ်သင့်ပါဘူး။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြည်သူတွေ နားလည်လာစေဖို့ အသိပေးမှု၊ ပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကန်ထရိုက်တွေ အနေနဲ့လည်း ကိုယ့်အကျိုး အမြတ် တခုတည်းကို မကြည့်ဘဲ စိတ်ချရတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ မီးကြိုးတွေကို သုံးသင့်ပါတယ်။
လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံထားသလို တဘက်ကလည်း မီးမှန်မှန်ပေးဖို့ တာဝန်ရှိပါတယ်။ လာချင်တဲ့ အချိန်မှာလာ၊ ပျက်ချင်တဲ့ အချိန်မှာ ပျက်နေတာက ဝါယာရှော့ခ် အန္တရာယ်ပိုကြီးပါတယ်။ အိမ်သုံးအတွက်ပဲ ဖြစ်ဖြစ်၊ လုပ်ငန်းသုံး အတွက်ပဲဖြစ်ဖြစ် ဗို့အားပြည့်ပြည့်၀၀ရဖို့ လိုပါတယ်။ တချို့နေရာတွေမှာ ဗို့အားနည်းလွန်းလို့ ရေတင် မရတာတွေ၊ ခရမ်းချဉ်သီးသာသာ လင်းတာတွေ ရှိနေဆဲပါ။ မဖြစ်သာတဲ့ အခြေအနေကြောင့် လျှပ်စစ်မီး ခေတ္တ ဖြတ်တောက်မယ် ဆိုရင် ကြိုတင် အသိပေးဖို့ လိုပါတယ်။ ဒါ့အပြင် လျှပ်စစ်အန္တရာယ် တခုခု ဖြစ်လာရင် အရေးပေါ် ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် ထားရှိပေးဖို့ လိုပါတယ်။
အရည်အသွေး မြင့်တဲ့ ဓာတ်ကြိုးတွေ အသုံးပြုမယ်၊ ဟောင်းနွမ်းနေတဲ့ ဓာတ်ကြိုးတွေကို လဲလှယ်ပေးမယ်၊ ပုံမှန် ပြုပြင်စစ်ဆေးမှု၊ ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးမယ်ဆိုရင် ဓာတ်ကြိုးပြတ်ကျတဲ့ အန္တရာယ်ကနေ အတိုင်းအတာ တခုအထိ ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်။
လူ့အသက်ဟာ ရခဲပါတယ်။ တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးနေရတဲ့ လျှပ်စစ်အန္တရာယ်က ကင်းဝေးဖို့ “ကောင်းမွန်သော အစိုးရ” လို့ ကြွေးကြော်နေတဲ့ လက်ရှိအစိုးရမှာ တာဝန်ရှိပါတယ်။ “လုံခြုံစိတ်ချရတဲ့” အခြေအနေတွေရှိဖို့၊ ဓာတ်လိုက် သေဆုံးတဲ့ ကိစ္စတွေ လျော့ကျဖို့ အရည်အသွေးပြည့်မီတဲ့ လျှပ်စစ်ပစ္စည်း တွေကို လူတိုင်း အသုံးပြုနိုင်ဖို့ အစိုးရနဲ့ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်နေပြီဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။